အခန်း ၆၂၄
Vol. 34 Ch. 624
အပိုင်း (၆၂၄) အဆင့်မြင့်သော ဖျော်ဖြေမှု။
ဖန်ကျန်းရီက တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒီစာအုပ်ထဲမှာ အနောက်တိုင်းနဲ့ သူတို့ရဲ့ ယုံကြည် ကိုးကွယ်မှုတွေအကြောင်းကို အမွှမ်းတင်ပြီး ရေးထားတာတွေ အများကြီးပါပဲ။ အဲဒီအထဲမှာ ချဲ့ကား ပြောဆိုထားတာတွေ အများကြီး ပါဝင်နေနိုင်ပေမဲ့ ကန်စွန်းဥနဲ့ အာလူးတို့ကို ကြည့်ခြင်းအားဖြင့် အနောက်တိုင်း က တကယ်ကို သာယာဝပြောတဲ့ လောကတစ်ခုဖြစ်တယ်ဆိုတာ သိသာထင်ရှားပါတယ်။
သူတို့နဲ့ ယှဉ်ကြည့်လိုက်ရင် ကျုပ်တို့ တာ့ကျင်းက ပစ္စည်းဥစ္စာပိုင်းမှာ နည်းနည်းလေး ချို့တဲ့နေသလို ဖြစ်နေတယ်။ ကံကောင်းထောက်မစွာနဲ့ ပညာရှိတဲ့ အရှင်မင်းကြီးနဲ့ အစွမ်းထက်တဲ့ အမတ်မင်းတို့ရဲ့ အုပ်ချုပ်မှုကြောင့်သာ ဘေးဒုက္ခတွေကြားထဲကနေ တိုင်းပြည်ကို ပြန်လည် ထူထောင်နိုင်ခဲ့ကြတာပါ။"
ဖန်ကျန်းရီသည် တည်ငြိမ်သော မျက်နှာထားဖြင့် ရှိနေပြီး သူ၏ အကြည့်များက နေရာတွင်ရှိနေသူများအားလုံးကို အလျင်အမြန် ဖြတ်ကြည့်လိုက်၏။
အခြားသူများအားလုံးသည် အမူအရာ အမျိုးမျိုး ဖြစ်နေကြပြီး နက်ရှိုင်းစွာ စဉ်းစားလာကြကာ စိတ်ထဲတွင် အကြံအစည်များ ရှိနေကြပြီ ဖြစ်သည်။
ထိုသူများကို သဘောတူအောင် လုပ်ရန် သာမန် စကားပြောဆိုမှုများဖြင့် အသုံးမဝင်ချေ။ သူတို့သည် မည်သည့်အရာကိုမှ မလိုချင်ကြပေ။ ငွေကြေး ချို့တဲ့ခြင်းမျိုးလား။ ၎င်းမှာ လုံးဝ မဖြစ်နိုင်ပေ။ တစ်နည်းအားဖြင့်ဆိုရလျှင် ကိုယ်ပိုင်ချမ်းသာကြွယ်ဝမှုက အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေပြီဖြစ်ရာ ငွေရှာခြင်းသည် မျိုးနွယ်စု တိုးတက်ရေးအတွက်သာ ဖြစ်၏။
ခံစားချက်ကို ပြောရမည်ဆိုလျှင် ထိုအရာက ပို၍ပင် မလိုချင်ကြချေ။ ရာထူးဂုဏ်ရှိန်ကို ပြသလိုက်သည်နှင့် ဆွေမျိုးစပ်ချင်သူများ အများအပြား ရှိလာမည်ဖြစ်ပြီး အလှမယ်များကို ရွေးချယ်ရသည်မှာ မျက်စိပင် လည်သွားနိုင်သည်။
သူတို့ကို ဆွဲဆောင်နိုင်မည့် တစ်ခုတည်းသော အရာမှာ ကြီးကျယ်ခမ်းနားသော သမိုင်းဝင် ဇာတ်ကြောင်းပင် ဖြစ်သည်။ လူတစ်ဦးချင်းစီ၏ ကြီးမားသော စွမ်းအားကို အားကိုး၍ သမိုင်းကို တွန်းအားပေးကာ ပြောင်းလဲပစ်မည့် တုန်လှုပ်ဖွယ် အချိန်အခါပင် ဖြစ်ပေသည်။
ဖန်ကျန်းရီသည် လေသံကို မြှင့်ကာ ပြောလိုက်၏။ "အနောက်တိုင်းက သာယာဝပြောတဲ့ နေရာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့၊ အချက်တစ်ချက်မှာတော့ ကျုပ်တို့နဲ့ ဘယ်လိုမှ လာယှဉ်လို့ မရဘူး။"
သူသည် စကားပြောနေရင်းဖြင့် လက်ကို ကောင်းကင်သို့ မြှောက်ကာ နှစ်ချက်ခန့် ဝှေ့ယမ်းပြလိုက်သည်။
ရေကန်ဘေးရှိ တေးဂီတပညာရှင်များသည် ထိုအရာကို မြင်သောအခါ သီချင်းကို အလျင်အမြန် ပြောင်းတီး လိုက်ကြ၏။
အမတ်များအားလုံးသည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။
ဖန်ကျန်းရီက ဆက်လက်၍ ပြောလိုက်သည်။ "ကျုပ်တို့ တာ့ကျင်းက ဒီနေ့မှာ နိုင်ငံတော်ကို ကာကွယ်ပေးနိုင်တဲ့ နတ်လက်နက် သုံးခုကို ပိုင်ဆိုင်ထားပြီဖြစ်လို့ စစ်ရေးစွမ်းအားမှာ ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းသွားပါပြီ။ အနောက်တိုင်းက လက်မှုပညာရှင်တွေ ဘယ်လောက်ပဲ ကျွမ်းကျင်ပါစေ အတိုင်းအဆမရှိ ကုသိုလ်ရဲ့ အကူအညီ မပါဘဲနဲ့တော့ ကာလတိုအတွင်း စစ်ရေးစွမ်းအားမှာ ကျုပ်တို့ကို ကျော်တက်နိုင်ဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်ဘူး။
ကျုပ်တို့ တာ့ကျင်းကသာ ရေကြောင်းခရီးစဉ်တွေမှာ ရှေ့တစ်လှမ်း အရင်ရောက်နေမယ်ဆိုရင်၊ အနောက်တိုင်းက ရေတွက်လို့မရနိုင်တဲ့ ရတနာတွေ၊ ရွှေတောင် ငွေတောင်တွေကို ကျုပ်တို့ စိတ်ကြိုက် သိမ်းပိုက်လို့ရပြီ မဟုတ်ပါလား။ နောင်တစ်ချိန်မှာ ကျုပ်တို့ တာ့ကျင်းက ပြည်သူတွေအားလုံး ထမင်းဝဝစားနိုင်ရုံသာမက၊ လူတိုင်း အသားစားနိုင်တဲ့အထိကို ဖြစ်လာမှာပါ။ နောက်ပြီးတော့..."
ဖန်ကျန်းရီ၏ စိတ်အားထက်သန်သော ပြောဆိုမှုများကို နားထောင်ရင်း လူတိုင်းသည် မသိစိတ်မှ ဝင်ရောက် ခံစားလာကြသည်။ ကြီးကျယ်ခမ်းနားသော အနာဂတ်ပုံကြမ်းကြီးက သူတို့၏ မျက်စိရှေ့တွင် တဖြည်းဖြည်း ပုံပေါ်လာခဲ့၏။
ဖန်ကျန်းရီသည် ထိုသူတို့ တဖြည်းဖြည်း နစ်မျောလာသည်ကို မြင်သောအခါ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်လာခဲ့သည်။
သူကိုယ်တိုင်ကလည်း ဤအတိုင်းပင် မဟုတ်ပါလား။ ဤကမ္ဘာပေါ်တွင် သူ့ကို ပြင်းထန်သော စိတ်လှုပ်ရှားမှု ပေးစွမ်းနိုင်သည့် အရာများ သိပ်မကျန်တော့ချေ။ သူ ဘာကိုမှ မလိုချင်တော့ပေ။ အားလုံးပြည့်စုံနေပြီဖြစ်သည်။ ထို့ကြောင့် ဘဝအဆုံးမသတ်သွားရန် ကြီးမားသော ကိစ္စကြီးတစ်ခုကို မဖြစ်မနေ လုပ်ဆောင်ရမည်။
ဖန်ကျန်းရီက ဆက်ပြောလိုက်သည်။ "ဒီလို ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုမျိုးကို ပညာရှိမင်းတွေ အုပ်ချုပ်တဲ့ခေတ်မှာဆိုရင်တောင် မျှော်လင့်လို့ရပေမဲ့ လက်လှမ်းမမီနိုင်ခဲ့ကြဘူးလေ။"
စကားသံဆုံးသွားသည်နှင့် နောက်ဖေးဝင်းအတွင်းရှိ လေထုသည် ငြိမ်သက်သွားခဲ့၏။
အရှင်မင်းမြတ်သည် မျက်နှာနီမြန်းနေပြီး ခန္ဓာကိုယ်တွင် အနည်းငယ် ပူနွေးလာသကဲ့သို့ ခံစားရကာ အင်္ကျီစကို အနည်းငယ် ဆွဲဟလိုက်သည်။
လီယွမ်ကျောက်မှာမူ ပို၍ပင် စိတ်လှုပ်ရှားနေပြီး လက်နှစ်ဖက်ဖြင့် သူ၏ အင်္ကျီစကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ မျက်နှာမှာလည်း ဖောင်းကားလာခဲ့၏။
သေးငယ်သွားပြီ။ ငါ့အမြင်တွေ ကျဉ်းသွားပြီပဲ။ ငါက မြောက်ပိုင်းကို တိုက်ခိုက်ဖို့လောက်ပဲ တွေးနေချိန်မှာ ဖန်ကြီးက တစ်ကမ္ဘာလုံးကို ရန်သူအဖြစ် သတ်မှတ်ဖို့တောင် စဉ်းစားနေပြီ မဟုတ်လား။
ဖန်ကျန်းရီက သက်ပြင်းတစ်ချက်ချလိုက်ပြီး စကားလမ်းကြောင်းလွှဲကာ ပြောလိုက်သည်။ "တကယ်တော့ ဒါက ကျုပ်ရဲ့ ကိုယ်ပိုင်အမြင်သတ်သတ်မို့ အနည်းငယ်တော့ တိမ်းစောင်းနေနိုင်ပါတယ်။ တကယ်လို့များ ပင်လယ်ရပ်ခြား နိုင်ငံတွေကို ရန်သူအဖြစ် မသတ်မှတ်သင့်ဘူးဆိုရင်၊ သူတို့က ကျုပ်တို့ရဲ့ မိတ်ဆွေတွေ ဖြစ်လာနိုင်တယ်လို့ရော လူကြီးမင်းတို့ ထင်ကြပါသလား။"
အခြားသူများက တီးတိုး ဆွေးနွေးလာကြ၏။
"ကမ္ဘာပေါ်မှာ ဒီလောက် ချမ်းသာကြွယ်ဝတဲ့ နေရာကြီး ရှိနေတယ်ဆိုတော့ နောင်တစ်ချိန်မှာ ကျုပ်တို့ တာ့ကျင်းအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ထပ်တိုးလာတာများလား။ ဒီနေ့ ပြောခဲ့တဲ့ စကားတွေကို... အပြင်ကို လုံးဝ မပြန့်ပွားစေနဲ့နော်။ တကယ်လို့ ပြည်သူတွေကြားထဲ ရောက်သွားရင် စိတ်လှုပ်ရှားမှုတွေ ဖြစ်လာပြီး မကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်။
လူကြီးမင်းတို့... သူပြောတာ အတော်လေး အဓိပ္ပာယ်ရှိတယ်လို့ ကျုပ် ထင်တယ်။ အခု တာ့ကျင်းမှာ ကန်စွန်းဥနဲ့ အာလူးလိုမျိုး အထွက်တိုး သီးနှံနှစ်ခုကို ရရှိထားပြီဆိုတော့၊ ပင်လယ်ရပ်ခြားကလည်း သေချာပေါက် အားကောင်းနေမှာပဲ။ မဖြစ်မနေ ကြိုတင် ကာကွယ်ထားမှ ဖြစ်မယ်။"
လီယန်စုန့်သည် ခန္ဓာကိုယ်ကို တင်းမတ်ထားရာမှ ဖန်ကျန်းရီ စကားပြောပြီးချိန်တွင် ရုတ်တရက် ဖြေလျှော့လိုက်ပြီး ထိုင်ခုံပေါ်တွင် အင်အားမဲ့စွာ မှီချလိုက်၏။
ဘယ်ညာမှ အကြည့်များသည် သူ့ထံသို့ ရောက်ရှိလာကြပြီး သူ၏ ထင်မြင်ချက်ကို စောင့်ဆိုင်းနေကြသည်။
လီယန်စုန့်က အသက်နှစ်ကြိမ်လောက် ရှူသွင်းလိုက်ပြီးနောက် စဉ်းစားကာ ပြောလိုက်၏။ "ဖန်အမတ်ရဲ့ အပြောအရဆိုရင် ကျုပ်တို့က ကိုယ့်ရဲ့ စစ်ရေးအင်အား သာလွန်မှုကို အသုံးချပြီး တခြားနိုင်ငံတွေကို အနိုင်ကျင့်သလို ဖြစ်မှာပေါ့။ ဒါဆိုရင် လူကြီးလူကောင်းတွေရဲ့ လမ်းစဉ်နဲ့ ဆန့်ကျင်နေတာမျိုး မဖြစ်သွားဘူးလား။"
ကျိန့်ချောင်က အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။ "လီအမတ်ကြီး... ခုနက ဖန်ကျန်းရီ ပြောတဲ့စကားအရဆိုရင် မာကိုပိုလိုက အနောက်တိုင်းမှာ ခရီးသွားခဲ့စဉ်တုန်းက နိုင်ငံတော်တော်များများက တစ္ဆေနဲ့ နတ်ဘုရားတွေကိုပဲ ယုံကြည်ကိုးကွယ်ကြတယ်တဲ့။ ဒီအချက်ကိုကြည့်ရင် သူတို့ရဲ့ ယဉ်ကျေးမှုက တိမ်ကောနေပြီး ပြည်သူတွေကို လှည့်စားနေတယ်ဆိုတာ သိသာနေတာပဲ။ 'ပညာရှိက သင်ကြားမှုမှာ ခွဲခြားဆက်ဆံခြင်း မရှိဘူး' လို့ ဆိုထားပါတယ်ဗျာ။ အနောက်တိုင်းက အရိုင်းအစိုင်းတွေ ဖြစ်နေရင်တောင်မှ၊ ကျုပ်တို့က ပညာပေးပြီး ပညာရှိတွေရဲ့ တရားဓမ္မတွေကို လေးစားလာအောင် လုပ်ပေးသင့်တာပါပဲ..."
လူအချို့က ထောက်ခံလိုက်ကြ၏။ "မှန်ပါတယ် … မှန်ပါတယ်။ အမတ်ကြီးကျိန့် ပြောတာ သိပ် အဓိပ္ပာယ်ရှိတာပဲ။"
ထပ်မံ၍ ဆွေးနွေးမှုများ ဖြစ်ပေါ်လာပြန်သည်။
စိတ်ဝင်စားမှု လျော့ကျသွားသည်ကို မြင်သောအခါ ဖန်ကျန်းရီက ပြောလိုက်၏။ "လူကြီးမင်းတို့... ဒီလောက်ဆိုရင်တော့ အားလုံးလည်း သဘောပေါက်လောက်ပါပြီ။ အနောက်တိုင်းဆိုတာ အဆီတဝင်းဝင်းနဲ့ အသားတုံးကြီးပါပဲ။
တာ့ကျင်းက နောင်တစ်ချိန်မှာ အနောက်တိုင်းနဲ့ သေချာပေါက် အဆက်အသွယ် ရှိလာမှာပါ။ အဲဒီနေ့ရောက်လာရင် တာ့ကျင်းက တစ်ခါမှ မရောက်ဖူးခဲ့တဲ့ အမြင့်ဆုံး အနေအထားတစ်ခုကို သေချာပေါက် ရောက်ရှိသွားမှာပါ။ ဒီနေရာမှာ ရှိနေတဲ့ လူကြီးမင်းတို့ အားလုံးကလည်း အရင်က မရှိခဲ့ဖူးတဲ့ ခမ်းနားကြီးကျယ်လှတဲ့ ခေတ်ကြီးနဲ့အတူ သမိုင်းမှာ သေချာပေါက် နာမည်တွင်ရစ်မှာ အသေအချာပါပဲ။
ဒီနောက်ဆုံး အစီအစဉ်လေးကိုတော့ လူကြီးမင်းတို့အားလုံးအတွက် လက်ဆောင်အဖြစ် ပေးပါရစေ။ ကျေးဇူးပြုပြီး ကောင်းကင်ပေါ်ကို ကြည့်လိုက်ကြပါအုံး။ "
စကားပြောပြီးသည်နှင့် လူတိုင်း၏ စိတ်လှုပ်ရှားပြီး သိချင်စိတ်ပြင်းပြနေသော အကြည့်များအောက်တွင် ဖန်ကျန်းရီသည် အင်္ကျီလက်စွပ်ထဲမှ ပြွန်ငယ်တစ်ခုကို ထုတ်ယူကာ မီးပုံဘေးသို့ သွား၍ မီးရှို့လိုက်၏။
ရွှီး …..။
မီးရောင်တန်းတစ်ခုက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ဒိုင်းခနဲ အသံနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။ ရေကန်ဘေးရှိ တေးဂီတအဖွဲ့သည် တက်ကြွသော ဟန်ကို ပြောင်းလဲလိုက်ပြီး တာ့ကျင်းပုံစံ နန်းတွင်းအမှတ်တရ သီချင်းကို စတင် တီးခတ်လိုက်ကြ၏။ တေးဂီတသံစဉ်များက လှိုင်းလုံးကြီးများအလား ကြီးကျယ် ခမ်းနားလာခဲ့သည်။
အမတ်များသည် အနည်းငယ် အံ့သြသွားကြသော်လည်း နောက်တစ်စက္ကန့်တွင် ကောင်းကင်ယံ၌ ဆက်တိုက်ဆိုသလို တောက်ပလှပသော မီးပန်းများ ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံး မီးပန်းများဖြင့် ဖုံးလွှမ်းသွားခဲ့၏။ မီးပန်းများ ပျောက်ကွယ်သွားပြီးနောက် 'တိုင်းပြည်တည်တံ့ခိုင်မြဲပါစေ' ဟူသည့် စာလုံးကြီး ပုံပေါ်လာ၏။ သို့ပေမည့် စာလုံးက အနည်းငယ်စောင်းနေ၏။
ဖန်ကျန်းရီ၏ ရင်ထဲတွင် အနည်းငယ် နှမြောတသမှု ဖြစ်သွားမိသည်။
တောက် …. သောက်ကျိုးနည်း။ နည်းပညာက အပြည့်အဝ မအောင်မြင်သေးဘူးပဲ။ ရက်အတော်ကြာ အပင်ပန်းခံ လုပ်ထားပေမဲ့ နောက်ဆုံးတော့ ဒီပုံစံမျိုး ဖြစ်နေတုန်းပါလား။
စာလုံးကြီး ပျောက်ကွယ်သွားပြီးနောက် မရေမတွက်နိုင်သော မီးပန်းများသည် ကောင်းကင်ယံသို့ ထပ်မံ ထိုးတက်သွားပြန်၏။ ဤတစ်ကြိမ်တွင် တစ်ဖက်တည်းမှ မဟုတ်ဘဲ အရပ်မျက်နှာ အသီးသီးမှ ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။ အချိန်ခဏလေးအတွင်းမှာပင် ကောင်းကင်တစ်ခုလုံး လင်းထိန်သွားခဲ့သည်။ ဆန်းကြယ်လှပသော မြင်ကွင်းက ထပ်မံ ပေါ်ပေါက်လာပြန်၏။
လူတိုင်းသည် အံ့အားသင့်သွားကြပြီး နှလုံးခုန်သံများ မြန်ဆန်လာကာ အချို့က နိမိတ်ကောင်းဟုပင် အော်ဟစ်လိုက်ကြသည်။
အရှင်မင်းမြတ်သည် ကောင်းကင်အပြည့် လွင့်ပျံနေသော မီးပန်းများကို ငေးကြည့်နေမိသည်။ စောစောက တိုင်းပြည်တည်တံ့ခိုင်မြဲပါစေ ဟူသော စာလုံးကြီးက သူ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေဆဲ ဖြစ်သည်။ နားထဲသို့ ဝင်ရောက်လာသော တေးဂီတသံစဉ်က ပိုမို ပြင်းထန်လာခဲ့၏။ ရှေးဟောင်းနှင့် ကြီးကျယ်ခမ်းနားသော ပန်းချီကားလိပ်ကြီး တစ်ခုက အရှင်မင်းမြတ်၏ မျက်စိရှေ့တွင် တဖြည်းဖြည်း ဖြန့်ကျက်လာသကဲ့သို့ ရှိနေ၏။
နန်းတော် ... တိုင်းပြည်၊ အတိတ်က အတွေ့အကြုံများက စိတ်ထဲတွင် အဆက်မပြတ် လင်းလက်လာခဲ့၏။ စိတ်လှုပ်ရှားဖွယ် တေးဂီတသံစဉ်နှင့်အတူ ကောင်းကင်အပြည့် လွင့်ပျံနေသော မီးပန်းများ ပေါင်းစပ်သွားမှုက အိပ်မက်တစ်ခုကဲ့သို့ပင်။
တဖြည်းဖြည်းနှင့် အရှင်မင်းမြတ်သည် ကောင်းကင်ကို မော့ကြည့်ရင်း မျက်လုံးထောင့်များ စိုစွတ်လာခဲ့သည်။
ဖန်ကျန်းရီသည် အချိန်ကိုက် ရှေ့တစ်လှမ်း တိုးပြီး အသံကိုမြှင့်၍ လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး .. ဒီနေ့ နိုင်ငံတော်ကို ကာကွယ်ပေးနိုင်တဲ့ နတ်လက်နက် သုံးခုကို ရရှိခဲ့တဲ့အတွက် ကျွန်တော်မျိုး လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါတယ်။ တာ့ကျင်း ထာဝရ တည်တံ့ခိုင်မြဲပါစေလို့ ဆုတောင်းပေးပါတယ်။"
ကောင်းကင်ကို မော့ကြည့်ကာ အတွေးလွန်နေကြသော အမတ်များသည် ဖန်ကျန်းရီ၏ အော်သံကို ကြားလိုက်ရမှသာ သတိပြန်လည်လာကြ၏။ သူတို့သည် မူလနေရာများမှ ထွက်ခွာလာကြပြီး တညီတညွတ်တည်း ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ "အရှင်မင်းကြီးကို ကျွန်တော်မျိုးတို့ ဂုဏ်ပြုပါတယ်။ တာ့ကျင်း ထာဝရ တည်တံ့ခိုင်မြဲပါစေ။"
တညီတညွတ်တည်း ထွက်ပေါ်လာသော အော်သံများကြောင့် အရှင်မင်းမြတ်သည် ဦးရေပြားများပင် ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရ၏။ ခံစားချက်နှင့် လေထုက တစ်ချိန်တည်းမှာပင် အပြည့်အဝ ရောက်ရှိလာခဲ့သည်။ ဖန်ကျန်းရီ၏ စီစဉ်မှုအောက်တွင် မည်သူကမှ လျစ်လျူမရှုနိုင်ကြချေ။
မီးပန်းပြသမှု ရပ်တန့်သွားပြီး နားထဲမှ တေးဂီတသံစဉ်ကလည်း အဆုံးသတ်ပိုင်းသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ အရှင်မင်းမြတ်သည် ဘေးသို့စောင်းကာ မျက်လုံးထောင့်မှ မျက်ရည်များကို တိတ်တဆိတ် သုတ်လိုက်၏။ ထို့နောက်တွင် ဖန်ကျန်းရီ၏ လက်ကို ဆွဲကိုင်ကာ နှစ်ချက်ခန့် ပုတ်လိုက်သည်။
ဖန်ကျန်းရီလည်း အနည်းငယ် အံ့သြသွားခဲ့၏။
အရှင်မင်းမြတ်က စိတ်လှုပ်ရှားစွာဖြင့် မိန့်ကြားလိုက်သည်။ "ဖန်အမတ်... သိပ်ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ ကိုယ်တော် ဒီနေ့... အလွန်ကို ကျေနပ်အားရမိပါတယ်။ နောင်ကျရင်တော့... မင်း ပိုပြီး တည်ငြိမ်အောင် နေသင့်တယ်။"
တည်ငြိမ်ရမယ် … ကျုပ်က ဘယ်နေရာမှာ မတည်ငြိမ်လို့လဲ။
အရှင်မင်းမြတ်က မိန့်ကြားလိုက်၏။ "ဒီနေ့တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်ကြတာပေါ့။ ကိုယ်တော် အတော်လေး ပင်ပန်းနေပြီ။"
ဖန်ကျန်းရီက ပြုံး၍ လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး သဘောကျရင် ပြီးတာပါပဲ။ ကျွန်တော်မျိုး ဘာမှ ပင်ပန်းခံခဲ့ရတာ မဟုတ်ပါဘူး။ အချိန်လည်း မစောတော့ဘူးဆိုတော့ ကျွန်တော်မျိုးက အရှင်မင်းကြီးနဲ့တကွ အမတ်မင်းတို့ အားလုံးအတွက် နားနေစရာ နေရာတွေ သေချာ စီစဉ်ပေးထားပါတယ်။ အရှင်မင်းကြီး အနားယူချင်တယ်ဆိုရင် ကျွန်တော်မျိုး လူလွှတ်ပြီး လိုက်ပို့ပေးပါ့မယ်။"