← Chapters

အခန်း ၆၂၆

Vol. 34 Ch. 626

အခန်း ၆၂၆

Vol. 34 Ch. 626

အပိုင်း (၆၂၆) အိမ်ဆောက်မယ်ဆိုရင် ကျုပ်စကား နားထောင်ရမယ်။

တောက်ယွမ်ခရိုင် မြို့ပြင်။

မြေလွတ် ဆောက်လုပ်ရေးကွင်းတွင် စင်မြင့်တစ်ခု တည်ဆောက်ထားပြီး ပိုးထည်အနီရောင်များဖြင့် ပန်းပွင့်ပုံစံ အလှဆင်ထား၏။ စင်မြင့်အောက်တွင် လူအုပ်ကြီး ရှိနေပြီး ပွဲကြည့်ရန် စောင့်ဆိုင်းနေသော ပြည်သူ မြောက်မြားစွာ ရှိနေသည်။

ရှောင်ချန်နှင့် အစ်ကိုလျိုတို့ နှစ်ဦးသည် ခွေးခြေထိုင်ခုံရိုးမှ သေနတ်ဖြစ်သွားကြပြီဖြစ်ပြီး သူတောင်းစား ဝတ်စုံမှသည် ဇိမ်ကျကျ ပိုးထည်ဝတ်စုံသို့ ပြောင်းလဲ ဝတ်ဆင်ထားကြပြီ ဖြစ်သည်။ အစ်ကိုလျှိုသည် စင်မြင့်ပေါ်ရှိ လူနှစ်ဦးကို ကြည့်ရင်း ဝမ်းသာသော အမူအရာ ရှိနေ၏။ သို့သော် ဘေးနားရှိ ရှောင်ချန်မှာမူ သိပ်မပျော်ရွှင်ပုံ ပေါက်နေသည်။

ရှောင်ချန်က တွန့်ဆုတ်စွာ ပြောလိုက်သည်။ "အစ်ကိုလျှိုရယ်... ကျုပ်တို့ ဒီဆရာနှစ်ပါးကို ငွေတုံး နှစ်ရာတောင် ပေးပြီး ခေါ်ဖို့ လိုလို့လား။ အရမ်း ဈေးကြီးလွန်းတယ်။ အိမ်တွေတောင် မရောင်းရသေးဘူးလေ။"

အစ်ကိုလျှိုသည် လေးနက်စွာ ခေါင်းညိတ်လိုက်၏။ "တန်ပါတယ်ကွ။ တောက်ကျန်းဟွာနဲ့ ဘုန်းတော်ကြီးဟွေ့ကျောက် တို့ရဲ့ နာမည်ကို မြို့တော်မှာ ဘယ်သူက မသိဘဲ နေမှာလဲ။ သူတို့နှစ်ယောက်စလုံး က ပန္နက်ချ အခမ်းအနားကို ဦးဆောင်ပေးပြီး ကောင်းချီးပေးရင် နောက်ကျ အိမ်တွေ မရောင်းရမှာ ပူစရာ မလိုတော့ဘူး။ ရှောင်ချန်ရာ... မင်း ဦးနှောက်ကို သွက်သွက်လေး အလုပ်လုပ်စမ်းပါ။ တစ်နေကုန် မိန်းမတွေအကြောင်းချည်းပဲ တွေးမနေနဲ့။ ဒီနေ့ လူဘယ်လောက်များလဲ ကြည့်စမ်း။ ဆရာနှစ်ပါးကို လာကြည့်တဲ့ မြို့တော်က လူတွေ ဘယ်လောက်များသလဲ။ ခဏနေ အခမ်းအနား ပြီးသွားရင် ဆရာနှစ်ပါးကို နှင်းလမင်း စံအိမ်ကို ခေါ်သွားပြီး အားရပါးရ ပျော်ခိုင်းလိုက်။ ပိုက်ဆံကို နှမြောမနေနဲ့။"

ရှောင်ချန်က တွန့်ဆုတ်စွာ ထပ်မေးလိုက်သည်။ "ဟင်... နှင်းလမင်းစံအိမ်ကို သွားတာ အဆင်ပြေပါ့မလား။ ဘုန်းကြီးတွေက အသားငါး မစားဘူး မဟုတ်ဘူးလား။"

အစ်ကိုလျှိုက ပြန်ပြောလိုက်၏။ "ဒါဆိုလည်း နှင်းလမင်းစံအိမ်မှာ သီးသန့်ခန်း တစ်ခု ယူလိုက်ပြီး သက်သတ်လွတ် ဟင်းတွေနဲ့ သက်သတ်လွတ် မိန်းကလေးတွေ ပြင်ပေးလိုက်တာပေါ့။"

စင်မြင့်ပေါ်တွင် ဆရာနှစ်ပါး၏ အံ့မခန်း ဖျော်ဖြေမှုများ စတင်နေပြီ ဖြစ်၏။ လက်ထဲတွင် မှော်ပစ္စည်းများကို ကိုင်ဆောင်ထားပြီး ပါးစပ်မှလည်း ဘာတွေ ရွတ်ဆိုနေမှန်း မသိရချေ။

စင်အောက်ရှိ ပြည်သူများထဲမှ အနည်းငယ်မှာမူ မထီမဲ့မြင် အမူအရာများ ရှိနေကြသည်။ ဤလူစုက ခရိုင်ထဲမှ ပွဲလာကြည့်သူများ ဖြစ်ကြသည်။

ဤမျှနှစ်ပေါင်းများစွာ အယူသီးမှုပပျောက်ရေး ပညာပေးမှုများကြောင့် ဤအရာများကို ယုံကြည်သူ သိပ်မရှိတော့ချေ။ ခရိုင်တွင်း၌ ဘုန်းတော်ကြီးများထက် ဖန်ကျန်းရီကို ကိုးကွယ်သူများသာ အများအပြား ရှိနေ၏။

တောက်ယွမ်ခရိုင်ကဲ့သို့ ဝေးလံခေါင်သီသော နေရာမျိုးတွင် ခေတ်ကာလ နောက်ခံကြောင့် တစ္ဆေ၊ နတ်ဘုရား ယုံကြည်မှုများ အလွန် ပျံ့နှံ့နေပြီး ပျက်စီးနေသော ဘုရားကျောင်းများ၊ တောင်ကြားများတွင် မကြာခဏ ပေါ်လာတတ်၏။ ရည်ရွယ်ချက်ရှိရှိ လှည့်စားတတ်သော လိမ်လည်သူများနှင့် ယုံကြည်သူအချို့က ကြီးစိုးနေကြသဖြင့် ဖန်ကျန်းရီအတွက် အတော်လေး ခေါင်းကိုက်စရာ ဖြစ်ခဲ့ရသည်။

ယမ်းမှုန့်များ တီထွင်ပြီးနောက် သူကိုယ်တိုင် လူများကို ဦးဆောင်ကာ သရဲတစ္ဆေများ ပုန်းအောင်းနေသည့် နေရာများကို ဖောက်ခွဲဖျက်ဆီးပစ်လိုက်မှသာ ပြည်သူများ တဖြည်းဖြည်း မျက်စိပွင့်လာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဖန်ကျန်းရီက လျှို့ဝှက်ဆန်းကြယ်သော ပုံပြင်များကိုလည်း မကြာခဏ ပြောပြတတ်သေး၏။

နှစ်ခုကို ယှဉ်ကြည့်လိုက်သောအခါ... ခရိုင်ထဲတွင် မီးခွက်လေး ရွှေ့ရုံ၊ ပန်းကန်လေး ရွှေ့ရုံလောက် လုပ်နိုင်သော သရဲများက အလွန် ညံ့ဖျင်းလွန်းနေသည်။ အစတည်းက သိပ်မယုံကြည်ကြသည့်အပြင် ယခုလို လုပ်လိုက်သောအခါ ယုံကြည်သူများ၏ ရင်ထဲတွင် ဒေသခံ သရဲများအပေါ် အထင်သေးမှုများ ပိုမို တိုးလာခဲ့သည်။

မြို့တော်မှ လာသူများကတော့ မတူညီပေ။ ထိုနေရာသည် ဆရာနှစ်ပါး၏ အဓိက အခြေစိုက်စခန်း ဖြစ်ပြီး ယုံကြည်ကိုးကွယ်သူ အများအပြား ရှိသောကြောင့် ယခုလို ပန္နက်ချပွဲ စတင်သည်နှင့် မြို့တော်မှ လာကြည့်သူများက အော်ဟစ်အားပေးကြတော့၏။

တောက်ယွမ်ခရိုင်မှ ပြည်သူများက ရယ်မောလိုက်ကြ၏။ ဂုဏ်ယူစရာကောင်းသော ခံစားချက်က ချက်ချင်း ရောက်လာပြီ မဟုတ်ပါလား။

ဖန်ကျန်းရီ ရောက်လာချိန်တွင် စင်မြင့်ပေါ်၌ ဆရာနှစ်ပါး၏ ပန္နက်ချပွဲသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ဘုန်းတော်ကြီးဟွေ့ကျောက်က အခြေခံ အဆင့်အတန်းကို ထိန်းသိမ်းထားဆဲဖြစ်ပြီး လက်အုပ်ချီကာ စာရွတ်ရုံသာ လုပ်နေသည်။

တောက်ကျန်းဟွာကမူ ကွဲပြားနေ၏။ ဆံပင်များ ဖရိုဖရဲဖြင့် အရူးတစ်ယောက်လို ဖြစ်နေပြီး မှော်ခေါင်းလောင်းကို ကိုင်ကာ အဆက်မပြတ် လှုပ်ယမ်းနေ၏။

ရှေ့ဆုံးတန်းတွင် ရှိနေသော လျိုကျုံးရွှန်းနှင့် ရှောင်ချန်တို့ နှစ်ဦးသည် အနောက်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ကြ၏။ ဖန်ကျန်းရီ ကိုယ်တိုင် ရောက်လာသည်ကို မြင်သောအခါ အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ အလျင်အမြန် သွားရောက် ကြိုဆိုကာ အရိုအသေ ပေးလိုက်ကြသည်။

အောက်ချန်က မိတ်ဆက်ပေးလိုက်၏။ "သခင်လေး... သူတို့ နှစ်ယောက်ပါ။ အရင်က ကျုပ်တို့ အစောင့်တပ်ဖွဲ့မှာ ရှိခဲ့တဲ့သူတွေလေ။ အကြီးက လျိုကျုံးရွှန်း၊ အငယ်က ကျိုးချန်။"

ဖန်ကျန်းရီက ခေါင်းညိတ်လိုက်၏။ "လျိုကျုံးရွှန်း... ကျုပ် နည်းနည်း မှတ်မိသလိုပဲ။ လက်မောင်းလှဲပြိုင်ပွဲမှာ ကျိုးထျဲ့ကို နိုင်ခဲ့တဲ့သူ မဟုတ်လား။ မဆိုးပါဘူး။ ခင်ဗျားတို့ နှစ်ယောက်က တကယ် အရည်အချင်းရှိတဲ့သူတွေပဲ။ သူတောင်းစား လုပ်တာ ဘယ်လောက်မှ မကြာသေးဘူး၊ ခရိုင်ထဲက မြေလွတ်တွေကို ဝယ်ပြီး အိမ်ဆောက်ဖို့တောင် ပြင်ဆင်နေကြပြီ။"

လျိုကျုံးရွှန်းက ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပြန်ဖြေလိုက်သည်။ "သခင်လေးကလည်း မြှောက်ပြောနေပြန်ပါပြီ။ လက်မောင်းလှဲပြိုင်ပွဲမှာ နိုင်ခဲ့တာက ကံကောင်းသွားလို့ပါ။ သခင်လေးရဲ့ ကျေးဇူးကြောင့်သာ ကျုပ်တို့ ဒီအခြေအနေထိ ရောက်လာတာပါ။"

ကျိုးချန်ကမူ အနေခက်စွာ ပြုံးနေပြီး အနည်းငယ် စိုးရိမ်နေပုံ ရ၏။

ဖန်ကျန်းရီ စကားပြောရန် ပြင်လိုက်စဉ် ပွဲကြည့်ပရိသတ်များက ရုတ်တရက် ကျယ်လောင်စွာ အားပေးလိုက်ကြသည်။ စင်မြင့်ပေါ်တွင် တောက်ကျန်းဟွာက ဘယ်ခြေကို မြေပြင်သို့ ဆောင့်ကာ မန္တန်များကို ကျယ်လောင်စွာ ရွတ်ဆိုနေသည်ကို မြင်လိုက်ရသည်။

"တရားဓမ္မသည် စိတ်မှ ပေါက်ဖွားပြီး ..."

"ကောင်းတယ်ဟေ့။" လက်ခုပ်သံများ ထွက်ပေါ်လာခဲ့၏။

တောက်ကျန်းဟွာသည် မန္တန်များကို ရွတ်ဆိုရင်း လက်ထဲမှ ဓားကို ဝှေ့ယမ်းကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားသည်။ နောက်ဆုံးတွင် ခြေနှစ်ဖက်ဖြင့် အားယူ၍ လေထဲ၌ တစ်ပတ်ဂျွန်းထိုး လည်ထွက်သွားပြီး မြေပြင်ပေါ်သို့ ခပ်မိုက်မိုက် တင်ပျဉ်ခွေ ထိုင်ချပုံဖြင့် အဆုံးသတ်လိုက်သည်။

ကျိုးချန်က သတိပေးရန် ပြင်လိုက်သော်လည်း သူ လုံးဝ ထိုင်ချလိုက်ပြီဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ဆန့်ထုတ်ထားသော လက်ကို အနေခက်စွာ ပြန်ချလိုက်ရသည်။ "အာ... ဟွာ..."

ဖန်ကျန်းရီမှာမူ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိ၏။

တောက်ကျန်းဟွာ၏ အံ့မခန်း လှုပ်ရှားမှု ပုံစံများကြောင့် လူကြိုက်များမှုသည် ဘုန်းတော်ကြီး ဟွေ့ကျောက်ထက်ပင် သာလွန်ငွားသည်။ သို့သော်ငြား မြေပြင်ပေါ်တွင် ထိုင်လျက် လျှပ်စစ်ရှော့တိုက်ခံရသကဲ့သို့ အဆက်မပြတ် တုန်ယင်နေပြီး ပါးစပ်မှလည်း ဘာအဓိပ္ပာယ်မှန်းမသိသော အသံများ ထွက်ပေါ်နေခြင်းက အလွန် လျှို့ဝှက်ဆန်းကြယ်ပုံ ပေါက်နေသည်။

ဆန်းတယ်။ တကယ့်ကို ဆန်းတယ်။ ဤစင်မြင့်ပေါ်မှ ဟန်ပန်က သူ၏ ယခင်ဘဝမှ ကျော်ကြားသော အဆိုတော် တစ်ဦးကိုပင် အမှတ်ရစေ၏။ အောင်ဇမ္ဗူလိုပင် အသံမထွက်ပေမည့် ဟန်ကတော့ ဆန်း၏။

ဖန်ကျန်းရီက ချီးကျူးလိုက်သည်။ "ဟင် ... ခင်ဗျားတို့ သူ့ကို ငွေဘယ်လောက်ပေးပြီး ခေါ်လာတာလဲ။ ဆရာကြီးက ဖျော်ဖြေဖို့ တော်တော် အားစိုက်ထားတာပဲ။"

ကျိုးချန်က ရယ်ချင်စိတ်ကိုအောင့်ကာ ဖြေလိုက်၏။ "မဟုတ်ပါဘူး သခင်လေးရယ်။ သူ ခုနက သံမှိုပေါ် ထိုင်မိသွားလို့ပါ။ စင်က မနေ့ကမှ ဆောက်ထားတာဆိုတော့ နေရာတော်တော်များများက သေချာ မလုပ်ရသေးဘူး။"

ဖန်ကျန်းရီ၊ လျိုကျုံးရွှန်း၊ အောက်ချန် သုံးဦးစလုံး အံ့အားသင့်စွာဖြင့် စင်မြင့်ဆီသို့ တညီတညွတ်တည်း ကြည့်လိုက်ကြ၏။ သူတို့ သုံးယောက်စလုံး၏ ပါးစပ်မှ စကားတစ်ခွန်း တညီတညွတ်တည်း ထွက်ပေါ်လာခဲ့သည်။ "ကျွမ်းကျင်လိုက်တာ..."

ဖန်ကျန်းရီ သတိပြန်ဝင်လာပြီး ချောင်းနှစ်ချက် ဟန့်လိုက်၏။ "ဒီနေ့ ခင်ဗျားတို့နှစ်ယောက်ဆီ လာတာက မြေလွတ်တွေ ဝယ်ရတဲ့ ရည်ရွယ်ချက်နဲ့ နောက်ပိုင်း ဘာတွေ ဆက်လုပ်ဖို့ အစီအစဉ် ရှိလဲဆိုတာကို သီးသန့် မေးချင်လို့ပါ။ ခင်ဗျားတို့ သူတောင်းစား လုပ်တာ ငွေဘယ်လောက်များ ရလိုက်လို့ ဒီလောက် ကြီးကျယ်တဲ့ ပွဲကြီး လုပ်နေရတာလဲ။ လက်ထဲမှာ ဘယ်လောက် ကျန်သေးလဲ။ အိမ်ဆောက်ဖို့ လောက်ရဲ့လား။"

ဖန်ကျန်းရီက ဆက်တိုက် မေးခွန်းထုတ်လိုက်သဖြင့် လျိုကျုံးရွှန်းမှာ အနည်းငယ် စိုးရိမ်သွားသော်လည်း မြို့ဝန်၏ရှေ့တွင် မလိမ်ညာရဲချေ။ အံကြိတ်ကာ ဖြေလိုက်ရသည်။ "ကျုပ် .. .ကျုပ်တို့မှာ ငွေ သိပ်မရှိတော့ပါဘူး။ ဒါပေမဲ့ ဒီနေ့ ဒီလောက် ကြီးကျယ်တဲ့ ပွဲကြီး လုပ်လိုက်တော့ မြို့ထဲပြန်ရောက်ရင် တခြားသူတွေကို အစုရှယ်ယာ ဝင်ဖို့ ဆွဲဆောင်လို့ ရမှာပါ။"

ဖန်ကျန်းရီ ဆွံ့အသွားပြီးနောက် ချက်ချင်း ရယ်မောလိုက်မိ၏။ အတော်လေး အကြံအစည် ရှိတာပဲ။ သတ္တိလည်း ကောင်းတယ်။ စီးပွားရေး နှစ်ခါ ရှုံးတာတောင် ထပ်ပြီး ကြိုးစားရဲသေးတယ်။

ဖန်ကျန်းရီက ပြောလိုက်သည်။ "အင်း...ဆက်ပြောပါအုံး။ ကျုပ် နားထောင်နေတယ်။"

လျိုကျုံးရွှန်းက ဖန်ကျန်းရီကို ခိုးကြည့်ပြီး အသက်ပြင်းပြင်း တစ်ချက် ရှူကာ ပြောလိုက်၏။ "သခင်လေး... ကျုပ် မြေလွတ်တွေကို ဝယ်တာ တခြား အကြံအစည် မရှိပါဘူး။ အိမ်ဆောက်ပြီး ငွေရှာချင်ရုံ သတ်သတ်ပါ။ အပြင်မှာ သွားလာနေတုန်းက ချမ်းသာတဲ့သူ တော်တော်များများက ဒီလို စိတ်ကူး ရှိကြပေမဲ့ နေရာထိုင်ခင်း အခွင့်အရေး မရှိလို့ တောက်ယွမ်ခရိုင်မှာ လာမနေနိုင်ဘူးဆိုတာ ကြားခဲ့ရတယ်။ ဒါကြောင့် ကျုပ်က မြေလွတ်တွေကို ဝယ်ပြီး... ဟာကွက်လေးတစ်ခု ရှာချင်တာပါ။"

ဖန်ကျန်းရီသည် စကားတစ်ခွန်းမှ မပြောဘဲ ကျိုးချန်ကို ကြည့်လိုက်သည်။

ကျိုးချန်က ချက်ချင်း ကြောက်လန့်တကြား ရှင်းပြလိုက်၏။ "သခင်လေး။ ကျုပ်တို့ တမင်လုပ်တာ မဟုတ်ပါဘူး။ အစ်ကိုလျှိုက နာမည်ရချင်ပြီး ကြီးမားတဲ့ စီးပွားရေးတစ်ခု လုပ်ချင်ရုံပါ။ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ကျုပ်တို့ စီးပွားရေး လုပ်တုန်းက အပြင်မှာ အမြဲတမ်း အလိမ်ခံခဲ့ရတော့ အတွေ့အကြုံ ရလာလို့ ပြန်ပြီး စတင်ဖို့ ကြိုးစားတာပါ။ ကျုပ်ရဲ့ ငယ်ရည်စားကတောင်..."

လျိုကျုံးရွှန်းက ကျိုးချန်၏ အင်္ကျီစကို ဆွဲလိုက်ပြီး ခေါင်းငုံ့ကာ ဆက်ပြောလိုက်သည်။ "အခြေအနေက အဲဒီအတိုင်းပါပဲ။ သခင်လေး မကျေနပ်ရင် အပြစ်ပေးလို့ ရပါတယ်။"

အောက်ချန်က ဖန်ကျန်းရီ၏ နား,နားကပ်ကာ တိုးတိုးလေး ပြောလိုက်၏။ "သခင်လေး... အခြေအနေက အဲဒီအတိုင်းပါပဲ။ ကျွန်တော် သိထားတာနဲ့ အတူတူပါပဲ။"

ဖန်ကျန်းရီက မေးလိုက်သည်။ "အင်း... မြေလွတ်မှာ အိမ်ဆောက်ရင် သေချာပေါက် ရောင်းရမယ်လို့ ဘယ်လို အာမခံနိုင်မလဲ။"

လျိုကျုံးရွှန်းက ဖြေလိုက်၏။ "သခင်လေး... ကျုပ် စဉ်းစားထားတာက မြေလွတ်ကို အရင်ဝယ်မယ်။ ခရိုင်ရဲ့ နာမည်ကို အသုံးချပြီး ကြော်ငြာမယ်။ ပြီးရင် တချို့လူတွေကို လှည့်စားမယ်... ခရိုင်မှာ အပေါင်ထားပြီး မြေလွတ် ထပ်ဝယ်မယ်။ ဒီလိုမျိုး သံသရာလည်အောင် လုပ်သွားမယ်... ကျုပ်မှာ အာမခံချက်တော့ မရှိဘူး။ ဒါပေမဲ့ မျှော်လင့်ချက် ရှိတယ်လို့ ထင်လို့ ကြိုးစားကြည့်ချင်တာပါ။"

ဖန်ကျန်းရီ အံ့အားသင့်သွားပြီး လျိုကျုံးရွှန်းကို အံ့သြစွာ စိုက်ကြည့်နေမိသည်။

သောက်ကျိုးနည်း။ ဒါက လုံးဝ ခေတ်ပေါ် နည်းလမ်းကြီးပဲ။ ခရိုင်ထဲမှာ ထူးထူးဆန်းဆန်း အရာတွေ ထပ်ပေါ်လာပြန်ပြီ။ အချိန် ဘယ်လောက်မှ မကြာသေးဘူး၊ အိမ်ခြံမြေ လုပ်ငန်းထဲကို တိုက်ရိုက် ဝင်သွားပြီလား။ လူတွေက သင်ပေးရင် ဘယ်တော့မှ မတတ်ဘူး။ အလုပ်က သင်ပေးမှသာ တစ်ခါတည်းနဲ့ တတ်သွားတာပဲ။

တကယ် ဒီလို ဖြစ်လာတာပဲ။

ဖန်ကျန်းရီက သက်ပြင်းချကာ ပြောလိုက်သည်။ "ခင်ဗျားတို့ နှစ်ယောက် ကြောက်စရာ မလိုပါဘူး။ ခရိုင်က ခင်ဗျားတို့ကို ရောင်းပြီးပြီဆိုတော့ စာချုပ်က အတည်ဖြစ်ပါတယ်။ အမှန်အတိုင်း ပြောရရင် ဒီမြေလွတ်တွေကို ခရိုင်က ကိုယ်တိုင် တည်ဆောက်ဖို့ ချန်ထားတာပါ။ မနေ့ညက ကျုပ် စဉ်းစားကြည့်တော့ ခင်ဗျားတို့ကို တည်ဆောက်ခိုင်းတာလည်း မဆိုးပါဘူး။ တကယ်လို့ လိုအပ်ရင် ခင်ဗျားတို့ကို အများကြီး ကူညီပေးလို့ ရပါတယ်။"

ဤကိစ္စကို မနေ့ညက သူ သေချာ စဉ်းစားခဲ့ပြီး ဖြစ်သည်။ အိမ်ဆောက်ခြင်းကို လက်အောက်ငယ်သားများထံ အပ်နှံလိုက်ခြင်းက ပြဿနာ မဟုတ်ပေ။ ကိုယ်တိုင် လုပ်လျှင် ပိုအမြတ်ရသည်မှာ မှန်သော်လည်း တောက်ယွမ်ခရိုင် နာမည်ကြီးလွန်းနေခြင်းကလည်း ကောင်းကျိုး မဟုတ်ပေ။ ဝေဖန်မှုတချို့ ရောက်လာနိုင်သည်။

ဤပြဿနာများကို ရှောင်လွှဲနိုင်လျှင် ရှောင်လွှဲသင့်ပေသည်။ မည်သို့ပင်ဖြစ်စေ သူ ခက်ခက်ခဲခဲ ငွေရှာနေရခြင်းကလည်း တောက်ယွမ်ခရိုင် ပြည်သူများအတွက်သာ ဖြစ်သည်။ ကိုယ့်လူတွေပဲ ဘယ်သူရှာရှာ အတူတူပင်။

ဖန်ကျန်းရီက ဆက်ပြောလိုက်၏။ "ဒါပေမဲ့ ကျုပ်မှာ တောင်းဆိုချက် တချို့ ရှိတယ်။ အိမ်တွေကို သေသေချာချာ ဆောက်ရမယ်။ စံနှုန်းကို ခရိုင်ရဲ့ နောက်ဆုံး စံနှုန်းအတိုင်း ဆောက်ရမယ်။ သစ်သား မသုံးရတော့ဘူး။ ဘိလပ်မြေ ပြောင်းသုံးရမယ်။ ပတ်ဝန်းကျင် အထောက်အကူပြု အဆောက်အအုံတွေကိုလည်း သေချာ လုပ်ရမယ်။ ကျုပ်တို့ တောက်ယွမ်ခရိုင်ရဲ့ နာမည်ကို မဖျက်ဆီးရဘူး။ နားလည်လား။"

All Chapters