အခန်း ၆၂၈
Vol. 34 Ch. 628
အပိုင်း (၆၂၈) ပြည်သူ့အကျိုးပြု မူဝါဒ။
အောက်ချန်သည် အချိန်အတော်ကြာ စဉ်းစားပြီးနောက် မေးလိုက်သည်။ "အင်း... သဘောတရားကတော့ မှန်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေ လက်ထဲရောက်မဲ့ ငွေက နည်းသွားမှာပေါ့။ ဒါဆိုရင် မကျေမနပ် ဖြစ်မလာနိုင်ဘူးလား။"
ဖန်ကျန်းရီက ရယ်မော၍ ပြန်ဖြေလိုက်၏။ "သေချာပေါက် မဖြစ်နိုင်ပဘူး။ ဒါက ပြည်သူတွေကို အကျိုးပြုမဲ့ ကိစ္စလေ။ မကောင်းတဲ့ ကိစ္စမှ မဟုတ်တာ။"
ဤပြည်သူ့အကျိုးပြု နည်းလမ်းများသည် နောင်ခေတ်အဆက်ဆက်ရှိ မရေမတွက်နိုင်သော နိုင်ငံများက အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။ သို့ပေမည့် ဤခေတ်ကာလတွင် အသုံးပြုမည်ဆိုပါက ဒေသနှင့် ကိုက်ညီမှု မရှိသကဲ့သို့ ဖြစ်နေမည်မှာ သေချာသည်။
သို့သော်ငြား တောက်ယွမ်ခရိုင်ကမူ ကွဲပြားသည်။ နယ်မြေကျဉ်းမြောင်းပြီး လူဦးရေ နည်းပါးသည့်အပြင် အလုံအလောက် ချမ်းသာကြွယ်ဝမှု ရှိနေ၏။
အောက်ချန်၏ နားမလည်သေးသည့် ပုံစံ ဖြစ်နေဆဲကို မြင်သောအခါ ဖန်ကျန်းရီက ရှင်းပြလိုက်သည်။ "အစပိုင်းမှာတော့ အနည်းငယ် ခက်ခဲနိုင်တာပေါ့။ ပြည်သူတွေက သူတို့လက်ထဲ ရတဲ့ငွေ နည်းသွားတယ်လို့ ထင်ကောင်း ထင်လိမ့်မယ်။ ဒါပေမဲ့ အချိန်ကြာလာရင် သူတို့ ဒီလို တွေးတော့မှာ မဟုတ်ဘူး။
သူတို့က ငါက ငွေတစ်ဝက်ပဲ ပေးရပြီး သူဌေးက တစ်ဝက် စိုက်ပေးတယ်ဆိုတော့ ငါ အမြတ်ထွက်တာပဲ လို့ တွေးလာကြလိမ့်မယ်။ သူတို့က နစ်နာတယ်လို့ မထင်တဲ့အပြင် ကိုယ်တောင် အမြတ်ထွက်သေးတယ်လို့ ခံစားရလိမ့်မယ်။ ဒီငွေနှစ်ရပ်ကို ကောက်ခံခြင်းက ကျုပ်တို့အတွက် အခွန်တစ်မျိုး ဖြစ်ပြီး ဒုတိယအချက်အနေနဲ့ ခရိုင်က အနည်းဆုံး အခကြေးငွေ သတ်မှတ်မထားတဲ့အတွက် ကုန်သည်တွေအတွက်လည်း နစ်နာမှု မရှိဘူး။ နောက်ဆုံးမှာ ပြည်သူတွေကလည်း သူတို့ အမြတ်ထွက်တယ်လို့ ခံစားရမှာဆိုတော့ ဒါက သုံးဦးသုံးဖလှယ် အကျိုးရှိတဲ့ ကိစ္စ မဟုတ်ဘူးလား။"
အောက်ချန်က စိုးရိမ်တကြီးဖြင့် မေးလိုက်၏။ "ဒါပေမဲ့ နောက်ဆုံးတော့ လက်ထဲရတဲ့ ငွေက နည်းသွားတာပဲလေ။ တကယ်လို့ နားလည်တဲ့သူတွေက ပြဿနာ ရှာလာရင် ဘယ်လိုလုပ်မလဲ။"
ဖန်ကျန်းရီက ပြောလိုက်သည်။ "မဟုတ်ဘူး။ ဒီလို မဟုတ်ဘူး။ ဒီငွေက သူတို့ အိုမင်းမစွမ်းဖြစ်ချိန်အတွက်နဲ့ အိမ်ဝယ်ဖို့အတွက် ချန်ထားပေးတာပါ။ သူတို့ကိုယ်တိုင်က ငွေမစုတတ်ကြဘူး။ ဒါက ပြည်သူတွေ အိုမင်းလာတဲ့အခါ အားကိုးရာမဲ့ မဖြစ်စေဖို့ အကာအကွယ်ပေးမဲ့ ကွန်ရက်တစ်ခု ဖန်တီးပေးလိုက်တာပဲ။”
အောက်ချန်က ပြောလိုက်၏။ "သခင်လေး... ကျုပ် နားလည်ပါပြီ။ အိုမင်းမစွမ်းဖြစ်ချိန်နဲ့ အိမ်ဝယ်ဖို့အတွက်ကိုပါ ထည့်သွင်းစဉ်းစားထားမှတော့၊ ဒီနည်းလမ်းအတိုင်း ဆေးကုသဖို့အတွက်ကိုပါ တစ်ခါတည်း စီစဉ်လိုက်ရင် မကောင်းဘူးလား။"
ဖန်ကျန်းရီက တားမြစ်လိုက်သည်။ "လုံးဝ မလုပ်နဲ့။ ဒီလို အတွေးမျိုး လုံးဝ မတွေးနဲ့။ လူနာက ဆေးတစ်ခွက် သောက်လည်း သောက်ရတာပဲ။ အခွက်တစ်ရာ သောက်လည်း သောက်ရတာပဲ။ ပမာဏ သတ်မှတ်လို့ မရတာကြောင့် နောင်တစ်ချိန်မှာ လူဘယ်နှစ်ယောက်က ဒီဟာကွက်ကို အသုံးချသွားမလဲဆိုတာ မသိနိုင်ဘူး။ ခင်ဗျားက ခရိုင်ထဲမှာ အချောင်ခိုမယ့်သူတွေကို မွေးမြူချင်လို့လား။"
အောက်ချန်က ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်၏။ "သခင်လေး ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ကျုပ် ဘယ်လို စဉ်းစားစဉ်းစား ဒီကိစ္စက ခက်ခဲမယ်လို့ ထင်ပါတယ်။ ကျုပ်တို့ ခရိုင်ထဲမှာက အကျင့်ပျက်တဲ့ ပြည်သူတွေများတော့ အင်အားမနိုင်မှာ စိုးရိမ်ရပါတယ်။"
ဖန်ကျန်းရီက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ "ဘာ အကျင့်ပျက်တဲ့ ပြည်သူတွေလဲ။ ညီညွတ်မှုကို ထိခိုက်စေမဲ့ စကားတွေ မပြောနဲ့။ ဘယ်ကိစ္စမဆို အစပိုင်းမှာ ခက်ခဲတတ်တာပဲ။ အခက်အခဲကို ကြောက်နေရင် နောက်ပိုင်း ဘာကိစ္စမှ လုပ်လို့ရမှာ မဟုတ်တော့ဘူး။”
အောက်ချန်က ပြန်ပြောလိုက်၏။ "လောလောဆယ် ခရိုင်ထဲမှာ အိမ်ရောင်းတဲ့ သူတချို့က အများပိုင် နေရာတွေကို လမ်းမကြီးအထိတောင် ထည့်တွက်ထားကြတယ်။"
ဖန်ကျန်းရီက ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ဘာ …. သောက်ကျိုးနည်း။ ဘယ်သူ လုပ်တာလဲ။"
အောက်ချန်က ဖြေလိုက်၏။ "အင်း... မနှစ်က ကိစ္စပါ။ ဒါပေမဲ့ အဲဒီလူ ခရိုင်ရုံးကနေ ဒဏ်ရိုက်ခံရပြီး နောက်ပိုင်း ဘယ်သူမှ ဆက်မလုပ်ရဲတော့ပါဘူး။"
ဖန်ကျန်းရီသည် စိတ်သက်သာရာရသွားပြီး ဆက်ပြောလိုက်သည်။ "ဒါဆိုလည်း တော်သေးတာပေါ့။ အခု ကျုပ်နဲ့အတူ သုတေသနဌာနကို လိုက်ခဲ့ပြီး ဘာပစ္စည်းအသစ်တွေ ရှိလဲ သွားကြည့်ရအောင်။"
...
နောက်တစ်နေ့ ညီလာခံ။
ဖန်ကျန်းရီသည် မူလနေရာတွင် တည်ငြိမ်စွာ မတ်မတ်ရပ်နေ၏။ ညီလာခံတွင် ဆွေးနွေးနေသည်များမှာ နယ်ဘက်ဆိုင်ရာ ပြဿနာများသာ ဖြစ်သည်။ ယမန်နေ့က မည်သည့်ကိစ္စမှ မဖြစ်ခဲ့သကဲ့သို့ပင်။
သို့သော်ငြား သူ မလောချေ။ ယခင် အတွေ့အကြုံများအရ အရေးကြီးသော ကိစ္စများကို ပေါ့ပေါ့ပါးပါး ကိစ္စများ ပြီးဆုံးမှသာ စတင်လေ့ရှိသည်။ ယမန်နေ့က သူ သတင်းစုံစမ်းထားပြီး ဖြစ်ရာ အရှင်မင်းမြတ်သည် နေ့လယ်ပိုင်း နန်းတော်သို့ ပြန်ရောက်ပြီးနောက် အရေးကြီးသော အမတ်များကို ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရ၏။ ဆွေးနွေးနိုင်မည့် ကိစ္စများမှာ သေနတ်၊ အမြောက်များနှင့် ပင်လယ်ရပ်ခြား ကိစ္စများသာ ဖြစ်ပေမည်။
ထင်ထားသည့်အတိုင်းပင် မိနစ်နှစ်ဆယ်ကျော်ခန့် အကြာ ဆွေးနွေးမှုများ အဆုံးသတ်ခါနီး၌ အရှင်မင်းမြတ်က ရုတ်တရက် လက်လှမ်းကာ စားပွဲပေါ်ရှိ တင်ပြလွှာ သုံးစောင်ကို ကောက်ယူလိုက်၏။
အရှင်မင်းမြတ်က မိန့်ကြားလိုက်သည်။ "ဒီတင်ပြလွှာက မနေ့က အမတ်ကျိန့် တင်ပြထားတဲ့ ပင်လယ်ပြင် ဖွင့်လှစ်ရေးဆိုင်ရာ အချက်ဆယ်ချက် ဖြစ်တယ်။ ပြီးတော့ စစ်ရေးဝန်ကြီးဌာနက တင်ပြထားတဲ့ ပင်လယ်ရပ်ခြားဆိုင်ရာ အကြံပြုချက် သုံးရပ်လည်း ပါသေးတယ်။ ယမန်နေ့က တောက်ယွမ်ခရိုင်မှာ ဖန်အမတ် ပြောတာတွေကို နားထောင်ပြီးနောက် အားလုံး စိတ်လှုပ်ရှားသွားကြတယ်လို့ ကိုယ်တော် ထင်ပါတယ်။ ဒီနေ့ အားလုံး ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ ရပါတယ်။ ဖန်အမတ်... မင်းက အမြဲတမ်း ပင်လယ်ပြင် ဖွင့်လှစ်ဖို့ကို အဓိက တိုက်တွန်းနေတာဆိုတော့ ဘာများ ပြောစရာ ရှိသေးလဲ။"
ဖန်ကျန်းရီသည် ရင်ထဲတွင် အချိန်ကျပြီဟု ကြိတ်၍ ဝမ်းသာသွားသည်။ သို့နှင့် တည်ငြိမ်စွာဖြင့် လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... ကျွန်တော်မျိုးက ပညာဗဟုသုတ နည်းပါးပြီး အခြားအမတ်မင်းတွေကို မမီပါဘူး။ ပင်လယ်ပြင် ဖွင့်လှစ်ရေး ကိစ္စနဲ့ ပတ်သက်ပြီး နန်းတွင်းကနေ သင်္ဘောအုပ်စုတွေ အများအပြား တည်ဆောက်ဖို့၊ ပင်လယ်ရပ်ခြားကို စူးစမ်းလေ့လာဖို့ ကျွန်တော်မျိုး အကြံပြုချင်ပါတယ်။
အခြားတစ်ဖက်မှာလည်း ပြည်သူတွေ ပင်လယ်ပြင် ထွက်ခွာခွင့်အပေါ် တင်းကျပ်ထားတဲ့ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးသင့်ပါတယ်။ ပင်လယ်ရပ်ခြားမှာ အမှန်တကယ် ကြီးမားတဲ့ အကျိုးအမြတ် ရှိနေမယ်ဆိုရင်တောင် နန်းတွင်း တစ်ခုတည်း အကုန်လုံးကို ရယူနိုင်မှာ မဟုတ်ပါဘူး။ ဒီအကျိုးအမြတ် တစ်စိတ်တစ်ပိုင်းကို ပြည်သူတွေအတွက် ခွဲဝေပေးသင့်ပါတယ်။
ကျွန်တော်မျိုးတို့ တာ့ကျင်းက ပင်လယ်ရေကြောင်း ကုန်သွယ်ရေး မထွန်းကားသေးဘဲ လက်ရှိမှာ တောင်ပိုင်းပင်လယ်နဲ့ပဲ အဆက်အသွယ် ရှိပါသေးတယ်။ အဓိက ကုန်သွယ်မှုတွေကလည်း လက်ဆောင်ပဏ္ဍာ ဆက်သခြင်းကနေတစ်ဆင့်ပဲ ဖြစ်ပေါ်လာတာပါ။
အနောက်တိုင်းက ဝေးကွာလွန်းပြီး အချိန်အများကြီး ယူရမှာဖြစ်လို့ ဒီမတိုင်ခင်မှာ အနာဂတ် အပြောင်းအလဲတွေကို ရင်ဆိုင်နိုင်ဖို့ ပြည်သူတွေကြားထဲကနေ ပင်လယ်ရေကြောင်း ကုန်သွယ်မှုနဲ့ အကျွမ်းတဝင်ရှိတဲ့ ကုန်သည်အုပ်စုတစ်စုကို မွေးထုတ်ပေးဖို့ လိုအပ်ပါတယ်။
ပြီးတော့ ကုန်သည်သင်္ဘောတွေကို ကာကွယ်ပေးဖို့ ရေတပ်ကို တိုးချဲ့ဖွဲ့စည်းသင့်ကြောင်း ကျွန်တော်မျိုး အကြံပြုချင်ပါတယ်။ ဒီကိစ္စက အချိန်ဆွဲလို့ မရတော့ပါဘူး။"
အရှင်မင်းမြတ် သည် လေးနက်တည်ကြည်သော မျက်နှာထားဖြင့် ခေါင်းညိတ်ကာ မိန့်ကြားလိုက်၏။ "မင်း ပြောတာ အဓိပ္ပာယ်ရှိပါတယ်။ ဒီကိစ္စကို မင်းက ပြင်းပြင်းထန်ထန် တောင်းဆိုနေမှတော့ ငွေဘယ်လောက် လိုမယ်လို့ ထင်လဲ။ ဒါက ပမာဏ အနည်းငယ် မဟုတ်ဘူးဆိုတာ မင်း သိထားရမယ်။ မနေ့က စစ်ရေးဝန်ကြီးဌာနက ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်တော့်ဆီကို တင်ပြလာတယ်။ ကုန်ကျစရိတ်ရဲ့ အများစုက ထိန်းသိမ်းစရိတ်တွေဖြစ်ပြီး ခြေလျင်တပ်တွေထက် အများကြီး ပိုဈေးကြီးတယ်။"
ဖန်ကျန်းရီက ကျယ်လောင်စွာ လျှောက်တင်လိုက်သည်။ "ဒါကတော့ သဘာဝပါပဲ။ ဒါပေမဲ့ ဒီငွေကို သုံးရတာ တန်တယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်။ အနည်းဆုံး ငွေတုံး ငါးသန်းလောက်တော့ အခြေခံ လိုအပ်မယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်။ ပထမဆုံး သင်္ဘောအုပ်စု တည်ဆောက်ပြီးတာနဲ့ နောက်ပိုင်း သင်္ဘောတွေကိုတော့ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးက ရလာတဲ့ အမြတ်တွေနဲ့ ဆက်လက် ထိန်းသိမ်းသွားလို့ ရပါတယ်။"
အမတ်များနှင့် အရှင်မင်းမြတ် တို့သည် ဖန်ကျန်းရီကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြ၏။
ငါးသန်းတဲ့လား။ မင်းက ပါးစပ်ဟလိုက်တာနဲ့ ငါးသန်း တောင်းတာလား။ နိုင်ငံတော် ဘဏ္ဍာတိုက်ကို မင်းအိမ်က လို့များ ထင်နေတာလား။
အရှင်မင်းမြတ်၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။ ပြီးနောက် မိန့်ကြားလိုက်သည်။ "ဖန်အမတ် ... ငွေတုံး ငါးသန်းဆိုတာ ဘာအထောက်အထား ရှိလို့လဲ။ ပါးစပ်ကနေ အလွတ်ပြောပြီး ငါးသန်း တောင်းနေတာတော့ မဟုတ်ပါဘူးနော်။"
ဖန်ကျန်းရီသည် အနေခက်စွာ ရယ်မောလိုက်၏။
ပါးစပ်ကနေ အလွတ်ပြောနေတာ မဟုတ်လို့ ဘာလုပ်ရမှာလဲ။ အထောက်အထားလား။ ဘာအထောက်အထားမှ မရှိဘူး။
ယခင်ဘဝက ရုပ်မြင်သံကြားထဲတွင် ချင်မင်းဆက်၏ ပေယန်ရေတပ် တည်ဆောက်ရာ၌ ငွေတုံး သန်းပေါင်းများစွာ ကုန်ကျခဲ့ပြီး နှစ်စဉ် ခွဲဝေချထားငွေမှာ လေးသန်းဝန်းကျင် ရှိကြောင်း ကြည့်ဖူးခဲ့သည်။
ဤအချက်အရဆိုလျှင် ငါးသန်းဆိုသည်မှာ လွန်ကဲလွန်းသည်တော့ မဟုတ်ချေ။
သို့သော်ငြား အရှင်မင်းမြတ် ၏ ရှေ့တွင်တော့ ရှင်းပြသင့်သည်များကို ရှင်းပြရမည်။
ဖန်ကျန်းရီက လက်သီးဆုပ်ကာ လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး ... ခြေလျင်တပ်အတွက် နှစ်သုံးဆယ်၊ လေတပ်အတွက် နှစ်ငါးဆယ်၊ ရေတပ်အတွက် နှစ်တစ်ရာ ဆိုတဲ့ စကားတစ်ခွန်းကို ကျွန်တော်မျိုး ကြားဖူးပါတယ်။ ဒီငွေတုံး ငါးသန်း ကုန်ကျစရိတ်က တည်ဆောက်ရေးအတွက်ထက် ပိုနေပါတယ်။ စစ်ရေး ဝန်ကြီးဌာနနဲ့ အသေးစိတ် အစီအစဉ်တွေ ဆွဲဖို့ လိုအပ်မယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်။ တကယ်လို့ ပိုလျှံတဲ့ ငွေတွေ ရှိနေရင် အနောက်တိုင်းကို စူးစမ်းလေ့လာမယ့် အစီအစဉ်တွေမှာ ဆက်လက် ရင်းနှီးမြှုပ်နှံသင့်ပါတယ်။ အနောက်တိုင်းက ဝေးကွာပြီး ရေကြောင်းလမ်းကိုလည်း ကျုပ်တို့ မသိသေးတဲ့အတွက် ငွေတုံး ငါးသန်းက မလောက်ငှနိုင်ပါဘူး။ ဒါပေမဲ့ ငွေတုံး ငါးသန်း သုံးလိုက်ရုံနဲ့ တာ့ကျင်းအတွက် ကမ္ဘာသစ်တစ်ခုကို မြင်တွေ့ခွင့် ရမယ်ဆိုရင် ဒီငွေသုံးရတာ တန်ပါတယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်။"
လေတပ်တဲ့လား။ လေတပ်ဆိုတာ ဘာကြီးလဲ။
အမတ်များ အချင်းချင်း ကြောင်တောင်တောင်ဖြင့် ကြည့်နေကြပြီး အရှင်မင်းမြတ်ကလည်း ထူးဆန်းသော မျက်နှာထားဖြင့် မေးလိုက်၏။ "ခြေလျင်တပ်၊ ရေတပ်ဆိုတာကို ကိုယ်တော် နားလည်နိုင်တယ်။ လေတပ်ဆိုတာ ဘာလဲ။ ဒီစကားကို ဘယ်သူ ပြောတာလဲ။"
ဖန်ကျန်းရီ အနည်းငယ် ကြောင်အမ်းသွား၏။
စောစောက သူ လေတပ်လို့ ပြောလိုက်မိတာလား။ စကားမှားသွားပြီလား။
သူက တံတွေးမြိုချပြီး လျှောက်တင်လိုက်သည်။ "အာ... ဒါက ကျွန်တော်မျိုးရဲ့ ဖခင် ပြောခဲ့တာပါ။ သူ ငယ်ငယ်တုန်းက တံငါသည် လုပ်ဖူးတယ်။ အဲ... လေတပ်ဆိုတာက ငါးမျှားတာကို ပြောတာပါ။ လှေပေါ်မှာ နှစ်ငါးဆယ်လောက် ငါးမရဘဲ နေနိုင်မှ တံငါသည်ကောင်း တစ်ယောက် ဖြစ်နိုင်တာ... တံငါသည်ကောင်း တစ်ယောက်ဖြစ်ဖို့တောင် အနှစ်ငါးဆယ် အချိန်လိုသေးတာပဲ၊ ရေတပ်ကို လေ့ကျင့်ဖို့ဆိုရင် အနည်းဆုံး အနှစ်တစ်ရာ လောက်တော့ အချိန်ယူရမှာပေါ့။"
နေရာတွင် ရှိနေသူများ အားလုံး သဘောပေါက်သွားကြ၏။ လေတပ်ဆိုသည်မှာ ငါးမျှားသည်ကို ဆိုလိုခြင်းဖြစ်၏။
ဒါဆို ငါ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ လေတပ် လုပ်ခဲ့သေးတာပဲ... ဟု တစ်ချို့က တွေးလိုက်ကြသည်။
ကျိန့်ချောင်က ရှေ့တစ်လှမ်း တိုးကာ ပြောလိုက်၏။ "ဖန်အမတ် ... ပြည်သူတွေကို ပင်လယ်ပြင် ဖွင့်လှစ်ပေးတာက ဖြစ်နိုင်ပေမဲ့ နန်းတွင်းက ငွေတုံး ငါးသန်း သုံးပြီး သင်္ဘောအုပ်စု တည်ဆောက်တာက အရမ်း များလွန်းပါတယ်။ တစ်ပြည်လုံးမှာ ငွေသုံးစရာ နေရာတွေ အများကြီး ရှိသေးတယ်လေ။ ပြီးတော့ ပင်လယ်ရပ်ခြားမှာ ကြီးမားတဲ့ အကျိုးအမြတ် ရှိမယ်ဆိုတာကို ငါတို့ အာမမခံနိုင်သေးဘူးဆိုတော့ သေချာ ထပ်ပြီး စဉ်းစားသင့်တယ်။"
အရှင်မင်းမြတ်၏ အကြည့်များသည် ဖန်ကျန်းရီထံသို့ ရောက်ရှိသွားသည်။
ဖန်ကျန်းရီက ချက်ချင်း ကျယ်လောင်စွာ လျှောက်တင်လိုက်၏။ "အာမခံနိုင်ပါတယ်။ ပင်လယ်ရပ်ခြားမှာ သေချာပေါက် ကြီးမားတဲ့ အကျိုးအမြတ် ရှိတယ်ဆိုတာကို ကျွန်တော်မျိုး အာမခံနိုင်ပါတယ်။"