← Chapters

အခန်း ၆၂၉

Vol. 34 Ch. 629

အခန်း ၆၂၉

Vol. 34 Ch. 629

အပိုင်း (၆၂၉) ပင်လယ်ပြင် ဖွင့်လှစ်ခြင်း။

အရှင်မင်းမြတ် ၏ မျက်လုံးများတွင် ပြင်းပြသော စိတ်ဝင်စားမှုများ ပေါ်လွင်လာပြီး မေးလိုက်၏။ "အို ... ဘာဖြစ်လို့ ဒီသို့ ပြောရတာလဲ။"

ဖန်ကျန်းရီက ပြန်လည်လျှောက်တင်လိုက်သည်။ "မနေ့က ကျွန်တော်မျိုး စဉ်းစားမိတာက အမြောက်ကြီးတွေကို သင်္ဘောပေါ်မှာ တပ်ဆင်လို့ ရတယ်လေ။ ကျုပ်တို့ တာ့ကျင်းမှာ အဲလို စစ်သင်္ဘောမျိုး ရှိလာရင် တာ့ကျင်းရဲ့ ရေတပ်က ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်း ဖြစ်သွားမှာပါ။ ဒီလို နတ်လက်နက် ရှိလာမှတော့ ငွေရှာဖို့ကိစ္စကို ထားလိုက်ပါတော့၊ ဝူမင်းသားကို ဖမ်းဖို့ဆိုတာတောင် လွယ်လွယ်လေး ဖြစ်သွားမှာပါ။ ဘယ်လိုပဲကြည့်ကြည့် တန်ပါတယ် အရှင်မင်းကြီး။"

အမြောက်များ တပ်ဆင်ထားသော စစ်သင်္ဘောတဲ့လား။

အမတ်များ စတင် စိတ်ကူးယဉ်လာကြ၏။ သူတို့ထဲမှ အတော်များများက တောင်ပိုင်းမှ လာသူများ ဖြစ်သော်လည်း သင်္ဘောများနှင့် ပတ်သက်၍ ဗဟုသုတ သိပ်မရှိကြချေ။

သို့သော်ငြား ထိုမြင်ကွင်းကို စိတ်ကူးကြည့်လိုက်ရုံဖြင့် ကျောချမ်းသွားကြသည်။

သင်္ဘောနှစ်စင်းတွင် တစ်စင်းက အမြောက် ပါပြီး၊ နောက်တစ်စင်းက အမြောက် မပါဘူးဆိုလျှင်... ၎င်းက တူညီသော အရာ မဟုတ်တော့ချေ။

မျိုးစိတ်သစ် တစ်ခုပဲ။

တဖြည်းဖြည်းနှင့် အချို့သူများ၏ မျက်လုံးများက စိမ်းလာကြ၏။

ထိုကိစ္စကို သိပ်နားမလည်သော နန်းတွင်းအမတ်တစ်ချို့က အခြားသူများ၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ အလျင်အမြန် တိုးတိုးလေး သွားမေးကြသည်။

မေးပြီးသည်နှင့် သူတို့၏ မျက်လုံးများလည်း စိမ်းလာကြတော့၏။

ဤအပြောအရဆိုလျှင် အနောက်တိုင်းက လဟာပြင်အောက်က ရွှေတောင်ကြီး ဖြစ်နေပြီ မဟုတ်ပါလား။

စစ်ရေးအမတ် ဖုန်းကျဲ့က ရုတ်တရက် ထွက်လာကာ ကျယ်လောင်စွာ လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး ... ဖန်အမတ် ပြောတာ အဓိပ္ပာယ်ရှိတယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်။ နတ်အမြောက်ကို သင်္ဘောပေါ်မှာ တပ်ဆင်ဖို့ တကယ်ပဲ ဖြစ်နိုင်ပါတယ်။ ဒီလို ပြိုင်ဘက်ကင်း ရေတပ်ကြီး တစ်ခုကို တကယ်ပဲ တည်ဆောက်နိုင်မယ်ဆိုရင် တာ့ကျင်းက ဘာပဲပေးဆပ်ရ ပေးဆပ်ရ လုပ်သင့်ပါတယ်။"

အရှင်မင်းမြတ်လည်း အနည်းငယ် စိတ်ကူးယဉ်လာမိ၏။

မှန်တယ်။ အစက ထိုဧရာမ အမြောက်ကြီးသည် အလွန် လေးလံလှသဖြင့် မြို့သိမ်းတိုက်ပွဲများတွင်သာ အများဆုံး သုံးနိုင်မည်ဟု ထင်ခဲ့သည်။

သို့သော်ငြား သင်္ဘောက အကောင်းဆုံး သယ်ယူပို့ဆောင်ရေး ယာဉ် မဟုတ်ပါလား။ ၎င်းရှိလျှင် သွားလေရာ နေရာတိုင်းကို တိုက်ခိုက်နိုင်ပြီ ဖြစ်၏။

အရှင်မင်းမြတ် က မေးလိုက်သည်။ "အမတ်လီ ... မင်း သဘောထား ဘယ်လိုရှိလဲ။"

လီယန်စုန့်သည် မင်းဆက်နှစ်ဆက်ကို ဖြတ်သန်းခဲ့ရသော အမတ်ဟောင်း တစ်ဦးဖြစ်ပြီး နန်းတွင်းအမတ်များ၏ ခေါင်းဆောင်လည်း ဖြစ်ကာ တည်ငြိမ်ရင့်ကျက်သူ ဖြစ်သဖြင့် အရှင်မင်းမြတ် က အကျင့်ပါနေသလို မေးလိုက်ခြင်း ဖြစ်၏။

လီယန်စုန့်က တည်ငြိမ်သော လေသံဖြင့် လျှောက်တင်လိုက်သည်။ "အနောက်တိုင်းကို သွားရောက် ရှာဖွေဖို့က အရမ်း အရေးတကြီး လိုအပ်နေပြီလို့ ကျွန်တော်မျိုး ထင်ပါတယ်။ ထပ်ပြီး အချိန်ဆွဲနေရင် အခွင့်အရေး ဆုံးရှုံးသွားပါလိမ့်မယ်။ တကယ်လို့ အနောက်တိုင်းကို သေချာပေါက် ရှာတွေ့ခဲ့မယ်ဆိုရင် တာ့ကျင်းက ကြီးပွားတိုးတက်မယ့် အချိန်နဲ့ သိပ်မဝေးတော့ပါဘူး။ အရှင်မင်းကြီး ဆင်ခြင်တော်မူပါ။"

အခြားသူများကလည်း ထောက်ခံလိုက်ကြ၏။ "အမတ်ကြီးလီ ပြောတာ အဓိပ္ပာယ်ရှိပါတယ်။ ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်။"

"ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်။"

လီယန်စုန့် စကားပြောလိုက်သည်က နန်းတွင်းအမတ် အဖွဲ့အစည်း တစ်ခုလုံး၏ ဆုံးဖြတ်ချက်ကို ကိုယ်စားပြုသွားခဲ့ပြီ ဖြစ်သည်။

အစက အနည်းငယ် အန္တရာယ်ရှိသည်ဟု ထင်ခဲ့ကြသော်လည်း ယခု ရုတ်တရက် ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်း ဖြစ်သွားသောကြောင့် ငွေသုံးရမှာကို အဘယ်သို့ ကြောက်တော့မည်နည်း။

ကြီးကျယ်ခမ်းနားသော လုပ်ငန်းစဉ်ကြီးက မျက်စိရှေ့တွင် ရှိနေပြီ ဖြစ်၏။

တာ့ကျင်း၏ နန်းတွင်းအမတ်များသည် စစ်ပွဲများကို ဖြတ်သန်းလာခဲ့ကြသူများ ဖြစ်ရာ စစ်ရေးစွမ်းရည် ပြည့်ဝပြီး ရဲရဲဝံ့ဝံ့ တွေးခေါ် လုပ်ဆောင်ရဲကြသည်။

ယခု ကောင်းကင်ဘုံအထိ တက်လှမ်းနိုင်မည့် အောင်မြင်မှုနှင့် သမိုင်းတွင် မှတ်တမ်းတင်ခံရမည့် အခွင့်အရေးက မျက်စိရှေ့တွင် ရှိနေပြီဖြစ်ရာ ဘယ်သူကများ လမ်းလာပိတ်ရဲမည်နည်း။

အကယ်၍ လာပိတ်မည်ဆိုလျှင် နန်းတွင်းအမတ်များက ဓားကိုင်ကာ အော်ဟစ်ပြီး ခုတ်ထစ်ပစ်ကြမည်သာ ဖြစ်သည်။ မည်သူတားတား သေဖို့သာ ရှိတော့၏။

ထို့အပြင် ပုံမှန်အားဖြင့် ဖန်ကျန်းရီနှင့် အဆင်မပြေသော သူများပင် ဝင်မပြောရဲကြတော့ချေ။

ဤမျှကြာအောင် ကြိုတင်ပြင်ဆင်ခဲ့မှုများက နောက်ဆုံးတော့ အလုပ်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ဖန်ကျန်းရီသည် ရင်ထဲတွင် သက်ပြင်းချလိုက်မိ၏။

သနားစရာကောင်းတဲ့ နိုင်ငံခြားသားလေးတွေ... ယခု တာ့ကျင်းက ဝံပုလွေလို ၊ ကျားလို ဖြစ်နေပြီ။ မျက်လုံးတွေ စိမ်းနေပြီ။ ဓားသွေးပြီး ကမ်းတက်တိုက်ပွဲ ဆင်နွှဲချင်နေကြပြီ။

အရှင်မင်းမြတ်၏ မျက်နှာသည် နီမြန်းနေပြီး ဖန်ကျန်းရီကို အသိအမှတ်ပြုသော အကြည့်ဖြင့် ကြည့်လိုက်သည်။

တကယ်ပဲ ဒီကောင်လေးက အကုန်လုံးကို လှုပ်ရှားသွားအောင် လုပ်နိုင်ခဲ့တာပဲ။

အရှင်မင်းမြတ် က မိန့်ကြားလိုက်၏။ "ကောင်းပြီ။ အမတ်မင်းတို့ ဘာများ သဘောထားကွဲလွဲမှု ရှိသေးလဲ။ ကန့်ကွက်မယ့်သူ မရှိရင်... ဖုန်းကျဲ့ ... စစ်ရေးဝန်ကြီးဌာနကို သင်္ဘောတွေ တည်ဆောက်ဖို့နဲ့ စစ်သားတွေ လေ့ကျင့်ဖို့ တာဝန်ပေးလိုက်။ ဘဏ္ဍာရေးဝန်ကြီးဌာနက ငွေတုံး နှစ်သန်း ကြိုတင်ထုတ်ပေးပြီး နောက်ပိုင်း လိုအပ်သမျှကို ဘဏ္ဍာရေးဝန်ကြီးဌာနကပဲ ဆက်လက် ထောက်ပံ့ပေးရမယ်။"

ဖန်ကျန်းရီက ဝင်ပြောလိုက်သည်။ "အရှင်မင်းကြီး ခဏနေပါအုံး။ ကျွန်တော်မျိုးမှာ အကြံပြုစရာ ရှိပါတယ်။"

"ဟင် ... ပြောပြစမ်း။" အရှင်မင်းမြတ် နှင့် အမတ်များ၏ အကြည့်များသည် သိချင်စိတ်များဖြင့် ဖန်ကျန်းရီထံသို့ တညီတညွတ်တည်း ရောက်ရှိသွားကြ၏။

ဖန်ကျန်းရီက အနည်းငယ် ပြုံးကာ ဦးညွှတ်လျက် လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး ... ကျွန်တော်မျိုး တင်ပြစရာ တစ်ခု ရှိပါတယ်။ အရှင်မင်းကြီး နားထောင်ပြီးမှပဲ ဆုံးဖြတ်ချက်ချပါလို့ တောင်းဆိုချင်ပါတယ်။ အရင်က ကျွန်တော်မျိုး ယူတိန့်မြို့မှာ ခဏတာ သောင်တင်နေခဲ့တုန်းက အဲမြို့မှာ ဝူမင်းသားအတွက် သင်္ဘောတွေ တည်ဆောက်ပေးခဲ့တဲ့ လက်မှုပညာရှင် တချို့ကို တွေ့ခဲ့ရပါတယ်။

အခု သူတို့ကို ဖမ်းဆီးထားပြီး ယူတိန့်မြို့မှာပဲ ထားရှိပါတယ်။ ဝူမင်းသားရဲ့ သင်္ဘောတွေက အနောက်တိုင်းသားတွေ ထက် မညံ့ပါဘူး။ အဲဒီ လက်မှုပညာရှင်တွေက အဆင့်မြင့်ဆုံး နည်းပညာတွေကို တတ်ကျွမ်းထားပါတယ်။ ယူတိန့်မြို့ကို စစ်သင်္ဘောတွေ တည်ဆောက်ဖို့ တာဝန်ပေးပြီး ကျွမ်းကျင်တဲ့ လက်မှုပညာရှင်တချို့ကိုပါ ထပ်မံ စေလွှတ်လိုက်မယ်ဆိုရင် လုပ်ငန်းစဉ်က အများကြီး ပိုမြန်ဆန်သွားနိုင်ပါတယ်။"

အရှင်မင်းမြတ် သည် အသက်ရှူပင် ရပ်သွားမတတ် ဖြစ်သွားပြီး မေးလိုက်၏။ "မင်း ... မင်း ဆိုလိုတာက ယခု တာ့ကျင်းမှာ အဆင့်မြင့်ဆုံး သင်္ဘောတည်ဆောက်ရေး နည်းပညာကို တတ်ကျွမ်းတဲ့ လက်မှုပညာရှင်တွေ ရှိနေပြီဆိုတဲ့ သဘောလား။"

အံ့သြဝမ်းသာစရာများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသဖြင့် အရှင်မင်းမြတ်သည် အနည်းငယ် တွေဝေသွားသကဲ့သို့ ခံစားလိုက်ရသည်။

အမတ်များမှာမူ ဆူညံသွားကြ၏ ... မူလက ဘယ်လိုပဲဖြစ်ဖြစ် ဆယ်နှစ်လောက်တော့ အချိန်ယူရမှာပဲဟု တွေးထားခဲ့ကြသည်။

ယခုတော့ အဆင့်မြင့် နည်းပညာတွေတောင် ရှိနေပြီလား။ ထိုသို့ဆိုလျှင် ... လေးငါးနှစ်အတွင်း အနောက်တိုင်းကို သွားရှာလို့ ရပြီပေါ့။

ညီလာခံအတွင်းရှိ လေထုမှာ ပိုမို ပူပြင်းလာခဲ့၏။ အရှင်မင်းမြတ် သည် စိတ်ကို တည်ငြိမ်အောင် ထားကာ ချီးကျူးလိုက်သည်။ "ကောင်းပြီ။ ဒီလိုဆိုရင် သင်္ဘောတည်ဆောက်ရေး တာဝန်ကို ယူတိန့်မြို့ကို လွှဲအပ်လိုက်မယ်။ ယူတိန့်မြို့ကို ချက်ချင်း အမိန့်တော် ပို့လိုက်။

ပြီးတော့ ကိုယ်တော် မနေ့က မီးပေါက်လက်နက်တွေရဲ့ အကျိုးကျေးဇူးကို တွေ့မြင်ခဲ့ရလို့ မြို့တော်မှာ သေနတ်တွေ လေ့ကျင့်ဖို့အတွက် ရှင်ကျီတပ်ဖွဲ့ ဆိုတဲ့ တပ်ဖွဲ့သစ်တစ်ခု ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်ပြီ။ ဖုန်းကျဲ့ ... ဒီကိစ္စကို မင်း လူလွှတ်ပြီး လုပ်ခိုင်းလိုက်။ ကိုယ်တော့်ကို အရင်ဆုံး အစီအစဉ်တစ်ခု ရေးဆွဲပေးပါ။"

ဖုန်းကျဲ့က အလျင်အမြန် သဘောတူလိုက်၏။

ဖန်ကျန်းရီသည် ရင်ထဲတွင် ချက်ချင်း ပေါ့ပါးသွားခဲ့သည်။

အရေးကြီးသော ကိစ္စများ အဆုံးအဖြတ်ပေးပြီးပြီ ဖြစ်ရာ နောက်ပိုင်းတွင် အဆင်ပြေသွားပေမည်။

ယူတိန့်မြို့သို့ စာတစ်စောင် ပို့ပြီး အသေးစိတ် စီစဉ်လိုက်လျှင် အဆင်ပြေသွားပြီ ဖြစ်၏။

ယူတိန့်မြို့က သူ၏ ဒုတိယ အခြေစိုက်စခန်းဟုပင် ခေါ်ဆိုနိုင်ပြီး အထက်အောက် အားလုံးက သူ၏ လူများသာ ဖြစ်ကာ သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။

ယခု စစ်သည်နှင့် ရိက္ခာများ ပြည့်စုံနေပြီဖြစ်ရာ နောက်ပိုင်း ပင်လယ်ထွက်မည့် ကိစ္စတွင် နန်းတွင်း အမြင်ကျယ်လာသည်နှင့်အမျှ ဉာဏ်ကောင်းသော သူများစွာက ဘာလုပ်ရမည်ကို အလိုအလျောက် သိလာကြပေမည်။

သူကိုယ်တိုင် ပင်ပန်းခံပြီး လိမ်လည်လှည့်စားနေစရာ မလိုတော့ချေ။

ထိုအချိန်တွင် အရှင်မင်းမြတ် က ရုတ်တရက် မိန့်ကြားလိုက်၏။ "ဖန်အမတ် ... ကိုယ်တော် အရင်က ပင်နီဆီလင်ကြောင့် အသက်ဘေးက လွတ်ခဲ့တယ်။ ဒီဆေးရဲ့ အစွမ်းက အရမ်းထက်မြက်တယ်။ ဒါပေမဲ့ ကိုယ်တော် အရင်က တောက်ယွမ်ခရိုင်က သမားတော်ကို မေးကြည့်တော့ သူက ကုန်ကျစရိတ် ဘယ်လောက်ရှိလဲဆိုတာ မသိဘူးလို့ ဖြေတယ်။ ကိုယ်တော်က ဒီဆေးကို စစ်တပ်အတွက် လိုအပ်ချက်တစ်ခုအနေနဲ့ ထားရှိချင်တယ်။ ဖြစ်နိုင်ပါ့မလား။"

ပင်နီဆီလင်လား။

All Chapters