အခန်း ၆၃၁
Vol. 34 Ch. 631
အပိုင်း (၆၃၁) သိပ္ပံအကယ်ဒမီ အငြင်းပွားမှု။
အမတ်များသည် မျက်နှာသေများဖြင့် ဖန်ကျန်းရီ စကားပြောနေသည်ကို ကြည့်နေကြပြီး မည်သူကမှ ထပ်မံ ဝင်မပြောလိုကြတော့ချေ။
ဤလူ၏ တိုက်ခိုက်နိုင်စွမ်းက သာမန် မဟုတ်သည့်အပြင် စည်းမျဉ်းအတိုင်းလည်း မသွားပေ။
အကယ်၍ ဆဲဆိုစကားများ ထွက်လာပါက မျက်နှာကို ဘယ်နေရာ သွားထားရမည်နည်း။
ဖန်ကျန်းရီက ဆက်ပြောလိုက်၏။ "အရှင်မင်းကြီး ... သိပ္ပံပညာဆိုတာက အမတ်မင်းတို့ ထင်နေသလို လက်မှုပညာ သတ်သတ်မှာပဲ ကန့်သတ်ထားတာ မဟုတ်ပါဘူး။ အရာအားလုံး ပါဝင်ပြီး ကျယ်ပြန့်ပါတယ်။ လက်ရှိ လုပ်ငန်းဝန်ကြီးဌာနမှာ ကျွမ်းကျင်တဲ့ လက်မှုပညာရှင်တွေ ရှိနေပေမဲ့ ကျွန်တော်မျိုး အမြင်အရဆိုရင်တော့ အဲဒါက လုံလောက်မှု မရှိသေးပါဘူး။
သာမန် လက်မှုပညာရှင်တွေက မိသားစု အမွေအနှစ်ကို မှီခိုကြပြီး ပညာရပ်တွေကို သင်ကြားရာမှာလည်း ဆရာတပည့် စနစ်ကို လုံးဝ အခြေခံကြပါတယ်။ ဆရာလုပ်တဲ့သူက သေခါနီးအချိန်ရောက်မှသာ လျှို့ဝှက်ချက်တွေ ကို သင်ပေးချင်ကြတယ်။
တပည့်ဖြစ်သူက ပညာတတ်သွားတဲ့အခါမှာလည်း သူ့ဆရာအတိုင်း လိုက်လုပ်ကြတာပါပဲ။ ဒီလိုနဲ့ နှစ်ကာလတွေ ကြာလာတဲ့အခါ တတ်ကျွမ်းမှု ဘယ်လောက်များများ ပျောက်ကွယ်သွားခဲ့ရပြီလဲ။ အစုလိုက်အပြုံလိုက် စုဆောင်းဖို့ဆိုတာက ပိုပြီးတောင် ခက်ခဲပါသေးတယ်။ ဒီလိုတွေကြောင့် တော်ဝင်သိပ္ပံအကယ်ဒမီကို သီးသန့် တည်ဆောက်ဖို့ ကျွန်တော်မျိုး အကြံပြုတာပါ။ ယုတ္တိဗေဒ အသစ်တစ်ခုကနေ စတင်ပြီး အခြေခံကနေ သင်ကြားပေးရပါမယ်။ ပုံမှန် အလေ့အထတွေကို ချိုးဖျက်ရပါမယ်။ မဟုတ်လို့ အဟောင်းအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် တာ့ကျင်းရဲ့ လက်မှုပညာရပ်တွေက ကြီးမားတဲ့ တိုးတက်မှု ရဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်။
ပြီးတော့ လက်မှုပညာရှင်ဟောင်းတွေက ပုံမှန်အားဖြင့် အတွေးအခေါ် တောင့်တင်းကြတယ်။ လူသစ်တွေက အရာဝတ္ထုအသစ်တွေကို တီထွင်ဖန်တီးလိုက်တာနဲ့ သူတို့က ချက်ချင်းပဲ လျှို့ဝှက်ဆန်းကြယ်တဲ့ အရာတွေကို ကစားနေတယ်၊ အလုပ်မလုပ်ဘူးလို့ အပြစ်တင်ကြတော့တာပဲ။ ကျွန်တော်မျိုးလိုပေါ့။ ကျွန်တော်မျိုးက ငယ်ရွယ်ပေမဲ့ အနည်းငယ်တော့ အောင်မြင်မှုလေးတွေ ရခဲ့တာပါပဲ။ ဒါပေမဲ့ ကျွန်တော်မျိုးတို့ရဲ့ အမတ်မင်းတွေက ဘာဖြစ်လို့ မမြင်ချင်ယောင် ဆောင်နေကြတာလဲ။ အကြောင်းရင်းကတော့ လူတွေက အသက်ကြီးလာရင် အတွေးအခေါ်တွေ တင်းမာလာတယ်။ ပြီးတော့ စိတ်ထဲမှာလည်း အားငယ်စိတ်တွေ ဝင်လာပြီး ကျွန်တော်မျိုးရဲ့ ခန့်ညားထည်ဝါတဲ့ ပုံစံကို မကြည့်ရက်ကြလို့ပါ။ ဒါကြောင့် အားကျ、 မနာလို、 မုန်းတီးစိတ်တွေ ဝင်လာပြီး နောက်ဆုံးမှာ ကျွန်တော်မျိုးကို လူမဆန်တဲ့ ကိုယ်ရည်ကိုယ်သွေး တိုက်ခိုက်မှုတွေ လုပ်လာကြတာပါ။"
အမတ်များ၏ မျက်နှာများသည် စိမ်းတက်သွားကြ၏။
သောက်ကျိုးနည်း။ မင်းက ငယ်တယ်။ မင်းက တော်တယ်။ မင်း ဒီနေရာမှာ လာပြီး ဘာတွေ လျှောက်ပြောနေတာလဲ။ တခြားသူကို တိုက်ခိုက်တာက ထားလိုက်ပါတော့ … ကိုယ့်ကိုယ်ကိုတောင် ပြန်ချီးမွမ်းနေသေးတယ်။ မင်း အောင်မြင်မှု ရတာကို ဘယ်သူကများ သဘောထားကွဲလွဲနေလို့လဲ။ ကိုယ့်ဟာကိုယ် ဇာတ်လမ်း လာလုပ်နေတယ်။ သောက်ချီး ..။
အရှင်မင်းမြတ်သည် နဖူးကို ကိုင်ကာ စကားမပြောနိုင်အောင် ဖြစ်သွားသည်။
သူ စပြီး ပြဿနာရှာတော့မယ်လို့ ထင်ထားတာ … တကယ် ပြဿနာရှာပြီပဲ။
စကားထဲမှာ အဓိပ္ပာယ်မရှိတာတွေ အများကြီး ပါနေပေမည့် တောက်ယွမ်ခရိုင်က တီထွင်ခဲ့သော အရာတွေကတော့ ပြဿနာတချို့ကို ဖြေရှင်းနိုင်သည်။။ ဖန်ကျန်းရီ၏ နည်းလမ်းက တကယ်ပဲ အစွမ်းထက်သည်မှာ သေချာသည်။
သို့ပေမည့် အခြားတစ်ဖက်က ကြည့်မည်ဆိုလျှင် လုပ်ငန်းဝန်ကြီးဌာနတွင် တစ်နိုင်ငံလုံးရှိ ထိပ်တန်း လက်မှုပညာရှင်များကို စုစည်းထားရာ တောက်ယွမ်ခရိုင် သေးသေးလေးကို မနိုင်စရာ အကြောင်းမရှိပေ။ လုပ်ငန်းဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ကန့်ကွက်ရခြင်းမှာလည်း အာဏာခွဲဝေရမည်ကို စိုးရိမ်သောကြောင့်သာ ဖြစ်ပေမည်။
အရှင်မင်းမြတ်သည်လည်း သူတို့ကို ငြင်းခုံခွင့် ပြုထားလိုက်ပြီး ရလဒ်ထွက်လာမှသာ ဆုံးဖြတ်ချက်ချရန် ဆုံးဖြတ်လိုက်၏။
အရှင်မင်းမြတ် က တွေးရင်းဖြင့် လုပ်ငန်းအမတ်ကြီး ကျန်းကို ကြည့်ကာ မေးလိုက်သည်။ "အမတ်မင်းကျန်း ... တော်ဝင်သိပ္ပံအကယ်ဒမီ တည်ဆောက်တဲ့အပေါ် မင်း ဘယ်လို မြင်လဲ။"
ကျန်းက ချောင်းနှစ်ချက် ဟန့်ပြီး လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး ... ကျွန်တော်မျိုး အမြင်အရဆိုရင် ဒီလို လုပ်ဖို့ မလိုအပ်ပါဘူး။ လုပ်ငန်းဝန်ကြီးဌာန ရှိနေပြီပဲ။ ဘာဖြစ်လို့ သိပ္ပံအကယ်ဒမီနဲ့ ကျောင်းတွေ ထပ်တည်ဆောက်ဖို့ လိုသေးတာလဲ။
ပြည်သူတွေထဲကနေ အရည်အချင်းရှိတဲ့သူတွေကို ရှာဖွေပြီး အသစ်ကနေ ပြန်လေ့ကျင့်ပေးမယ်ဆိုရင် ကုန်ကျစရိတ် ဘယ်လောက်ရှိမယ်ဆိုတာ မသိနိုင်ပါဘူး။ လုပ်ငန်းဝန်ကြီးဌာနမှာ ကျွမ်းကျင်တဲ့ လက်မှုပညာရှင်တွေ မရေမတွက်နိုင်အောင် ရှိနေပြီးသားပဲ။ ဘာဖြစ်လို့ အဖိုးတန်တဲ့ ပုလဲကို လွှင့်ပစ်ပြီး သေတ္တာကို ယူမယ့် လုပ်ရပ်မျိုး လုပ်ရမှာလဲ။
စောစောက ဖန်အမတ် ပြောသွားတဲ့ ဆရာတပည့် စနစ်ရဲ့ အားနည်းချက်ဆိုတာကလည်း နောက်ပြောင်တာ သတ်သတ်ပါ။ ဆရာတပည့် စနစ်က နှစ်ထောင်ပေါင်းများစွာ လက်ဆင့်ကမ်းလာတာ ဖြစ်ပြီး ရှေးခေတ်တည်းက ဒီအတိုင်းပါပဲ။ တပည့်က ဆရာကို ဖခင်လို သဘောထားမှသာ ဆရာက စေတနာပါပါနဲ့ သင်ပေးမှာပါ။ တစ်ကွက် နှစ်ကွက်လောက် ချန်ထားတာကလည်း တပည့်ရဲ့ ကိုယ်ကျင့်တရားကို စမ်းသပ်ဖို့အတွက်ပါ။
တကယ်လို့ တပည့်က ကိုယ်ကျင့်တရား မကောင်းဘူးဆိုရင် ဘယ်လိုလုပ်ပြီး အကုန်လုံးကို သင်ပေးနိုင်မှာလဲ။ ဒါက သဘာဝတရားနဲ့ ကိုက်ညီပါတယ်။ ရှေ့တစ်လှမ်း ထပ်တိုးပြီး ပြောရရင် ဖန်အမတ်က သိပ္ပံအကယ်ဒမီနဲ့ ကျောင်းတွေ တည်ဆောက်ဖို့ စီစဉ်ထားတယ် ဆိုရင်တောင် ဆရာတွေက ပညာမချန်ထားဘူးဆိုတာကို ဘယ်လို အာမခံနိုင်မှာလဲ။"
"မှန်ပါတယ်။ မှန်ပါတယ်။ အမတ်မင်းကျန်း ပြောတာ အဓိပ္ပာယ်ရှိပါတယ်။ ကျွန်တော်မျိုးတို့လည်း ထောက်ခံပါတယ်။"
ထောက်ခံသံများ တညီတညွတ်တည်း ထွက်ပေါ်လာခဲ့၏။
ရွှီဝမ်ရှူသည် ရင်ထဲတွင် ဝမ်းသာသွားသည်။ ဂျင်းဟောင်းက ပိုစပ်တယ်ဆိုတာ မှန်တာပဲ။ ငွေကို ကာကွယ်နိုင်သွားပြီပေါ့။
ဝမ်းသာလို့မှ မဆုံးသေးခင် ကျန်းဖျင်က စကားလမ်းကြောင်း လွှဲလိုက်၏။ "ဒါပေမဲ့ စောစောက ဖန်အမတ် ပြောသွားတာကလည်း အကြောင်းပြချက် မရှိတာတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က နိုင်ငံတော် ဘဏ္ဍာတိုက်က ကျပ်တည်းနေတော့ လက်မှုပညာရှင်တွေကို ခေါ်ယူရာမှာ အားနည်းခဲ့တယ်။
ပြီးတော့ စီမံကိန်းတွေလည်း နည်းပါးခဲ့တယ်။ သိပ္ပံအကယ်ဒမီ တည်ဆောက်မယ့် ကုန်ကျစရိတ်ကို လုပ်ငန်းဝန်ကြီးဌာနကို လက်မှုပညာရှင်တွေ ပိုခေါ်ဖို့ ပေးလိုက်ပြီး သေနတ်ဌာနကို သီးသန့် တည်ဆောက်လိုက်ရင် ကျွန်တော်မျိုးက အရှင်မင်းကြီး သဘောကျမဲ့ အဖြေတစ်ခုကို သေချာပေါက် ပေးနိုင်ပါတယ်။"
ရွှီဝမ်ရှူ၏ မျက်နှာသည် ဖြူရော်သွား၏။ ခင်ဗျားလည်း တောင်းတာပဲလား။
သို့ပေမည့် နှစ်ခုကို ယှဉ်ကြည့်မည်ဆိုလျှင် လုပ်ငန်းဝန်ကြီးဌာန၏ ကုန်ကျစရိတ်က အနည်းငယ် သက်သာပုံရသည်။ ဖန်ကျန်းရီက ငွေချွေတာတတ်သူ မဟုတ်ပေ။
အတွေးပေါင်းများစွာက ခေါင်းထဲတွင် အလျင်အမြန် ဖြတ်ပြေးသွားပြီးနောက် ရွှီဝမ်ရှူက ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်သည်။ "အမတ်မင်းကျန်း ပြောတာ အဓိပ္ပာယ်ရှိတယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်။ လုပ်ငန်းဝန်ကြီးဌာနကိုပဲ သေနတ်ဌာန တည်ဆောက်ခိုင်းလိုက်တာ ပိုကောင်းပါတယ်။ အခြေခံအုတ်မြစ်က ရှိနေပြီးသားဆိုတော့ ငွေသုံးရတာလည်း ပိုပြီး ထိရောက်မှု ရှိပါလိမ့်မယ်။"
ဖန်ကျန်းရီသည် ထိုသူနှစ်ဦး အပြန်အလှန် ပြောဆိုနေကြသည်ကို အေးစက်သော အကြည့်ဖြင့် ကြည့်နေပြီး ရွှီဝမ်ရှူ စကားဆုံးသည်နှင့် ချက်ချင်း ပြောလိုက်၏။ "အမတ်မင်းရွှီ ... ခင်ဗျား ဘယ်လို ဖြစ်နေတာလဲ။ လွန်ခဲ့တဲ့ ရက်ပိုင်းက ကျုပ် ခင်ဗျားကို ထမင်းအကြိမ်ကြိမ် ကျွေးခဲ့တယ်။ ခင်ဗျား ကျုပ်ဆီက တန်ဖိုးကြီး လက်ဆောင်တွေကိုလည်း ယူထားသေးတယ်။ ဒီလိုမျိုး ဘက်လိုက်နေတာ သင့်တော်ပါ့မလား။"
အမတ်များ အလွန် အံ့အားသင့်သွားကြပြီး ရွှီဝမ်ရှူကို အသီးသီး ကြည့်လိုက်ကြ၏။
ဘာ။ ဒါက ပြောလို့ရတဲ့ ကိစ္စလား။ အရှင်မင်းမြတ် ရဲ့ ရှေ့မှာတောင် လာပြောနေသေးတယ်။ ဖန်ကျန်းရီရဲ့ သတ္တိကတော့ ကောင်းကင်ထိ ရောက်နေပြီပဲ။
ရွှီဝမ်ရှူမှာမူ ခြေထောက်များပင် ပျော့ခွေသွားပြီး တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။ "ဖန်အမတ် ... ကျုပ်တို့က ထမင်း အကြိမ်အနည်းငယ် စားခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ခင်ဗျား လျှောက်မပြောနဲ့နော်။ ကျုပ် ဘယ်တုန်းက ခင်ဗျားဆီက တန်ဖိုးကြီး လက်ဆောင်တွေ ယူထားလို့လဲ။"
ဖန်ကျန်းရီက ပြောလိုက်၏။ "အိတ်ဆောင်နာရီလေ။"
အမတ်များ အားလုံး အံ့အားသင့်ကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ကြ၏။ သူတို့၏ အင်္ကျီရင်ဘတ်ထဲမှ အိတ်ဆောင်နာရီကို မသိစိတ်ဖြင့် စမ်းသပ်ကြည့်လိုက်ရာ အနည်းငယ် ပူနွေးနေသကဲ့သို့ပင် ခံစားလိုက်ရသည်။
အခြေအနေက ပိုမို ထိန်းချုပ်၍ မရနိုင်ဖြစ်လာသည်ကို မြင်သောအခါ အရှင်မင်းမြတ် သည် မျက်မှောင်ကြုတ်ကာ စားပွဲကို ခေါက်လိုက်၏။ "မဆူကြနဲ့။ စကားပြောရင် ကောင်းကောင်း ပြောကြ။ နေ့တိုင်း အလောတကြီးနဲ့ ဘာဖြစ်နေကြတာလဲ။"
ဖန်ကျန်းရီသည် အမူအရာကို ပြင်ဆင်လိုက်ပြီး လျှောက်တင်လိုက်သည်။ "အဟမ်း … မှန်ပါတယ် အရှင်မင်းကြီး။ ကျွန်တော်မျိုး ပြောချင်တာက အမတ်မင်းကျန်း ပြောတဲ့ကိစ္စတွေက ပြဿနာ မဟုတ်ပါဘူး။ ကျွန်တော်မျိုး တောက်ယွမ်ခရိုင်မှာလည်း ကြုံတွေ့ခဲ့ဖူးပါတယ်။
လက်မှုပညာရှင်ဟောင်းတွေက ဘာကို ကြောက်ကြတာလဲ။ သူတို့ရဲ့ အတတ်ပညာလေးတွေ အပြင်ရောက်သွားရင် သူတို့ရဲ့ ထမင်းအိုး အလုခံရမှာကို ကြောက်ကြတာလေ။ သူတို့ကို စိတ်အေးအောင် ထားနိုင်မယ့် နည်းလမ်းတစ်ခု စဉ်းစားပေးလိုက်ရင် သူတို့က အားလုံးကို သင်ပေးမှာ သေချာပါတယ်။
တောက်ယွမ်ခရိုင်မှာ ဒီကိစ္စနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတချို့ ရှိပါတယ်။ သေချာတာကတော့ ဆရာတပည့် စနစ်မှာလည်း သူ့ရဲ့ ကောင်းကျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ ဆရာတပည့် စနစ် တစ်ခုတည်းနဲ့ဆိုရင်တော့ တိုးတက်မှုအတွက် အဟန့်အတား ဖြစ်စေနိုင်ပါတယ်။"
ထောင့်တစ်နေရာမှ အော်သံတစ်ခု ထွက်ပေါ်လာခဲ့၏။ "ဟာသပဲ။ ဖန်အမတ် ... ဆရာတပည့် စနစ်က မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာတာပါ။ ပညာရှိတွေက တပည့်တွေကို သင်ကြားပေးတာကလည်း ဒီအတိုင်းပါပဲ။ တကယ်လို့ တိုးတက်မှုအတွက် အဟန့်အတား ဖြစ်စေတယ်ဆိုရင် ကျုပ်တို့ တာ့ကျင်းက ယနေ့လို ကြီးပွားတိုးတက်တဲ့ ခေတ်ကြီးကို ဘယ်လိုရောက်လာမှာလဲ။ ဖန်အမတ်က ပညာရှိတွေ တပည့်တွေကို သင်ကြားပေးတာကလည်း မှားတယ်လို့ ထင်နေတာလား။"
ဖန်ကျန်းရီ၏ မျက်နှာသည် ပျက်ယွင်းသွားသည်။ "ရိုင်းစိုင်းလိုက်တာ။ ဒါက အသရေဖျက်တာပဲ။ လူကြီးမင်းတို့ ... သူက ပညာရှိတွေကို အသရေဖျက်နေတာပါ။ စောစောက ဘယ်သူပြောတာလဲ ထွက်လာခဲ့စမ်း။"
စောစောက စကားပြောခဲ့သူသည် ခန္ဓာကိုယ် တစ်ချက် တုန်ယင်သွားပြီး ထောင့်တွင် ပုန်းနေကာ မလှုပ်ရဲတော့ချေ။
မည်သူကမှ ထပ်မံ ဝင်မပြောရဲတော့သည်ကို မြင်သောအခါ ဖန်ကျန်းရီက အေးစက်သော လေသံဖြင့် ပြောလိုက်သည်။ "ပညာရှိက သင်ကြားမှုမှာ ခွဲခြားဆက်ဆံခြင်း မရှိဘူးလို့ ဆိုထားပါတယ်။ ကျွန်တော်မျိုးရဲ့ ဒီလုပ်ရပ်က လူအများစုကို အသိပညာနဲ့ သစ္စာတရားတွေဆီ ချဉ်းကပ်ခွင့် ရအောင် လုပ်ပေးတာပါ။ ဘာအမှားရှိလို့လဲ။"
ကျန်းဖျင်၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ချိတ်ဆွဲထား၏။ "ဖန်အမတ် ... ကျုပ်တို့ စကားတွေ အများကြီး ငြင်းခုံနေစရာ မလိုပါဘူး။ ဒါက အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေပါပဲ။ ကျန်တဲ့ ဝန်ကြီးဌာန ငါးခုက သိပ္ပံအကယ်ဒမီ တည်ဆောက်တာကို ကန့်ကွက်စရာ မရှိပေမဲ့ ဒါက လုပ်ငန်းဝန်ကြီးဌာနရဲ့ အလုပ်ဖြစ်နေတော့ ကျုပ် ဝင်မပါလို့ မရဘူးလေ။
တကယ်လို့ ဖန်အမတ်က တောက်ယွမ်ခရိုင်က နည်းလမ်းတွေက ပိုကောင်းတယ်လို့ ထင်တယ်ဆိုရင် စောစောက ခင်ဗျား ပြောသလိုပဲ အားလုံးရဲ့ ရှေ့မှာ ပြသလိုက်လေ။ လုပ်ငန်းဝန်ကြီးဌာနနဲ့ ယှဉ်ပြိုင်ကြည့်လိုက်။ ဘယ်သူ လေ့ကျင့်ပေးတဲ့ လက်မှုပညာရှင်တွေက ပိုတော်သလဲ။ ဘယ်သူ့ရဲ့ လက်ရာက ပိုကောင်းသလဲ ဆိုတာကိုပေါ့။
တကယ်လို့ ဖန်အမတ် နိုင်သွားရင် ကျုပ် ဘာမှ ကန့်ကွက်စရာ မရှိတော့ပါဘူး။ အရှင်မင်းကြီး ဘယ်လို သဘောရပါသလဲ။"
အရှင်မင်းမြတ် သည် ရုတ်တရက် ကိစ္စက စိတ်ဝင်စားစရာ ကောင်းလာပြီဟု ခံစားလိုက်ရပြီး ပြုံး၍ မိန့်ကြားလိုက်၏။ "ကိုယ်တော် ကန့်ကွက်စရာ မရှိပါဘူး။ မင်းတို့ အစစ်အမှန် ပစ္စည်းတွေ ထုတ်ပြပြီး ယှဉ်ပြိုင်ကြတာပေါ့။ ဖန်အမတ် .. မင်း ဘယ်လို ထင်လဲ။ သိပ်ပြီး အတင်းအကျပ် မလုပ်ပါနဲ့။ လုပ်ငန်းဝန်ကြီးဌာနကလည်း အခြေခံအုတ်မြစ် ခိုင်မာပါတယ်။"
ဖန်ကျန်းရီသည် ကျန်းဖျင်ကို စိုက်ကြည့်ကာ ရုတ်တရက် ရယ်မောလိုက်သည်။
အဘိုးကြီး ... ခင်ဗျားဟာခင်ဗျား ပြဿနာလာရှာတာဆိုတော့ ကျုပ်ကို အပြစ်မတင်နဲ့တော့။
"ကျွန်တော်မျိုးက ဒါမျိုး လိုချင်နေတာပါ။"