အခန်း ၆၃၂
Vol. 34 Ch. 632
အပိုင်း (၆၃၂) နှင်းလမင်းစံအိမ်တွင် နစ်မွန်းနေခြင်း။
ညီလာခံ ပြီးဆုံးသွားသည်။
တစ်လအကြာတွင် လုပ်ငန်းဝန်ကြီးဌာန နှင့် ဖန်ကျန်းရီတို့သည် ပစ္စည်းတစ်ခုစီ ယူဆောင်လာကာ ပညာပြိုင်ကြရန် ယာယီသတ်မှတ်လိုက်သည်။ ညီလာခံ ဒုတိယပိုင်းတွင် ဖန်ကျန်းရီက လုံးဝနီးပါး မပါဝင်ခဲ့ဘဲ လုပ်ငန်းဝန်ကြီးဌာနကို မည်သို့ အနိုင်ယူရမည်ကိုသာ ခေါင်းထဲ၌ တွေးတောနေခဲ့သည်။ မနေ့က ခရိုင်သုတေသနဌာနသို့ သွားခဲ့ရာတွင် ကောင်းမွန်သည့် ပစ္စည်းများစွာ ရှိနေသေးသည်။ သို့သော် မည်သည့်ပစ္စည်းကို ရွေးချယ်ဖို့ သင့်တော်မည်ကို မသိသေးပေ။
သို့ပေမည့် သေချာပြန်တွေးကြည့်လျှင် လုပ်ငန်းဝန်ကြီးဌာနတွင် သိုင်းပညာရှင်များ တိမ်တိုက်သဖွယ် များပြားလှပြီး လက်မှုပညာ အထွတ်အထိပ်ရောက်နေသဖြင့် လုံးဝ အထင်သေး၍ မရပေ။ ယခင်က ကျင်းဘုရင်မင်းမြတ်သည် သူ့ကို ချန်တိုင်းပြည်၏ အဖိုးတန်ဓားတစ်လက် ပေးသနားခဲ့ဖူးပြီး ထိုဓားကျိုးသွားပြီးနောက်ပိုင်း သေချာစွာ ပြန်လည်မပြုပြင်နိုင်ခဲ့ချေ။ ထို့ကြောင့် ရိုးရာလက်မှုပညာတွင် တောက်ယွမ်ခရိုင် သည် ၎င်းတို့နှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိလောက်သည်မှာ သေချာသလောက်ပင်။
ယှဉ်ပြိုင်နိုင်မည့်အရာဆို၍ တီထွင်ဖန်တီးမှုသာ ရှိတော့သည်...။
ဖန်ကျန်းရီသည် စိတ်လေးလံစွာဖြင့် နန်းဆောင်ထဲမှ ထွက်ခွာလာခဲ့ပြီး အချိန်အတော်ကြာ စဉ်းစားပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။ သူသည် နန်းဆောင်ဘက်သို့ လှည့်ကြည့်လိုက်ပြီး မျက်နှာတွင် ဇဝေဇဝါဖြစ်သွားသည်။
မဟုတ်သေးပါဘူး... အာလူးတွေ၊ ယမ်းမှုန့် လက်နက်တွေနဲ့ သင်္ဘောတည်ဆောက်ရေး နည်းပညာတွေတောင် ဆက်သခဲ့ပြီးပြီပဲ။
ဆုတော်လာဘ်တော်တွေကရော။ ဘာလို့ ဘယ်သူကမှ မပြောကြတာလဲ။ ငါ့ကို ဒီတိုင်းပဲ လှည့်စားသွားကြတော့မလို့လား။
ပြီးတော့ လီယွမ်ကျောက် ဒီကောင်လေး ဘယ်ရောက်သွားတာလဲ။ ပုံမှန်ဆို ဘေးကနေ နားထောင်နေကျကို ဒီနေ့ အရိပ်အယောင်တောင် မတွေ့ရဘူး။
ဘာမှ စဉ်းစားမရသဖြင့် ခေါင်းခါလိုက်ပြီး အရှေ့နန်းဆောင်သို့ တိုက်ရိုက် ထွက်လာခဲ့သည်။ ဆုချခြင်း၊ မချခြင်းကို မိမိဘာသာ ဝင်စွက်ဖက်၍ မရသလို သွားတောင်းရန်လည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် လီယွမ်ကျောက် ဘယ်တွေသွားပြီး သောင်းကျန်းနေသလဲဆိုသည်ကို အရင်သွားကြည့်ရမည်။ အရှေ့နန်းဆောင်သို့ ရောက်သောအခါ တံခါးဝတွင် အစောင့်ကျနေသော လျိုကျင်းကို တွေ့လိုက်ရ၏။
ဖန်ကျန်းရီ လာသည်ကို မြင်သောအခါ လျိုကျင်းက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ "သခင်လေးဖန် … မလာတာ ကြာပြီနော်။ ဒီနေ့ အရှင့်သားကို လာရှာတာလား။"
ဖန်ကျန်းရီက ခေါင်းအနည်းငယ် ညိတ်ပြကာ ပြောလိုက်၏။ "အရှင့်သားရော။ ဒီနေ့ သူ့ကို မတွေ့ပါလား။"
လျိုကျင်းက ဖြေလိုက်သည်။ "မနေ့က အရှင့်သားက တစ်ညလုံး လက်ကိုင်သေနတ် ပစ်နေတာလေ။ အရမ်းပင်ပန်းသွားပြီး နေမကောင်းဖြစ်နေလို့ ကျုပ်က အရှင့်သားအတွက် ကြိုပြီး ခွင့်တိုင်ပေးထားပါတယ်။"
ဖန်ကျန်းရီက သက်ပြင်းချကာ ပြောလိုက်၏။ "ကောင်းပြီလေ။ ကျုပ် ဒီမှာပဲ စောင့်နေလိုက်မယ်။ သူ နိုးလာမှပဲ ပြောကြတာပေါ့။ စားစရာ တစ်ခုခုရှိလား။ မုန့်နည်းနည်းလောက် ယူလာခဲ့ပေးပါ။ "
လျိုကျင်းက အလျင်စလို ပြန်ပြောလိုက်သည်။ "ရှိပါတယ် … ရှိပါတယ်။ သခင်လေးဖန် ခဏလောက် စောင့်ပေးပါ။"
ထို့နောက် လျိုကျင်းသည် ကပျာကယာ ပြေးထွက်သွားတော့သည်။ အချိန်သိပ်မကြာလိုက်ဘဲ မုန့်များ ရောက်ရှိလာ၏။
ဖန်ကျန်းရီသည် နန်းဆောင်ထဲတွင် ထိုင်ကာ ဖြည်းဖြည်းချင်း စားသောက်နေရင်း ဘေးရှိ လျိုကျင်းကို ကြည့်ကာ ပြောလိုက်သည်။ "အတူတူ စားကြမလား။"
လျိုကျင်းက ခြောက်ကပ်ကပ် ရယ်မောပြီး ပြန်ပြော၏။ "သခင်လေးဖန်ကို ကျေးဇူးတင်ပါတယ်။ ကျုပ် မရဲပါဘူး။"
ဖန်ကျန်းရီက ပြောလိုက်သည်။ "လာပါ လာပါ..။ ထိုင်ပြီး အတူတူစားကြတာပေါ့။ ငါ တစ်ယောက်တည်း စားရတာ ဘာမှ အရသာမရှိဘူး။ ပြဿနာတက်မှာ မကြောက်နဲ့၊ အရှင့်သားကို ငါ ပြောပေးမယ်။"
ပြောရင်းဆိုရင်းပင် ဖန်ကျန်းရီသည် လျိုကျင်းကို ခုံပေါ်သို့ အတင်းဆွဲထိုင်ခိုင်းလိုက်ပြီး မုန့်တစ်တုံးကို လက်ထဲသို့ ထည့်ပေးလိုက်သည်။ အလိုက်သင့်ပင် လက်ဖက်ရည်တစ်ခွက်ကိုပါ ငှဲ့ပေးလိုက်သေး၏။
လျိုကျင်းသည် မုန့်ကို ကိုင်ထားရင်း အနည်းငယ် စိတ်လှုပ်ရှားသွားသော်လည်း ငိုချင်လျက်နှင့် မျက်ရည်မထွက်နိုင်အောင် ဖြစ်နေသည်။
ဒီလိုမျိုးတော့ မလုပ်သင့်ပါဘူး။ တစ်ယောက်ယောက်များ တွေ့သွားရင် အရိုက်ခံရပြီး သေမှာပဲ။ ခင်ဗျားက အိမ်ရှေ့စံနဲ့ တစ်သားတည်းကျအောင် ရင်းနှီးပေမဲ့ ကျုပ်က မရဘူးလေ။ အိမ်ရှေ့စံက ပြောရဆိုရ လွယ်ပေမဲ့ ပါးစပ်ဖွာတဲ့ နန်းတွင်းသူ တစ်ယောက်ယောက်ကများ သတင်းဖြန့်လိုက်ရင် အသက်ရှင်ဖို့တောင် ခက်သွားမယ်။
ဖန်ကျန်းရီက မုန့်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။ "စားလေ .. မစားရင် ငါ့ မျက်နှာကို မထောက်ရာကျမယ်နော်။"
လျိုကျင်းက မျက်နှာရှုံ့မဲ့ကာဖြင့် သတိထားပြီး တစ်ကိုက် ကိုက်စားလိုက်သည်။ ပြီးနောက် ပြောလိုက်သည်။ "ကျေး... ကျေးဇူးတင်ပါတယ် သခင်လေးဖန်။"
သူတို့နှစ်ဦးသည် နန်းဆောင်ထဲတွင် အတူတူ စားသောက်နေကြသည်။ လျိုကျင်းက ဘာစကားမှ မပြောသဖြင့် ပတ်ဝန်းကျင်က အနည်းငယ် တိတ်ဆိတ်ငြိမ်သက်နေသည်။ နောက်ထပ် အချိန်အနည်းငယ် ကြာပြီးနောက် တကယ်ကို ပျင်းစရာကောင်းလာ၏။
ဖန်ကျန်းရီသည် ရုတ်တရက် ကောက်ကျစ်သော မျက်နှာထားဖြင့် လျိုကျင်း၏ နားနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်သည်။ "ငါ မင်းကို မေးမယ်။ အိမ်ရှေ့စံက ညဘက်ဆို ဘာတွေ လှုပ်ရှားမှု ရှိလဲ။"
"လှုပ်ရှားမှုလား။ လက်ကိုင်သေနတ် ပစ်တာလေ။"
"မဟုတ်ဘူးလေ။ လက်ကိုင်သေနတ် မရှိခင်တုန်းက ဘာလုပ်လဲ။ အဲဒီကိစ္စတွေ မလုပ်ဘူးလား။"
"ဘယ်ကိစ္စလဲ။" လျိုကျင်းက နားမလည်ပေ။
"အဲဒီကိစ္စလေ။"
ဖန်ကျန်းရီက လက်နှစ်ဖက်ကို ယှက်ကာ လက်ဖဝါးများကို အကြိမ်အနည်းငယ် ရိုက်ပြရင်း ဖော်ပြ၍မရသော အသံတစ်ခုကို ထုတ်လုပ်ပြလိုက်သည်။
လျိုကျင်း၏ မျက်နှာတွင် နားမလည်သော အမူအရာဖြစ်သွားပြီး ခေါင်းသာ ဆက်တိုက် ခါနေလိုက်၏။
ဖန်ကျန်းရီက အထင်သေးစွာဖြင့် ပြောလိုက်သည်။ "ဟေး.. ကလေးယူတဲ့ ကိစ္စလေ။ မင်းက ဘာလို့ ဘာတစ်ခုမှ နားမလည်ရတာလဲ။"
လျိုကျင်း၏ မျက်နှာတစ်ခုလုံး ပျက်ယွင်းသွားပြီး ငိုလုမတတ် ဖြစ်သွားကာ ပြောလိုက်၏။ "သခင်လေးဖန်ရယ်.. မမေးပါနဲ့တော့။ ဒါက ကျုပ် ပြောနိုင်တဲ့ ကိစ္စလား။ တာဝန်ကျနေတဲ့အချိန်မှာ ခင်ဗျားနဲ့အတူ အစား လာစားပေးနေတာကတင် ကြီးလေးတဲ့ မလေးစားမှု ပြစ်မှုကို ကျူးလွန်နေတာပါ။"
ဖန်ကျန်းရီက တရားမျှတသည့် ပုံစံဖြင့် ပြောလိုက်သည်။ "ပေါက်ကရတွေ .. ငါက အရှင့်သားအတွက် စိတ်ပူပေးနေတာ မဟုတ်ဘူးလား။ ဒါက သူ တစ်ယောက်တည်းနဲ့ ဆိုင်တဲ့ ကိစ္စလား။ နောက်ပြီး ငါက အရှင်မင်းကြီး အနားမှာ အမြဲရှိနေတာဆိုတော့ အရှင်မင်းကြီးရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေဖျောက်ပေးဖို့ပါပဲ။ ပြောစမ်းပါ။"
လျိုကျင်း၏ မျက်နှာပေါ်ရှိ ကြွက်သားများ နှစ်ကြိမ်ခန့် တုန်ခါသွားပြီး ငိုသံပါကြီးဖြင့် ပြောလိုက်၏။ "ကျုပ်ကို ဘာတွေ ပြောစေချင်နေတာလဲ။ လူတွေရဲ့ ကြီးမားတဲ့ ဆန္ဒပဲဟာ.. အိမ်ရှေ့စံမှာ ဘယ်လိုလုပ် မရှိဘဲ နေပါ့မလဲ။"
"ဒါဆို ဘာလို့ ကလေး မရှိသေးတာလဲ။ အရှင့်သား အနားက မိန်းမတွေ အကုန်လုံး ပြဿနာ ရှိနေလို့လား။"
"အရှင့်သားက နန်းတော်ထဲမှာမှ မရှိတာ..." လျိုကျင်းသည် စကားကို တစ်ဝက်သာ ပြောပြီးနောက် သူ့ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်သည်။
ဖန်ကျန်းရီက အလျင်အမြန် ဆက်မေးလိုက်၏။ "နန်းတော်ထဲမှာ မရှိဘူး။ ဘာသဘောလဲ။ သူက နန်းတော်ပြင်ပမှာ မိန်းမတွေ ထားနေလို့လား။"
"မရှိပါဘူး။ သခင်လေးဖန်.. ဒီစကားကိုတော့ လျှောက်မပြောပါနဲ့။"
ဖန်ကျန်းရီက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "လျှောက်ပြောတာဆိုရင်တောင် မင်းက အရင်စပြောတာလေ။ ငါ့ကို မြန်မြန်ပြောပြ။ မပြောပြရင် ငါအပြင်ထွက်ပြီး အော်ပြောလိုက်မှာနော်။"
မူလက ပျင်းစရာကောင်းနေသဖြင့် အတင်းအဖျင်း ပြောရုံသာ ရည်ရွယ်ခဲ့သော်လည်း တကယ့်သတင်းကြီး ထွက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အိမ်ရှေ့စံ၏ အဆင့်အတန်းသည် အခြားသူများနှင့် မတူပေ။ သူနှင့် နေ့စဉ် တွေ့ဆုံနေရသဖြင့် ဖန်ကျန်းရီတွင်လည်း တာဝန်ရှိနေသည်။ အကယ်၍ အပြင်မှာ မိန်းမထားနေသည်ဆိုလျှင် ထိုအရာသည် တော်ဝင်မိသားစု၏ အရှုပ်တော်ပုံကြီး ဖြစ်သွားပေမည်။
လျိုကျင်းသည် တကယ်ငိုချလိုက်ပြီး မျက်ရည်နှစ်ပေါက်ကို ညှစ်ထုတ်ကာ ပြောလိုက်၏။ "သခင်လေးဖန်.. အသံလေး နည်းနည်း တိုးပေးပါ။ ကျုပ် ပြောပြပါ့မယ်။ ဒါပေမယ့် အပြင်လူတွေကိုတော့ မပြောပြပါနဲ့နော်။"
"ပြော..။ ကောင်းကောင်းပြောပြရင် ငါ ဆုချအုံးမှာ။ အိမ်ရှေ့စံရဲ့ ကိစ္စက သာမန်မဟုတ်ဘူးနော်။"
လျိုကျင်းက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။ "အရှင့်သားက နန်းတော်ထဲက မိန်းမတွေကို မျက်စိမကျဘူးတဲ့...။ အပြင်ထွက်ရတာကို သဘောကျတယ်။ တစ်လကို... ဆယ်ကြိမ်ကျော်လောက်ပေါ့။"
ဖန်ကျန်းရီသည် ခေါင်းကို ကိုင်ပြီး မူးဝေသွားသလို ခံစားလိုက်ရ၏။ တစ်လကို ဆယ်ကြိမ်ကျော် အပြင်သွားတယ်ဆိုတာ ဖာသွားချတာပဲလေ။ မိန်းမ တစ်ယောက်တည်း ထားတာကမှ ပိုကောင်းအုံးမယ်။
ဖန်ကျန်းရီက အတင်းအကျပ် မေးလိုက်သည်။ "ဘယ်မှာလဲ … မြန်မြန်ပြော။"
လျိုကျင်းက စကားကို အဆုံးသတ်လိုက်ပြီးနောက် အားကုန်သွားသကဲ့သို့ ပခုံးနှစ်ဖက် ကျသွားကာ ဖန်ကျန်းရီကို အကြောက်တရားဖြင့် စိုက်ကြည့်နေရင်း ပြောလိုက်သည်။ "တောက်ယွမ်ခရိုင်... နှင်း... နှင်းလမင်းစံအိမ်..."
ဤတစ်ခေါက်တော့ ဖန်ကျန်းရီ ငိုချင်သွား၏။
နှင်းလမင်းစံအိမ်ဆိုတာ သူ့ရဲ့ နေရာပဲလေ။ ဒါကိုသာ တစ်ခြားသူတွေ သိသွားရင် နောင်ဆို နန်းတွင်းမှာ ဘယ်လို မျက်နှာပြရတော့မလဲ။ မြေးတော် မမွေးဖွားနိုင်တာက ကိုယ်တိုင်က အပြစ်တွေရဲ့ အရင်းအမြစ် ဖြစ်နေလို့လား။ အဝေးကြီးကို တစ်လ ဆယ်ကြိမ်ကျော်သွားနေတာ..။ ဒါကြောင့်လည်း ခဏခဏ လူကို မတွေ့ရတာပေါ့။
ဖန်ကျန်းရီက ထူးဆန်းစွာဖြင့် ပြောလိုက်သည်။ "သူ ဘာကို မျှော်လင့်နေတာလဲ။ ဟာ.. အဝေးကြီးကို သွားဖို့ သူ့အတွက် အချိန်ကုန်ခံရတာ မတန်ဘူးလေ။ နှင်းလမင်းစံအိမ်က မိန်းမတွေကလည်း အရမ်း လှပနေတာမျိုးမှ မဟုတ်တာ။ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် စွဲလမ်းနေရတာလဲ။"
ဤအကြောင်းအရာကို ဆက်လက် မပြောဆိုနိုင်တော့ပေ။ လျိုကျင်းသည် ရင်ဘတ်ကို ဖိကာ အကြိမ်ကြိမ် နာကျင်စွာ ခံစားနေရ၏။
လျိုကျင်းက တောင်းပန်သည့်ဟန်ဖြင့် ပြောလိုက်သည်။ "အရှင့်သားက ပြောတယ်... အဲဒီက မိန်းမတွေက ရုပ်ဆိုးပေမဲ့ ကစားကွက်စုံတယ်တဲ့၊ ဝန်ဆောင်မှုကောင်းတယ်တဲ့။ နန်းတော်ထဲက မိန်းမတွေက သစ်တုံးတွေ လိုပဲတဲ့။ သခင်လေးဖန်.. ကျုပ် တောင်းပန်ပါတယ်။ ဆက်မမေးပါနဲ့တော့။ အိမ်ရှေ့စံက ခင်ဗျားကို လုံးဝ မပြောပြဖို့ အထူး မှာထားတာပါ။"
ဖန်ကျန်းရီက မျက်နှာရှုံ့မဲ့ကာဖြင့် ရင်ခွင်ထဲမှ အိတ်ဆောင်နာရီကို ထုတ်၍ စားပွဲပေါ်သို့ တင်လိုက်ရင်း ပြောလိုက်သည်။ "မမေးတော့ဘူး။ ဒါ မင်းကို ပေးမယ်။ ယူထားလိုက်။"
လျိုကျင်း၏ မျက်လုံးများ အရောင်လက်သွားပြီး လောဘစိတ်များ ပေါ်လာသည်။ အိတ်ဆောင်နာရီ။ ဤပစ္စည်းသည် သာမန်လူများ ပိုင်ဆိုင်နိုင်သည့် အရာမဟုတ်ဘဲ အဆင့်အတန်း၏ သင်္ကေတဖြစ်၏။
"သခင်လေး .. ဒါ သိပ်မသင့်တော်ပါဘူး..."
"ယူဆိုလည်း ယူထားလိုက်ပါ။ နောင် အရှင့်သားအတွက် အလုပ်လုပ်ပေးတဲ့အခါ အချိန်ကိုတောင် သေချာ မတွက်ဆနိုင်ရင် ဘယ်လို အလုပ်လုပ်မလဲ။"
ယခင်က ပေါ့ပါးနေသော ပတ်ဝန်းကျင် အခြေအနေမှာ ပျောက်ကွယ်သွားပြီး သူတို့နှစ်ဦးစလုံး ကိုယ်စီ အတွေးများဖြင့် နန်းဆောင်ထဲတွင် ထိုင်နေကြသည်။ ထိုအချိန်တွင် ရင်းနှီးနေသော အရိပ်တစ်ခုက သူတို့နှစ်ဦးရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာသည်။
ဖန်ကျန်းရီ ခေါင်းမော့ကြည့်လိုက်ရာ ဒေါသများ ပြည့်နှက်နေသော ကော်ထျန်းယန်၏ မျက်လုံးများကို တွေ့လိုက်ရသည်။ ဤအခိုက်အတန့်တွင် ကော်ထျန်းယန်သည် လျိုကျင်းကို စူးရဲစွာ စိုက်ကြည့်နေပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ခွေးကောင်.. တာဝန်ကို သေချာမထမ်းဆောင်ဘဲ ဒီမှာ မုန့်လာစားနေတာပေါ့။ သခင်လေးဖန်နဲ့တောင် အတူတူဆိုတော့ မင်း အသက်မရှင်ချင်တော့ဘူးလား။"
လျိုကျင်း၏ မျက်လုံးများထဲတွင် အကြောက်တရားများ ပြည့်နှက်သွားပြီး ချက်ချင်း မြေပြင်ပေါ်၌ ဒူးထောက်ကာ ငုံးတစ်ကောင်ကဲ့သို့ ဝပ်စင်းနေလိုက်သည်။
"အစ်ကိုကြီးကော်.. ဒေါသကို လျှော့ပါအုံး။ ကျုပ် သူ့ကို စားခိုင်းလိုက်တာပါ။"