← Chapters

အခန်း ၆၃၄

Vol. 34 Ch. 634

အခန်း ၆၃၄

Vol. 34 Ch. 634

အပိုင်း (၆၃၄) သူဌေးဖန်၏ အရည်အချင်း။

တောက်ယွမ်ခရိုင်သို့ သွားရန် လီယွမ်ကျောက်တွင် မည်သည့် ကန့်ကွက်စရာမှ မရှိပေ။ ဘာပဲဖြစ်ဖြစ် အဓိက စားသုံးသူ တစ်ယောက်အနေဖြင့် ရင်းနှီးကျွမ်းဝင်နေပြီဖြစ်ရာ နောက်တစ်ခေါက် ထပ်သွားချင်နေသည်မှာ အမှန်ပင်။

ထို့ကြောင့် သူတို့နှစ်ဦးသည် မြင်းစီးကာ တောက်ယွမ်ခရိုင်သို့ ထွက်ခွာလာခဲ့ကြသည်။ တောက်ယွမ်ခရိုင် နယ်နိမိတ်သို့ ရောက်ခါနီးတွင် လီယွမ်ကျောက်သည် ရုတ်တရက် လက်ကို မျက်ခုံးပေါ်တင်ကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။

အဝေးတွင် လူများ သွားလာနေပြီး သဲအမှုန်အမွှားများ ပြည့်နှက်နေသော ပတ်ဝန်းကျင်ကို မြင်လိုက်ရသဖြင့် ဇဝေဇဝါ ဖြစ်သွား၏။

သူက ခေါင်းလှည့်ကာ မေးလိုက်သည်။ "ဖန်ကြီး.. ခင်ဗျားတို့ ခရိုင်မှာ ဘာတွေ လုပ်နေကြတာလဲ။"

ဖန်ကျန်းရီက ပြောရင်း မြင်းဝမ်းဗိုက်ကို ခပ်ဖွဖွ ကန်ကာ ဦးတည်ရာကို ပြောင်းလိုက်၏။ "အင်း.. ခရိုင်ထဲက မြေလွတ်တွေကို လူတစ်ချို့ ဝယ်ပြီး အိမ်ဆောက်၊ ပြန်ရောင်းဖို့ ပြင်ဆင်နေကြတာလေ။ ဒီလူတွေရဲ့ လှုပ်ရှားမှုက တကယ်ကို မြန်ဆန်လွန်းတယ်။ အရှင့်သား.. ကျုပ်တို့ သွားကြည့်ရအောင်။"

အနီးသို့ ရောက်သောအခါ အလွန်အံ့အားသင့်သွားသည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ကြည့်ရသည်မှာ အချို့နေရာများတွင် အုတ်မြစ်တောင် တစ်ဝက်လောက် တူးထားပြီး ကြီးမားနက်ရှိုင်းသော တွင်းကြီးတစ်ခု ထင်ရှားစွာ ပေါ်ထွက်နေသည်။

ချီးတဲ့မှ …. ဘယ်လို စွမ်းဆောင်ရည်မျိုးလဲ။ တောက်ယွမ်ခရိုင်မှာ မြေတူးစက်များ ရှိနေပြီလား။

နေရာအနှံ့ ကြည့်ရှုလိုက်ရာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် နေရာအနှံ့ ညွှန်ကြားနေသော လျိုကျုံးရွှန်းတို့ ညီအစ်ကို နှစ်ယောက်ကို တွေ့လိုက်ရသဖြင့် ဖန်ကျန်းရီက အလျင်အမြန် လက်ယပ်ခေါ်လိုက်၏။

လျိုကျုံးရွှန်းသည် ဖန်ကျန်းရီ ရောက်လာသည်ကို မြင်သောအခါ မနှောင့်နှေးရဲပေ။

ခြေလှမ်းကျယ်ကျယ်ဖြင့် ပြေးလာပြီး ရိုးသားစွာ ပြုံးရင်း ပြောလိုက်သည်။ "သခင်လေး.. မနေ့ကမှ စပြီး ဆောက်လုပ်နေတာကို ဒီနေ့ လာစစ်ဆေးနေပြီလား။"

ဖန်ကျန်းရီက နက်ရှိုင်းသော တွင်းကြီးကို စိုက်ကြည့်ကာ မေးလိုက်၏။ "ဒါက... ခင်ဗျား အလုပ်သမား ဘယ်နှစ်ယောက် ငှားထားတာလဲ။ ဒီတွင်းက ဘယ်လောက်ပဲ မြန်မြန် တူးတူး ရက်အတော်ကြာ တူးရမှာလေ။"

လျိုကျုံးရွှန်းက ရယ်မောကာ ပြန်ဖြေလိုက်သည်။ "သခင်လေး.. လူအင်အားကို မြို့တော်မှာ ကျုပ် ကြိုတင်ရှာထားတာပါ။ ဟိုနေ့က သခင်လေး ကျုပ်ကို လာရှာပြီးတာနဲ့ ကျုပ် ချက်ချင်း လူတွေကို ခေါ်လာပြီး အလုပ်စလုပ်လိုက်တာ။ အခု လူအများကြီးတော့ မရှိပါဘူး။ တစ်ရာကျော်လောက်ပဲ ရှိမယ်။ အကုန်လုံးက မြို့တော်ကနေ ရှာလာတာပါ။ သူတို့ကို ငွေနည်းနည်းပိုပေးရင် ညဘက်ပါ အလုပ်လုပ်ပေးသေးတယ်။ ဈေးသက်သာတယ်လေ။ နောက်ပြီး ဒီတွင်းက.. သခင်လေးအောက်ချန်က ခရိုင်ထဲက ယမ်းမှုန့် အနည်းငယ်ကို ကျုပ်ဆီ ရောင်းပေးနိုင်တယ်လို့ ပြောတာနဲ့ ဒီတွင်းကို ယမ်းမှုန့်နဲ့ ဖောက်ခွဲလိုက်တာပါ။"

ဖန်ကျန်းရီ ရုတ်တရက် သဘောပေါက်သွားသည်။ ဒီလိုကိုး … အရင်က အလုပ်သမားဟောင်းတွေ ပြောတာကို ကြားဖူးတယ်။ အုတ်မြစ်တူးတဲ့နေရာမှာလည်း ယမ်းမှုန့်ကို အသုံးပြုကြတယ်တဲ့။ ဒါပေမဲ့ နောက်ပိုင်းမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အကုန်လုံး ရပ်နားလိုက်ကြတာ။ ခရိုင်ထဲမှာ ဆောက်ထားတဲ့ အိမ်တွေ အားလုံးကလည်း ရိုးရာနည်းလမ်းတွေကိုပဲ အသုံးပြုထားတာ။

လီယွမ်ကျောက်သည်လည်း အလွန်အံ့အားသင့်သွားပြီး မေးလိုက်၏။ "ဖန်ကြီး.. သေနတ်ထဲက ယမ်းမှုန့်လား။ ဒီပစ္စည်းက အိမ်ဆောက်တဲ့ နေရာမှာပါ သုံးလို့ရတာလား။"

ဖန်ကျန်းရီက ဖြေလိုက်သည်။ "အရမ်းရတာပေါ့။ အိမ်ဖျက်တာ၊ တူးမြောင်းဖောက်တာ၊ သတ္တု တူးဖော်တာတွေမှာလည်း သုံးလို့ရသေးတယ်။ အသုံးပြုလို့ရတဲ့ နေရာက အရမ်းကျယ်ပြန့်တယ်။ နောက်ပိုင်းမှာ လေ့လာစရာတွေ အများကြီး ရှိသေးတယ်။"

ဖန်ကျန်းရီသည် လျိုကျုံးရွှန်းကို ကြည့်ကာ ပြောလိုက်၏။ "လုပ်တာ မဆိုးပါဘူး။ ဒါပေမဲ့ လုံခြုံရေး ပြဿနာကိုတော့ သေချာ ဂရုစိုက်ရမယ်နော်။ အယ်... ခင်ဗျား မျက်နှာမှာ ဘိလပ်မြေတွေ ပေနေပါလား။"

လျိုကျုံးရွှန်းက မျက်နှာကို ပွတ်သပ်လိုက်ပြီး လက်ကို ကြည့်ကာ ပြောလိုက်သည်။ "အော်.. ဟုတ်တယ်။ ကျုပ် ဘိလပ်မြေတွေကို ယူလာခဲ့တယ်။ သူတို့ကို အရင် ရင်းနှီးအောင် လေ့ကျင့်ခိုင်းနေတာ။"

ဖန်ကျန်းရီက ခေါင်းညိတ်လိုက်၏။ "ကျုပ်ကို ပြပါအုံး။ သူတို့ကို ကျုပ် လမ်းညွှန်ပေးမယ်။"

လီယွမ်ကျောက်က တိတ်တဆိတ် ကပ်လာပြီး မေးလိုက်သည်။ "ဖန်ကြီး.. ဘိလပ်မြေဆိုတာ ဘာလဲ။"

ဖန်ကျန်းရီက ပြုံးရင်း ဖြေလိုက်၏။ "ပစ္စည်းကောင်းပေါ့။ အိမ်ဆောက်တဲ့ ပစ္စည်းလေ .. ကျုပ်တို့ ခရိုင်မှာပဲ သီးသန့်ရှိတာ။"

ဘိလပ်မြေသည် တကယ်ကို ကောင်းမွန်သော ပစ္စည်းတစ်ခုဖြစ်သည်။ အဓိကအားဖြင့် သူသည် ယခင်က ဆောက်လုပ်ရေး လုပ်ငန်းခွင် ကျွမ်းကျင်သူ တစ်ယောက်အနေဖြင့် အလွန် ကောင်းစွာ နားလည်ထားသည်။

ရိုးရာနည်းလမ်းဖြင့် ဘိလပ်မြေ ပြုလုပ်ရန်လည်း မခက်ခဲပေ။ အလွယ်တကူ ပြောရလျှင် ထုံးကျောက်နှင့် ရွှံ့စေးတို့ကို အမှုန့်ကြိတ်ကာ ပြုလုပ်ရခြင်းပင်။ သေချာပေါက် ခိုင်ခံ့မှုက ခေတ်သစ် ဘိလပ်မြေများနှင့် ယှဉ်၍မရပေ။ ၃၂.၅ နံပါတ် ဘိလပ်မြေထက်ပင် ညံ့ဖျင်းသေးသည်။ သို့သော်ငြား ယခုအချိန်တွင်တော့ အလွန်ခိုင်ခံ့သည်ဟု ဆိုနိုင်၏။

အပြင်ဘက်သို့ ရောင်းချရန်လည်း စဉ်းစားဖူးသော်လည်း ဤပစ္စည်းသည် တကယ်ကို ဈေးကွက်မရှိပေ။ သာမန် အိမ်များသည် နှစ်ထပ်ပင် မမြင့်သဖြင့် ဘိလပ်မြေကို အသုံးပြုခြင်းသည် ပိုလျှံနေသည်။ လမ်းပန်းဆက်သွယ်ရေး စရိတ်ကလည်း ကြီးမြင့်ပြီး သက်တမ်းကလည်း တိုတောင်းသဖြင့် ချက်ချင်းထုတ်လုပ်ပြီး ချက်ချင်း အသုံးပြုရသည်။

အုတ်မြစ်နှင့် မနီးမဝေးတွင် အလုပ်သမား တစ်စုသည် ဘိလပ်မြေပုံကို လက်ညှိုးထိုးကာ စကားပြောနေကြပြီး သူတို့၏ မျက်နှာများတွင် သံသယဖြစ်နေသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။ ထိုကဲ့သို့သော ပစ္စည်းဖြင့် ခိုင်ခံ့သော အိမ်ကို ဆောက်နိုင်သည်ဆိုခြင်းမှာ တကယ်ကို သံသယဖြစ်စရာ ကောင်းနေ၏။

လူအုပ်ထဲတွင် ရပ်နေသူမှာ တောက်ယွမ်ခရိုင်မှ ဆောက်လုပ်ရေး ကျွမ်းကျင်လုပ်သား တစ်ဦးဖြစ်ပြီး လမ်းညွှန်ပြသရန် အထူး ရောက်ရှိလာခြင်းဖြစ်ကာ ယခုအချိန်တွင် ဆက်တိုက် ရှင်းပြနေသည်။

လျိုကျုံးရွှန်းက အရှေ့မှနေ၍ လူအုပ်ကို ဖယ်ရှားပေးပြီးနောက် ဖန်ကျန်းရီသည် သူ၏ အနောက်မှ ကပ်လျက် ဝင်သွားသည်။

ဘိလပ်မြေပုံကို တစ်ချက် ကြည့်လိုက်ရုံဖြင့် ဖန်ကျန်းရီက ပြောလိုက်၏။ "ခြောက်နေပြီ။ ရေထည့်။"

"သခင်လေး မင်္ဂလာပါ" ကျွမ်းကျင်လုပ်သားက အလျင်အမြန် အရိုအသေပေးလိုက်သည်။

ဖန်ကျန်းရီက သူ့ကို တစ်ချက် ကြည့်ကာ မေးလိုက်သည်။ "ဒီဘိလပ်မြေကို ခင်ဗျား မွှေထားတာလား။"

"ဟုတ်... ဟုတ်ပါတယ်။ ကျုပ် မွှေထားတာပါ။ သခင်လေး ဘာပြဿနာများ ရှိလို့လဲ။"

ဖန်ကျန်းရီက အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "ပြဿနာရှိလား ဟုတ်လား။ ပြဿနာက အကြီးကြီးပဲ။ ခင်ဗျားရဲ့ ဒီလို ဘိလပ်မြေမျိုးနဲ့ ဘယ်လိုလုပ် အိမ်ဆောက်မလဲ။ အရည်ကျဲနေတဲ့ ကျောက်စရစ်ခဲတွေ၊ ခွဲမထွက်သလို ယိုစိမ့်မှုမရှိဘူး၊ အနှစ်နဲ့ အစိုင်အခဲ တစ်သားတည်းဖြစ်ရမယ်။ အရင်တုန်းက ကျုပ် ခင်ဗျားတို့ကို ဘယ်လို သင်ပေးခဲ့လဲ။ ဘယ်လောက်မှ မကြာသေးဘူး၊ အကုန် မေ့ကုန်ပြီလား။

ခင်ဗျား ဘာတွေ မွှေထားလဲဆိုတာ ကြည့်စမ်း။ ဒီမှာ လူတွေကိုတောင် လာသင်ပေးနေသေးတယ်။ အသစ်ပြန်လုပ်စမ်း။ ကြီးကြပ်ရေးမှူးရော … ခေါ်ထားလား။ သူ့ကို ဒီကို လာခဲ့ဖို့ ပြောလိုက်။"

ဖန်ကျန်းရီ အနည်းငယ် ဒေါသထွက်နေသည်ကို မြင်သောအခါ လျိုကျုံးရွှန်းက ကပျာကယာ ပြန်ဖြေလိုက်သည်။ "ခေါ်ထားပါတယ်။ ခေါ်ထားပါတယ်။ အကုန်လုံးကို ခရိုင်ရဲ့ စည်းကမ်းချက်တွေအတိုင်း လုပ်ထားတာပါ။ သခင်လေး ခဏလောက် စောင့်ပါအုံး။"

ပြောပြီးသည်နှင့် ကပျာကယာ ပြေးထွက်သွားပြီး မကြာမီတွင် ဝဝဖိုင့်ဖိုင့် ကြီးကြပ်ရေးမှူး တစ်ယောက်ကို ခေါ်လာ၏။

ဖန်ကျန်းရီသည် ခရိုင်ထဲမှ လူဟောင်းတစ်ယောက် ဖြစ်နေသည်ကို မြင်သောအခါ ချက်ချင်း ဒေါသထွက်သွားသည်။

ရှေ့သို့ တိုးသွားကာ ကြီးကြပ်ရေးမှူး၏ ဗိုက်ကို ဆွဲဆိတ်လိုက်ပြီး ဘိလပ်မြေကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ "ချီးပဲ … ခင်ဗျားလို ကြီးကြပ်ရေးမှူးက ဘယ်တွေ သွားနေတာလဲ။ ဒီဘိလပ်မြေကို ဘယ်လို ပုံစံပေါက်အောင် မွှေထားလဲဆိုတာ သေချာ ကြည့်စမ်း။ ဒါက မှန်လို့လား။ ကျုပ် အရင်တုန်းက သတ်မှတ်ပေးခဲ့တဲ့ ဆောက်လုပ်ရေး စံနှုန်းတွေက ဘယ်လို ရေးထားလဲ။ ဒီလောက် ဗိုက်ကြီးနေတာ တစ်နေ့လုံး စားဖို့သောက်ဖို့နဲ့ ဖာချဖို့လောက်ပဲ သိနေတယ်မလား။"

ကြီးကြပ်ရေးမှူးသည် တုန်ရီနေပြီး တစ်ကိုယ်လုံး ချွေးများ ပြန်နေကာ ပြောလိုက်၏။ "သခင်လေး... ကျုပ် အလုပ်မလုပ်တာ အရမ်းကြာနေပြီမို့လို့ပါ။ ခရိုင်ကနေ ကျုပ်ကို ယာယီ ခန့်လိုက်တာပါ။ ဘာပြဿနာရှိရှိ ကျုပ် ချက်ချင်း လူတွေကို ပြင်ခိုင်းလိုက်ပါ့မယ်။ ကျုပ်ကို အချိန်လေး နည်းနည်း ပေးပါ။"

"ခင်ဗျား သေချာ ကြည့်ထား။"

ဖန်ကျန်းရီက ပြောပြီးသည်နှင့် ဂေါ်ပြားကို ကိုင်ကာ ကိုယ်တိုင် ဘိလပ်မြေကို မွှေလိုက်သည်။ ဤအလုပ်ကို အချိန်အကြာကြီး မလုပ်ခဲ့သော်လည်း ကျွမ်းကျင်မှုကတော့ လုံးဝ မလျော့ကျသွားသည်မှာ ထင်ရှားသည်။ မကြာမီတွင် ဘိလပ်မြေ မွှေပြီးသွားသဖြင့် ဖန်ကျန်းရီက လက်ညှိုးထိုးကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "အကုန်လုံး သေချာ ကြည့်ပြီး မှတ်ထားကြ။ ဒီလို အနေအထားမျိုး ဖြစ်ရမယ်။ သဘာဝကျကျ လည်ပတ်နိုင်မှ လှတယ်လို့ ခေါ်နိုင်တာ။"

ထို့နောက် ကြီးကြပ်ရေးမှူးကို လေးနက်စွာဖြင့် ထပ်ပြောလိုက်၏။ "ခင်ဗျား သေချာ ကြည့်ထား။ အိမ်ဆောက်တယ်ဆိုတာ သေးငယ်တဲ့ ကိစ္စမဟုတ်ဘူး။ လူတစ်ယောက်ရဲ့ တစ်သက်တာ ကိစ္စပဲ။ နောက်ပြီး လုပ်ငန်းခွင်က လုံခြုံရေး စည်းကမ်းချက်တွေကိုလည်း သေချာ ကြည့်ထား။ အရည်အသွေး နည်းနည်း ကျသွားတာ ဒါမှမဟုတ် လူသေဆုံးမှု ဖြစ်သွားတာနဲ့ ကျုပ် ပြဿနာရှာတာကို အပြစ်မတင်နဲ့နော်။"

လီယွမ်ကျောက်သည် တစ်ကိုယ်လုံး ဖုန်များ ပေကျံနေသော ဖန်ကျန်းရီကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေပြီး သူ့အပေါ် မြင်ထားသည့် အမြင်များ ရုတ်တရက် အသစ်ဖြစ်သွားသည်။ မူလက ဖန်ကြီးသည် ခြေလက်များ သွက်လက်မှု မရှိဘဲ ကောက်ပဲသီးနှံများကိုပင် ခွဲခြားမသိနိုင်သူဟု ထင်မှတ်ထားခဲ့သော်လည်း ဤမျှကြမ်းတမ်းသည့် အလုပ်မျိုးကို ဤသို့ သွက်သွက်လက်လက် လုပ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

"အရှင့်သား.. ကျုပ်တို့ သွားကြစို့။"

"အာ.. ကောင်းပြီ"

လီယွမ်ကျောက်သည် သတိပြန်ဝင်လာပြီး ဖန်ကျန်းရီကို ကြည့်ကာ ချီးကျူးလိုက်သည်။ "ဖန်ကြီး.. ခင်ဗျားဆီမှာ ဒီလို အရည်အချင်းမျိုး ရှိလိမ့်မယ်လို့ ကျုပ် တကယ် မထင်ထားဘူး။"

ဖန်ကျန်းရီ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး မျက်နှာပေါ်တွင် မာနကြီးသည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။ တက္ကသိုလ်တွင် မြို့ပြအင်ဂျင်နီယာ ဘာသာရပ်ကို မသင်ယူခဲ့သော်လည်း ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အချိန်ပိုင်း အလုပ်လုပ်ခဲ့သည့် ခြောက်လအတွင်း မြို့ပြအင်ဂျင်နီယာ ဘာသာရပ် သင်ယူနေသည့် အလုပ်သင် ကျောင်းသား အတော်များများထက် သာလွန်ခဲ့သည်။ ဤသည်မှာ သူ၏ မွေးရာပါ အရည်အချင်း ဖြစ်ပေလိမ့်မည်။

"ကျုပ်ဆီမှာ သိပ်ထူးခြားတဲ့ အရည်အချင်း မရှိပါဘူး။ ဒါပေမယ့် ဘိလပ်မြေ ဖျော်တဲ့ နေရာမှာတော့ ကျုပ်က ကမ္ဘာမှာ ဒုတိယလို့ ပြောရင် ဘယ်သူမှ ပထမလို့ မပြောရဲပါဘူး။"

"လေးစားပါတယ်ဗျာ။ လေးစားပါတယ်။"

သူတို့နှစ်ဦးသည် ရယ်မောပြောဆိုရင်း မြင်းပေါ်သို့ ပြန်လည်တက်စီးကာ တောက်ယွမ်ခရိုင် မြို့တွင်းသို့ ထွက်ခွာလာခဲ့ကြသည်။ မြို့တံခါးကို ဖြတ်ကျော်ပြီးသည်နှင့် လီယွမ်ကျောက်၏ ခေါင်းသည် မသိမသာ ညာဘက်သို့ လှည့်ကြည့်နေသည်။

ဖန်ကျန်းရီသည် သူ့ကို မျက်စောင်းထိုး ကြည့်လိုက်ပြီး စိတ်ထဲတွင် ကောင်းစွာ သဘောပေါက်နေသည်။ မြို့ထဲသို့ ဝင်ဝင်ချင်း မနီးမဝေး ညာဘက်ခြမ်း လမ်းဘေးရှိ နေရာသည် နှင်းလမင်းစံအိမ် ဖြစ်၏။

ဒီကောင်.. တကယ်ကို အကြံအစည် မသေဘူးပဲ။ နောင်ဆိုရင် ချီးပုံးက ငါ့ခေါင်းပေါ်ကို ကျလာမှာ မဟုတ်ဘူးလား။ သူ့ကို ပြုပြင်ပေးဖို့ နည်းလမ်းတစ်ခု စဉ်းစားရမယ်။

တခြားဟာတွေ မပြောနဲ့၊ ရောဂါကူးစက်သွားရင် မကောင်းဘူးလေ။ ခရိုင်ထဲက ကျန်းမာရေး လုပ်ငန်းစဉ်တွေက သေချာပေါက် ကောင်းမွန်ပေမဲ့ ဒီလိုကိစ္စမျိုးက အကြောင်းပြချက် မရှိဘဲ ပြဿနာ တက်လာနိုင်တယ်။

စဉ်းစားနေဆဲမှာပင် နားထဲသို့ လီယွမ်ကျောက်၏ အော်သံ ရုတ်တရက် ဝင်လာသည်။ "ဖန်ကြီး.. ဟိုအိမ်ထဲမှာ ဘာတွေ ရေးထားတာလဲဆိုတာ ကြည့်လိုက်စမ်း။ ခင်ဗျားတို့ရဲ့ နှင်းလမင်းစံအိမ်က လှုပ်ရှားမှု အသစ်တွေ ထပ်ထွက်လာပြန်ပြီလား။"

ဖန်ကျန်းရီသည် အလျင်အမြန် ဘေးသို့ လှည့်ကြည့်လိုက်ရာ ထိုအရာကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် မိုးကြိုးငါးချက် အပစ်ခံလိုက်ရသလို ခံစားလိုက်ရ၏။

နှင်းလမင်းစံအိမ်ထဲတွင် ရှည်လျားသော အနီရောင် ဆိုင်းဘုတ်ကြီးတစ်ခုကို ချိတ်ဆွဲထားပြီး ပွင့်ဟနေသော တံခါးဝမှနေ၍ စာလုံးအချို့ကို ရေးရေးလေး မြင်နေရသည်။

"နှင်းလမင်းစံအိမ်... ဒုတိယအကြိမ်မြောက် တောင့်ခံနိုင်စွမ်း... စိန်ခေါ်ပွဲ..."

“…….”

All Chapters