အခန်း ၆၃၅
Vol. 34 Ch. 635
အပိုင်း (၆၃၅) အိမ်ရှေ့စံ၏ ပြဿနာကို ဖြေရှင်းပေးခြင်း။
ဖန်ကျန်းရီသည် ဆိုင်းဘုတ်ကို စိုက်ကြည့်ကာ ဘဝ၏ အဓိပ္ပာယ်ကို နက်ရှိုင်းစွာ စဉ်းစားနေမိပြီး အချိန်အတော်ကြာသည်အထိ သတိမဝင်နိုင်တော့ပေ။
ဘာတွေလဲ။ မျက်စိများ မှားကြည့်မိတာတော့ မဟုတ်ပါဘူးနော်။ စိန်ခေါ်ပွဲတဲ့လား။ ဒုတိယအကြိမ်တောင် ရောက်နေပြီလား။ ဒါ ဘယ်အချိန်တည်းက စတင်ခဲ့တာလဲ။
ဒီလောက်အထိ ရိုင်းစိုင်းစွာ ကစားနေကြတာ .. ငါများ အိုမင်းသွားပြီလား။ လောကကြီးရဲ့ အခြေအနေက တဖြည်းဖြည်း ဆိုးရွားလာပြီး လူတွေရဲ့ စိတ်ဓာတ်တွေကလည်း ဒီလောက်အထိ ပြောင်းလဲသွားကြပြီလား။
စိတ်အေးအေးထား.. စိတ်အေးအေးထား...။ ငါ စဉ်းစားသလိုမျိုး မဟုတ်လောက်ပါဘူး။ ဒါပေမဲ့ ပြည့်တန်ဆာအိမ်က တောင့်ခံနိုင်စွမ်းဆိုတာက တခြားဘာရှိအုံးမှာလဲ။
လီယွမ်ကျောက်သည် ဆိုင်းဘုတ်ကို အာရုံစိုက်ကာ လေ့လာနေရင်း မေးလိုက်သည်။ "ဖန်ကြီး.. အဲဒါက ဘာလဲ။ ဘာအဓိပ္ပာယ်လဲ။"
ဖန်ကျန်းရီသည် မြင်းပေါ်တွင် ထိုင်ကာ သေချာ ပြန်လည်စဉ်းစားနေမိ၏။
အရက်သောက်ပြီး အောက်ခြေက လူတွေကို ရှုပ်ရှုပ်ယှက်ယှက် အကြောင်းအရာတွေ ပြောပြခဲ့ဖူးသလိုပဲ။ အဲဒါတွေကို နည်းလမ်းယူပြီး ပြည့်တန်ဆာအိမ်မှာ အကောင်အထည် ဖော်နေကြတာများလား။ တကယ်ကို သောက်ကျိုးနည်းတာပဲ။
ဖန်ကျန်းရီက အံကြိတ်ကာ မြင်းပေါ်မှ ဆင်းလိုက်၏။ "မသိဘူး။ လာ.. အထဲကို သွားကြည့်ရအောင်။ နေ့ခင်းကြောင်တောင်ကို သူတို့ ဘာတွေများ ကစားနေကြလဲဆိုတာ ကျုပ် သွားကြည့်ရမယ်။"
လီယွမ်ကျောက်သည်လည်း အနောက်မှ အနီးကပ် လိုက်ပါလာသည်။ နှင်းလမင်းစံအိမ်ထဲသို့ ဝင်ဝင်ချင်း ပတ်ဝန်းကျင် အခြေအနေမှာ အနည်းငယ် ရမ္မက်ဆန်နေသည်ကို တွေ့လိုက်ရသည်။ ပြတင်းပေါက်တွင် ပန်းရောင်စက္ကူအချို့ကို ကပ်ထားပြီး နေရောင်ခြည်သည် စက္ကူကို ဖြတ်သန်းကာ အခန်းထဲသို့ ဝင်ရောက်လာသဖြင့် ခံစားချက် အပြည့်အဝ ပေးစွမ်းနေသည်။
အထဲရှိ ပြည့်တန်ဆာမများသည် ပိုက်ကွန်ပုံစံ ခြေအိတ်များကို အကုန်လုံး ပြောင်းလဲဝတ်ဆင်ထားကြရာ ထိုအရာသည် ခေတ်စားနေပြီဖြစ်ကြောင်း ထင်ရှားနေ၏။
လီယွမ်ကျောက်သည် ဘယ်ညာ လှည့်ပတ်ကြည့်ရှုနေပြီး ဖန်ကျန်းရီကတော့ အထဲသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။ အနက်ရှိုင်းဆုံးနေရာသို့ ရောက်သောအခါ စင်မြင့်ပေါ်တွင် ကချေသည်မများ မရှိတော့ဘဲ ယောကျ်ားကြီး တစ်တန်းကို တွေ့လိုက်ရသည်။
ဖန်ကျန်းရီ၏ မျက်နှာမှာ အတော်လေး ရှုံ့မဲ့သွားသည်။ ယောကျ်ားတွေ ရှိနေတာကို ထားလိုက်ပါတော့၊ အထဲမှာ ရင်းနှီးတဲ့ လူနှစ်ယောက်တောင် ပါနေသေးတယ်။
ကျန်းပြောင်... ကျိုးထျဲ့...
ဒီတိရစ္ဆာန် နှစ်ကောင်..။ အလုပ်မလုပ်ဘဲ ပြည့်တန်ဆာအိမ်မှာ လာပြီး သောင်းကျန်းနေတာလား။ ကျိုးထျဲ့ သောင်းကျန်းတာကို ထားလိုက်ပါတော့၊ ကျန်းပြောင်ကပါ ရောက်နေတာလား။
ဖန်ကျန်းရီသည် ဒေါသတကြီးဖြင့် ကောင်တာဘက်သို့ လှည့်သွားလိုက်ရာ ဆိုင်ရှင်သည် တွက်ခုံကို ပွတ်ဆွဲနေသည်ကို တွေ့လိုက်ရသည်။ ရုတ်တရက် ဒိုင်းခနဲ အသံကို ကြားလိုက်ရသဖြင့် ကပျာကယာ ခေါင်းမော့ကြည့်လိုက်သည်။ ခေါင်းမော့ကြည့်လိုက်သည်နှင့် ချက်ချင်းပင် တစ်ကိုယ်လုံး တုန်ယင်သွား၏။ "အာ.. သခင်လေး။"
ဖန်ကျန်းရီက ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ကျုပ် ခင်ဗျားကို မေးမယ်။ ဒီစိန်ခေါ်ပွဲက ဘယ်လိုဖြစ်ရတာလဲ။ နေ့ခင်းကြောင်တောင်ကြီးကို လူတွေ အများကြီးနဲ့ ဒီလို လာလုပ်နေကြတာလား။ ခင်ဗျားတို့က မျက်နှာပြောင်တိုက်ပေမဲ့ ကျုပ်က အရှက်ရှိသေးတယ်နော်။ တောက်ယွမ်ခရိုင်က ဘာဖြစ်သွားပြီလဲ။"
မဖြစ်ဘူး။ ခေတ်သစ်လူသားတွေရဲ့ အမြင်ဆိုရင်တောင် သူ အခု ခံနိုင်ရည် မရှိတော့ဘူး။ ဖျော်ဖြေရေး လုပ်ငန်းတွေကို ထိန်းချုပ်လို့ မရတော့ဘူးလား။
ဆိုင်ရှင်က အလျင်အမြန် ရှင်းပြလိုက်၏။ "သခင်လေး.. မဟုတ်ရပါဘူး။ ယောကျ်ား တစ်စုက အတူတူ စုမိရင် ဒီလိုပါပဲလေ၊ တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်ချင်ကြတာပဲ။ အစတုန်းက ခရိုင်ထဲက အစောင့်တပ်ဖွဲ့ဝင် တစ်စု ရောက်လာပြီး အရက်မူးနေတော့ ဘယ်သူ ပိုကြာလဲဆိုတာကို ယှဉ်ပြိုင်ချင်နေကြတာ... အဲဒီနေ့က ပွဲကြည့်တဲ့ လူတွေ အများကြီးဆိုတော့ ဝင်ငွေလည်း တော်တော်လေး ကောင်းသွားတယ်။ ဒါကြောင့်... နောက်တစ်ခေါက်လောက် ထပ်စမ်းကြည့်ချင်လို့ပါ... ကျုပ်ကလည်း ခရိုင်အတွက် ဝင်ငွေ တိုးစေချင်လို့ပါ။"
ဖန်ကျန်းရီသည် စင်မြင့်ပေါ်ရှိ ကျန်းပြောင်ကို ကြည့်လိုက်ပြီး မျက်နှာထား ဆိုးရွားစွာဖြင့် မေးလိုက်သည်။ "စင်မြင့်ပေါ်မှာ ယှဉ်ပြိုင်ကြတာလား။"
ဆိုင်ရှင်က ငိုရခက် ရယ်ရခက်ဖြင့် ပြောလိုက်သည်။ "ဘယ်ဟုတ်ပါ့မလဲ။ ဒီလောက် လူတွေ အများကြီး ရှိနေတာကို၊ အရှက်မရှိတဲ့ အလုပ် ဖြစ်သွားမှာပေါ့။ အခန်းထဲ ပြန်ပြီး ကိုယ့်ဘာသာကိုယ် လုပ်ကြတာပါ။ အချိန်မှတ်ပေးမယ့် လူ ရှိတယ်။ အပြင်က လူတွေကတော့ စားစရာရှိတာစား၊ သောက်စရာရှိတာသောက်ရင်း ရလဒ်ကို စောင့်နေကြတာ။ အဓိကကတော့ လောင်းကစားရုံက လူတွေ လာပြီး လောင်းကစားဝိုင်း ဖွင့်ထားကြလို့ပါ။"
ဖန်ကျန်းရီ၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားသည်။ ဒါဆိုရင်လည်း တော်သေးတာပေါ့။
"ဒီတစ်ခေါက်တော့ ထားလိုက်တော့။ နောင်ဆိုရင် ဒီလိုကိစ္စမျိုး ထပ်မလုပ်ရဘူးနော်၊ အကျင့်စာရိတ္တ ပျက်ပြားစေတယ်။ ဘယ်လို ပုံစံမျိုး ဖြစ်နေတာလဲ။ ခဏလေး ကြည့်မထားတာနဲ့ ခင်ဗျားတို့က လမ်းလွဲသွားတော့တာပဲ။"
ဆိုင်ရှင်က ရှက်ရယ် ရယ်လိုက်ပြီး ပြောလိုက်၏။ "သခင်လေး ပြောတာ မှန်ပါတယ်။ ဒီနေ့ လာတာ အချိန်ကိုက်ပဲ။ ခဏနေရင် စတော့မှာ။ ကျုပ် သခင်လေးကို သီးသန့်နေရာလေး စီစဉ်ပေးရမလား။"
"ကောင်းပြီလေ။"
လာပြီးမှတော့လည်း ဝင်ကြည့်လိုက်တာပေါ့။
ဖန်ကျန်းရီသည် လီယွမ်ကျောက်ကို ခေါ်ကာ အရှေ့ဆုံးတန်းရှိ သီးသန့်နေရာတွင် ထိုင်လိုက်ပြီး လီယွမ်ကျောက်မှာမူ နေရာအနှံ့ ကြည့်ရှုနေဆဲဖြစ်သည်။
ထိုသူ၏ အသုံးမကျသော ပုံစံကို ကြည့်ကာ ဖန်ကျန်းရီက သက်ပြင်းချရင်း ပြောလိုက်သည်။ "အရှင့်သား.. နန်းတော်ထဲက မိန်းမတွေက ဒီထက် မသာဘူးလား။ ဘယ်ကနေ ဘယ်လို ဒီလောက်တောင် စွဲလမ်းနေရတာလဲ။ ကျုပ်ကို လျှို့ဝှက်ပြီး ရှုပ်ရှုပ်ယှက်ယှက်တွေ လုပ်နေရင် နောက်ဆို ကျုပ် အရှင်မင်းကြီးကို ဖြေရှင်းရ ခက်လိမ့်မယ်။ အရှင်မင်းကြီးက မြေးတော်ကို အလိုရှိနေတာ။ သူသာ သိသွားရင် အရှင့်သားကို သေအောင် ရိုက်လိမ့်မယ်။"
လီယွမ်ကျောက်သည် တောင့်တင်းစွာဖြင့် ခေါင်းလှည့်လာပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်၏။ "ခင်ဗျား... ခင်ဗျား အကုန်သိနေပြီလား။"
ဖန်ကျန်းရီက အေးစက်စက် ပြန်ပြောလိုက်သည်။ "ဒါပေါ့ … တောက်ယွမ်ခရိုင် တစ်ခုလုံးမှာ နေရာတိုင်းက ကျုပ်ရဲ့ လူတွေချည်းပဲ။ အရှင့်သား ခရိုင်ထဲမှာ ဘာလုပ်နေလဲဆိုတာကို ကျုပ် မသိဘဲ နေပါ့မလား။"
လီယွမ်ကျောက်သည် ထိတ်လန့်သွားပြီး ပြောလိုက်၏။ "ကျုပ်က ခမည်းတော်ရဲ့ လူတွေကို မနည်း လွတ်အောင် ရှောင်လာတာကို၊ ခင်ဗျားကပါ ကျုပ်ကို စောင့်ကြည့်နေတာလား။ ဖန်ကြီး.. ကျုပ်တို့ နှစ်ယောက်က ညီအစ်ကိုတွေလေ။ ခင်ဗျား ခမည်းတော်ကို သွားမပြောဘူးမလား။"
"အာ.. ဒါတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ နောက်ဆို ပြည့်တန်ဆာအိမ်ကို ထပ်မလာတော့ဘူးလို့ အရှင့်သား ကျုပ်ကို ကတိပေးရမယ်။ တခြားဟာတွေ မပြောနဲ့၊ ရောဂါကူးစက်သွားရင် ကျုပ် ဘယ်သွားပြီး ကုပေးရမလဲ။"
လီယွမ်ကျောက်က တိုးတိုးလေး ပြန်ဖြေလိုက်သည်။ "ဘာမှမဖြစ်ပါဘူး။ ကျုပ် လာနေတာ ဒီလောက်ကြာနေပြီကို၊ ဘာမှဖြစ်တာ မတွေ့သေးပါဘူး။"
ဖန်ကျန်းရီက နောက်ထပ်တစ်ကြိမ် သက်ပြင်းချလိုက်သည်။ "လူတွေက အမြဲပြောကြတယ်.. အေအိုင်ဒီအက်စ်၊ ဆစ်ဖလစ်၊ ကြွက်နို့၊ ဂနို ရောဂါတွေ မဖြစ်ပါဘူးတဲ့။ ဒါပေမဲ့ ကူးစက်သွားရင်တော့ ပြဿနာ ကြီးသွားပြီ။ ဒါကြောင့် ကျုပ်က ဒီလိုကိစ္စမျိုးကို တစ်ခါမှ မလုပ်ဘူး။ အရှင့်သားလည်း ကျုပ်လို သန့်သန့်ရှင်းရှင်း နေရမယ်လေ။ အရှင့်သားမှာ ကြင်ယာတော်တွေလည်း ရှိနေပြီပဲ၊ အနားမှာလည်း နန်းတွင်းသူတွေ အများကြီး ရှိနေတာကို၊ ဘာလို့ ဒီလို လုပ်နေရတာလဲ။"
လီယွမ်ကျောက်က ခေါင်းခါလိုက်ပြီး ခါးသီးစွာဖြင့် ပြောလိုက်သည်။ "ကျုပ် မကြိုက်ဘူး။ ငယ်ငယ်တည်းက ခမည်းတော်ကပဲ ကျုပ်အတွက် စီစဉ်ပေးခဲ့တာ။ အဲဒီမိန်းမတွေက သစ်တုံးတွေလိုပဲ။ ပြုံးတာတောင် အကုန်တူတူပဲ။ အရင်တုန်းက ကျုပ်မှာ ရွေးချယ်ခွင့် မရှိခဲ့ဘူး။ အခု နန်းတော်ပြင်ပကို ထွက်လို့ရနေပြီကို၊ ခင်ဗျားက ကျုပ်ကို လာထိန်းချုပ်နေသေးတယ်။ ကျုပ်က ခြေတံလေးတွေ ကြည့်ချင်ရုံပဲလေ၊ ဘာမှားနေလို့လဲ။"
ဖန်ကျန်းရီက သက်ပြင်းချကာ ပြောလိုက်၏။ "မတတ်နိုင်ဘူးလေ။ ကျုပ်က အိမ်ရှေ့စံရဲ့ အကြံပေး အရာရှိ ရာထူးကို ယူထားတာဆိုတော့ ဘယ်လိုလုပ် မထိန်းချုပ်ဘဲ နေလို့ရမလဲ။ အရှင့်သားသာ သဘောကျမယ်ဆိုရင် ကျုပ် အဝတ်အစား ပုံစံ တချို့ ထုတ်ပေးမယ်။ အဲဒါကို ယူသွားပြီး ကြင်ယာတော်တွေနဲ့ နန်းတွင်းသူတွေကို တိတ်တဆိတ် ဝတ်ခိုင်းလိုက်၊ အရှင့်သား သေချာပေါက် ကျေနပ်သွားစေရမယ်။"
လီယွမ်ကျောက်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ "ဘယ်လို အဝတ်အစားလဲ။"
"ယောကျ်ားတွေ အားလုံး ကြည့်ရတာ သဘောကျတဲ့ အဝတ်အစားလေ။ ကျုပ်မှာ အရည်အချင်း မရှိပေမဲ့ ဒီလောက်တော့ နားလည်ပါတယ်။ ဂျီစတွိ ဆိုတာ ဘာလဲ အရှင့်သား သိလား။ ဘီကီနီဆိုတာ ဘာလဲ၊ နောက်ပြီး BDSM ဆိုတာတွေရော... ကျုပ်က သူများကို ဒါတွေ လိုက်ပြောပြဖို့ ပျင်းတယ်။ အပြင်မှာ သွားပြောရင် တခြားသူတွေက ကျုပ်ကို ယောကျ်ားကောင်း တစ်ယောက်ရဲ့ ကျင့်ဝတ်ကို မစောင့်ထိန်းဘူးလို့ ထင်သွားကြလိမ့်မယ်။ အရှင့်သားကို ကူညီဖို့အတွက် ကျုပ် အကုန် စွန့်လွှတ်လိုက်ပြီ။"
လီယွမ်ကျောက်က ချီးကျူးလိုက်၏။ "တစ်ခွန်းမှ နားမလည်ပေမဲ့ တော်တော်လေး အစွမ်းထက်မယ့် ပုံပဲ" ၏
ထို့နောက် သူက ထပ်ဖြည့်ပြောလိုက်သည်။ "ဖန်ကြီး.. ခင်ဗျားက တကယ်ကို ရမ္မက်ကြီးတဲ့လူပဲ။ ဒါကြောင့်လည်း နှင်းလမင်းစံအိမ်ကို ဖွင့်နိုင်တာကိုး။"
"..."
သူတို့နှစ်ဦး စကားပြောနေစဉ် ဖန်ကျန်းရီသည် နေရာအနှံ့ လှည့်ပတ်ကြည့်ရှုနေရာ ရုတ်တရက် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ယောက် စင်မြင့်ပေါ်သို့ မော့ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သေချာ စိုက်ကြည့်လိုက်တော့ အစ်မချွန်း ဖြစ်နေ၏။
တော်တော်ဟုတ်တဲ့မိန်းမ..။ ကိုယ့်ယောကျ်ားက စင်မြင့်ပေါ်မှာ တောင့်ခံနိုင်စွမ်း သွားပြိုင်နေပြီး မိန်းမက အောက်ကနေ ကြည့်နေတယ်ပေါ့... တကယ်ကို ပိုပိုပြီး ယုတ္တိမတန် ဖြစ်လာတော့တာပဲ။
ဖန်ကျန်းရီသည် အလျင်အမြန် ထရပ်ကာ အစ်မချွန်းကို ဆွဲခေါ်လာခဲ့သည်။ ယခုအချိန်တွင် အစ်မချွန်း၏ ဗိုက်မှာ အတော်လေး သိသာနေပြီဖြစ်ပြီး ဗိုက်ကို ပွေ့ကာ ဖြည်းညင်းစွာ ထိုင်လိုက်ပြီး ရှက်သွေးဖြာစွာ ပြုံးရင်း ပြောလိုက်သည်။ "သခင်လေး မင်္ဂလာပါ။"
ဖန်ကျန်းရီသည် ဘာပြောရမှန်းမသိ ဖြစ်သွားပြီး စိတ်အခြေအနေကို သေချာ ပြန်လည်ထိန်းညှိပြီးမှ မေးလိုက်၏။ "ကျန်းပြောင်က ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ။"
အစ်မချွန်းက ရိုးသားစွာ ပြန်ဖြေလိုက်သည်။ "ကျွန်မမ သူ့ကို လာခိုင်းလိုက်တာပါ။ နှင်းလမင်းစံအိမ်ကနေ ငွေတုံး သုံးရာ လက်ခံရရှိထားလို့ပါ။"
ဖန်ကျန်းရီ "..."
ဖန်ကျန်းရီက မေးလိုက်၏။ "ကျန်းပြောင်က ငွေလိုနေလို့လား။"
အစ်မချွန်းက နှုတ်ခမ်းကိုစိကာ ပြုံးရင်း ပြောလိုက်သည်။ "မဟုတ်ပါဘူး... ကျွန်မက သူ့ကို ငွေပိုစုမိအောင် ကူညီပေးချင်လို့ပါ။ အခု သူက ခွန်အားကြီးမားနေပေမဲ့ နောင်တစ်ချိန် အသက်ကြီးလာပြီး အလုပ်မလုပ်နိုင်တော့ရင်၊ သခင်လေးကို မကာကွယ်ပေးနိုင်တော့ရင် ဘာနဲ့ အသက်မွေးဝမ်းကျောင်း ပြုမလဲ။ သူက ပုံမှန်ဆို ငွေကို ရေလို သုံးတတ်တယ်။ ဈေးနှုန်းကို တစ်ခါမှ မကြည့်ဘူး။ နေ့တိုင်း ကောင်းကောင်း စားသောက်နေတာလေ။ ငယ်ရွယ်တုန်းမှာ ကျွန်မ သူ့အတွက် ငွေပိုစုပေးချင်လို့ပါ။ နောက်ပြီး... ဒီတစ်ခေါက် ပြိုင်ပွဲက တခြား မိန်းမတွေမှ မပါတာ။"
မိန်းမကောင်း တစ်ယောက်ပါလား။ လမ်းကြောင်း နည်းနည်း လွဲနေတာလေးကလွဲရင်...။ ဖန်ကျန်းရီသည် မချီးကျူးဘဲ မနေနိုင်တော့ပေ။
"ရပါပြီ။ နောက်ဆို ဒီလိုကိစ္စမျိုး ထပ်မလုပ်ပါနဲ့တော့။ သူ အသက်ကြီးသွားရင် ကျုပ် သူ့ကို ကျွေးမွေး စောင့်ရှောက်ပါ့မယ်။"
အစ်မချွန်းက ပြောလိုက်သည်။ "သခင်လေးကို ဒုက္ခမပေးရဲပါဘူး။ ကျွန်မ နောက်ဆိုရင် စားသောက်ဆိုင် တစ်ဆိုင် ဖွင့်ပြီး ငွေရှာဖို့ ပြင်ဆင်ထားပါတယ်။ ကိုယ့်ဘာသာကိုယ် ရှာဖွေစားသောက်ပါ့မယ်။"
ဖန်ကျန်းရီသည် မရယ်ဘဲ မနေနိုင်တော့ပေ။ "စားသောက်ဆိုင်က ကောင်းပါတယ်။ နာမည်ကိုတောင် ကျုပ် စဉ်းစားပေးထားပြီးပြီ။ ပြောင်မှတ်တံဆိပ် ဟင်းချိုကောင်း လို့ ပေးလိုက်။"
အစ်မချွန်းက ရယ်မောကာ ပြောလိုက်သည်။ "သခင်လေး နာမည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"
သူတို့နှစ်ဦး ရယ်မောပြောဆိုနေစဉ် စင်မြင့်ပေါ်ရှိ ပြိုင်ပွဲဝင်များ အားလုံး နေရာယူပြီးသွားကြပြီ။ အလှမယ်ခေါင်းဆောင်သည် မိတ်ကပ် အထူကြီး လိမ်းခြယ်ကာ စင်မြင့်ပေါ်သို့ တက်လာပြီး ကျန်းပြောင်၏ အနားသို့ ချက်ချင်း သွားကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "လူကြီးမင်းတို့... လူကြီးမင်းတို့... ဒီနေ့ ကျွန်မတို့ နှင်းလမင်းစံအိမ်က ငွေအမြောက်အမြား အကုန်အကျခံပြီး တောက်ယွမ်ခရိုင်ရဲ့ နံပါတ်တစ် သိုင်းပညာရှင် ကျန်းပြောင်ကို အထူး ဖိတ်ခေါ်ထားပါတယ်။ အားလုံးပဲ ကြိုဆိုပေးကြပါအုံး။"
"ဖြောင်း.. ဖြောင်း.. ဖြောင်း.." စင်အောက်တွင် လက်ခုပ်သံများ ထွက်ပေါ်လာသည်။
"အစ်ကိုပြောင်.. ဒီနေ့ ပြိုင်ပွဲအတွက် ယုံကြည်မှု ဘယ်လောက်ရှိလဲ သိပါရစေ။"
ကျန်းပြောင်က ခပ်တည်တည်ဖြင့် ပြန်ဖြေလိုက်၏ "ပြိုင်ပွဲမှာ တစ်ခါမှ မရှုံးဖူးဘူး။"
အလှမယ်ခေါင်းဆောင်က ပြောလိုက်သည်။ "ကောင်းတယ်။ နံပါတ်တစ် သိုင်းပညာရှင်ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်ပါတယ်။ ဒီနေ့ ကျွန်မတို့မှာ မျှော်လင့်မထားတဲ့ ပြိုင်ပွဲဝင် တစ်ယောက်လည်း ရှိနေသေးတယ်။ ဒဏ္ဍာရီထဲက ကျန်းပြောင်ရဲ့ ဆရာလို့ ဆိုကြတဲ့ ကျိုးထျဲ့ပါပဲ။ ဒီနေ့ ကောလာဟလတွေက အမှန်ပဲလား ဆိုတာကို အားလုံးကို သက်သေပြနိုင်မလား မသိဘူးနော်။"
ထို့နောက် သူမသည် ကျိုးထျဲ့ အနားသို့ သွားလိုက်၏။
ကျိုးထျဲ့သည် အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "သူ့ရဲ့ သိုင်းပညာတွေ အကုန်လုံးကို ကျုပ် သင်ပေးထားတာ။ နံပါတ်တစ် သိုင်းပညာရှင် ဆိုတာကလည်း သခင်လေးရဲ့ နာမည်ကို အသုံးချထားတာပါ။ နာမည်နဲ့ လက်တွေ့က တခြားစီပါပဲ။"
အလှမယ်ခေါင်းဆောင်သည် အခြေအနေ ကောင်းလာသည်ကို မြင်သောအခါ ကပျာကယာ ကျန်းပြောင် အနားသို့ ပြန်သွားကာ မီးထိုးပေးလိုက်၏။
ကျန်းပြောင်က အေးတိအေးစက်ဖြင့် ပြောလိုက်သည်။ "ခင်ဗျားက ကျုပ်ရဲ့ ပြိုင်ဘက် မဟုတ်တော့တာ ကြာပါပြီ။ ကျုပ် တစ်ယောက်တည်းက ခင်ဗျားလို သုံးယောက်ကို အေးဆေး ထိုးနိုင်တယ်။"
ကျိုးထျဲ့ ဒေါသထွက်သွားပြီး ပြောလိုက်၏။ "လေလုံးမထွားနဲ့.. ကျန်းပြောင်၊ ဒီနေ့ ကျုပ် လာတာ တခြားအတွက် မဟုတ်ဘူး၊ ခင်ဗျားရဲ့ မာနကို ချိုးနှိမ်ဖို့အတွက်ပဲ။ တစ်ယောက်ချင်း ယှဉ်ချတဲ့ နေရာမှာ ကျုပ် ခင်ဗျားကို မကြောက်ဘူး။ စစ်တပ်ချီတက် တိုက်ခိုက်တဲ့ နေရာမှာလည်း ကျုပ်က ခင်ဗျားထက် ပိုသာတယ်။"
"ကောင်းတယ်.. ပြောတာ ကောင်းတယ်" အောက်ခြေရှိ ဖောက်သည်များသည် အလွန် စိတ်လှုပ်ရှားသွားကြပြီး လက်ခုပ်သံများ ထပ်မံ ထွက်ပေါ်လာသည်။
"အစ်ကိုပြောင်က အမိုက်စားပဲ။ အစ်ကို အနိုင်ရမယ်လို့ ကျုပ် လောင်းတယ်။ သူ့ကို သေအောင် တောင့်ခံထားလိုက်။"
"သူ့ကို သေအောင် တောင့်ခံထားလိုက်.. သေအောင် တောင့်ခံထားလိုက်" အောက်ခြေမှ အသံပြိုင်တူ ဟစ်အော်လိုက်ကြသည်။
ကျန်းပြောင်၏ နာမည်ကျော်ကြားမှုသည် ကျိုးထျဲ့ထက် အများကြီး သာလွန်နေသည်မှာ ထင်ရှားသည်။ အလှမယ်ခေါင်းဆောင်သည် အခြေအနေကို ထိန်းချုပ်၍ မရနိုင်တော့သည်ကို မြင်လိုက်ရသည်။ သူမက ကပျာကယာ အော်ဟစ်လိုက်၏။ "ပြိုင်ပွဲ စတင်ပါပြီ။ ပြိုင်ပွဲဝင်တွေ အားလုံး အခန်းထဲကို ပြန်ဝင်ကြပါ။"
ဖန်ကျန်းရီသည် ဘာပြောရမှန်းမသိဖြစ်ကာ နေရာတွင်သာ ထိုင်နေလိုက်သည်။
ကျိုးထျဲ့ ဒီငတုံး..။ တစ်နေ့လုံး ကျန်းပြောင်နဲ့ ပြိုင်လို့ မပြီးနိုင်ဘူး။ အခု ဘယ်သူ ပိုကြာလဲဆိုတာကိုပါ ယှဉ်ပြိုင်ချင်နေတယ်... တကယ်ကို လွန်လွန်းနေပြီ။
လီယွမ်ကျောက်သည် ခေါင်းကို အနားကပ်ကာ မေးလိုက်၏။ "ဖန်ကြီး.. သူတို့နှစ်ယောက်မှာ ဘယ်သူ နိုင်မယ် ထင်လဲ။ ကျုပ် ကြည့်ရတာ အဲဒီ ကျိုးထျဲ့ကလည်း သာမန်လူတော့ မဟုတ်ဘူးနော်။"
ဖန်ကျန်းရီက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ "ပြောရခက်တယ်။"