← Chapters

အခန်း ၆၃၆

Vol. 34 Ch. 636

အခန်း ၆၃၆

Vol. 34 Ch. 636

အပိုင်း (၆၃၆) ရုံးဝန်ထမ်းများ၏ ရတနာ။

နာရီဝက်ခန့် ကြာပြီးနောက် ဖန်ကျန်းရီမှာ အလွန်တရာ ပျင်းရိငြီးငွေ့နေပြီ ဖြစ်၏။

စင်မြင့်ထက်မှ အကအခုန်များက အလွန်တရာ ဆွဲဆောင်မှု ရှိလှသော်လည်း သခင်လေးဖန်သည် အတိတ်ဘဝက (၅) တီဘီ ပမာဏလောက် ဗီဒီယိုဗဟုသုတများ ကြွယ်ဝခဲ့သူ ဖြစ်၏။ Nao တစ်ယောက်တည်းနှင့်ပင် (၃) တီဘီ လောက် ရှိမည် ထင်သည်။ ထို့ကြောင့် ဤအရာလောက်လေးနှင့် သူ့ကို ဆွဲဆောင်ရန် ခဲယဉ်းလှသည်။ ဤအတိုင်း ဆက်သွားနေပါက ဘယ်အချိန်မှ ပြီးမည်မှန်းပင် သိနိုင်တော့မည် မဟုတ်ချေ။

ဖန်ကျန်းရီက မတ်တပ်ထရပ်ကာ ပြောလိုက်သည်။ "အရှင့်သား ... ဆက်မကြည့်တော့ဘူး။ ကျုပ်နဲ့အတူ သုတေသနဌာနကို သွားပြီး ပစ္စည်းကောင်းလေးတွေ သွားကြည့်ရအောင်။ အလုပ်ကိစ္စက ပိုအရေးကြီးတယ်။"

လီယွမ်ကျောက်က စင်မြင့်ထက်မှ အကကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေဆဲဖြင့် မေးလိုက်၏။ "နည်းနည်းလောက် ထပ်စောင့်ပါအုံးလား။ ဘယ်သူ နိုင်မလဲဆိုတာ ခင်ဗျား စိတ်မဝင်စားဘူးလား။"

ဖန်ကျန်းရီက ပြန်ပြောလိုက်သည်။ "စိတ်မဝင်စားပါဘူး။ ခဏနေရင် အဲဒီခွေးကောင် နှစ်ကောင်ကို ကျုပ် ပညာပေးရအုံးမယ်။ သွားကြစို့ အရှင့်သား။"

လီယွမ်ကျောက်၏ ကန့်ကွက်မည့်စကားကို မစောင့်တော့ဘဲ ဖန်ကျန်းရီက အတင်းဆွဲခေါ်သွားတော့၏။

လီယွမ်ကျောက်မှာ မခွဲခွာချင်သော စိတ်များဖြင့် နှင်းလမင်းစံအိမ်ထဲမှ ပါသွားခဲ့သည်။ ၎င်းတို့နှစ်ဦးသည် သုတေသနဌာနသို့ ဆက်လက် ထွက်ခွာလာခဲ့ကြသည်။

တောက်ယွမ်ခရိုင်၏ သုတေသနဌာနများမှာ အတော်လေး များပြားပြီး ဖန်ကျန်းရီက သူ၏ လက်တွေ့ စမ်းသပ်မှုများအရ အကြမ်းဖျင်း ခွဲခြားသတ်မှတ်ထားသည်။ ဤအထဲတွင် အရေးအကြီးဆုံးမှာ သေနတ်ဌာနနှင့် ရေနွေးငွေ့ဌာနတို့ ဖြစ်၏။ အခြားနေရာများမှာ ထိုမျှလောက် အဆင့်မမြင့်သော်လည်း လက်တွေ့အသုံးဝင်မှုနှင့် ဖြန့်ဖြူးနိုင်မှု အပိုင်းတွင်တော့ ထိုဌာနနှစ်ခုထက် အများကြီး ပိုသာသည်။ ယခု သွားမည့်နေရာမှာ ခရိုင်အတွင်းရှိ လက်သမားသုတေသနဌာနပင် ဖြစ်၏။

အဆင့်မြင့်သည်ဟု ဆိုသော်လည်း အမှန်တကယ်တော့ လက်သမား တစ်စု စုဝေးနေခြင်းသာ ဖြစ်သည်။

ဖန်ကျန်းရီက ခဏခဏ လာလေ့ရှိပြီး တစ်ခါတစ်ရံ အကြံဉာဏ်အချို့ ပေးကာ ရှိပြီးသား စက်ပစ္စည်းများကို ပြုပြင်မွမ်းမံရန် သို့မဟုတ် အသစ်ဖန်တီးရန် ခိုင်းစေလေ့ရှိသည်။ ခရိုင်ထဲရှိ ရေတင်ဘီးများ၊ လက်နက်များနှင့် လုပ်ငန်းခွင် အများအပြားသည် ဤလက်သမားများ၏ လက်ရာများဖြစ်ပြီး တောက်ယွမ်ခရိုင် တည်ဆောက်ရေးအတွက် များစွာ အထောက်အကူ ပြုခဲ့ကြ၏။

လက်သမားဌာန အပြင်ဘက်တွင် ကြီးမားသော ခြံဝင်းကြီးတစ်ခုရှိပြီး ဘီးအမျိုးမျိုးနှင့် ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် အစိတ်အပိုင်းများကို နေရာအနှံ့ ထားရှိသည်။ လက်သမား လောင်ချီသည် ခြံဝင်းထဲတွင် ရွေပေါ်ထိုးကာ အလုပ်ရှုပ်နေပြီး ဘေးတွင် တပည့်လေးနှစ်ယောက်က တစ်စုံတစ်ခုကို သင်ယူနေပုံရသည်။

ဖန်ကျန်းရီက အသံကျယ်ကျယ်ဖြင့် လှမ်းခေါ်လိုက်၏။ "လောင်ချီ"

လောင်ချီက ချက်ချင်း ခေါင်းမော့လာပြီး ကပျာကယာ အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။ "သခင်လေး ... ဧည့်သည်တော်ပါလား။ မလာတာတောင် တော်တော်ကြာပြီနော်။"

ဖန်ကျန်းရီက ပြုံးကာ ပြောလိုက်သည်။ "ခင်ဗျားဆီ အကူအညီတောင်းစရာရှိလို့။ ဂိုဒေါင်ထဲက စက်ဘီးကို သွားယူခဲ့ပေးပါ။"

စက်ဘီး။

လောင်ချီက ခေါင်းမော့လာပြီး မျက်နှာတွင် ဇဝေဇဝါဖြစ်သွား၏။ ဤစကားလုံးက ရင်းနှီးသလိုလိုနှင့် စိမ်းသက်နေ၏။

လောင်ချီက မေးလိုက်သည်။ "သခင်လေး ... စက်ဘီးဆိုတာ ဘာလဲဟင်။"

ဖန်ကျန်းရီက မတတ်နိုင်သည့် မျက်နှာထားဖြင့် ပြန်ပြောလိုက်၏။ "ဘီးနှစ်ဘီးနဲ့ ဟာလေ။"

စက်ဘီးကို စောစောစီးစီးတည်းက တီထွင်ခိုင်းထားသော်လည်း လက်တွေ့အသုံးဝင်မှု အားနည်းပြီး အားနည်းချက်များလွန်းသဖြင့် ဂိုဒေါင်ထဲတွင်သာ ပစ်ထားခဲ့ကာ သိပ်မသုံးဖြစ်ခဲ့ချေ။

လောင်ချီက နဖူးကို ရိုက်လိုက်ပြီး ရုတ်တရက် သဘောပေါက်သွားကာ ပြောလိုက်သည်။ "ဪ ... စက်ဘီးလား။ သိပါပြီ … သခင်လေး ခဏစောင့်ပါ။"

ပြောပြီးသည်နှင့် ကပျာကယာ ပြေးထွက်သွား၏။

လီယွမ်ကျောက်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ "စက်ဘီးဆိုတာ သူ့ဘာသာသူ သွားနိုင်တဲ့ အရာလား။"

ဖန်ကျန်းရီက ပြန်ဖြေလိုက်သည်။ "လူက အားစိုက်ရတာပါ။"

လီယွမ်ကျောက်က မေးလိုက်၏။ "အဲဒါဆို မြင်းလှည်းလောက် မကောင်းပါဘူး။ ဖန်ကြီး ... ခင်ဗျားက စက်ဘီးနဲ့ လုပ်ငန်းဝန်ကြီးဌာနကို ယှဉ်ပြိုင်ချင်တာလား။"

ဖန်ကျန်းရီက ခေါင်းညိတ်ပြလိုက်သည်။

တကယ်တော့ ခရိုင်ထဲတွင် ထုတ်ပြစရာ ကောင်းသော ပစ္စည်းများ အများကြီး ရှိသည်။ ဘိလပ်မြေဆိုလျှင် အလွန်ကောင်းသော ပစ္စည်းဖြစ်၏။ သို့ပေမည့် ဘိလပ်မြေက သိပ်မထင်ရှားဘဲ ပြသရာတွင်လည်း အမြင်ပိုင်းအရ ဆွဲဆောင်မှု သိပ်မရှိချေ။ ယခုအချိန်တွင် စက်ဘီးက အကောင်းဆုံး ပစ္စည်းဖြစ်၏။

တောက်ယွမ်ခရိုင်တွင် ပထမဆုံး စက်ဘီး မပေါ်ပေါက်ခင်က ခရိုင်ထဲတွင် ကောင်းမွန်သော လမ်းများပင် မရှိသေးချေ။ အများစုမှာ သစ်သားသတ်သတ်ဖြင့် ပြုလုပ်ထားသော ကိုယ်ထည်များဖြစ်ပြီး လေထိုးထားသော တာယာများလည်း မပါရှိပေ။ ကျောက်စရစ်ခဲ လမ်းပေါ်တွင် စီးနင်းပါက စက်ဘီး မပြုတ်ထွက်သွားလျှင်တောင် တော်တော် အခြေအနေဆိုးဆိုး ဖြစ်သွားနိုင်သည်။

နောက်ပိုင်း တောက်ယွမ်ခရိုင်တွင် လမ်းများ ဖောက်လုပ်ပြီးသောအခါတွင်လည်း သုံးဖို့ မစဉ်းစားဖြစ်ခဲ့ပေ။ ခရိုင်က သေးငယ်ပြီး ပြည်သူများ၏ လှုပ်ရှားသွားလာသည့် ဧရိယာကလည်း မကျယ်ဝန်းသဖြင့် စက်ဘီးသုံးရန် မလိုအပ်ဘဲ ရှုပ်ယှက်ခတ်စေသည်ဟုသာ ထင်ခဲ့သည်။ ထို့ကြောင့် သိမ်းဆည်းထားလိုက်ပြီး ထပ်မံ ပြုပြင် မွမ်းမံရန် မစဉ်းစားဖြစ်ခဲ့ချေ။

ယခုတော့ မြို့တော်တွင် အခြေအနေများ ပြည့်စုံနေပြီ ဖြစ်၏။

ဤနှစ်များအတွင်း ပန်းရှန်းရပ်ကွက် စီမံကိန်းကြောင့် မြို့တော်အတွင်းရှိ လမ်းများကို အကြီးအကျယ် ပြုပြင်မွမ်းမံခဲ့သည်။ အချို့နေရာများတွင် မြေသားလမ်းများ ဖြစ်နေသေးသော်လည်း ညီညာပြန့်ကျူးအောင် ထိန်းသိမ်းထားသည်။ ဒုတိယအချက်အနေဖြင့် မြို့တွင်းမြို့ပြင်တွင် အထည်ချုပ်စက်ရုံများကို အဓိကထား၍ စက်ရုံများစွာ ပေါ်ပေါက်လာပြီး အလတ်စားနှင့် အသေးစား အလုပ်သမား ငှားရမ်းမှုများ ရှိလာသည်။

အလုပ်သွားလုပ်ရသော ပြည်သူများမှာ ခြေလျင်လျှောက်ရသဖြင့် စက်ဘီးသာ ရှိပါက များစွာ အဆင်ပြေသွားမည် ဖြစ်၏။ ယခုအချိန်သည် ဖြန့်ချိရန် အကောင်းဆုံး အချိန်ပင် ဖြစ်၏။

အချိန်သိပ်မကြာလိုက်ဘဲ လောင်ချီသည် ဂိုဒေါင်ထဲမှ စက်ဘီး တစ်စီးကို ထမ်းကာ ထွက်လာသည်။

တီထွင်မှုဘုရင် ဖန်ကျန်းရီ၏ ချိန်းကြိုး မပေါ်ပေါက်ခင် သမိုင်းဝင် ပထမဆုံး စက်ဘီးပင် ဖြစ်၏။ မူလ သစ်သား ကိုယ်ထည်ပေါ်တွင် ဖုန်အမည်းများ ကပ်ငြိနေပြီး မြေပေါ်သို့ ချလိုက်သည်နှင့် ဖုန်မှုန့်များ အလွင့်လွင့် ထွက်လာ၏။

မူလက ယုံကြည်မှု အပြည့်ရှိနေသော်လည်း ပစ္စည်းကို မျက်စိရှေ့တွင် မြင်လိုက်ရသောအခါ ဖန်ကျန်းရီမှာ စိတ်ထဲတွင် တွန့်ဆုတ်သွား၏။ ဤပစ္စည်းက အဆင်ပြေပါ့မလားဟု တွေးမိလိုက်သည်။

လောင်ချီက ပြောလိုက်၏။ "သခင်လေး ... ဒီပစ္စည်းက သိမ်းထားတာ အရမ်းကြာသွားလို့ပါ။ ကျုပ် အရင်ဆုံး သုတ်လိုက်ပါ့မယ်။"

သူသည် ဘယ်ကနေ ရလာမှန်းမသိသော အဝတ်စုတ် တစ်ခုကို ယူကာ စက်ဘီးကို ရမ်းသမ်း ပွတ်သုတ်လိုက်ရာ မူလ သစ်သားအရောင် အနည်းငယ် ပြန်ပေါ်လာသည်။

လီယွမ်ကျောက်၏ မျက်ခမ်းထောင့်များ နှစ်ကြိမ်ခန့် တုန်ခါသွားသည်။ သို့နှင့် မေးလိုက်၏။ "ဖန်ကြီး ... ခင်ဗျား ဒီပစ္စည်းက အဆင်ပြေမယ်ဆိုတာ သေချာလို့လား။ ဒါက အစုတ်ကြီးပဲလေ။ တကယ်လို့ ပစ္စည်းကောင်းဆိုရင် ဘာလို့ အစောကြီးတည်းက မထုတ်လာတာလဲ။"

ဖန်ကျန်းရီက နှာခေါင်းရှုံ့ပြီး ပြန်ပြောလိုက်သည်။ "အစုတ်ဟုတ်လား။ အခု ကြည့်ရတာ စုတ်ပြတ်နေပေမဲ့ အသုံးဝင်မှုက အများကြီးပဲ။ နောက်ဆိုရင် သတင်းထောက်တွေ အပြင်ထွက် သတင်းယူရင် မြင်းစီးစရာ မလိုတော့ဘူး။ လမ်းကြားတွေထဲ ဝင်ထွက်သွားလာဖို့ ဒါကိုပဲ အားကိုးရတော့မှာ။ မြို့တော်ထဲက ကလေး၊ လူကြီး၊ မိန်းမ၊ ယောက်ျား အားလုံး သူ့ကို မခွဲနိုင် မခွာရက် ဖြစ်သွားမယ်လို့ ကျုပ် ရဲရဲကြီး အာမခံရဲတယ်။"

လီယွမ်ကျောက်က တံတွေးမြိုချပြီး မေးလိုက်၏။ "ဒါပေမဲ့ ... ဒီမှာ ကိုယ်ထည်တစ်ခုနဲ့ ဘီးနှစ်ဘီးပဲ ရှိတာလေ။"

ဖန်ကျန်းရီက သစ်သားစက်ဘီးထိုင်ခုံကို ပုတ်လိုက်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "ဒါက မြို့ပြလမ်းကြမ်းမောင်းနှင်မှု၊ ခေတ်သစ်နေထိုင်မှု ဘဝပုံစံပဲ။"

လီယွမ်ကျောက်က သံသယဝင်နေသော မျက်လုံးများဖြင့် စက်ဘီးကို အကဲခတ်ရင်း မေးလိုက်၏။ "ခင်ဗျားပြောတာ ဘာတွေမှန်း နားမလည်ဘူး။ ဒီပစ္စည်းကို ဘယ်လို သုံးရမှာလဲ။"

ဖန်ကျန်းရီက ရှင်းပြလိုက်သည်။ "အပေါ်ကို တက်ထိုင်ပြီး အောက်က နင်းတံကို နင်းလိုက်ရင် ရှေ့ကို ရွေ့သွားလိမ့်မယ်။ ဒါပေမဲ့ ရိုးရှင်းတဲ့ လေ့ကျင့်မှု နည်းနည်းတော့ လိုတယ်။ ချက်ချင်း နင်းလို့ ရမှာမဟုတ်ဘူး။"

ဖန်ကျန်းရီ စကားပင်မဆုံးသေးခင် လီယွမ်ကျောက်က ကိုယ်တိုင် သွားရောက် စီးနင်းလိုက်သည်။ "ကျုပ် လုပ်မယ်။"

ခြေဟန်လက်ဟန်က အလွန် ကျွမ်းကျင်ပုံပေါ်ပြီး ထိုင်ခုံပေါ်တွင် ခွထိုင်ကာ လက်ကိုင်ကို ကိုင်ထား၏။ ခြေတစ်ဖက်က နင်းတံကို နင်းကာ အားထည့်လိုက်သည်။

ဒေါက်။

နင်းတံ ကျိုးသွားလေပြီ။

လီယွမ်ကျောက်သည် စက်ဘီးပေါ်တွင် မှိုင်တွေစွာ ထိုင်နေပြီး ဖန်ကျန်းရီကို အားနာစွာ ကြည့်လိုက်ကာ အောက်သို့ငုံ့၍ လေ့လာနေလိုက်၏။

ဖန်ကျန်းရီက ပြောလိုက်သည်။ "အင်း ... ဒီပစ္စည်းက သိမ်းထားတာ ကြာသွားသလို ပုံမှန်လည်း ထိန်းသိမ်းမှု မလုပ်ခဲ့တော့ ပျက်သွားလည်း ပျက်သွားပါစေတော့လေ။ လောင်ချီ... လူတွေ စီစဉ်ပြီး စက်ဘီးတွေ တတ်နိုင်သမျှ များများ ဖန်တီးပေးပါ။ အသုံးဝင်မယ့် နေရာ အများကြီး ရှိတယ်။"

လောင်ချီက ကျိုးသွားသော နင်းတံကို ကြည့်ကာ မေးလိုက်၏။ "နားလည်ပါပြီ သခင်လေး။ ပြုပြင်မွမ်းမံဖို့ လိုသေးလား။ သစ်သားဆိုတော့ အရမ်းကျွတ်ဆတ်ပြီး လူရဲ့ အလေးချိန်ကို မခံနိုင်မှာ စိုးလို့ပါ။"

ဖန်ကျန်းရီက ညွှန်ကြားလိုက်သည်။ "အင်း ပြင်ရမယ်။ အကြီးအကျယ်ကို ပြင်ရမယ်။ ခံနိုင်ရည်ရှိအောင် လုပ်ရမယ်။ ရှေ့မှာ ခြင်းတောင်း တစ်ခု တပ်ပေးပြီး အနောက်မှာ လူတစ်ယောက် စီးလို့ရအောင် ထိုင်ခုံတစ်ခု ထပ်တပ်ပေး။ ပြီးတော့ လက်ကိုင်မှာ လမ်းသွားလမ်းလာတွေကို သတိပေးဖို့ ခေါင်းလောင်းတစ်ခု တပ်ပေး။

အဓိကကတော့ ထိုင်ခုံပဲ။ အမာစားတွေမို့လို့ ငြိမ့်ညောင်းမှု မရှိဘူး၊ အဲဒါကို ဝါဂွမ်းတွေနဲ့ အိနေတဲ့ ထိုင်ခုံအဖြစ် ပြောင်းပေး။ နောက်ပြီး ငြိမ့်ညောင်းမှု ပိုကောင်းအောင် တခြားနည်းလမ်းတွေ ရှိမရှိ စဉ်းစားကြည့်အုံး။ လောလောဆယ်တော့ ဒီလောက်ပဲ။ အကုန် မှတ်ထားလိုက်ပြီလား။ သစ်သားသုံးတာအပြင် ပန်းပဲဖိုက လူတွေကို သွားရှာပြီး သတ္တုနဲ့လုပ်ထားတဲ့ ပုံစံမျိုး လုပ်ခိုင်းလိုက်။ နည်းနည်းပို အဆင့်မြင့်ပြီး အပြင်ပန်းကိုလည်း လှလှပပလေး လုပ်ပေး။ ဒါပဲ။"

လောင်ချီက ခဏမျှ စဉ်းစားပြီးနောက် တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်၏။

ဖန်ကျန်းရီ အလွယ်တကူ မှာကြားပြီးနောက် လီယွမ်ကျောက်ဘက်သို့ လှည့်ကြည့်လိုက်ရာ ရုတ်တရက် အံ့အားသင့်သွား၏။

လီယွမ်ကျောက်သည် နင်းတံမရှိသော စက်ဘီးပေါ်တွင် ထိုင်ကာ လက်ကိုင်ကို ကိုင်ပြီး ခြေထောက်နှစ်ဖက်ဖြင့် မြေကြီးကို စောင့်ကန်ကာ စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ လျှောတိုက်သွားနေသည်။

လီယွမ်ကျောက်က ပြောလိုက်၏။ "ဖန်ကြီး ... ခင်ဗျားရဲ့ ဒီပစ္စည်းက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတာပဲ။"

All Chapters