အခန်း ၁၅၀၁
Vol. 101 Ch. 1501
အပိုင်း ( 1501 ) နားလည်ခြင်းများ။
လုမင် သူ့နှာခေါင်းကို ပွတ်ရင်း ခါးသက်သက်ဖြင့် ပြုံးလိုက်သည်။ တစ်ဖက်လူက ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်ဖြင့် တင်းမောက်ကိုပင် ဖိနှိပ်နိုင်သူ ဖြစ်၏။ သူကလည်း မည်သို့သာမန်လူ ဖြစ်နိုင်ပါမည်နည်း။
"ဆရာတူညီလေး လုမင်၊ နောက်တစ်ခါ တုန်ထျန်းစင်မြင့်မှာ ဘယ်သူကပိုပြီး ကောင်းကင်တာအိုသားရဲတွေကို သတ်နိုင်မလဲဆိုတာ ယှဉ်ပြိုင်ကြရအောင်လား"
ထျန်းချွေး၏ မျက်လုံးများက ပြင်းထန်သော တိုက်ပွဲဝင်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
'ဆရာတူအစ်ကို ထျန်းချွေးက တိုက်ခိုက်ရတာကို ကြိုက်နှစ်သက်တဲ့ လူတစ်ယောက်လို့တော့ ငါကြားဖူးပါတယ်။ ကြည့်ရတာ ဒါက အမှန်ဖြစ်နေပုံပဲ'
လုမင် သူ့စိတ်ထဲမှ တွေးလိုက်သည်။ ထို့နောက် သူ ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ"
"ဒါဆို စလိုက်ကြရအောင်"
ထျန်းချွေး စိတ်လှုပ်ရှားသွားသည်။
လုမင်လည်း ခေါင်းညိတ်ပြပြီး နောက်ထပ် အလယ်အလတ်တန်းစား ကျောက်ကြမ်းနှစ်သိန်း ပေးချေရန် ကောင်တာသို့ လျှောက်သွားလေသည်။
တုန်ထျန်းစင်မြင့်သို့ တစ်ကြိမ်တက်ရောက်တိုင်း အလယ်အလတ်တန်းစား ကျောက်ကြမ်းနှစ်သိန်းကို ပေးဆောင်ကြရမည် ဖြစ်သည်။ ယင်းက ဈေးကြီးသော်လည်း အကျိုးသက်ရောက်မှုက အံ့မခန်းပင်။ လုမင်အတွက်တော့ အလွန်တရာတန်သည်။
ဟုတ်ပေသည်၊ တာအိုနယ်မြေ အဆင့်နိမ့်သူများတွက် စင်မြင့် တစ်ခု၊ နှစ်ခုမျှ တက်ပြီးသည်နှင့် ကျရှုံးသွားနိုင်သည့်အတွက် သူတို့အတွက်တော့ မတန်ပေ။ သူတို့၏ ရိတ်သိမ်းနိုင်မှုကလည်း အလယ်လတ်တန်းစား ကျောက်ကြမ်းနှစ်သိန်းနှင့် လုံးဝ တန်မည်မဟုတ်ပါ။
လေ့ကျင့်ရန် ဤနေရာသို့ ရောက်လာသူများက များသောအားဖြင့် စတုတ္ထအဆင့် တာအိုနယ်မြေ အထက် သို့မဟုတ် ၎င်းတို့၏ တာအိုနယ်မြေများတွင် တစ်ဆို့နေသူများ ဖြစ်သည်။
လုမင်လည်း ကျောက်ကြမ်းနှစ်သိန်းကို ပေးဆောင်ပြီးနောက် ထျန်းချွေးနှင့်အတူ တုန်ထျန်းစင်မြင့်တစ်ခုစီ ရွေးချယ်ကာ တက်လှမ်းခဲ့ကြသည်။
ယခင်ကကဲ့သို့ပင် သူတို့နှစ်ဦး တင်ပျဉ်ခွေထိုင်လိုက်သည်နှင့် ကမ္ပည်းစာလုံးများက ဖုံးအုပ်သွား၏။
လုမင်ကတော့ အလျင်မလိုပါ။ ကောင်းကင်တာအိုသားရဲများကို သတ်ဖြတ်ပြီးနောက် ကစဉ့်ကလျားတာအိုနယ်မြေကို နားလည်ဆင်ခြင်ခဲ့သည်။
ထျန်းချွေးမှာလည်း ထို့အတူပင်။ သူတို့၏ အမြန်နှုန်းက အတူတူနီးပါးဖြစ်ပြီး ပထမ တုန်ထျန်းစင်မြင့်ကို ဖြတ်ကျော်သွားခဲ့သည်။ ထို့နောက် ဒုတိယ တုန်ထျန်းစင်မြင့်၊ ထိုမှ တတိယမြောက် တုန်ထျန်းစင်မြင့်သို့ ဖြတ်သွားကြ၏။
တုန်ထျန်းစင်မြင့်များ တစ်ခုပြီးတစ်ခု တက်သွားပြီ။ ဆဌမမြောက် တုန်ထျန်းစင်မြင့်ကို ဖြတ်ကျော်ပြီးနောက်၊ လုမင်၏ ကစဉ့်ကလျားတာအိုနယ်မြေက တတိယအဆင့်၏ ကန့်သတ်ချက်သို့ ရောက်ရှိခဲ့ပြီး စတုတ္ထအဆင့် ခြေတစ်လှမ်းသာ ဝေးခဲ့သည်။
ထို့နောက် စတုတ္ထအဆင့်ကို စတင်ဝင်ရောက်နိုင်လိမ့်မည်။
'သတ္တမမြောက် တုန်ထျန်းစင်မြင့်... သတ္တမအဆင့် တာအိုနယ်မြေ၊ အဲဒါက ဘယ်လောက်တောင် အားကောင်းလိမ့်မလဲ'
ဆဋ္ဌမမြောက် တုန်ထျန်းစင်မြင့်ပေါ်တွင်ရပ်ရင်း လုမင် ရေရွတ်လိုက်သည်။
"ဟားဟားဟား၊ ညီလေး... ငါအရင်သွားလိုက်မယ်"
ဘေးနားတွင်၊ ထျန်းချွေးက ရယ်မောပြီး ရှေ့တစ်လှမ်းတိုး၍ သတ္တမမြောက် တုန်ထျန်းစင်မြင့်ပေါ်သို့ တက်လှမ်းလိုက်သည်။
လုမင်လည်း ပြုံးပြီး သတ္တမမြောက် တုန်ထျန်းစင်မြင့်ပေါ်ကို တက်သွား၏။ ထို့နောက် တင်ပျဉ်ခွေထိုင်လိုက်ရာ ကမ္ပည်းစာလုံးများက သူ့အား လွှမ်းခြုံသွားတော့သည်။
နောက်အခိုက်အတန့်တွင်၊ ကောင်းကင်တာအိုစစ်မြေပြင်၌ လုမင် ပေါ်လာခဲ့သည်။
"ဂါး"
ကောင်းကင်တာအိုသားရဲတစ်ကောင် ပေါ်လာခဲ့သည်။ သူ့နဖူးတွင် ရွှေရောင်အမှတ်အသား ခုနစ်ခုပါရှိပြီး အားကောင်းသော အရောင်အဝါများ ပေါက်ကွဲထွက်လာခဲ့၏။
"ဝှစ်"
နောက်အခိုက်အတန့်တွင်၊ ကောင်းကင်တာအိုသားရဲက လုမင်ရှေ့သို့ ရောက်လာတော့သည်။
"ဝုန်း"
လုမင်၏ လက်ထဲတွင် လှံတစ်ချောင်း ပေါ်လာခဲ့သည်။ လှံချက်က ကောင်းကင်တာအိုသားရဲကို ထိမှန်သွား၏။
"ဒုန်း"
ကောင်းကင်တာအိုသားရဲလည်း မီတာရာဂဏန်းအကွာသို့ တိုက်ရိုက် လွင့်စဉ်ကာ ပြုတ်ကျသွားတော့သည်။ သို့သော်လည်း ချက်ချင်း ခေါင်းယမ်းကာ ပြန်ထလာခဲ့သည်။
'သန်မာလှချေလား'
လုမင်၏ နှလုံးသားထဲတွင် လှုပ်ရှားသွားသည်။
သတ္တမအဆင့် ကောင်းကင်တာအိုသားရဲက ဆဋ္ဌမအဆင့် ကောင်းကင်တာအိုသားရဲထက် အဆပေါင်းများစွာ အားကောင်း၏။ သူ့စွမ်းရည်ကို အပြည့်အ၀ ထုတ်ဖော်ထားလျှင်ပင် မသတ်နိုင်သေးပေ။
"ဂါး၊ ဂရား"
ထိုအချိန်တွင်၊ ကောင်းကင်တာအိုသားရဲများ ထပ်မံပေါ်လာပြီး လုမင်အား တိုက်ခိုက်လိုက်ကြသည်။
"ဝမ်"
လုမင်၏ လှံရှည်က တုန်ခါသွားပြီး ကောင်းကင်တာအိုသားရဲအုပ်ထဲသို့ တိုးဝင်သွား၏။
"ဒုန်း၊ ဒုန်း"
လှံရှည်က လှုပ်ရှားလိုက်သည်နှင့် လှံအရိပ်များစွာ ထွက်ပေါ်လာတော့သည်။ ကောင်းကင်တာအိုသားရဲများမှာလည်း သဲအိတ်များကဲ့သို့ လွင့်စဉ်သွားကြသည်။ သို့သော်၊ သူတို့အားလုံး ဘာမျှမဖြစ်ကြဘဲ ပြန်ထလာပြီး လုမင်ကို တိုက်ခိုက်ကြပြန်တော့သည်။
"ဝှစ်..."
လှံရှည်က စွမ်းအင်လေးဆင့် ပေါက်ကွဲထွက်ပြီး ကောင်းကင်တာအိုသားရဲတစ်ကောင်ကို ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
သို့သော်၊ ဤကောင်းကင်တာအိုသားရဲက မသေသေးဘဲ လုမင်အား မလှုပ်သာစေရန် ဖမ်းချုပ်ထားလိုက်၏။
ထိုအချိန်တွင် အခြား ကောင်းကင်တာအိုသားရဲများက တိုက်ခိုက်လာသောကြောင့် လုမင် နောက်ကိုဆုတ်လိုက်ရတော့သည်။ သို့တိုင်၊ ကောင်းကင်တာအိုသားရဲတစ်ကောင်၏ လက်သည်းကုပ်ချက်ကြောင့် နာကျင်မှုကို ခံစားလိုက်ရသည်။
ထိုအချိန်တွင် ကောင်းကင်တာအိုသားရဲကို ထိုးဖောက်ခဲ့သော လှံရှည်က ကစဉ့်ကလျားတာအိုနယ်မြေအဖြစ်သို့ ပြန်လည် ပြောင်းလဲပြီး ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် လုမင်၏လက်ထဲတွင် လှံရှည်အဖြစ် ပြန်ပေါ်လာ၏။
တစ်ချိန်တည်းမှာပင် လုမင်၏ ခန္ဓာကိုယ်ထဲသို့ ရွှေရောင် အမှတ်အသားခုနစ်ခု ပျံ့လွင့်လာတော့သည်။
လှံရှည်ဖြင့် ဖောက်ထွင်းခံရသော ကောင်းကင်တာအိုသားရဲမှာ နောက်ဆုံးတော့ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
'မဖြစ်သေးဘူး၊ တစ်ကောင်သေဖို့ ငါလည်း ဒဏ်ရာရရှိရမယ်ဆိုရင် သတ္တမမြောက် စင်မြင့်ကိုရောက်ဖို့ ငါ့အတွက် အရမ်းခက်ခဲလိမ့်မယ'
လုမင် သူ့စိတ်ထဲမှ တွေးလိုက်သည်။
အကယ်၍၊ ဤနည်းအတိုင်း ဆက်သွားပါက ကောင်းကင်တာအိုသားရဲအားလုံးကို မသတ်နိုင်မီ သူ အသတ်ခံလိုက်ရမည် ဖြစ်သည်။ သူ ဤနေရာတွင် အသတ်ခံရသည်နှင့် သူ့အသိစိတ်က သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာပြီး ကျရှုံးသွားလိမ့်မည်။
'အစွန်းရောက်လှံဆယ့်သုံးချက်ရဲ့ စွမ်းအားက မလုံလောက်သေးဘူး။ ဒါက ဒုတိယအဆင့် စွမ်းအားနဲ့ပဲ ညီမျှသေးတာ။ တတိယအဆင့် ဒါမှမဟုတ် စတုတ္ထအဆင့်နဲ့ ညီမျှပြီး ဆဋ္ဌမအဆင့် ဒါမှမဟုတ် အဋ္ဌမအဆင့်ရဲ့ တိုက်ခိုက်ရေးစွမ်းအားနဲ့ ပေါက်ကွဲထွက်နိုင်လိမ့်မယ်။ ဒါဆိုရင် ဒီစင်မြင့်ကိုဖြတ်ကျော်ဖို့ ပြဿနာရှိမှာမဟုတ်တော့ဘူး'
လုမင် တွေးလိုက်၏။
လုမင်လည်း ကောင်းကင်တာအိုသားရဲများကိုသတ်ရန် အလျင်မလိုတော့ပါ။ ထိုအစား၊ သူဟာ ကောင်းကင်တာအိုသားရဲများကို အသုံးပြုပြီး အစွန်းရောက်လှံဆယ့်သုံးချက်ကို ကစဉ့်ကလျားတာအိုနယ်မြေသို့ ဖြည်းဖြည်းချင်း ပေါင်းစည်းခဲ့သည်။
ဤအတောအတွင်း၌ ကောင်းကင်တာအိုသားရဲများ တစ်ကောင်ပြီးတစ်ကောင် လွင့်စဉ်သွားကြသော်လည်း ပြန်လည် ထလာခဲ့၏။
လှံရှည်က လှုပ်ရှားသွားသည်နှင့် ကောင်းကင်တွင် နဂါးများကဲ့သို့ လှံအလင်းများ ပြည့်နေတော့သည်။ ကောင်းကင်တာအိုသားရဲ တစ်ရာကျော်က စုပြုံတိုက်ခိုက်ခဲ့သော်လည်း လုမင်၏ ခံစစ်ကိုတော့ မဖြတ်ကျော်နိုင်တော့ပေ။
အချိန်တစ်ခုကြာပြီးနောက်...
"ဝုန်း"
လုမင်၏ လှံချက်ထိမှန်ပြီးနောက် ကောင်းကင်တာအိုသားရဲတစ်ကောင် လွင့်စဉ်သွားသည်။ တချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်တဝက် ပေါက်ကွဲသွား၏။ ၎င်းက ပြန်ထရပ်လိုက်သော်လည်း လဲကျသွားတော့သည်။ ရွှေရောင်အမှတ်အသား ခုနစ်ခုကလည်း လုမင်၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသည်။
"တတိယအဆင့်၊ ဆဋ္ဌမအဆင့်ရဲ့ တိုက်ခိုက်ရေးစွမ်းအား"
လုမင် အလွန်ဝမ်းသာသွားသည်။ အစွန်းရောက်လှံ ဆယ့်သုံးချက်၏ စွမ်းအားက တစ်ဖန်တိုးတက်လာသောကြောင့် သူ့စွမ်းအားမှာလည်း အလွန်တိုးတက်လာခဲ့ပြီ။
မူလက သူဟာ အစွန်းရောက်လှံဆယ့်သုံးချက်ကို ပဉ္စမအဆင့်ထိ လေ့ကျင့်ထားပြီး အဆင့်တစ်ဆယ် တိုက်ခိုက်ရေးစွမ်းအားကို ထုတ်လွှတ်နိုင်ခဲ့သည်။ ယခုတော့ ကစဉ့်ကလျားတာအိုနယ်မြေတွင် ပေါင်းစပ်ခြင်းကြောင့် အခက်အခဲက ပိုမြင့်မားသလို စွမ်းအားမှာလည်း ပို၍ ကြီးမားလာခဲ့ပြီ။
လှံချက် ထုတ်ဖော်လိုက်သည်နှင့် ဆဋ္ဌမအဆင့်၏ တိုက်ခိုက်ရေးစွမ်းအားဖြင့် စွမ်းအားခြောက်ဆ ရုတ်တရက် တိုးလာခဲ့သည်။
"ဒုန်း"
သားရဲတစ်ကောင် လွင့်စဉ်ပြီး အပိုင်းပိုင်း ပေါက်ကွဲသွား၏။
"ဝုန်း၊ ဝုန်း"
လုမင်၏ လှံရှည်က အစစ်အမှန် နဂါးတစ်ကောင်ကဲ့သို့ လူးလွန့်လှုပ်ရှားပြီး ကောင်းကင်တာအိုသားရဲများကို အဆက်မပြတ် ထိုးဖောက်သွားတော့သည်။
ကောင်းကင်တာအိုသားရဲများ တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်ခံကြရပြီး ရွှေရောင်အမှတ်အသားများကလည်း လုမင်ဆီသို့ အဆက်မပြတ် ပျံသန်းလာခဲ့ကြသည်။
မကြာမီ၊ နောက်ဆုံး ကောင်းကင်တာအိုသားရဲ သေဆုံးသွားပြီး လုမင်၏ အသိစိတ်က သူ့ခန္ဓာကိုယ်ထဲကို ပြန်ရောက်ခဲ့ပေသည်။
လုမင် မျက်လုံးဖွင့်ပြီး ထျန်းချွေးကို လှမ်းကြည့်လိုက်သည်။ ထိုအခါ ထျန်းချွေး၏ ခန္ဓာကိုယ်က ရွှေရောင်အလင်းတန်းများ ဖြာထွက်နေကြောင်း မြင်လိုက်ရ၏။ ထျန်းချွေးကတော့ ရွှေရောင်အမှတ်အသားများကို သန့်စင်နေပြီ။
ထျန်းချွေးက လုမင်ထက်စောပြီး ကျော်ဖြတ်နိုင်ခဲ့သည်။
လုမင် ပြုံးလိုက်၏။ ယင်းက ပုံမှန်သာဖြစ်သည်။ နောက်ဆုံးတွင်၊ ထျန်းချွေး၏ တာအိုနယ်မြေက ဆဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီ။ ထို့အပြင် ထျန်းချွေးက သာမန်လူမဟုတ်ဘဲ အလွန်အစွမ်းထက်သူဖြစ်သောကြောင့် သူ့ထက်စောပြီး ကျော်ဖြတ်သွားခြင်းမှာ ပုံမှန် ဖြစ်သည်။
လုမင်လည်း မျက်လုံးကိုပြန်မှိတ်ပြီး သူရရှိခဲ့သော ကောင်းကင်တာအို အမှတ်အသားများကို စတင် သန့်စင်လိုက်လေသည်။
နေ့ဝက်ကြာပြီးနောက်၊ ကောင်းကင်တာအို အမှတ်အသားအားလုံးကို လုမင် သန့်စင်ပြီးသွားသည်။
"ငါ မချိုးဖြတ်နိုင်သေးဘူးပဲ၊ စတုတ္ထအဆင့် တာအိုနယ်မြေကို ဖြတ်ကျော်ဖို့က မလွယ်ဘူးထင်တယ်"
လုမင် ခေါင်းယမ်းလိုက်သည်။
ထို့နောက် သူ့လှမ်းကြည့်လိုက်တော့ ပြုံးပြုံးကြီးဖြင့် သူ့ကိုပြန်ကြည့်နေသော ထျန်းချွေးကို မြင်လိုက်ရ၏။
"ဆရာတူညီလေးက တကယ်ကို ထူးကဲတဲ့သူပဲ။ တတိယအဆင့် တာအိုနယ်မြေနဲ့ သတ္တမအဆင့် တုန်ထျန်းစင်မြင့်ကို တကယ်ကြီး ကျော်ဖြတ်သွားနိုင်တယ်။ ငါ ကြိုက်တယ်"
ထျန်းချွေး ပြုံးလိုက်သည်။
"ဆရာတူအစ်ကိုကလည်း အံ့ဩစရာပါပဲ၊ ကျွန်တော် ဆရာတူအစ်ကို့ကို မယှဉ်နိုင်သေးဘူး"
လုမင်လည်း ပြုံးလိုက်၏။
"ဟားဟားဟား၊ ဆရာတူညီလေး... မင်း အဋ္ဌမမြောက် တုန်ထျန်းစင်မြင့်ကို ကျော်ဖြတ်ချင်သေးလား။ အဋ္ဌမမြောက်စင်မြင့်ကို ကျော်ဖြတ်ချင်ရင်တော့ ငါ မင်းရဲ့ဆရာတူအစ်ကိုက မင်းကို ရှုံးနိမ့်ကြောင်း တိုက်ရိုက်ဝန်ခံရလိမ့်မယ်"
ထျန်းချွေးက ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။
"တော်ပါပြီ"
လုမင် ခေါင်းကိုခါယမ်းလိုက်လေသည်။
အဋ္ဌမမြောက်စင်မြင့်မှ ကောင်းကင်တာအိုသားရဲများက သတ္တမမြောက်စင်မြင့်ရှိ ကောင်းကင်တာအိုသားရဲများထက် များစွာ အားကောင်းမည်မှာ သေချာသည်။ လုမင်၏ အစွန်းရောက်လှံဆယ့်သုံးချက်က တိုးတက်ရန်ရှိသေးသော်လည်း အဋ္ဌမစင်မြင့်ကို ဖြတ်ကျော်ရန်တော့ မဖြစ်နိုင်ပေ။