အခန်း ၁၅၀၂
Vol. 101 Ch. 1502
အပိုင်း ( 1502 ) စန်းပြည်နယ်၏ တင်းပေါင် ညီလာခံ။
နောက်ဆုံးတွင်၊ သူ၏ ကစဉ့်ကလျားတာအိုနယ်မြေက တတိယအဆင့်တွင်သာ ရှိသေးသည်။ သူ၏ တိုက်စစ်စွမ်းအားက အားကောင်းလျှင်ပင် ခံစစ်က အားနည်းသွားလိမ့်မည် ဖြစ်သည်။ ဖြစ်ကောင်းဖြစ်နိုင်သည်က တိုက်ခိုက်မှု တစ်ကြိမ်၊ နှစ်ကြိမ် အပြီးတွင် သူ သေဆုံးသွားလိမ့်မည်။
လုမင်ကိုယ်တိုင် ကောင်းကင်တာအိုသားရဲ တစ်ရာ့ရှစ်ကောင်၏ တိုက်ခိုက်ခြင်းကို ရင်ဆိုင်နိုင်မည်ဟု မယုံပါ။
သူ၏ ကစဉ့်ကလျားတာအိုနယ်မြေသာ စတုတ္ထအဆင့်သို့ မရောက်ရှိပါက၊ အဋ္ဌမမြောက် တုန်ထျန်းစင်မြင့်ကို စိန်ခေါ်ရန် သူ့တွင် ယုံကြည်မှုရှိမည် မဟုတ်ပေ။
"ဆရာတူအစ်ကို၊ ဒါတွေကို ချေဖျက်ဖို့ ကျွန်တော်အတွက် အချိန်တစ်ခုလိုတယ်။ အစ်ကို ဆက်လုပ်ချင်ရင် လုပ်ပါ"
လုမင် လက်ယှက်ပြီး ပြောလိုက်သည်။
"ဟားဟားဟား၊ သွားပါ"
ထျန်းချွေးက ရယ်မောရင်း ခေါင်းညိတ်လိုက်၏။
လုမင်လည်း တုန်ထျန်းစင်မြင့်ပေါ်မှ ခုန်ဆင်းပြီး နှင်းတောင်ဆီသို့ ပြေးထွက်ခဲ့တော့သည်။
သူဟာ တုန်ထျန်းစင်မြင့်ကို နှစ်ကြိမ်တိုင်တိုင် စိန်ခေါ်ခဲ့ပြီး ကောင်းကင်တာအိုအမှတ်အသားကို စုပ်ယူကာ သန့်စင်ထားခဲ့သည်။ ထိုအမှတ်အသားများက စုပ်ယူထားပြီးဖြစ်သော်လည်း စနစ်တကျ ထပ်မံချေဖျက်ရန် အချိန်လို၏။ ထိုမှသာ တုန်ထျန်းစင်မြင့်ကို နောက်တစ်ဖန် တက်ရောက်ချိန်တွင် အကျိုးသက်ရောက်မှုများစွာ ပိုကောင်းပေလိမ့်မည်။
အကယ်၍၊ တုန်ထျန်းစင်မြင့်ကိုသာ ဆက်လက်တက်လှမ်းပြီး ကောင်းကင်တာအိုအမှတ်အသားများကို စုပ်ယူနေပါက အကျိုးသက်ရောက်မှု မကောင်းနိုင်သည့်အပြင် မလိုလားအပ်သော ပြဿနာများလည်း ဖြစ်ပေါ်လာနိုင်သည်။
ထို့ကြောင့်၊ နဂါးနတ်ဘုရားတောင်ကြားက တပည့်များ ၎င်းတို့၏ ကောင်းကင်တာအိုအမှတ်အသားများကို ချေဖျက်ရန်နှင့် သန့်စင်ရန်အတွက် နှင်းတောင်တွင် လိုဏ်ဂူများကို ပြုလုပ်ပေးထားခဲ့သည်။
လုမင်လည်း ဂူအလွတ်တစ်ခုထဲသို့ ဝင်ကာ တံခါးကိုပိတ်၍ တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် ကစဉ့်ကလျားတာအိုနယ်မြေကို ဖြန့်ကျက်ပြီး တိတ်တဆိတ် နားလည်ဆင်ခြင်လိုက်၏။
ရက်အနည်းငယ်ကြာပြီးနောက် လုမင်က လှိုဏ်ဂူထဲမှ ထွက်လာကာ တုန်ထျန်းစင်မြင့်ပေါ်သို့ ထပ်မံတက်လှမ်းခဲ့ပေသည်။
ဤသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းမှာ တစ်လကြာသွားသည်။
တစ်လကြာ ကြိုးစားလုပ်ဆောင်ပြီးနောက်၊ သူ၏ ကစဉ့်ကလျားတာအိုနယ်မြေက နောက်ဆုံးတွင် အောင်မြင်မှုတစ်ခု ရရှိခဲ့ပေသည်။ ယင်းက စတုတ္ထအဆင့်သို့ ချိုးဖြတ်သွားပြီး စွမ်းအား အလွန်တိုးတက်လာခဲ့သည်။
ယင်းက လုမင်ကို သက်ပြင်းချစေသည်။ သူ၏ ကစဉ့်ကလျားတာအိုနယ်မြေကို လေ့ကျင့်ရန် ခက်ခဲခြင်းက အမှန်တကယ် ထိတ်လန့်စရာပင်။ ဤတစ်လတွင် သူ၏ ထည့်ဝင်မှတ်တစ်သိန်းနှင့် ညီမျှသော အလယ်အလတ်တန်းစား ကျောက်ကြမ်း သန်းပေါင်းများစွာကို သုံးစွဲခဲ့ရသည်။ သို့မှသာ၊ နောက်ဆုံးတွင် သူ၏ ကစဉ့်ကလျားတာအိုနယ်မြေက အဆင့်တက်နိုင်ခဲ့ပေသည်။
ချိုးဖြတ်ပြီးသွားသော်လည်း လုမင်က ထွက်ခွာမသွားဘဲ တုန်ထျန်းစင်မြင့်ပေါ်တွင် ဆက်လက် လေ့ကျင့်နေခဲ့သည်။
ကစဉ့်ကလျားတာအိုနယ်မြေက စတုတ္ထအဆင့်သို့ ချိုးဖြတ်သွားပြီးနောက် ၎င်း၏စွမ်းအားမှာ သိသိသာသာ တိုးလာခဲ့ပေသည်။ လုမင်လည်း ကစဉ့်ကလျားတာအိုနယ်မြေတွင် အစွန်းရောက်လှံ ဆယ့်သုံးချက်ကို ပေါင်းစပ်ထားခဲ့သည်။ သူ၏ တိုက်ခိုက်မှုတိုင်းတွင် တိုက်ခိုက်မှုစွမ်းအား ဆယ်ဆဖြင့် ပေါက်ကွဲထွက်လာခဲ့၏။ ထိုသို့ဖြင့် အဋ္ဌမမြောက် တုန်ထျန်းစင်မြင့်ကို ဖြတ်ကျော်နိုင်ခဲ့ကာ သူ၏ ကျင့်ကြံခြင်းအရှိန်မှာလည်း အနည်းငယ် တိုးတက်လာတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ်တစ်လ ကုန်လွန်သွားခဲ့သည်။ လုမင်၏ ကစဉ့်ကလျားတာအိုနယ်မြေသည်လည်း စတုတ္ထအဆင့်၏ အထွတ်အထိပ်သို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့ပြီ။
သို့သော်လည်း ထိုအချိန်တွင် လုမင်အတွက် ထွက်ခွာရန်မှတပါး ရွေးချယ်စရာမရှိ ဖြစ်ခဲ့သည်။
အကြောင်းမူကား၊ စင်မြင့်က ပိတ်သိမ်းတော့မည်။
တုန်ထျန်းစင်မြင့်ကို လည်ပတ်စေရန်မှာ စွမ်းအင်ပမာဏများစွာ လိုအပ်သည်။ ထို့အပြင် ပြုပြင်ထိန်းသိမ်းရန်အတွက် မကြာခဏ ပိတ်ရ၏။ မဟုတ်ပါက စွမ်းအင်မလုံလောက်ဘဲ တုန်ထျန်းစင်မြင့်တွင် ပြဿနာဖြစ်လာလိမ့်မည်။
ယင်းက အကြိမ်တိုင်းတွင် နှစ်လ၊ သုံးလခန့် ပိတ်ထားမည် ဖြစ်သည်။
အမှန်တော့၊ တုန်ထျန်းစင်မြင့်ကို သုံးလကြာ ဖွင့်ပြီးပါက လအနည်းငယ်ကြာ ပိတ်ထားပေလိမ့်မည်။
"ဆရာတူညီလေး၊ တိမ်နဂါးတောင်ကြားကို ပြန်ကြရအောင်"
ထျန်းချွေးက လုမင်ဆီသို့ လျှောက်လာခဲ့သည်။
လွန်ခဲ့သည့်လအနည်းငယ်က ထျန်းချွေးသည်လည်း တုန်ထျန်းစင်မြင့်ပေါ်တွင် လေ့ကျင့်နေခဲ့ပေသည်။ ယခုအခါ သူ့ခန္ဓာကိုယ်မှ အရှိန်အဝါများက ပို၍ အားကောင်းလာခဲ့သည်။ သူ၏ တာအိုနယ်မြေ စွမ်းအားသည်လည်း ပို၍ နက်နဲလာ၏။ မကြာသေးမီက သူ၏ တာအိုနယ်မြေဟာ သတ္တအဆင့်သို့ ချိုးဖြတ်သွားခဲ့ပေသည်။ လုမင်ကဲ့သို့ပင် သူသည်လည်း အဋ္ဌမမြောက် တုန်ထျန်းစင်မြင့်ကို ဖြတ်ကျော်နိုင်ခဲ့သည်။
"ကောင်းတာပဲ၊ ကျွန်တော်တို့ ပြန်သွားပြီး တိုက်ခိုက်ကြတာပေါ့"
လုမင် ပြုံးလိုက်သည်။
သူတို့နှစ်ဦးလည်း တိမ်နဂါးတောင်ကြားဆီသို့ အတူတကွ ပျံသန်းသွားကြလေသည်။
သူတို့ တိမ်နဂါးတောင်ကြားသို့ ပြန်ရောက်ပြီးသည်နှင့်တပြိုင်နက်၊ ရွယ်နင်ရှင်းနှင့် တွေ့ဆုံခဲ့ရသည်။
"ငါက နင်တို့ကို ပြောစရာရှိလို့ အခုလေးတင် လိုက်ရှာနေတာ၊ အခုတော့ နှစ်ယောက်စလုံး လူတောင်စုပြီးနေပြီပေါ့။ တစ်နေရာမှာ အရက်သွားသောက်မလို့ မဟုတ်ဘူး။ ဟင်း၊ ငါ့ကိုတောင် မခေါ်ဘူး"
ရွယ်နင်ရှင်းက အံကြိတ်ပြီး သူတို့နှစ်ယောက်ကို စိုက်ကြည့်နေသည်။
"မဟုတ်ပါဘူး ဆရာတူညီမလေးရယ်၊ ငါတို့ အရက်သွားသောက်တော့မှာ မှန်ပါတယ်။ အဲဒါကြောင့်ပဲ မင်းကိုခေါ်ဖို့ ပြန်လာခဲ့တာ"
ထျန်းချွေးက အလောတကြီး ပြန်ပြောလိုက်သည်။
"အစ်ကိုချွေး၊ ကျွန်မကို ဆရာတူညီမလေးလို့ မခေါ်နဲ့တော့နော်။ ကျွန်မက အငယ်ဆုံးမဟုတ်ဘူး။ အခု လုမင်က အငယ်ဆုံးပဲ၊ သူကမှ ဆရာတူမောင်လေး"
ရွယ်နင်ရှင်းက ထျန်းချွေးကို စိုက်ကြည့်ပြီး ပြောလိုက်၏။
လုမင်လည်း မချိပြုံးပြုံးရင်း အကြောင်းရာကို ပြောင်းလိုက်သည်။
"ဆရာတူအစ်မ၊ ကျွန်တော်တို့ကို ပြောစရာရှိလို့ လိုက်ရှာနေတယ်ဆို၊ ဘာပြောမလို့လဲ"
"အာ၊ ငါမေ့တော့မလို့ပဲ။ နင်တို့ကို စန်းတောင်တန်းကို သွားဖို့ ပြောမလို့။ စန်းပြည်နယ်ရဲ့ တင်းပေါင်ညီလာခံက နှစ်လအတွင်း စတင်တော့မှာ၊ အခု မျိုးဆက်သစ်လူငယ် တော်တော်များများလည်း စန်းတောင်တန်းကို အပြေးအလွှား သွားနေကြပြီ"
ရွယ်နင်ရှင်းက ပြောလိုက်သည်။
"ဒါက မကြာခင် စတင်တော့မှာပဲ။ ငါ မေ့တော့မလို့"
ထျန်းချွေးက ခေါင်းကုတ်ပြီး သွားဖြဲပြုံးလိုက်၏။
"တင်းပေါင်ညီလာခံလား"
လုမင် အံ့ဩသွားသည်။
"ဆရာတူမောင်လေး၊ နင် မသိသေးဘူး မဟုတ်လား။ ငါ ပြောပြမယ်"
လုမင်၏ မျက်နှာပေါ်မှ စိတ်ရှုပ်ထွေးနေသော အကြည့်ကို မြင်လိုက်ရတော့ ရွယ်နင်ရှင်း စိတ်လှုပ်ရှားသွားသည်။ ရွယ်နင်ရှင်းလည်း အကြီးတစ်ယောက်ကဲ့သို့ ဟန်ပန်မျိုးဖြင့် လုမင်ကို ရှင်းပြတော့သည်။
"နာမည်အတိုင်း စန်းပြည်နယ်ရဲ့ တင်းပေါင်ညီလာခံဟာ ဘယ်ဂိုဏ်းကြီးက ရှေးဟောင်းရတနာနှစ်ခုကို ထိန်းသိမ်းနိုင်မလဲဆိုတာ ဆုံးဖြတ်ဖို့ပဲ။ သုံးနှစ်တစ်ကြိမ်၊ စန်းပြည်နယ်ရဲ့ ထိပ်တန်းအင်အားစုကြီး ဆယ့်သုံးခုက စန်းတောင်မှာ စုရုံးပြီး သူတို့ရဲ့ မျိုးဆက်သစ်တွေကို စေလွှတ်လိမ့်မယ်။ မျိုးဆက်သစ်တွေက ပြိုင်ပွဲတွေ ဆက်တိုက်ယှဉ်ပြိုင်ပြီး နောက်ဆုံးမှာ ပထမနေရာကိုအနိုင်ရတဲ့ဂိုဏ်းက ရှေးဟောင်းရတနာနှစ်ခုကို ဆက်လက်ထိန်းသိမ်းထားနိုင်မှာလေ။ သုံးနှစ်အကြာမှာတော့ ရှေးဟောင်းရတနာနှစ်ခုကို ဘယ်သူက ထိန်းသိမ်းမလဲဆိုတာ ဆုံးဖြတ်ဖို့အတွက် တင်းပေါင်ညီလာခံကို ထပ်ပြီးကျင်းပလိမ့်မယ်"
ရွယ်နင်ရှင်းက ရှင်းပြလိုက်သည်။
လုမင်လည်း ထိုအခါမှ သဘောပေါက်သွားလေသည်။ သုံးနှစ်တစ်ကြိမ် ပြိုင်ပွဲကျင်းပပြီး အသန်မာဆုံး အင်အားစုက ရှေးဟောင်းရတနာနှစ်ပါးကို နောက်ထပ်သုံးနှစ်ကြာအောင် ထိန်းသိမ်းနိုင်မည် ဖြစ်သည်။
"ထိပ်တန်းအင်အားစုကြီး ဆယ့်သုံးခုတောင်မှ အရမ်းစိတ်ဝင်စားရအောင် ဘယ်လိုရတနာမျိုးလဲ"
လုမင် မေးလိုက်မိသည်။
ရွယ်နင်ရှင်းက ရှင်းပြလေသည်။
"အဲဒီအထဲမှာ တစ်ခုက ငရဲဖိနှိပ်ကျောက်စာချပ်ရဲ့ အစိတ်အပိုင်းတစ်ခုလို့ ငါကြားတယ်"
"ငရဲဖိနှိပ်ကျောက်စာချပ်ရဲ့ အစိတ်အပိုင်းတစ်ခုလား"
လုမင် အံ့သြသွား၏။
ရတနာနှစ်ခုထဲမှ တစ်ခုက ငရဲဖိနှိပ်ကျောက်စာချပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်မည်ဟု သူ မမျှော်လင့်ထားပေ။
ကောင်းကင်နတ်ဘုရားဂိုဏ်းတွင် ငရဲဖိနှိပ်ကျောက်စာချပ်၏ အစိတ်အပိုင်းတစ်ခု ရှိနေခဲ့သည် မဟုတ်လော။
နောက်ဆုံးအကြိမ် အနိုင်ရခဲ့သောဂိုဏ်းမှာ ကောင်းကင်နတ်ဘုရားဂိုဏ်းဖြစ်နိုင်ပါသလော။
"ဆရာတူမောင်လေး၊ နင်လည်း ငရဲဖိနှိပ်ကျောက်စာချပ်ကို သိတာလား။ ငရဲဖိနှိပ်ကျောက်စာချပ်က အမှောင်မိစ္ဆာမှန်သမျှကို နှိမ်နင်းနိုင်တဲ့ ဒဏ္ဍာရီလာ ရတနာတစ်ခုဖြစ်တယ်လို့ ပြောကြပေမဲ့ အဲဒါက ကွဲကြေသွားပြီး သူ့ရဲ့စွမ်းအားအများစုကို အသုံးမပြုနိုင်တော့ဘူး။ ဒါပေမဲ့... ဒဏ္ဍာရီတွေအရတော့ အစိတ်အပိုင်းအားလုံးကို စုစည်းနိုင်ရင် လျှို့ဝှက်ချက်ကြီးတစ်ခုကို သိလာရလိမ့်မယ်တဲ့"
"အခြား ရတနာတစ်ခုကတော့ သော့တစ်ခုပဲ။ အင်အားစုကြီးအားလုံးရဲ့ အဓိက အာရုံစိုက်ရာလည်း ဖြစ်တယ်။ အဲဒီရတနာမှာ သိုင်းဧကရာဇ်ဖြစ်လာဖို့ လျှို့ဝှက်ချက်ပါရှိတယ်လို့တောင် ပြောကြတယ်"
ရွယ်နင်ရှင်းက ပြောလိုက်သည်။
"သိုင်းဧကရာဇ်ဖြစ်လာဖို့ လျှို့ဝှက်ချက်လား"
လုမင် ပို၍ အံ့ဩသွားမိသည်။
"အမှန်ပါပဲ၊ ကံမကောင်းချင်တော့ ဒီရတနာနှစ်ခုက အင်အားစုကြီးတွေရဲ့ လက်ထဲမှာ နှစ်ပေါင်းများစွာကြာအောင် လှည့်သွားနေခဲ့ပေမဲ့ ဘယ်သူမှ ဘာမှမအောင်မြင်နိုင်သေးဘူး။ ဒါပေမဲ့လည်း ဘယ်အင်အားစုကမှ လက်မလျှော့ကြဘူးလေ။ ရတနာကို ပိုင်ဆိုင်ကြတိုင်း အစွမ်းကုန် ကြိုးစားလေ့လာကြတယ်။ ကောင်းကင်နတ်ဘုရားဂိုဏ်းကတော့ အကြိမ်အတော်များများ ပထမနေရာကို ရခဲ့တာကြောင့် အများဆုံး လေ့လာနိုင်ခဲ့တယ်"
ရွယ်နင်ရှင်းက ပြောလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှာပင်။ လုမင်လည်း စိတ်အားထက်သန်သော မျက်လုံးများဖြင့်ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။
သူက ငရဲဖိနှိပ်ကျောက်စာချပ်၏ အစိတ်အပိုင်းကို ပိုစိတ်ဝင်စားမိ၏။ သိုင်းဧကရာဇ် ဖြစ်လာခြင်း၏ လျှို့ဝှက်ချက်နှင့် ပတ်သက်သည့် အခြားသော ရတနာကိုတော့ သူ သိချင်မိသည့်တိုင် ဤမျှ စိတ်မဝင်စားပေ။
အင်အားစုကြီးများက နှစ်ပေါင်းများစွာ လေ့လာခဲ့သည့်တိုင် မအောင်မြင်ခဲ့သောအရာကို၊ သူ ရှာဖွေတွေ့ရှိနိုင်မည်ဟု မထင်ပါ။
"ဆရာတူအစ်မ၊ ကျွန်တော်တို့က စမ်းသပ်မှုမှာ ပါဝင်ဖို့ စန်းတောင်ကို သွားကြတော့မှာလား"
လုမင် မေးလိုက်သည်။
"မဟုတ်သေးဘူး"
ရွယ်နင်ရှင်းက ခေါင်းခါယမ်းလိုက်ပြီး
"အင်အားစုကြီးတွေက ပြိုင်ပွဲဝင်မဲ့ ကိုယ်စားလှယ်လောင်းတွေကို ဆုံးဖြတ်ထားပြီးပြီ။ သူတို့အားလုံးဟာ မျိုးဆက်သစ်လူငယ်တွေကြားမှာ အစွမ်းထက်တဲ့ ကျင့်ကြံသူတွေချည်းပဲလေ။ တချို့က သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်ကိုတောင် ရောက်နေကြပြီ၊ သူတို့ထဲမှာ အားအနည်းဆုံးကတော့ သိုင်းအုပ်ချုပ်သူနယ်ပယ် သတ္တမအဆင့်ကို ရောက်နေပြီလေ။ သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်အောက်မှ လူတွေက စမ်းသပ်မှုမှာ ပါဝင်ဖို့ အရည်အချင်းမပြည့်မီဘူး။ သူတို့ ပါဝင်ရင်တောင် အသုံးမဝင်ဘူးလေ"
လုမင် ခေါင်းညိတ်လိုက်မိသည်။ ယင်းက အမှန်ပင်။ သူတို့၏ ကျင့်ကြံခြင်းအခြေခံနှင့် တိုက်ခိုက်နိုင်စွမ်းက နိမ့်ကျနေသေးပြီး ထိုသိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ ပါရမီရှင်များ၏ ပြိုင်ဘက်မဖြစ်နိုင်သေးပါ။