အခန်း ၁၅၀၃
Vol. 101 Ch. 1503
အပိုင်း ( 1503 ) ထွက်ခွာခြင်း။
"သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်အောက်က လူတွေကို ပါဝင်ခွင့်မပြုပေမဲ့ လာရောက်ကြည့်ရှူတာကိုတော့ မတားမြစ်ဘူးလေ။ နောက်ဆုံးမှာတော့ ဒါက စန်းပြည်နယ်ရဲ့ သုံးနှစ်တစ်ကြိမ်ကျင်းပတဲ့ ကြီးကျယ်ခမ်းနားတဲ့ ပွဲကြီးတစ်ခုပဲ။ စန်းပြည်နယ်တစ်ခုလုံးရဲ့ ထိပ်တန်းပါရမီရှင်အချို့က အဲဒီမှာရှိနေမှာ၊ သူတို့ရဲ့ တိုက်ပွဲတွေကို ကြည့်ရှူခြင်းက လေ့ကျင့်ရာမှာ အထောက်အကူဖြစ်စေနိုင်တယ်"
"နောက်ပြီး၊ စန်းပြည်နယ်ရဲ့ မျိုးဆက်သစ် ထိပ်သီး ပါရမီရှင် ဆယ်ယောက်လည်း ရှိလိမ့်မယ်"
ရွယ်နင်ရှင်းက ပြောလိုက်သည်။ ထိုသို့ပြောလိုက်စဉ်တွင်း သူမ၏ မျက်လုံးများက တောင့်တမှု အရိပ်အမြွက်တို့ဖြင့် လင်းလက်သွားလေသည်။
"စန်းပြည်နယ်ရဲ့ ထိပ်တန်းပါရမီရှင်ဆယ်ယောက်လား"
လုမင် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
စန်းပြည်နယ်၏ ထိပ်တန်း ပါရမီရှင် ဆယ်ဦးမှာ စန်းပြည်နယ်ရှိ မျိုးဆက်သစ် လူငယ်များကြားတွင် အသန်မာဆုံးများ ဖြစ်သည်။ သူတို့ တစ်ဦးစီ၏ ကျင့်ကြံခြင်းအခြေခံက အထွတ်အထိပ် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ရောက်ရှိခဲ့ပြီး တိုက်ခိုက်နိုင်စွမ်းကလည်း ကြောက်ခမန်းလိလိ ဖြစ်နေပြီ။
ထိပ်သီး မျိုးဆက်သစ် ပါရမီရှင်ဆယ်ဦးတွင် နဂါးနတ်ဘုရားတောင်ကြားမှ တစ်ဦး ပါဝင်သည်။
"ဒါဆို သွားကြရအောင်။ ငါလည်း စိတ်ဝင်စားနေတာလေ။ အရင်တစ်ခေါက်က ငါ လေ့ကျင့်နေတာကြောင့် လွတ်သွားခဲ့ရတယ်။ ဒီတစ်ခါတော့ ငါ အလွတ်မပေးနိုင်တော့ဘူး"
ထျန်းချွေးက ပြောလိုက်သည်။
"ကောင်းပြီ၊ သွားကြတာပေါ့"
လုမင်နှင့် ရွယ်နင်ရှင်းလည်း ခေါင်းညိတ်လိုက်လေသည်။
သူတို့သုံးယောက်လည်း တိမ်နဂါးတောင်ကြားမှ ပြေးထွက်လာခဲ့ကြသည်။ နဂါးနတ်ဘုရားတောင်ကြား၏ အပြင်တောင်ကြားသို့ ရောက်လာပြီးနောက် ထျန်းချွေးက သူ့လက်ကို ဝှေ့ယမ်းပြီး ကောင်းကင်ခွင်းလွန်းပျံတစ်စင်းကို ထုတ်ယူလိုက်၏။ ယင်းက မျက်စိတစ်မှိတ်အတွင်း လေထဲတွင် မီတာဒါဇင်များစွာ ရှည်လျားလာတော့သည်။
စန်းတောင်သို့ သွားရောက်ရမည့် ခရီးလမ်းမှာ အလွန်ဝေးကွာသည်။ ထို့ကြောင့် ကောင်းကင်ခွင်းလွန်းပျံကို စီးနင်းသွားခြင်းက အကောင်းဆုံး ရွေးချယ်မှုပင်။
သုံးယောက်သား ကောင်းကင်ခွင်း လွန်းပျံအတွင်းသို့ ဝင်သွားခဲ့ကြသည်။
ကောင်းကင်ခွင်းလွန်းပျံ၏ အတွင်းပိုင်းက ကျယ်ဝန်းပြီး ၎င်း၏မျက်နှာပြင်ပေါ်မှာတော့ ရှုပ်ထွေးသော ကမ္ပည်းအမှတ်အသားများစွာ ရှိနေသည်။ အရှေ့ဘက်မှာတော့ ကြည်လင်နေသော မျက်နှာပြင်တစ်ခုရှိပြီး အပြင်ပန်းအခြေအနေကို ပြတ်ပြတ်သားသား မြင်နိုင်ကြ၏။
"သွားစို့"
ထျန်းချွေးက ပြောဆိုပြီး ကောင်းကင်ခွင်းလွန်းပျံကို အသက်သွင်းလိုက်သည်။
"ဝှစ်"
ကောင်းကင်ခွင်းလွန်းပျံက အံမခန်းအမြန်နှုန်းဖြင့် ကောင်းကင်သို့ ပျံတက်သွားသည်။ ကြည်လင်သော ဖန်သားပြင်များမှတဆင့် အဆုံးမရှိ တောင်တန်းများနှင့် မြစ်များကို ဖြတ်ကျော်သွားသည်ကို မြင်တွေ့နိုင်ပေသည်။
'ကောင်းကင်ခွင်းလွန်းပျံက အရမ်းမိုက်တာပဲ'
လုမင်လည်း သူ့စိတ်ထဲမှ အော်ပြောလိုက်မိသည်။
ကောင်းကင်ခွင်းလွန်းပျံကို ကျောက်ကြမ်းများဖြင့် အသက်သွင်းထားနိုင်သည်။ ဤသို့ဖြင့် ခရီးသွားရင်း လေ့ကျင့်နိုင်က အလွန်အဆင်ပြေပေသည်။
လုမင်လည်း တစ်ခုလောက်တော့ ဝယ်ချင်မိသည်။ သို့သော်လည်း ဈေးနှုန်းမှာ မြင့်မားလွန်း၏။ အနိမ့်ဆုံးအဆင့် ကောင်းကင်ခွင်းလွန်းပျံကိုပင် သူ မဝယ်နိုင်သေးပေ။
"ဆရာတူညီလေး၊ ကောင်းကင်ခွင်းလွန်းပျံကို စီးသွားရင်တောင် စန်းတောင်ကို ရောက်ဖို့ဆိုရင် လဝက်လောက် ကြာဦးမှာလေ။ မင်း အေးအေးဆေးဆေး လေ့ကျင့်နိုင်ပါတယ်"
ထျန်းချွေးက ပြောလိုက်သည်။
လုမင် ခေါင်းညိတ်လိုက်၏။ သုံးယောက်သား တစ်နေရာစီ ရွေးပြီး တင်ပျဉ်ခွေ ထိုင်လိုက်ကြတော့သည်။
အချိန်များ ကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း ခုနစ်ရက်ကြာသွားသည်။
"ဒုန်း"
ရုတ်တရက်၊ ကောင်းကင်ခွင်းလွန်းပျံက ပြင်းထန်စွာ တုန်ခါသွားပြီး ရပ်တန့်သွားသည်။
တစ်စုံတစ်ယောက်ကတောာ့ ကောင်းကင်ခွင်းလွန်းပျံကို တိုက်ခိုက်နေပြီ။
လုမင်တို့လည်း တအံ့တဩဖြစ်ပြီး မျက်လုံးပွင့်လာခဲ့ကြသည်။ သုံးယောက်သား လေ့ကျင့်ခြင်းကို အဆုံးသတ်ပြီး ဖန်သားပြင်မြင်ကွင်းမှတဆင့် လှမ်းကြည့်လိုက်၏။
ရှေ့တွင် လူဆယ်ယောက်ကျော်ခန့် မတ်တပ်ရပ်ပြီး သူတို့ကို အေးစက်စက်ဖြင့် ကြည့်နေသည်။
ထိုလူများတွင် အဘိုးကြီးနှင့် လူလတ်ပိုင်း အမျိုးသားများလည်း ပါဝင်သည်။ သူတို့အားလုံးက အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး အားလုံး၏ အကြည့်များကလည်း တင်းမာခက်ထန်ခဲ့ကြသည်။
"မင်းတို့ကများ ငါ့ရဲ့ ကောင်းကင်ခွင်းလွန်းပျံကို တိုက်ခိုက်ဝံ့တယ်၊ သေချင်နေတာလား"
ထျန်းချွေး ဒေါသတကြီးအော်ပြီး လွန်းပျံယာဉ်တံခါးကိုဖွင့်ကာ ပြေးထွက်သွား၏။
လုမင်နှင့် ရွယ်နင်ရှင်းလည်း ဆောလျင်စွာ သူ့နောက်မှ လိုက်သွားကြသည်။
"ငါ့ရဲ့ ကောင်းကင်ခွင်းလွန်းပျံကို ဘယ်သူက တိုက်ခိုက်ဝံ့တာလဲ။ မင်း သေချင်နေပြီထင်တယ်"
ထျန်းချွေးက ထိုလူများကိုကြည့်ပြီး ဒေါသတကြီးဖြင့် အော်ဟစ်ကြိမ်းမောင်းလိုက်သည်။
"ဒါက လူငယ်လေးတွေပဲ။ ဟားဟားဟား၊ ငါတို့ကံက ဒီလောက်မဆိုးသေးဘူး။ ကောင်လေး... ကောင်းကင်ခွင်းလွန်းပျံကို အခု လွှဲပေးလိုက်"
ကိုယ်ခန္ဓာ ထွားကျိုင်းသော လူကြီးတစ်ဦးက ပြောလိုက်သည်။
သူတို့က ကောင်းကင်ခွင်းလွန်းပျံကို လုယက်ရန် ရောက်ရှိလာခြင်း ဖြစ်ချေသည်။
"ငါ့ရဲ့ ကောင်းကင်ခွင်းလွန်းပျံကို လုယက်ဖို့ ကြိုးစားနေတာပေါ့"
ထျန်းချွေးက လူထွားကြီးကို အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်သည်။
"အပိုစကားတွေမပြောစမ်းနဲ့၊ ငါပြောတာ မကြားဘူးလား။ အခုချက်ချင်း မင်းတို့ရဲ့ သိုလှောင်လက်စွပ်တွေကို ချန်ထားခဲ့စမ်း။ မဟုတ်ရင် မင်းတို့အားလုံး ဒီမှာသေရလိမ့်မယ်"
လူထွားကြီး၏ ခန္ဓာကိုယ်မှ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်။
ဤလူထွားကြီးက သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ၎င်းက သူတို့ကို အလေးအနက် မထားသည်မှာ အံ့ဩစရာမရှိတော့ပေ။
ထို့အပြင်၊ လူထွားကြီး၏နောက်ကွယ်မှ လူများကလည်း အားမနည်းကြပါ။ သူတို့ထဲတွင် အားအနည်းဆုံးက စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ဖြစ်သည်။
"ခေါင်းဆောင်ကြီး၊ သူတို့နဲ့ ဘာဖြစ်လို့ အချိန်ကုန်ခံပြီး စကားပြောနေရမှာလဲ။ သူတို့ကိုသတ်ပစ်လိုက်ရင် ပြီးနေပြီကို။ နောက်ပြီး အဲဒီကောင်မလေးက မဆိုးဘူး၊ ကျုပ်တို့ပျော်ဖို့အတွက် သူ့ကိုတော့ ချန်ထားရမယ်"
လူထွားကြီး၏နောက်မှ ပိန်ညှောင် လူလတ်ပိုင်း အမျိုးသားတစ်ဦးက အေးစက်စက် သတ်ဖြတ်ချင်စိတ်တို့ဖြင့် ပြောလိုက်သည်။ နောက်၊ ရွယ်နင်ရှင်းကိုကြည့်သော သူ့မျက်လုံးအကြည့်က မကောင်းသော အရိပ်အယောင်များ ပေါ်လာခဲ့၏။
"ညီလေးနဲ့ ညီမလေး၊ အဲဒီကောင်ကို ငါ့အတွက်ထားလိုက်ပါ။ ကျန်တာကို မင်းတို့နဲ့ ထားခဲ့လိုက်မယ်"
ထျန်းချွေး ပြောလိုက်သည်။ ထိုသို့ပြောရင်း တင်းမာခက်ထန်သော မျက်လုံးများဖြင့် လူထွားကြီးကို လှမ်းကြည့်လိုက်၏။ ရှေ့သို့ လျှောက်လှမ်းသွားစဉ် သူ့လက်ထဲမှာ ဧရာမတူကြီးတစ်လက် ပေါ်လာတော့သည်။
"ပဉ္စမအလွှာ သိုင်းအုပ်ချုပ်သူ နယ်ပယ် ကျင့်ကြံသူတစ်ယောက်က ငါ့ကို စိန်ခေါ်ဝံ့တယ်လား။ မင်းကိုယ်တိုင်က သေချင်နေမှတော့ မင်းရဲ့ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်"
လူထွားကြီး၏ လက်ထဲတွင် ဧရာမဓားကြီးတစ်လက် ပေါ်လာခဲ့သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး အပေါ်စီးမှ ထျန်းချွေးကို မိုးခုတ်လိုက်၏။
"သေရမယ့်လူက မင်းကွ"
ထျန်းချွေး ဒေါသတကြီးအော်ဟစ်ပြီး ဧရာမတူကြီးဖြင့် ပြန်ထုလိုက်တော့သည်။
"ဒုန်း"
ဧရာမတူကြီးနှင့်ဓားသွားတိုက်မိရာ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ လူထွားကြီး၏ ခန္ဓာကိုယ်လည်း ပြင်းထန်စွာ တုန်လှုပ်သွားပြီး ညည်းညူသံနှင့်အတူ မီတာရာဂဏန်းမျှ လွင့်စဉ်သွား၏။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
လူထွားကြီးက မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။
သူ၏ပြိုင်ဘက်က ပဉ္စမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူတစ်ဦးသာဖြစ်သော်လည်း တစ်ချက်တည်းဖြင့် သူ့ကို လွင့်စဉ်သွားစေခဲ့သည်။ သူ့လက်များ တုန်ခါနေပြီး သွေးအန်တော့မလိုပင် ဖြစ်သွားခဲ့ပေသည်။
လွန်ခဲ့သည့် နှစ်လမှ တုန်ထျန်းစင်မြင့်တွင် ရှိစဉ်ကတည်းက၊ ထျန်းချွေးဟာ တင်းမောက်ကို ဖိနှိပ်နိုင်နေပြီ ဖြစ်သည်။ သူတို့နှစ်ဦးစလုံးက သတ္တမအဆင့် သိုင်းအုပ်ချုပ်သူများဖြစ်လျှင်ပင် တင်းမောက်က ဤလူထွားကြီးထက် သိသိသာသာ ပိုအားကောင်း၏။ ထို့အပြင်၊ ထျန်းချွေး၏ တာအိုနယ်မြေက သတ္တမအဆင့်သို့ ရောက်ရှိသွား၍ ပို၍ အားကောင်းလာခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ပေရာ၊ ဤလူထွားကြီးကို အနိုင်ယူရန် ဘာမျှ မခက်ခဲတော့ပေ။
"မင်းမှာရှိတာ ဒါအကုန်ပဲလား၊ အခုက ငါ့ရဲ့ ခွန်အားတစ်ဝက်ကိုတောင် မသုံးရသေးဘူး။ သေစမ်း"
ထျန်းချွေးက ကြိမ်းမောင်းပြီး လူထွားကြီးကို ထပ်မံတိုက်ခိုက်လိုက်သည်။
"အတူတူ တိုက်ခိုက်ကြ"
လူထွားကြီးက အော်ဟစ်လိုက်၏။
"သတ်"
ချက်ခြင်းပင်၊ အခြားသူများလည်း ၎င်းတို့၏ အရှိန်အဝါများကို ထုတ်ဖော်ကာ ထျန်းချွေးကို တိုက်ခိုက်ကြတော့သည်။
"သေ"
ရွယ်နင်ရှင်းက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူတစ်ဦး၏ရှေ့တွင် ပေါ်လာခဲ့သည်။ သူက လက်သီးတစ်ချက် ထုတ်ဖော်လိုက်၏။ သူမ၏လက်သီးက အားနည်းသလိုထင်ရသော်လည်း အလွန်အားကောင်းပြီး ထိုသူ၏ အကာကွယ်ကို အပိုင်းပိုင်း ဖြိုခွဲလိုက်တော့သည်။
တချိန်တည်းမှာပင်၊ လုမင်လည်း လှုပ်ရှားလိုက်သည်။
"ဝှစ်၊ ဝှစ်"
လုမင်၏လက်ထဲတွင် လှံရှည်တစ်ချောင်း ပေါ်လာသည်။ လှံတံက တုန်ခါသွားပြီး လှံအလင်း ရှစ်ခု ထွက်ပေါ်လာ၏။ လှံအလင်းတစ်ခုစီက စွမ်းအားဆယ်ဆဖြင့် ပေါက်ကွဲကာ ထွက်ပေါ်လာတော့သည်။
တားဆီးမရပေ။
စတုတ္တအလွှာ၊ ပဉ္စမအလွှာ သို့မဟုတ် ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်များပင် ဖြစ်စေ... သူတို့ရှစ်ဦးစလုံးကို လုမင်၏ လှံအလင်းက တိုက်ရိုက်ထိုးဖောက်ပြီး အသက်နှုတ်ယူသွားခဲ့သည်။
"ဝါးမျိုလော့"
ထို့နောက်၊ လုမင်က ဘယ်ဘက်လက်ကို လေထဲသို့ဆန့်ကာ ဖမ်းဆုပ်ဟန်ပြုလိုက်သည်။ ထိုအခါ ကြောက်မက်ဖွယ်ကောင်းသော ဝါးမျိုခြင်းစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ထိုအလောင်းများကို ဖုံးအုပ်သွား၏။ အလောင်းအားလုံး၏ သွေးနှင့် အနှစ်သာရအားလုံးကို လုမင်က ဝါးမြိုသွားရာ သွေ့ခြောက်သော အလောင်းများအဖြစ်သို့ ပြောင်းလဲ၍ မြေပြင်ပေါ် ပြုတ်ကျသွားတော့သည်။
လုမင်၏ ကျင့်ကြံခြင်းအခြေခံက တတထယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်တွင် ရှိနေသေးသော်လည်း၊ သူ၏ တာအိုနယ်မြေက စတုတ္ထအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ အစွန်းရောက်လှံ ဆယ့်သုံးချက်၏ ကြောက်မက်ဖွယ်အ ပေါက်ကွဲမှုစွမ်းအားနှင့် ပေါင်းလိုက်သောအခါ သာမန် ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူများကို သတ်ဖြတ်ရန်က ဘာမျှ မခက်ခဲတော့ပေ။
လုမင်လည်း ဝါးမျိုထားသော စွမ်းအင်များကို ထပ်မံသန့်စင်လိုက်သည်။ ထိုအခါ သူ၏ ကျင့်ကြံခြင်းအခြေခံက လျင်မြန်စွာ တိုးတက်လာတော့သည်။
ဤကာလအတွင်း၌ လုမင်ဟာ ကစဉ့်ကလျား တာအိုနယ်မြေကို နားလည်ဆင်ခြင်နေခဲ့သည်။ ယင်းက စတုတ္ထအလွှာ၏ အထွတ်အထိပ်သို့ပင် ရောက်ရှိတော့မည်။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းအခြေခံကလည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။
လုမင်က စွမ်းအင်များကို သန့်စင်နေချိန်တွင် ရွယ်နင်ရှင်းဘက်မှာလည်း ပွဲပြတ်သွားခဲ့ပြီ ဖြစ်သည်။ ကျန်သူများအားလုံး ရွယ်နင်ရှင်း၏လက်တွင် သေဆုံးသွား၏။
ရွယ်နင်ရှင်း၏ ကျင့်ကြံခြင်းအခြေခံက ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ သူမ၏ တိုက်ခိုက်နိုင်စွမ်းကလည်း အလွန် အားကောင်း၏။ သူမက သာမန် ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူများကို အသီးအရွက်များ လှီးဖြတ်သကဲ့သို့ အလွယ်တကူ သတ်နိုင်သည်။
'မဖြုန်းတီးရဘူး'
လုမင်လည်း ဝါးမျိုခြင်းစွမ်းအားဖြင့် ရွယ်နင်ရှင်း သတ်ခဲ့သော လူများ၏ သွေးအနှစ်သာရ အားလုံးကို ဝါးမြိုပစ်လိုက်သည်။
ရွယ်နင်ရှင်းလည်း လုမင်၏ လွှမ်းမိုးနိုင်စွမ်းရှိသော ဝါးမျိုခြင်းစွမ်းအားကြောင့် အနည်းငယ် အံ့သြသွားလေသည်။