အခန်း ၁၅၀၄
Vol. 101 Ch. 1504
အပိုင်း ( 1504 ) ချီလုံနဂါးရေကန်အတွင်းမှ နဂါးဟိန်းသံ။
ထိုအချိန်တွင်၊ ထျန်းချွေးနှင့် လူထွားကြီးကြားမှ တိုက်ပွဲကလည်း ပြီးဆုံးလုနီးနေပြီ ဖြစ်သည်။ လူထွားကြီးမှာ ထျန်းချွေး၏ တိုက်ခိုက်မှုများကို ခုခံရန် အင်အားမရှိတော့ပေ။ သူ့ပါးစပ်ထဲမှ သွေးများ အန်ထွက်သည်အထိ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ အဆုံးတွင်၊ ထျန်းချွေး၏ ရိုက်ချက်ကြောင့် မြေပြင်ပေါ်သို့ ထိုးကျသွားပြီး ကြီးမားသော တွင်းကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။
"ငါ... ငါ့ကို ချမ်းသာပေးပါ"
လူထွားကြီးက မျက်လုံးပြူး မျက်ဆံပြူးဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ထိုအခါ၊ သေဆုံးနေသော သူ့လူများကို မြင်ရသောကြောင့် ကြောက်လန့်တကြား အော်ဟစ်တော့သည်။
သံမဏိတံတိုင်းကြီးကို ကန်မိပြီဖြစ်ကြောင်း သူနားလည်သွားသည်။ ဤလူအားလုံးက တကယ်ကို မကောင်းဆိုးရွားများပင်။
"မင်းက အခုလေးတင် ငါ့ရဲ့ လွန်းပျံယာဉ်ကို လုပြီး ငါတို့ကို သတ်ချင်နေတာ၊ အခုမှ မင်းကို လွှတ်ပေးစေချင်နေတာလား။ ဟာသပဲ"
ထျန်းချွေးက လှောင်ပြောင်ပြောဆိုလိုက်သည်။
လူထွားကြီးလည်း အသည်းထဲထိ အေးစိမ့်သွားပြီး ချက်ချင်း အော်ပြောလိုက်လေသည်။
"မင်းရဲ့ လွန်းပျံယဉ်ကို ငါ လုယူချင်ရတာက အကြောင်းရှိပါတယ်ကွာ။ အဲဒါက ရတနာကြီးတစ်ခု ပေါ်လာတဲ့နေရာကို ငါတို့တွေ့ထားလို့ပါ။ ဒါပေမဲ့ အထဲကိုဝင်ဖို့ လွန်းပျံယာဉ်လိုတယ်"
"ရတနာကြီးတစ်ခု ပေါ်လာတာလား"
ထျန်းချွေး၊ ရွယ်နင်ရှင်းနှင့် လုမင်တို့ သုံးဦးစလုံး အံ့အားသင့်သွားသည်။
"မှန်ပါတယ်။ မင်းငါ့ကို လွှတ်ပေးမယ်လို့ ကတိပေးရင် ရတနာရဲ့တည်နေရာကို ငါပြောပြမယ်"
လူထွားကြီးက အော်လိုက်သည်။
"အိုး၊ တကယ်ပဲလား။ မင်း ငါ့ကို မလိမ်နဲ့နော်"
ထျန်းချွေး၏ မျက်လုံးအကြည့်က စူးရှသွားသည်။
"ငါမင်းကို တကယ်မလိမ်ပါဘူး၊ ဒါပေမဲ့ မင်းငါ့ကို မသတ်ဘူးလို့ ကတိပေးရမယ်"
လူထွားကြီးက ထပ်ပြောသည်။
"ကောင်းပြီ၊ မင်းကိုမသတ်ဘူးလို့ ကတိပေးတယ်။ ငါ ကျိန်ဆိုတယ်"
ထျန်းချွေးလည်း လူထွားကြီးသာ သူ့ကိုပြောပြပါက မသတ်ဘူးဟု ချက်ချင်း ကျိန်ဆိုလိုက်သည်။
"ဒီကနေ နေ့တစ်ဝက်ခရီး သွားရမဲ့နေရာမှာ ချီလုံနဂါးရေကန်လို့ခေါ်တဲ့ ရေကန်တစ်ကန် ရှိတယ်။ ဒဏ္ဍာရီအရတော့ အဲဒီနေရာမှာ တန်ခိုးကြီးတဲ့ အစစ်အမှန်နဂါးတစ်ကောင် နေထိုင်ခဲ့ဖူးတယ်တဲ့။ တခါက ချီလုံနဂါးရေကန်ကနေ ကျယ်လောင်တဲ့ နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာခဲ့တယ်"
လူထွားကြီးက ပြောလိုက်သည်။
"တန်ခိုးကြီးတဲ့ အစစ်အမှန်နဂါးတစ်ကောင် နေခဲ့တာလား"
သုံးယောက်စလုံး အံ့အားသင့်ပြီး စူးစမ်းလိုစိတ်တို့ ပေါ်လာခဲ့၏။
သူတို့ သုံးယောက်ထဲမှာ သွေးသန့်စင်သော အစစ်အမှန်နဂါးတစ်ကောင်ရှိကြောင်း သိထားကြရမည် ဖြစ်သည်။
"ချီလုံနဂါးရေကန်ရဲ့ နဂါးဟိန်းသံနဲ့ လွန်းပျံယဉ်က ဘာဆိုင်လို့လဲ"
ထျန်းချွေး မေးလိုက်သည်။
"အဲဒါက ချီလုံနဂါးရေကန်ရဲ့ အစွန်းတစ်ဝိုက်မှာ ပြင်းထန်တဲ့ သတ်ဖြတ်ခြင်းအငွေ့အသက်တွေ ရှိနေလို့ပါ။ အားကောင်းတဲ့ ခံစစ်ရတနာမရှိရင် ထိုးဖောက်ဖို့ခက်တယ်။ ကောင်းကင်ခွင်းလွန်းပျံမှာတော့ အံ့မခန်း ခံစစ်စွမ်းအားနဲ့ မြန်ဆန်တဲ့ အရှိန်အဟုန်ရှိတာကြောင့် လုံလုံခြုံခြုံ ပြေးဝင်နိုင်မှာ သေချာပါတယ်"
လူထွားကြီးက ပြောလေသည်။
"အခု ငါသိသမျှ အကုန်ပြောပြပြီးသွားပြီ။ မင်းငါ့ကို လွှတ်ပေးနိုင်ပြီလား"
လူထွားကြီးက ပြောလိုက်သည်။
"ဝုန်း"
လူထွားကြီး၏ စကားဆုံးသည်နှင့် လက်သီးတစ်ချက်က သူ့ဒန်တျန်ကို ထိမှန်သွားသည်။ ပြင်းထန်သော လက်သီးအင်အားက သူ့ဒန်တျန်ကို ထိုးဖောက်ပြီး နတ်ဘုရားဝိညာဉ်ကိုပင် ကွဲကြေသွားစေခဲ့၏။
ယင်းက ရွယ်နင်ရှင်း။
"မင်း ကတိမတည်ဘူး"
လူထွားကြီးက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
"ငါ မင်းကို မသတ်ဘူးလို့ပဲ ကတိပေးတာ၊ ငါ့ညီမက မင်းကို မသတ်ဘူးလို့ မပြောဘူး"
ထျန်းချွေး ပြုံးပြလိုက်၏။
လူထွားကြီးလည်း လက်မခံနိုင်စွာဖြင့် အော်ဟစ်ရင်း အသက်ဓာတ် ပျောက်ကွယ်သွားတော့သည်။
လုမင်လည်း ဂရုမစိုက်ဘဲ ပြုံးလိုက်သည်။ ကျင့်ကြံခြင်းကမ္ဘာတွင် သန်မာသူများက အားနည်းသူများကို အနိုင်ကျင့်ကြသည်။ အထူးသဖြင့် ယွမ်လုမှာ ပိုထင်ရှား၏။ သနားတတ်လွန်းပါက အဝေးသို့ လျှောက်လှမ်းနိုင်မည်မဟုတ်ပေ။
ဝါးမျိုခြင်းစွမ်းအားက လူထွားကြီး၏ သွေးအနှစ်သာရများကို ဝါးမျိုကာ သန့်စင်လိုက်သည်။
"ဝါးမျိုခြင်းစွမ်းအား၊ ဘယ်လောက်တောင် အစွမ်းထက်တဲ့ လျှို့ဝှက်ကျင့်စဉ်လဲ"
ထျန်းချွေးက လုမင်ကို စူးစိုက်ကြည့်ရင်း ပြောလိုက်သည်။
သူက လုမင်ကို လျှို့ဝှက်နည်းလမ်းတစ်ခု အသုံးပြုခဲ့သည်ဟု ထင်ခဲ့ခြင်း ဖြစ်သည်။ လုမင်လည်း ပြုံးရုံပြုံးပြီး မရှင်းပြတော့ပေ။
"ချီလုံနဂါးရေကန်က နဂါးဟိန်းသံ ထွက်ပေါ်လာတယ်တဲ့။ ဆရာတူညီလေးနဲ့ ညီမလေး၊ မင်းတို့ သွားကြည့်ချင်ကြလား"
ထျန်းချွေးက မေးလိုက်သည်။
"ဒါကို ကျွန်တော်တွေးနေတာ"
လုမင်က ပြောသည်။
"ကျွန်မရောပဲ၊ အဲဒီကိုသွားကြည့်ချင်မိတယ်"
ရွယ်နင်ရှင်းကလည်း ခေါင်းညိတ်လိုက်၏။
"ဟားဟားဟား၊ ကောင်းပြီ။ သွားကြစို့"
ထျန်းချွေး ရယ်မောလိုက်တော့သည်။
သူတို့ သုံးယောက်လည်း ကောင်းကင်ခွင်းလွန်းပျံပေါ်တက်ပြီး အရှိန်အဟုန်ဖြင့် မြောက်ဘက်သို့ ပျံသန်းသွားကြသည်။
လုမင်ကတော့ တင်ပျဉ်ခွေထိုင်ပြီး သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်များကို သန့်စင်လိုက်လေသည်။
သတ္တမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူအပါအဝင် စတုတ္ထအလွှာမှ ဆဋ္ဌမအဆင့်ထိ၊ သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူ ဆယ်ဦးကျော်၏ စွမ်းအင်များက လုမင်၏ ခန္ဓာကိုယ်ထဲတွင် ယွမ်ချီစွမ်းအင်အဖြစ်သို့ အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။ လုမင်၏ ယွမ်ချီစွမ်းအင်များလည်း အဆက်မပြတ် ပြည့်တင်းလာတော့သည်။
စွမ်းအင်အားလုံးကို သန့်စင်ပြီး မကြာမီတွင်၊ လုမင်၏ ကျင့်ကြံခြင်းအခြေခံက တိုးတက်လာပြီး တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိခဲ့သည်။
တချိန်တည်းမှာပင်၊ သူတို့၏ ဦးတည်ရာဖြစ်သော ချီလုံနဂါးရေကန်ကို ရောက်ရှိခဲ့ပေသည်။
သူတို့ရှေ့တွင်၊ ကောင်းကင်နှင့် ကမ္ဘာမြေက ပိန်းပိတ်ပြီး မှောင်မိုက်နေသော မြူခိုးများဖြင့် ပြည့်နှက်နေသည်။ ယင်းက မိစ္ဆာချီများပင်။
ကျင့်ကြံသူတစ်ဦးသာ ဤမြူခိုးများထဲသို့ အကာကွယ်မဲ့ တိုးဝင်လိုက်ပါက သတ်ဖြတ်ခြင်းအဆငွ့အသက်များကြောင့် စိတ်ဖောက်ကာ ရူးသွပ်သွားရမည် ဖြစ်သည်။ အဆိုးဆုံးဖြစ်ပါက၊ သူတို့၏ ဝိညာဉ်များ ဖျက်ဆီးခံရပြီး နေရာတွင်ပင် သေဆုံးသွားလိမ့်မည်။
"ကြည့်လိုက်စမ်း၊ တခြားသူတွေလဲ ရှိသေးတယ်"
ကြည်လင်သော ဖန်သားပြင်မှတဆင့်၊ သတ်ဖြတ်ခြင်းအငွေ့အသက်များ၏ အပြင်ဘက်ပိုင်းတွင်ရပ်နေသော လူရိပ်တချို့ကို လှမ်းမြင်လိုက်ရသည်။
တစ်ချို့က လောဘမျက်လုံးများနှင့် သူတို့ဘက်ကို လှမ်းကြည့်နေကြ၏။
"ဝှစ်၊ ဝှစ်"
တချို့ကလည်း သူတို့ရှိရာကို တိုက်ရိုက် ပျံသန်းလာတော့သည်။
သူတို့ထဲမှ တစ်ယောက်ဆိုလျှင် ပို၍ ရဲတင်းသည်။ သူ့လက်ကိုဝှေ့ယမ်းပြီး ဧရာမလက်ကြီးတစ်ဖက်ဖြင့် လွန်းပျံယဉ်ကို ဖမ်းဆုပ်လိုက်၏။
ယခင်လူများကဲ့သို့၊ သူတို့၏ လွန်းပျံယဥ်ကို လုယက်ရန် ကြိုးစားနေကြောင်း ထင်ရှားသည်။
"ဟမ့်၊ မင်းတို့နဲ့ ကစားရပေးဖို့ စိတ်မဝင်စားဘူး"
ထျန်းချွေးက နှာခေါင်းရှုံ့ပြီး လွန်းပျံယဉ်ကို အသက်သွင်းလိုက်သည်။ "ရွှစ်"ခနဲ အသံတစ်ချက်နှင့်အတူ၊ လွန်းပျံယဉ်က လက်ဝါးကြီးကိုထိုးဖောက်ပြီး သတ်ဖြတ်ခြင်းအငွေ့အသက်များထံ ပျံသန်းသွား၏။
အခြားလူတချို့ကတော့ သူတို့ကိုတားဆီးရန် ကြိုးစားသေးသည်။
သို့သော်၊ လွန်းပျံယဉ်က သတ်ဖြတ်ခြင်းအငွေ့အသက်များဆီသို့ ဆက်လက် ပျံသန်းသွားခဲ့သည်။
"ကြည့်စမ်း၊ တခြား လွန်းပျံယဉ်တွေလည်း ရှိသေးတယ်"
ရွယ်နင်ရှင်က ပတ်ဝန်းကျင်ကိုကြည့်ပြီး ပြောလိုက်သည်။
လုမင်နှင့် ထျန်းချွေးလည်း မြင်ကြရ၏။ သူတို့နှင့် မနီးမဝေးမှ လွန်းပျံယဥ်တစ်စင်းလည်း ရှေ့သို့ ပျံသန်းနေပေသည်။
"ဂါး"
ထိုအချိန်တွင် အရှေ့မှ နဂါးဟိန်းသံကို ကြားလိုက်ရသည်။ ဟိန်းဟောက်သံက ကောင်းကင်ခွင်းလွန်းပျံယာဉ်ကိုပင် လှုပ်ရှားသွားစေခဲ့၏။
အစစ်အမှန်နဂါး ဟိန်းသံ။
"ကြီးကျယ်ခမ်းနားလိုက်တဲ့ နဂါးဟိန်းသံပဲ၊ ဒါပေမဲ့ တကယ့်သက်ရှိ အစစ်အမှန်နဂါးဆီကနေ ထွက်ပေါ်လာတဲ့ အသံတော့ မဟုတ်ဘူး"
ရွယ်နင်ရှင်းက လေးနက်သော အမူအရာဖြင့် ပြောသည်။
"အဲဒါက သက်ရှိ အစစ်အမှန်နဂါးမဟုတ်ဘူးလား"
ထျန်းချွေးနှင့် လုမင် မျက်ခုံးပင့်လိုက်၏။
အချို့သော အစစ်အမှန်နဂါးများက သေဆုံးပြီးနောက်တွင် နဂါးဟိန်းသံကို ထုတ်ဖော်နိုင်ကြောင်း သူတို့ သိကြသည်။ ဥပမာအားဖြင့်၊ ၎င်းတို့၏ အစစ်အမှန်နဂါးသွေးကို နိုးထစေပြီး စစ်မှန်သောနဂါး တိုက်ခိုက်ရေးခန္ဓာကို သိပ်သည်းပြီးနောက် နဂါးဟိန်းသံကို ထုတ်ပေးနိုင်ကြပေသည်။
သာမာန်လူများက ဤခြားနားချက်ကို မပြောနိုင်သော်လည်း ရွယ်နင်ရှင်းမူကား အစစ်အမှန်နဂါးဖြစ်သောကြောင့် သူမ ပြောပြနိုင်သည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
"ဧကန္တ၊ အစစ်အမှန်နဂါးကြီး သေဆုံးပြီးနောက် ကျန်ရစ်ခဲ့တဲ့ ဂူကြီးဖြစ်မလား"
သုံးယောက်သား မှန်းဆရင်း၊ လွန်းပျံယဉ်ကိုထိန်းကာ ဆက်လက် ပျံသန်းသွားကြသည်။
ခဏအကြာတွင်၊ သတ်ဖြတ်ခြင်းအငွေ့အသက်များမှ သူတို့ လွတ်မြောက်ခဲ့ပေသည်။ ထိုအခါ သူတို့ရှေ့မှာ ရေကန်ကြီးတစ်ခု ပေါ်လာသည်။ ရေကန်ဟုဆိုသော်လည်း တစ်ချက်ကြည့်လိုက်ပါက ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာကြီးတစ်ခုကဲ့သို့ဖြစ်ကာ အဆုံးမရှိပေ။
ထို့အပြင်၊ ဤနေရာတွင် သတ်ဖြတ်ခြင်း အငွေ့အသက်များလည်း အရိပ်အယောင်မျှပင် မရှိတော့ပါ။
"လူတွေအများကြီးပဲ"
ကြည်လင်သောဖန်သားပြင်မှ အပြင်ဘက်သို့ ကြည့်လိုက်ရာ ရေကန်အထက်တွင် ရုပ်ပုံများစွာကို တွေ့လိုက်ရသည်။
တချို့ကလည်း တစ်ခုခုကိုရှာနေသလိုမျိုး ရေကန်အထက်မှာ ပျံဝဲနေကြ၏။
ဤသတင်းကို လူတော်တော်များများ ရရှိခဲ့ပုံရသည်။ တစ်ချို့က အတော်ကလေး ငယ်ရွယ်သေးပြီး ထိပ်တန်းဂိုဏ်းကြီးများ၏ ပါရမီရှင်များ ဖြစ်ပုံရပေသည်။
သုံးယောက်သား လွန်းပျံယာဉ်ပေါ်မှ ဆင်းလာခဲ့ကြသည်။ ထို့နောက်၊ ထျန်းချွေးက လွန်းပျံယဉ်ကို ပြန်ကျုံ့စေပြီး သိမ်းဆည်းလိုက်၏။
ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ လူတစ်ရာကျော်ရှိကြောင်း တွေ့ရသည်။
တချို့က သူတို့ကို တစ်ချက်သာကြည့်ပြီး လျစ်လျူရှုခဲ့ကြပေသည်။
"ဒီမှာ ဘာမှရှိပုံမရဘူး"
ထျန်းချွေး ပြောလိုက်သည်။
သူတို့သုံးယောက်လည်း ရေကန်အထက်သို့ ပျံသန်းကာ ငြိမ်သက်နေသော ရေမျက်နှာပြင်ကို ကြည့်လိုက်ကြသည်။ သို့သော်၊ ဘာမှရှိဟန်မတူပေ။
"ဝုန်း"
တစ်စုံတစ်ယောက်သည် ရေကန်ကို တိုက်ခိုက်ခဲ့ပြီး မြင့်မားသော လှိုင်းလုံးကြီးများ ဖြစ်ပေါ်စေခဲ့သည်။
"ဝုန်း"
ရုတ်တရက်၊ လှိုင်းလုံးများကြားမှ ဧရာမ လက်မကြီးတစ်ဖက် ထွက်လာပြီး ထိုလူကို ညှပ်ချလိုက်သည်။ အသံနက်ကြီးဖြင့် အော်ဟစ်သံနှင့်အတူ၊ ထိုလူ၏ခန္ဓာကိုယ် ထက်ပိုင်းပြတ်သွား၏။ သွေးများက ရေကန်ပေါ်သို့ ဖျန်းကျကာ ရေများကို နီရဲသွားစေခဲ့ပေသည်။
လှိုင်းလုံးများ လှိမ့်သွားပြီး ဧရာမ ကျောက်ပုစွန်ကြီးတစ်ကောင် ပေါ်လာသည်ကို လူတိုင်း မြင်လိုက်ကြရသည်။ သူ့ခန္ဓာကိုယ်က အနီရောင်တောက်တောက်ဖြစ်ပြီး အားကောင်းသော အငွေ့အသက်များလည်း ထွက်ပေါ်နေတော့သည်။