အခန်း ၁၅၀၆
Vol. 101 Ch. 1506
အပိုင်း ( 1506 ) နဂါးနန်းတော်။
ရေနက်မြွေကြီးနှစ်ကောင်ကို ဝမ့်ကျန့်နှင့် နတ်ဘုရားသားတော်က တစ်ကောင်စီ လူခွဲကာ ရင်ဆိုင်လိုက်ကြသည်။
ပြင်းထန်သော တိုက်ပွဲတစ်ခု စတင်ခဲ့သည်။
ဓားအလင်းနှင့် သန့်စင်သော အလင်းများကလည်း လေထဲတွင် ပြည့်နေခဲ့ပေသည်။ ရေနက်မြွေကြီးနှစ်ကောင်က သူတို့ကို ရင်မဆိုင်နိုင်ဘဲ အပြတ်ချေမှုန်းခံခဲ့ကြရသည်။
"သန်မာလိုက်တာ၊ ဒါက စန်းပြည်နယ်ရဲ့ ထိပ်တန်း ပါရမီရှင်ဆယ်ဦးအဆင့်ရဲ့ တိုက်ခိုက်ရေးအင်အားပဲလား"
လုမင် ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။
နတ်ဘုရားသားတော်နှင့် ဝမ့်ကျန့်က သူတော်စင်နယ်ပယ်သို့ မရောက်သေးသော်လည်း သူတို့၏ တိုက်ခိုက်နိုင်စွမ်းမှာ အံ့မခန်းဖြစ်နေပြီ။ သူတော်စင်တစ်ပိုင်းအဆင့်မှ ရေနက်မြွေကြီးနှစ်ကောင်က သူတို့ကို လုံးဝ မယှဉ်နိုင်ခဲ့ပေ။
"သတ်"
အနည်းငယ်လှုပ်ရှားပြီးနောက် ဝမ့်ကျန့် အော်လိုက်သည်။ သူ့နောက်ကျောပေါ်မှ ဓားကို ဓားအိမ်ထဲမှမထုတ်သော်လည်း ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခု ထွက်ပေါ်လာခဲ့၏။
"ရွှပ်"
သွေးများက နေရာအနှံ့သို့ ဖြာကျသွားခဲ့သည်။ ဓားအလင်းက ရေနက်မြွေကြီး၏ဦးခေါင်းကို တိုက်ရိုက်ဖြတ်တောက်ခဲ့၏။ မြွေကြီး၏ ကြီးမားသောခန္ဓာကိုယ်ကြီးက ရေထဲသို့ ပြုတ်ကျကာ အသက်ဓာတ်များ ပျောက်ကွယ်သွားတော့သည်။
အခြားတစ်ဖက်တွင်၊ နတ်ဘုရားသားတော်၏ ခန္ဓာကိုယ်ပေါ်ရှိ သန့်စင်သောအလင်းရောင်များက နတ်ဓားတစ်လက်အဖြစ် သိပ်သည်းသွားပြီး ရေနက်မြွေကြီးကို ထက်ပိုင်းဖြတ်တောက်ပစ်လိုက်သည်။
သူတို့နှစ်ဦးက ရေနက်မြွေကြီးနှစ်ကောင်ကို တပြိုင်နက်တည်း သတ်ပစ်ခဲ့ပေသည်။
ယင်းကိုမြင်တော့ လူတော်တော်များများ ပင့်သက်ရှိုက်လိုက်မိသည်။
သူတို့က အစွမ်းထက်လွန်းသည်။
သူတော်စင်တစ်ပိုင်းအဆင့် ရေနက်မြွေကြီးများက သူတို့ကို လုံးဝ မယှဉ်နိုင်ပေ။ တိုက်ကွက်အနည်းငယ်အတွင်း သတ်ဖြတ်ခံခဲ့ကြရသည်။
"သူတို့တွေ သူတော်စင်နယ်ပယ်ကို မရောက်သေးဘဲ သူတော်စင်တစ်ပါးကို သတ်နိုင်ကြမလား"
တစ်ယောက်က ခပ်တိုးတိုး ပြောလိုက်သည်။
"မဖြစ်နိုင်ပါဘူး။ သူတော်စင်နယ်ပယ်က အလွန်တရာ သန်မာလွန်းတယ်။ သူတော်စင်နယ်ပယ်ကို မရောက်သေးဘဲ သူတော်စင်တစ်ပါးကိုသတ်ဖို့က ဒဏ္ဍာရီထဲမှာပဲ ရှိလိမ့်မယ်။ ထိပ်တန်း မျိုးဆက်သစ် ပါရမီရှင်ဆယ်ပါးက သန်မာပေမဲ့ သူတော်စင်နယ်ပယ် ကျွမ်းကျင်သူနဲ့တော့ မယှဉ်နိုင်သေးဘူး"
အခြားတစ်ယောက်က လေသံတိုးတိုးဖြင့် ပြန်ပြော၏။
"ရှန်းကျစ်၊ ငါတို့ သရေကျခဲ့ပုံရတယ်"
ဝမ့်ကျန့်က တိုက်ခိုက်ချင်စိတ်အပြည့်ဖြင့် နတ်ဘုရားသားတော်ကို ကြည့်လိုက်သည်။
"ဒီရေနက်မြွေနှစ်ကောင်က အားနည်းလွန်းတယ်။ သူတို့နဲ့ ပြိုင်ဆိုင်ဖို့က အဓိပ္ပါယ်မရှိဘူး"
ရှန်းကျစ်က ပေါ့ပေါ့ပါးပါး ပြောသည်။
"ရှန်းကျစ်၊ ဒီတင်းပေါင်ညီလာခံကျရင် မင်းကို ငါ အနိုင်ယူမယ်"
ဝမ့်ကျန့်၏ မျက်လုံးများက နတ်ဓားနှစ်ချောင်းကဲ့သို့ အလင်းတန်းများ ထွက်ပေါ်လာ၏။
"လွန်ခဲ့တဲ့ သုံးနှစ်က မင်းက ငါ့ကို မယှဉ်နိုင်ခဲ့ဘူး။ အခုဆိုရင် မင်းက ငါ့အတွက် ပြိုင်ဘက်ဖြစ်ဖို့ ပိုဝေးသွားပြီ"
ရှန်းကျစ်က သူ့လက်နှစ်ဖက်ကို နောက်သို့ပစ်ပြီး ပြောလိုက်သည်။ သူသည် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိ၏။
"ဟမ့်၊ အချိန်ကျရင် အနိုင်အရှုံးကို ငါတို့သိရမှာပါ။ အခု ဒီနတ်ဆိုးသားရဲတွေကို ဂရုစိုက်လိုက်ရအောင်"
ဝမ့်ကျန့်က အေးစက်စက် ပြောလိုက်သည်။ သူ့ထံမှ ဓားအလင်းတစ်ခု ထွက်ပေါ်လာပြီး မိစ္ဆာသားရဲများစွာကို တိုက်ရိုက် အသက်နှုတ်ယူသွားတော့သည်။
ရှန့်ကျစ်လည်း လျစ်လျူရှုစွာပြုံးရင်း လေထဲသို့ ခြေလှမ်းလိုက်သည်။ သန့်စင်သောအလင်းများ ဖြာထွက်လာပြီး မိစ္ဆာသားရဲများ တစ်ကောင်ပြီးတစ်ကောင် သေဆုံးသွား၏။
ရှန်းကျစ်နှင့် ဝမ့်ကျန့်တို့ အတူတကွ လှုပ်ရှားခြင်းဖြင့် အပြတ်အသတ် ချေမှုန်းခြင်းတစ်ခု ဖြစ်ခဲ့သည်။ အခြားသူများပင် မလှုပ်ရှားသာဘဲ မိစ္ဆာသားရဲအများအပြား သတ်ဖြတ်ခံခဲ့ရပေသည်။
"တင်းပေါင်ညီလာခံတိုင်းမှာ ထိပ်သီး မျိုးဆက်သစ်ပါရမီရှင်ဆယ်ဦးက အဓိကတိုက်ခိုက်သူတွေပဲ။ လွန်ခဲ့တဲ့သုံးနှစ်က တင်းပေါင်ညီလာခံကို ငါသွားကြည့်ဖူးတယ်။ သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းက တကယ်ကို တုန်လှုပ်ချောက်ချားစရာပဲ။ အခုတော့ နောက်သုံးနှစ်ကြာသွားပြီမို့ ထိပ်တန်း ပါရမီရှင် ဆယ်ယောက်ရဲ့ စွမ်းအားတွေက ပိုလို့တောင် ကြောက်စရာကောင်းလာတော့မှာ သေချာတယ်"
ရွယ်နင်ရှင်းက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
လုမင် ခေါင်းညိတ်လိုက်၏။ သိုင်းအုပ်ချုပ်သူနယ်ပယ် သတ္တမအဆင့်အောက်မှလူများက တင်းပေါင်ညီလာခံတွင် ပါဝင်ရန် အရည်အချင်းမပြည့်မီသည်မှာ အံ့သြစရာမဟုတ်တော့ပေ။ လုမင်အပါအဝင် အခြားသူများက ထိုမကောင်းဆိုးရွား ပါရမီရှင်များနှင့် နှိုင်းယှဉ်ပါက အားနည်းလွန်းလှသည်။ သူတို့အနေဖြင့်၊ တိုက်ခိုက်ရန်ပင် အချိန်မရဘဲ ချက်ချင်း အသတ်ခံလိုက်ရလိမ့်မည်။
သို့သော် လုမင် စိတ်ဓာတ်မကျပါ။ ဤလူများက ယွမ်လုတိုက်ကြီးတွင် မွေးဖွားခဲ့၍ သူတို့၏ ကျင့်ကြံခြင်းပတ်ဝန်းကျင်မှာ ကောင်းလွန်းသည်။ သူတို့၏ အရည်အချင်းကလည်း မြင့်မားသေးရာ ကျင့်ကြံခြင်းအခြေခံများ သဘာဝအတိုင်း မြင့်မားကြပေသည်။
သို့သော်လည်း၊ လုမင်ဟာ နှစ်အနည်းငယ်ကြာပြီးနောက် ဤလူများကို အမီလိုက်နိုင်မည်ဟု ယုံကြည်မှုရှိသည်။ ၎င်းတို့နှင့် ယှဉ်ပြိုင်နိုင်ပြီး သူတို့ကိုပင် ကျော်ဖြတ်နိုင်လိမ့်မည်။
'နောက်သုံးနှစ်မှာ ငါလည်း ပါဝင်လို့ရနိုင်မလား'
လုမင်လည်း ယင်းကို မျှော်လင့်နေခဲ့သည်။
တင်းပေါင်ညီလာခံတွင် ရတနာနှစ်ပါး ပါဝင်သည်။ ထိုအထဲတွင် တစ်ခုက ငရဲဖိနှိပ်ကျောက်စာချပ်မှ အစိတ်အပိုင်းတစ်ခု ဖြစ်၏။
သူသာ နဂါးနတ်ဘုရားတောင်ကြားကို ပထမနေရာ ရရှိစေရန် ကူညီပြီး ရတနာနှစ်ပါးစလုံး သုံးနှစ်ကြာထိန်းသိမ်းခွင့် ယူပေးနိုင်ပါက၊ ငရဲဖိနှိပ်ကျောက်စာချပ်၏ အစိတ်အပိုင်းကို သူ ရရှိနိုင်မည်လော။
လုမင်၏ စိတ်ထဲတွင် အတွေးများစွာ ပေါ်လာခဲ့သည်။
မိစ္ဆာသားရဲအများအပြား သတ်ဖြတ်ခံရခြင်းကြောင့် ကန်ရေပြင်နေရာအနှံ့မှာ သွေးများ ချင်းချင်းနီနေပြီ။ မကြာမီ၊ ချီလုံနဂါးရေကန်အတွင်းမှ မိစ္ဆာသားရဲအားလုံးနီးပါး သတ်ခံခဲ့ရသည်။ အားနည်းသော သားရဲများမှာလည်း ကြောက်လန့်ခြင်းကြီးစွာဖြစ်ပြီး ရေနက်ပိုင်းသို့ ငုပ်လျှိုးပြေးပုန်းကုန်လေသည်။ ဤသို့ဖြင့် ရေကန်၏မျက်နှာပြင်မှာ တိတ်ဆိတ်သွားခဲ့သည်။
"ဂါး..."
ထိုအချိန်တွင် ရေကန်အောက်မှ မြေပြင်အက်ကွဲစေနိုင်သော နဂါးဟိန်းသံ ထွက်ပေါ်လာခဲ့သည်။
သို့သော် နဂါးဟိန်းသံ ထွက်လာပြီးနောက် ရေကန်၏မျက်နှာပြင်က ငြိမ်သက်နေကာ အခြားဘာမျှမဖြစ်ခဲ့ပေ။
"ကန်ရဲ့အောက်ခြေမှာ ထူးထူးခြားခြား တစ်ခုခုတော့ ရှိရမယ်။ မဟုတ်ရင် ဒီလို ရေကန်လေးထဲမှာ သူတော်စင်တစ်ပိုင်းအဆင့် ရေနက်မြွေနှစ်ကောင် ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ"
ဝမ့်ကျန့်က နတ်ဓားနှစ်လက်ကဲ့သို့ စူးရှသော မျက်လုံးများနှင့် ကန်ရေပြင်ကို စိုက်ကြည့်လိုက်သည်။
"ဒါကို ဖွင့်ကြည့်လိုက်ရင် ငါတို့သိမှာပေါ့"
ရှန်းကျစ်က အလွန်ကြီးစိုးသည်။ သူ့ခန္ဓာကိုယ်ကို နတ်ဘုရား၏သားတော်ကဲ့သို့ သန့်စင်သောအလင်းရောင်များက လွှမ်းခြုံသွား၏။ သူက ရှေ့သို့ ခြေတစ်ချက်လှမ်းလိုက်သည်နှင့် ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွားခဲ့ပုံရသည်။ ထို့နောက် သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး အောက်သို့ ဖမ်းဆုပ်ဟန်ပြုလိုက်၏။ ထိုအခါ အားပြင်းသော စုပ်ယူမှုအင်အားတစ်ခု ထွက်ပေါ်လာတော့သည်။
အောက်ဘက်ရှိ ကန်ရေများက လမ်းကြောင်းတစ်ခုကဲ့သို့ ကြွတက်လာခဲ့သည်။ ထို့နောက် ရှန်းကျစ်က လက်ဝါးပြန်ဖြန့်ပြီး အောက်သို့ ဖိလိုက်သည်။
"ဝုန်း"
ကန်ရေများက အောက်သို့ တဟုန်ထိုး ပြန်ကျသွားသည်။
ကန်ရေမျက်နှာပြင်က တုန်ခါသွားပြီး ရေများ အရပ်ရပ်ကို ဖြာထွက်သွား၏။ ချက်ချင်းပင် ကန်ထဲမှာ ရေတစ်စက်တစ်ပေါက်မျှမရှိတော့ဘဲ နေရာလွတ်တစ်ခု ပေါ်လာတော့သည်။
"ပိုင်းဖြတ်"
ရှန်းကျစ်က ခပ်တိုးတိုးပြောလိုက်သည်။ သန့်စင်သော အလင်းတန်းတစ်ခုက ဓားသွားတစ်ခုကဲ့သို့ ကျဆင်းလာပြီး ရေကန်အောက်ခြေကို ဖြတ်တောက်သွား၏။
"ဝုန်း"
ရေကန်၏အောက်ခြေက တိုက်ရိုက်ကွဲထွက်သွားပြီး ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာတော့သည်။
သို့သော်၊ ရေကန်၏အောက်ခြေမှာ အလွတ်ကြီးဖြစ်သည်။ ဘာဆိုဘာမျှ ထူးထူးခြားခြား မရှိခဲ့ပေ။
"ဟမ်"
ရှန်းကျစ် မျက်မှောင်ကြုတ်လိုက်သည်။
"ဝုန်း"
ထိုအချိန်တွင်၊ ဘေးသို့ရှဲသွားသောရေများက ပြန်စီးကျလာပြီး ရေများပြန်ပြည့်သွားလေသည်။
"ဂါး"
ထိုအချိန်မှာပင် နောက်ထပ် နဂါးဟိန်းသံကို ကြားလိုက်ရသည်။
"တွေ့ပြီ"
ဝမ့်ကျန့်က ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့ပုံရိပ်က မိုင်ပေါင်းများစွာ အကွာအဝေးတွင် ပေါ်လာပြီး တုန်လှုပ်ချောက်ချားဖွယ် ဓားအလင်းတန်းတစ်ခုကို ထုတ်ဖော်လိုက်၏။
"ဝုန်း"
မိုင်တစ်ရာရှည်လျားသော ဓားအလင်းက ကန်ရေများကို ထိုးခွဲသွားကာ ရေကန်အောက်ခြေတွင် နက်ရှိုင်းသော ဓားဒဏ်ရာတစ်ခု ပေါ်လာတော့သည်။
"ဂါး"
အက်ကြောင်းအတွင်းမှ ကျယ်လောင်သော နဂါးဟိန်းသံထွက်လာခဲ့သည်။ ထို့နောက်တွင်၊ ယင်းအက်ကြောင်းမှ နဂါးပုံရိပ်တစ်ခု ပြေးထွက်လာ၏။
သို့သော်လည်း ယင်းက နဂါးအစစ်မဟုတ်ဘဲ အရိပ်တစ်ခု ဖြစ်သည်။ နဂါးအရိပ်က ကောင်းကင်သို့ ပျံတက်သွားပြီးနောက် အလိုအလျောက် ပျောက်ကွယ်သွားလေသည်။
"ဝုန်း"
ထို့နောက်တွင်၊ ရေကန်၏အောက်ခြေမှ ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်းများ ပြန့်ကျဲသွားခဲ့သည်။
"ရေကန်ရဲ့အောက်ခြေမှာ တစ်ခုခုရှိနေတယ်"
လူအများ၏ မျက်လုံးများ တောက်ပလာသည်။
ကန်ရေကလည်း ဆူပွက်ပြီး အဆက်မပြတ် လှုပ်ရှားလာ၏။ ကြီးမားသော အရာတစ်ခုခုက ရေကန်အောက်မှ လွတ်မြောက်ရန် ကြိုးစားနေသည့်ပမာ၊ ရေကန်အတွင်းမှရေများ ဆူပွက်ပြီး လှိုင်းထနေတော့သည်။
ထိုနေရာမှ မြေပြင်က အက်ကွဲသွားပြီး အဆုံးမဲ့ ကန်ရေများ ထိုးကျသွားခဲ့သည်။ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပြီးနောက်တွင် ကြီးမားသော အရာဝတ္ထုတစ်ခု ပေါ်လာခဲ့၏။
ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေသော နန်းတော်ကြီးဖြစ်သည်။ နံရံများနှင့် တိုင်များတွင် အသက်ဝင်နေသကဲ့သို့ လက်ရာမြောက်လွန်းသော နဂါးရုပ်ပုံများ ထွင်းထုထားပေသည်။
"နဂါးနန်းတော်၊ ဒါက နဂါးနန်းတော်ပဲ"
တစ်ယောက်ယောက်က အော်လိုက်သည်။
"ရှေးခေတ်က ချီလုံနဂါးရေကန်မှာ တန်ခိုးကြီးတဲ့ အစစ်အမှန်နဂါးတစ်ကောင် နေထိုင်ခဲ့တယ်လို့ ဒဏ္ဍာရီတွေရှိခဲ့တာ၊ အခုတော့ ဒါက အမှန်ဖြစ်နေတာပဲ"
"ဒီနဂါးနန်းတော်က အရမ်းခမ်းနားတယ်။ ဒီမှာနေတဲ့ အစစ်အမှန်နဂါးကလည်း သူတော်စင်နယ်ပယ် အစစ်အမှန်နဂါးပဲ ဖြစ်ရမယ်"
လူအများ၏ မျက်လုံးများက တောက်ပလာခဲ့သည်။
ထိုဒဏ္ဍာရီများက လွန်စွာကြာခဲ့ပြီ။ ထိုအချိန်မှစလျှင် နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်၍ အစစ်အမှန်နဂါးတစ်ကောင်ရှိခဲ့လျှင်ပင် ကျဆုံးသွားလောက်ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် ဤနဂါးနန်းတော်ကြီး ထွက်ပေါ်လာခြင်း ဖြစ်လိမ့်မည်။
သို့ဆိုလျှင်၊ နဂါးနန်းတော်မှာ ရတနာများ ဘယ်လောက်ရှိမည်နည်း။
ရေကန်ကြီးထဲမှ ရေသတ္တဝါများက အလွန်အစွမ်းထက်ကြတာ အံ့ဩစရာမရှိတော့ပေ။ ရေကန်အောက်တွင် နဂါးနန်းတော်ကြီး ရှိနေသည်။
မြေပြင်ပြိုကျပြီးနောက် ရေများ စီးကျသွားခဲ့သည်။ မကြာမီ၊ နဂါးနန်းတော်ကြီးတစ်ခုလုံး လူတိုင်းရှေ့မှာ ပေါ်လာခဲ့၏။
နဂါးနန်းတော်၏ရှေ့တွင်ကား နဂါးနန်းတော်တံခါးဆီသို့ ဦးတည်သွားသော လျှောက်လမ်းကျယ်ကြီးတစ်ခု ရှိပေသည်။
နန်းတော်တံခါးမှာတော့ တင်းတင်းပိတ်ထားသည်။
လမ်း၏ တစ်ဖက်တစ်ချက်စီမှာတော့ အစစ်အမှန်နဂါး ရုပ်တုကြီးများ ရှိ၏။ ထိုအစစ်အမှန်နဂါး ရုပ်တုများက ကြေးဖြင့်ပြုလုပ်ထားခြင်းဖြစ်သော်လည်း အစစ်အမှန်ကဲ့သို့ အသက်ဝင်နေပုံရကာ လွန်စွာ ကြီးကျယ်ခမ်းနားခဲ့ပေသည်။