အခန်း ၁၅၀၉
Vol. 101 Ch. 1509
အပိုင်း ( 1509 ) အစစ်အမှန်နဂါး ပြန်လည်ရှင်သန်ခြင်းပင်လော။
"ရှန်းကျစ်၊ မင်းက မများလွန်းဘူးလား။ ငါတို့အားလုံး နဂါးခေါင်းတလားကို အတူတူဖွင့်ခဲ့ရတာ။ ဒီအတွက် လူတိုင်းမှာ အခွင့်အရေးရှိတယ်။ မင်းတစ်ယောက်တည်း လက်ဝါးကြီးအုပ်လို့ ဘယ်ရပါ့မလဲ"
အဆင့်ကိုး သိုင်းအုပ်ချုပ်သူနယ်ပယ် အကြီးအကဲတစ်ဦးက ဒေါသတကြီး အော်လိုက်သည်။
"ထွက်သွားစမ်း၊ မင်း မထွက်သွားရင် သေရမယ်"
ရှန်းကျစ်၏ အမူအရာက အပြောင်းအလဲမရှိဘဲ အေးစက်စက် ပြောလိုက်သည်။ သူ့လေသံမှာ လွန်စွာကြီးစိုး၏။
"ဟားဟားဟား၊ ရှန်းကျစ်၊ မင်းတစ်ယောက်တည်း ဒီအစစ်အမှန်နဂါးကို လက်ဝါးကြီးအုပ်ချင်ရင်တော့ ဒီလောက်ဘယ်လွယ်ကူပါ့မလဲ"
ဝမ့်ကျန့်က ရယ်မောလိုက်သည်။
ရှန်းကျစ်က သူ့အား အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်သော်လည်း ဘာမျှမပြောတော့ပေ။
ခွန်အားက စကားလုံးများထက် ထိရောက်သည်။ ဝမ့်ကျန့်၏ ခွန်အားကို သူ လျစ်လျူမရှုနိုင်ပေ။
အခြားသူများလည်း မျက်နှာပျက်သွားခဲ့ကြသည်။ ဝမ့်ကျန့်နှင့် ရှန်းကျစ်ကဲ့သို့ မကောင်းဆိုးရွား ပါရမီရှင်နှစ်ဦးကို ဆန့်ကျင်တိုက်ခိုက်လိုပါက သူတို့အတွက် ပို၍ ခက်ခဲပေလိမ့်မည်။
"လူတိုင်း၊ သူတော်စင်နယ်ပယ် နဂါးအလောင်းက အင်မတန် ရှားပါးတယ်။ ဒီအတွက် ငါတို့အားလုံး ကြိုးစားခဲ့ပြီးမှတော့ ဒီအတိုင်း ဘယ်လိုလုပ်ပြီး နေလို့ရမှာလဲ။ ငါတို့ အတူတူ ပူးပေါင်းကြမလား"
အဆင့်ကိုး သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။
"ကောင်းပြီ၊ ငါသဘောတူတယ်"
"ငါလည်းသဘောတူတယ်"
တခြားသူများလည်း တစ်ယောက်ပြီး တစ်ယောက် ထပြောလိုက်၏။
ကျွမ်းကျင်သူ ဆယ်ဦးကျော်ထံမှ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး ရှန်းကျစ်နှင့် ဝမ့်ကျန့်ကို မျက်နှာချင်းဆိုင်လိုက်တော့သည်။
"အမှိုက်တစ်အုပ်ကများ၊ ကိုယ့်အဆင့်ကိုသိကြ"
ရှန်းကျစ်က အေးစက်စက်ပြောပြီး နဂါးရုပ်အလောင်းရှိရာသို့ လျှောက်သွားသည်။
သူက နဂါးရုပ်အလောင်းကို သိမ်းထားရန် ဟန်ပြင်လိုက်ခြင်း ဖြစ်၏။ နဂါးရုပ်အလောင်းကို သိမ်းဆည်းထားသရွေ့ မည်သူမျှ သူထံမှ လုယူနိုင်တော့မည် မဟုတ်ပေ။
"ဝှစ်"
ဝမ့်ကျန့်လည်း လှုပ်ရှားလိုက်သည်။ သူက ရှန်းကျစ်ကို မည်သို့ လက်ဝါးကြီးအုပ်ထားခွင့်ပြုမည်နည်း။
"တိုက်ခိုက်ကြ"
အခြား ကျွမ်းကျင်သူများလည်း လှုပ်ရှားလိုက်ကြသည်။ စုစုပေါင်း ဆယ့်သုံးယောက် ရှိ၏။ သူတို့ထဲမှ သုံးဦးက အဆင့်ကိုး သိုင်းအုပ်ချုပ်သူများဖြစ်ပြီး ကျန်သူများကတော့ အဆင့်ခုနစ်၊ အဆင့်ရှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူတော်စင်တစ်ပိုင်းအဆင့် အကျော်အမော်သည်ပင် သူတို့အင်အားစုကို လျစ်လျူရှုနိုင်မည် မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် အင်အားသုံးခုက အစစ်နဂါးဆီသို့ ဦးတည်သွားကြသည်။
လုမင်တို့သုံးယောက်ကတော့ ခန်းမဘေးတွင်ရပ်ကာ အေးစက်စက် ကြည့်ရုံသာကြည့်ပြီး မလှုပ်ရှားကြပေ။
သူတို့၏ အင်အားများဖြင့် လုံး၀ ဝင်ရောက်စွက်ဖက်လို့ မရပါ။ ထို့ကြောင့်ပင် ရှန်းကျစ်နှင့် အခြားသူများက သူတို့ကို တိုက်ရိုက် လျစ်လျူရှုထားခဲ့ကြသည်။
"ထွက်သွား၊ ထွက်သွားကြစမ်း"
ရှန်းကျစ်က အေးစက်စက်ဖြင့် အော်ငေါက်လိုက်သည်။ မြင့်မြတ်သောအလင်းရောင်က နတ်ဓားသွားအဖြစ်သို့ ပေါင်းစပ်သွားပြီး ဝမ့်ကျန့်နှင့် အခြား ကျွမ်းကျင်သူများကို ထိုးခုတ်လိုက်သည်။
"ထန်"
ဝမ့်ကျန့်ထံမှ ဓားအလင်း ပေါက်ကွဲထွက်လာပြီး တန်ပြန် တိုက်ခိုက်၏။ ထိုနေရာက ဓားစွမ်းအင်နှင့် ဓားအလင်းများ ပြည့်နေတော့သည်။
အခြားသော ကျွမ်းကျင်သူများသည်လည်း ဓားသွားများကို တွန်းလှန်ရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။
ဤအခွင့်အရေးကို ဆုပ်ကိုင်ပြီး ရှန်းကျစ်က အစစ်အမှန်နဂါးအလောင်းအား သူ၏သိုလှောင်လက်စွပ်ထဲသို့ထည့်ရန် ကြံရွယ်ကာ ဖမ်းဆွဲလိုက်သည်။
"မစဉ်းစားနဲ့"
တစ်ချိန်တည်းမှာပင်၊ ဝမ့်ကျန့်က စွမ်းအင်လက်ကြီးတစ်ဖက် ထုတ်ဖော်ပြီး ရှန်းကျစ်၏လက်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။
"ဒါက ငါတို့ပိုင်တာ"
ကျွမ်းကျင်သူ လူတစ်စုကလည်း ရှေ့သို့လှမ်းပြီး နဂါးရုပ်အလောင်းကို လှမ်းဆွဲလိုက်တော့သည်။
"ဂါး"
ဤအခိုက်အတန့်တွင် ကျယ်လောင်ပြီး မာန်ပါသော နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းတစ်ခုအဖြစ် ပျံ့နှံ့သွားခဲ့သည်။
ရှန်းကျစ်နှင့် ဝမ့်ကျန့်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားကြသည်။ သူတို့လည်း အသံလှိုင်းများကို ဖြတ်ကျော်ရန် ဓါးအလင်းတစ်ခုနှင့် ဓားစွမ်းအင်တစ်ခုကို ထုတ်လွှတ်လိုက်ကြ၏။
ကျန်ကျွမ်းကျင်သူများမှာတော့ အဆင့်ကိုး သိုင်းအုပ်ချုပ်သူနှစ်ဦးမှလွဲပြီး ကျန်သူအားလုံး နောက်သို့ဆုတ်သွားကြရသည်။ တချို့ဆိုပါက သွေးများပင် အန်ထွက်ကုန်တော့သည်။
လုမင်တို့သုံးယောက်လည်း အစွမ်းကုန် ခုခံရန် ကြိုးစားခဲ့ရသည်။ သို့ရာတွင်၊ သူတို့က အတော်လေးဝေးကွာသောကြောင့် အသံလှိုင်း၏စွမ်းအားများ အလွန်လျှော့ကျသွားကာ အလွယ်တကူ တားဆီးနိုင်ခဲ့ပေသည်။
"ဘာဖြစ်တာလဲ"
ပတ်ဝန်းကျင်မှ လူတိုင်း လွန်စွာတုန်လှုပ်သွားကြသည်။
နဂါးဟိန်းသံမှာ နဂါးခေါင်းတလားထဲမှ ထွက်လာခြင်း ဖြစ်၏။ ဤအစစ်အမှန်နဂါးက အသက်ရှင်နေသေးခြင်း ဖြစ်မည်လော။
"ဂါး"
ထိုအချိန်တွင် နဂါးခေါင်းတလားအတွင်းမှ နောက်ထပ် နဂါးဟိန်းသံ ထပ်မံထွက်ပေါ်လာခဲ့သည်။
"ဒုန်း၊ ဒုန်း"
ထို့နောက် နဂါးခေါင်းတလားအတွင်းမှ အဆက်မပြတ် ထုရိုက်သံများ ကြားလာခဲ့ရသည်။ အနက်ရောင် နဂါးကြီးက အမှန်တကယ် ထရပ်လာပြီး ဟိန်းဟောက်လိုက်၏။ သူက ရက်စက်ကြမ်းကြုတ်ပုံရသော မျက်လုံးများနှင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ"
"သူတော်စင်နယ်ပယ် အစစ်အမှန်နဂါးက တကယ်ကြီး အသက်ရှင်နေသေးတာလား"
"မဟုတ်သေးဘူး၊ သူတော်စင် အစစ်အမှန်နဂါးက သေသွားပြီ။ ဒါက သူတော်စင် အစစ်အမှန်နဂါးရဲ့ အမှတ်အသားပဲ"
လူအတော်များများက အလန့်တကြားဖြင့် အော်ဟစ်လိုက်ကြသည်။ နောက်ဆုံး ဟိန်းဟောက်သံက လူတိုင်းကို တုန်လှုပ်စေခဲ့၏။ သို့သော်လည်း ဂရုတစိုက် စူးစမ်းပြီးနောက် ဤအစစ်အမှန်နဂါးက အသက်ဓာတ် အရိပ်အယောင်များမရှိကြောင်း တွေ့ရှိခဲ့ရသည်။ ယင်းက တကယ်ကို နှစ်ပေါင်းများစွာကတည်းက သေဆုံးသွားခဲ့ပြီ။
ဤအစစ်အမှန်နဂါး လှုပ်ရှားနိုင်ရသည့် အကြောင်းရင်းက အင်မော်တယ်အမှတ်အသားကြောင့် ဖြစ်သည်။
"မင်းက သေနေတာတောင် ခုခံချင်နေသေးတာလား။ ဒီနေ့၊ မင်းက ငါ့အပိုင်ဖြစ်ကိုဖြစ်ရမယ်"
ရှန်းကျစ်က အေးစက်စက် ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ မြင့်မြတ်သောအလင်းရောင်များက ပို၍ပင် တောက်ပလာ၏။ သူက လေထဲသို့ ဖမ်းဆုပ်ဟန်ပြုလိုက်ရာ သူ့လက်ထဲတွင် လှံရှည်တစ်လက် ပေါ်လာတော့သည်။
လူများစွာတို့ တုန်လှုပ်သွားကြသည်။ ဤသည်မှာ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လျှို့ဝှက်ပညာနှင့် နတ်ဘုရားအပြစ်ပေးလှံပင်။
"သတ်"
ရှန်းကျစ်က ဟိန်းဟောက်လိုက်သည်။ နတ်ဘုရားအပြစ်ပေးလှံက လေထဲမှဖြတ်၍ အစစ်အမှန်နဂါးအလောင်းကို ထိုးစိုက်လိုက်၏။
သူတော်စင်နယ်ပယ် အစစ်အမှန်နဂါး၏ အင်မော်တယ်အမှတ်အသားကို ဖျက်ဆီးနိုင်သ၍၊ ဤသူတော်စင်နယ်ပယ် အစစ်အမှန်နဂါး လုံးဝ သေဆုံးသွားလိမ့်မည်။
"ဂါး"
အနက်ရောင် နဂါးကြီးက ဟိန်းဟောက်ပြီး ကုပ်ဆွဲလိုက်သည်။
"ဒုန်း"
နဂါးလက်သည်းနှင့် ရှန်းကျစ်၏ နတ်ဘုရားအပြစ်ပေးလှံတို့ ထိပ်တိုက်တွေ့ဆုံပြီးနောက် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ နဂါးနက်ကြီး၏ ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး ရှန်းကျစ်လည်း နောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်သွားရ၏။
အမှန်တော့ သူတော်စင်နယ်ပယ် အစစ်အမှန်နဂါးကြီး သေဆုံးသွားသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ အင်မော်တယ်အမှတ်အသားက အသက်ရှင်နေစဥ်အချိန်မှ သူ၏ တိုက်ခိုက်နိုင်စွမ်းမျိုး မရှိနိုင်ပေ။
တစ်ဖက်တွင် ဓားအလင်းများ လင်းလက်လာပြီး ဝမ့်ကျန့် ပေါ်လာခဲ့သည်။
အနက်ရောင် နဂါးကြီးက သူ့အမြီးဖြင့်လွှဲရိုက်ပြီး ဝမ့်ကျန့်၏ ဓားအလင်းကို ပိတ်ဆို့လိုက်၏။
ထိုအချိန်တွင် နဂါးနက်ကြီး၏ ဦးချိုက တောက်ပလာခဲ့သည်။ အနက်ရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး ရှန်းကျစ်နှင့် ဝမ့်ကျန့်တို့ဆီသို့ တိုးဝင်သွား၏။
ရှန်းကျစ်၏ နတ်ဘုရားအပြစ်ပေးလှံက တစ်ဖန်လှုပ်ရှားသွားပြီး အနက်ရောင်အလင်းကို ဖျက်ဆီးပစ်လိုက်သည်။
တစ်ဖက်တွင်လည်း ဝမ့်ကျန့်က နဂါးနက်၏ အနက်ရောင်အလင်းတန်းကို ဖျက်ဆီးပစ်ခဲ့ပေသည်။
"မင်းသေနေတာ နှစ်အတော်ကြာနေပြီ၊ ဒါတောင်မှ မင်း ခုခံနေသေးတယ်လား။ ဒီနေ့ ငါ မင်းကို လုံးဝ ပျောက်ကွယ်သွားအောင် လုပ်ပြမယ်"
ရှန်းကျစ်က ကြုံးဝါးလိုက်သည်။ သူ့မျက်ခုံးနှစ်ခုကြားမှ အလင်းရောင်တောက်ပလာပြီး မျှော်စင်ငယ်တစ်ခု ထွက်ပေါ်လာခဲ့၏။
ယင်းက သေးငယ်သော ကျောက်စိမ်း မျှော်စင်တစ်ခု ဖြစ်ချေသည်။ အပြင်ဘက်သို့ ပျံထွက်သွားသည်နှင့် တပြိုင်နက် နို့ဖြူရောင် မြင့်မြတ်သော အလင်းများကို ထုတ်လွှတ်လိုက်သည်။ ၎င်း၏ အရှိန်အဝါများကလည်း အံ့မခန်း ဖြစ်ခဲ့ပေသည်။
"သူတော်စင်ရတနာ"
တစ်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"ဝုန်း"
ရှန်းကျစ်က သူတော်စင်ရတနာတစ်ခုကို ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းဖြင့် သူတော်စင်ရတနာကို အသုံးပြုလိုက်သောအခါ စွမ်းအားမှာ အံ့မခန်း ဖြစ်၏။ ကျောက်စိမ်းစေတီက နဂါးနက်ကြီးအပေါ်မှ ဖိချလာတော့သည်။
"ဂါး"
နဂါးနက်ကြီးက ဟိန်းဟောက်ပြီး နဂါးလက်သည်းများနှင့် ကျောက်စိမ်းမျှော်စင်ကို တိုက်ခိုက်လိုက်သည်။
"ဒုန်း"
ကျောက်စိမ်းမျှော်စင်က တုန်လှုပ်သွားသော်လည်း အစစ်အမှန်နဂါးကြီး တုန်လှုပ်ကာ ဆုတ်သွားရ၏။
ထို့နောက် ကျောက်စိမ်းမျှော်စင်က ထပ်မံ ဖိချလာပြန်တော့သည်။ အစစ်အမှန်နဂါးကြီးက ဟိန်းဟောက်နေသော်လည်း ဖိနှိပ်ခံရဆဲ ဖြစ်ခဲ့သည်။
"ဂါး"
အစစ်အမှန်နဂါးကြီးက ဟိန်းဟောက်လိုက်သည်။ ထို့နောက်မှာတော့ သူ့ခန္ဓာကိုယ်ကို တွန့်လိပ်လှုပ်ရှားကာ ခန်းမ၏ထိပ်ဆီသို့ ပြေးထွက်သွားတော့သည်။
ထွက်ပြေးပြီ ဖြစ်သည်။
"ဒီနေ့ မင်းမလွတ်နိုင်တော့ဘူး"
ရှန်းကျစ်က သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ ကမ္ပည်းစာလိပ်တစ်စောင် ပေါ်လာခဲ့သည်။
ကမ္ပည်းစာလိပ် ပွင့်သွားသောအခါ မရေမတွက်နိုင်သော ကမ္ပည်းစာလုံးများ ပေါ်လာခဲ့၏။
"ဝုန်း"
ကြီးမားသော အစီရင်တစ်ခု ပေါ်လာပြီး လေဟာပြင်ကိုပင် ပိတ်ချလိုက်တော့သည်။
'အံ့သြစရာကောင်းလိုက်တဲ့ ကမ္ပည်းစာလိပ်ပဲ။ အဲဒါက လေဟာပြင်ကိုတောင် ပိတ်လှောင်လို့ရတယ်'
ခန်းမဘေးတွင်၊ လုမင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။
ရှန်းကျစ်၏ ကမ္ပည်းစာလိပ်မှာ အလွန်အံ့သြဖွယ်ကောင်းသည်။ ယင်းက လေဟာပြင်ကိုပင် ပိတ်လှောင်ထားနိုင်စွမ်း ရှိ၏။ ဤနည်းအားဖြင့် နဂါးနက်ကြီး လွတ်မြောက်နိုင်မည် မဟုတ်တော့ပေ။
"ရှန်းကျစ်၊ မင်းက တကယ်ကို ရက်ရောတာပဲ။ နတ်ဘုရားတားမြစ် ရှေး ဟောင်း လေဟာပြင်ကမ္ပည်းစာလိပ်ကိုတောင် ထုတ်သုံးဖို့ဆန္ဒရှိတယ်"
ဝမ့်ကျန့် ပြောလိုက်သည်။
"ဟမ့်"
ရှန်းကျစ်က ပြန်မပြောဘဲ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး နဂါးနက်ကြီးအထက်တွင် ပေါ်လာခဲ့၏။ ကျောက်စိမ်းမျှော်စင်က တစ်ဖန်ပေါ်လာပြီး နဂါးနက်ကြီး၏ အင်မော်တယ်အမှတ်အသားကို လုံးလုံးလျားလျား ချေမှုန်းပစ်ရန် ကြိုးစားလာတော့သည်။
'ပူဖောင်းလေး...'
ထိုအချိန်တွင်၊ လုမင်က သူ့ပခုံးပေါ်ရှိ ပူဖောင်းလေးဆီသို့ အသံပို့လွှတ်လိုက်သည်ကိုတော့ မည်သူမျှ သတိမထားမိပေ။
ထို့နောက်၊ ပူဖောင်းလေးက သူ့ပါးစပ်ကိုဟပြီး ရှေ့လက်ကလေးများကို ဝှေ့ယမ်းလိုက်သည်။
"ကလစ်... ကလစ်"
ခန်းမအထက်မှ ကမ္ပည်းစာလိပ်ဖြင့် ပိတ်လှောင်ခံထားရသော ဟင်းလင်းပြင်မှာ ရေလှိုင်းများကဲ့သို့ အဆက်မပြတ် တုန်ခါလာ၏။ ထို့နောက်မှာတော့ ဖန်ခွက်တစ်လုံးကဲ့သို့ ကွဲအက်သွားတော့သည်။