အခန်း ၁၅၁၃
Vol. 101 Ch. 1513
အပိုင်း ( 1513 ) အားလုံး အဆင့်တက်ကြခြင်း။
"ကောင်းပြီလေ၊ ဆရာတူညီလေး... နဂါးအရိုးတွေက မင်းပိုင်ပါတယ်။ နဂါးအသားကိုတော့ ငါယူမယ်။ ငါ့မှာ အရိုင်းနဂါးတိုက်ခိုက်ရေးခန္ဓာရှိတယ်လေ။ အစစ်အမှန်နဂါးရဲ့ အသွေးအသားတွေကို ဝါးမျိုလိုက်မယ်ဆိုရင် ငါ့ဝိညာဉ်ခန္ဓာအဆင့်ကို ဖြည်းဖြည်းချင်းမြှင့်နိုင်ပြီ"
ထျန်းချွေး ပြုံးလိုက်သည်။
'ဝိညာဉ်ခန္ဓာကို အဆင့်မြှင့်တင်နိုင်တာလား'
လုမင်၏ စိတ်ထဲတွင် တိတ်တဆိတ် အံ့ဩသွား၏။
ဤသတ္တမမြောက် ဆရာတူအစ်ကိုက အမှန်တကယ် မရိုးရှင်းပေ။
ဟုတ်သည်၊ ထျန်းချွေးက သူ၏ဝိညာဉ်ခန္ဓာက အဆင့်မြှင့်တင်နိုင်သည်ဟု ပြောနေသည်ဟုတော့ သူမထင်ပါ။ သူ၏ ဝိညာဉ်ခန္ဓာ အရည်အသွေး တိုးတက်လာခြင်းသာ ဖြစ်နိုင်သည်။
နောက်ဆုံးတွင် လုမင်၏ နဂါးနတ်ဘုရားတိုက်ခိုက်ရေးခန္ဓာက နဝမနဂါး သွေးမျိုးဆက်ဖြင့် တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် နဂါးအရိုးနှင့် နဂါးသွေးများကို သန့်စင်ခြင်းက သူ၏ ဝိညာဉ်ခန္ဓာအဆင့်ကို မြှင့်တင်ပေးနိုင်ပေသည်။ ထျန်းချွေးကိုတော့ ထိုသို့ ပြုလုပ်နိုင်မည်ဟု သူမထင်ပေ။
မည်သို့ပင်ဆိုစေ၊ ဝိညာဉ်ခန္ဓာကို တိုးတက်စေနိုင်သည့် အထူးခန္ဓာရှိသူက သူတစ်ဦးတည်း ဟုတ်ပုံမရချေ။
ထျန်းချွေး၏ တိုးတက်မှုနှုန်းကိုတော့ သူ့လောက်မြန်မလား မသိပါ။
လုမင်နှင့် ထျန်းချွေးလည်း နဂါးနက်၏ အရိုးနှင့် အသွေးအသားများကို ခွဲထုတ်လိုက်ကြတယ်။ လုမင်က နဂါးအရိုးများကို ယူသွား၏။ ထျန်းချွေးကလည်း နဂါးအသွေးအသားတို့ကို ယူငင်လိုက်ပေသည်။
နဂါးအရေခွံနှင့် နဂါးအကြေးခွံများအတွက်မူ ယင်းတို့မှာ ချပ်ဝတ်တန်ဆာအဖြစ် သန့်စင်နိုင်သည့် ရှားပါးရတနာများ ဖြစ်သည်။ ယင်းကိုတော့ သုံးယောက်သား အညီအမျှ ခွဲလိုက်ကြလေသည်။
"အဋ္ဌမမြောက် ဆရာတူညီမလေးနဲ့ နဝမမြောက် ဆရာတူညီလေး၊ နေရာတစ်ခုရှာပြီး လေ့ကျင့်ကြရအောင်"
ထျန်းချွေးက စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။
"ကောင်းပြီ"
လုမင် ခေါင်းညိတ်လိုက်၏။ သူ့မှာလည်း တူညီသော ရည်ရွယ်ချက် ရှိသည်။
ရွယ်နင်ရှင်းမှာလည်း အလားတူပင်။
သုံးယောက်သား လေထဲသို့ ခုန်လွှားကာ ပျံသန်းသွားကြသည်။ မကြာမီ၊ သူတို့ သုံးယောက်က မိုင်သန်းချီဝေးသော တောင်တန်းတစ်ခုသို့ ရောက်သွား၏။ သုံးဦးသား ဂူတစ်လုံးစီ တူးဖော်ကာ လေ့ကျင့်ရန် ဝင်ရောက်သွားတော့သည်။
လုမင်လည်း လှိုဏ်ဂူထဲသို့ ဝင်လာပြီးနောက် တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ဝင်ကာ နဂါးအရိုးများကို ထုတ်ယူလိုက်သည်။
ဤနဂါးအရိုးများက အလွန်လေးလံသည်။ သို့သော်လည်း ဤအစစ်အမှန်နဂါးမှာ နှစ်ပေါင်းများစွာကတည်းက သေသွားပြီဖြစ်သောကြောင့် ၎င်း၏ဝိညာဉ်အနှစ်သာရများစွာ ဆုံးရှုံးခဲ့ပြီ ဖြစ်သည်။
သို့တိုင်၊ ယင်းက နဂါးနတ်ဘုရားတောင်ကြားတွင် လုမင် ဝယ်ယူခဲ့သော နဂါးအရိုးများထက် အဆများစွာ အဖိုးတန်သေးသည်။
"ဝါးမျိုလော့"
လုမင်၏ ခန္ဓာကိုယ်မှ အားကောင်းသော ဝါးမျိုခြင်းစွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဝါးမျိုခြင်းစွမ်းအားက နဂါးအရိုးတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ လုမင်လည်း နဂါးအရိုးမှ ဝိညာဉ်အနှစ်သာရများကို အဆက်မပြတ် ဝါးမျိုပြီး သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းထည့်လိုက်၏။ ယင်းက သူ၏နဂါးခန္ဓာကို အသွင်ပြောင်းစေကာ ပို၍ သန်မာလာစေသည်။
ဤကျင့်ကြံခြင်းက လဝက်ကြာသွားပြီ။
လဝက်အကြာတွင်၊ နဂါးအရိုးအားလုံးကို လုမင်က သန့်စင်ပြီးသွားသည်။ အညစ်အကြေးအနည်းငယ်မျှသာ ကျန်ရစ်ခဲ့ပြီး ပြာများအဖြစ်နှင့် တောင်နှင့်မြစ်တစ်လျှောက် ပြန့်ကျဲသွားလေသည်။
"ဂါး"
လုမင်၏ ခန္ဓာကိုယ်အတွင်းမှ နဂါးဟိန်းသံ ထွက်ပေါ်လာခဲ့သည်။ ဤအခိုက်တွင် လုမင်၏ခန္ဓာအတွင်းမှာ နဝမနဂါးတစ်ကောင် လေ့ကျင့်နေပုံရ၏။ ထို့နောက်မှာတော့ ပုံရိပ်ယောင် အစစ်အမှန်နဂါးတစ်ကောင်က အရှိန်အဝါကြီးစွာဖြင့် လုမင်၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာတော့သည်။
လုမင်၏ကြွက်သားများလည်း အနည်းငယ် တုန်ခါသွားပြီးမှ ငြိမ်သက်သွားသည်။ ထို့နောက်တော့ သူ၏ ခန္ဓာကိုယ်က သန့်စင်ပြီး အားကောင်းသော စွမ်းအားများ ပြည်နှက်နေတော့သည်။
"မြေကမ္ဘာ အဆင့်မြင့် ဝိညာဉ်ခန္ဓာ"
လုမင်၏ မျက်လုံးများက တောက်ပသော အလင်းရောင်များ လင်းလက်သွားခဲ့သည်။
ဤနဂါးအရိုးမှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့၍ ဝိညာဉ်အနှစ်သာရများစွာ ဆုံးရှုံးသွားသော်လည်း အလွန်ကြွယ်ဝနေသေးသည်။ ထိုစွမ်းအင်များက လုမင်၏ ဝိညာဉ်ခန္ဓာအား အသွင်ပြောင်းမှု ပြီးမြောက်စေကာ အဆင့်မြင့် မြေကမ္ဘာဝိညာဉ်ခန္ဓာအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။
"ဘယ်လောက်တောင် စွမ်းအားကြီးလိုက်သလဲ"
လုမင်လည်း သူ့တကိုယ်လုံးတွင် စွမ်းအားပြည့်နေကြောင်း ခံစားလိုက်ရသည်။ သူ၏ လှုပ်ရှားမှုတိုင်းတွင် မြေပြင် ပြိုကျရသည်။
"ဒါက အလယ်အလတ်တန်းစား မြေကမ္ဘာဝိညာဉ်ခန္ဓာထက် အများကြီး ပိုအစွမ်းထက်တယ်"
လုမင်က သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်၏။ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံနှင့် ဟင်းလင်းပြင်က ပြိုကျသွားတော့သည်။
သူ၏ ကျင့်ကြံခြင်းအခြေခံက တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်တွင် ရှိနေဆဲဖြစ်သော်လည်း သူ့ခွန်အားက ယခင်ကထက် သိသိသာသာ အားကောင်းလာခဲ့ပြီ ဖြစ်သည်။
အဆင့်မြင့် မြေကမ္ဘာဝိညာဉ်ခန္ဓာက စန်းပြည်နယ်တွင် ထိပ်သီးဖြစ်နေသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ စန်းပြည်နယ်မှာ အလွန်ကြီးမားသော်လည်း လူအချို့လောက်သာ အဆင့်မြင့် မြေကမ္ဘာဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်နိုင်ကြသည်။ သူတို့တစ်ဦးစီကလည်း ကြောက်စရာကောင်းသော ပါရမီရှင်များ ဖြစ်ချေသည်။
စန်းပြည်နယ်၏ မျိုးဆက်သစ် ထိပ်တန်းပါရမီရှင် ဆယ်ဦးစလုံးတွင်လည်း အဆင့်မြင့် မြေကမ္ဘာဝိညာဉ်ခန္ဓာများ ပိုင်ဆိုင်ထားသည်ဟု ဆိုကြသည်။
"သတ္တမမြောက် ဆရာတူအစ်ကိုနဲ့ အဋ္ဌမမြောက် ဆရာတူအစ်မတို့ရဲ့ လေ့ကျင့်မှုတွေလည်း ပြီးသွားပြီလား မသိဘူး"
အတွေးတစ်ခုဖြင့် လုမင်လည်း တောင်နှင့်မြစ်ပန်းချီကားအတွင်းမှ ထွက်ခွာပြီး ဂူထဲမှ ထွက်လာခဲ့သည်။ သူ အပြင်ကိုရောက်တော့ ရွယ်နင်ရှင်းနှင့် ထျန်းချွေးက လေ့ကျင့်နေဆဲဖြစ်ကြောင်း ခံစားလိုက်ရ၏။
လုမင်လည်း လှိုဏ်ဂူထဲသို့ တစ်ဖန် ပြန်ဝင်ခဲ့လေသည်။ ဤတစ်ကြိမ်တွင်၊ လုမင်က တောင်နှင့်မြစ် ပန်းချီကားအတွင်သို့ မဝင်တော့ပါ။ ထိုအစား ယာယီတူးထားသည့် လှိုဏ်ဂူအတွင်း၌ လေ့ကျင့်နေခဲ့သည်။
လုမင်လည်း ကျောက်ကြမ်းများကို ထုတ်ယူပြီး သူ၏ကျင့်ကြံခြင်းအခြေခံကို မြှင့်တင်ရန် ဟန်ပြင်လိုက်လေသည်။
သူ၏ ကစဉ့်ကလျားတာအိုနယ်မြေက စတုတ္ထအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခါနီးပြီဖြစ်၍ သူ၏ကျင့်ကြံခြင်းအခြေခံကိုလည်း သဘာဝအတိုင်း တိုးတက်စေနိုင်ပြီ။
ကျောက်ကြမ်းများကို သန့်စင်ရင်း မျက်စိတစ်မှိတ်အတွင်း ငါးရက်ကြာသွားသည်။
လွန်ခဲ့သည့်ငါးရက်လုံးလုံး လုမင် လုံးဝ မရပ်နားခဲ့ပေ။ သူဟာ ကျောက်ကြမ်းများကို ရူးသွပ်စွာ ဝါးမျိုသန့်စင်နေခဲ့သည်။ ဤအချိန်အတွင်း၌ ကျောက်ကြမ်းများ မည်မျှ သန့်စင်ပြီးသွားမှန်းပင် သူ မသိတော့ပေ။
"ဝုန်း"
လုမင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။
ဤသည်ကား၊ စတုတ္ထအလဆင့် သိုင်းအုပ်ချုပ်သူ၏ အရှိန်အဝါပင်။ နောက်ဆုံးတွင်၊ လုမင်၏ ကျင့်ကြံခြင်းအခြေခံက စတုထ္ထအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ပြီး အလယ်လတ်တန်းစား သိုင်းအုပ်ချုပ်သူအဖြစ်သို့ ရောက်ခဲ့ပြီ ဖြစ်သည်။
စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဝင်ရောက်ပြီးနောက်၊ လုမင်၏ တိုက်ခိုက်ရေးစွမ်းအားကလည်း အံ့မခန်းအဆင့်သို့ ထပ်မံ ရောက်ရှိခဲ့ချေပြီ။
ယခုအချိန်တွင်၊ လုမင်၏ တိုက်ခိုက်ရေး စွမ်းအားက နဂါးနန်းတော်၌ ရှိစဉ်ကထက် အနည်းဆုံး အဆများစွာ ပို၍သန်မာသည်။
ထိုအခိုက်တွင်၊ သူ့အနီးနားမှ အလွန်အားကောင်းသော အတက်အကျနှစ်ခုကို ခံစားခဲ့ရသည်။ သို့သော်လည်း ခဏအကြာတွင် ပျောက်ကွယ်သွား၏။
'ဆရာတူအစ်ကို ထျန်းချွေးနဲ့ ဆရာတူအစ်မရွယ်လည်း အဆင့်တက်သွားပြီပဲ'
လုမင်လည်း စိတ်ထဲမှတွေးရင်း ဂူထဲမှ ထွက်ခဲ့လေသည်။
"ဝှစ်၊ ဝှစ်"
လုမင် ထွက်လာသည်နှင့် တပြိုင်နက်၊ အံ့မခန်း အရှိန်အဝါများဖြင့် ပြေးထွက်လာသော ထျန်းချွေးနှင့် ရွယ်နင်ရှင်းကို မြင်လိုက်ရသည်။
"ဆရာတူအစ်ကိုနဲ့အစ်မ၊ နှစ်ယောက်စလုံး အဆင့်တက်သွားပြီလား"
လုမင် ပြုံးပြီး ပြောလိုက်သည်။
"ဟားဟားဟား၊ ငါ နဂါးအသား ပမာဏ အများကြီးကို စားပစ်လိုက်တယ်လေ။ ဒီလိုနဲ့ ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံက ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ဖြတ်ကျော်သွားမယ်လို့ မမျှော်လင့်ထားဘူး"
ထျန်းချွေး ရယ်မောလိုက်၏။
လုမင်လည်း ခဏမျှ အာရုံခံစားပြီးနောက် ထျန်းချွေး၏ ဝိညာဉ်ခန္ဓာမှာ အမှန်တကယ် တိုးတက်လာသည်ကို တွေ့ရှိခဲ့ရသည်။ သို့သော်လည်း ယင်းက ထူးခြားမှုသိပ်မရှိဘဲ လုမင်၏ တိုးတက်မှုနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။
ယင်းက အဆန်းတော့လည်း မဟုတ်ပါ။ နောက်ဆုံးတွင်၊ သူ၏ ဝိညာဉ်ခန္ဓာက နဝမနဂါးသွေးမျိုးဆက်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ သူ၏ နဂါးနတ်ဘုရားတိုက်ခိုက်ရေးခန္ဓာက အထွတ်အထိပ်အဆင့်တွင် ရှိပေသည်။
ထျန်းချွေး၏ ဝိညာဉ်ခန္ဓာအတွက်တော့ ဤကဲ့သို့ ဖြည်းဖြည်းချင်း တိုးတက်လာနိုင်သည်ကပင် အလွန်အံ့သြစရာ ဖြစ်သည်။
"ငါကတော့ နဂါးကျောက်ကို သန့်စင်ခဲ့တယ်လေ။ အခု ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံက ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်အထိ တိုးတက်သွားပြီ"
ရွယ်နင်ရှင်း ပြောလိုက်သည်။
ဤတစ်ကြိမ်မှာတော့ သုံးယောက်စလုံး သူတို့၏ခွန်အားကို တဟုန်ထိုး တက်လာအောင် စွမ်းဆောင်နိုင်ခဲ့ပြီ။
ထျန်းချွေးနှင့် ရွယ်နင်ရှင်းဟာ နဂိုကမှ ထူးကဲသော အင်အားများကို ပိုင်ဆိုင်ထားသူများ ဖြစ်သည်။ ယခုတော့ ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်သွားပြီဖြစ်ရာ သူတို့၏ခွန်အားမှာ ပို၍ပင် ကြောက်စရာကောင်းလာတော့မည်မှာ သံသယဖြစ်စရာ မလိုတော့ပေ။
"ငါတို့ ဒီမှာ တိတ်တဆိတ်လေ့ကျင့်တာ ရက်နှစ်ဆယ်တောင်ကြာသွားပြီ။ တင်းပေါင်ညီလာခံစတင်ဖို့ တစ်လပဲလိုတော့တယ်။ စန်းတောင်ကို မြန်မြန်သွားရအောင်"
ရွယ်နင်ရှင်း ပြောလိုက်သည်။
"သွားကြရအောင်"
ထျန်းချွေးက ခေါင်းညိတ်ပြီး ကောင်းကင်ခွင်းလွန်းပျံကို ထုတ်ယူလိုက်၏။ သူတို့သုံးယောက်လည်း လွန်းပျံယာဉ်ထဲသို့ဝင်ကာ လျင်မြန်သော အရှိန်ဖြင့် စန်းတောင်သို့ ပျံသန်းသွားကြတော့သည်။
ခုနစ်ရက်ကြာပြီးနောက်၊ နောက်ဆုံးတွင် စန်းတောင်သို့ ချဉ်းခဲ့ကြသည်။
ဤအတောအတွင်းမှာတော့ သူတို့က မလေ့ကျင့်တော့ပါ။ သူတို့ ရရှိထားသော သူတော်စင်ရတနာများကိုသာ သန့်စင်နေခဲ့ကြသည်။
သူတို့ရှေ့မှာ ကြီးကျယ်ခမ်းနားသော တောင်ကြီးတစ်လုံးကို မြင်နေရပြီ။
သုံးယောက်သား လွန်းပျံယာဉ်မှ ထွက်ကာ အဝေးကို လှမ်းမျှော်ကြည့်လိုက်ကြသည်။
စန်းတောင်သည် ခမ်းနားလွန်း၏။ ၎င်းက ကောင်းကင်နှင့်မြေပြင်ကြားတွင် ရပ်တည်နေပြီး တောင်ထွတ်မှာလည်း ကမ္ဘာ့မှတ်တိုင်တစ်ခုကဲ့သို့ တိမ်များထဲသို့ပင် ထိုးဖောက်ထားပေသည်။
လုမင်တို့သုံးဦး၏ လက်ရှိကျင့်ကြံခြင်းဖြင့် အတားအဆီးများ မရှိသရွေ့ မိုင်ထောင်ပေါင်းများစွာ ဝေးကွာသောအရပ်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ သို့သော်၊ ယခုတော့ တစ်ချက်ကြည့်လိုက်လျှင် စန်းတောင်၏အစွန်းကိုပင် မမြင်နိုင်ပေ။ ယင်းမှာ စန်းတောင်က မည်မျှကြီးမားကြောင်း ဖော်ပြနေခဲ့သည်။
သူတို့သုံးယောက်လည်း စန်းတောင်ဆီသို့ ပျံသန်းသွားကြသည်။
"ဝုန်း"
ရုတ်တရက်၊ သူတို့ရှေ့တွင် ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရသည်။ ယင်းနောက်တွင် ဓားအလင်းနှစ်ခု ထိပ်တိုက် တွေ့ဆုံသည်ကို တွေ့လိုက်ရ၏။
နာကျင်စွာ အော်ဟစ်သံနှင့်အတူ၊ လူရိပ်တစ်ခု ထက်ပိုင်းပြတ်ကာ သွေးများက နေရာအနှံ့ ပက်ဖြန်းသွားတော့သည်။
ထို့နောက်၊ ဓားတစ်လက်ကို ကိုင်ဆောင်ထားသော လူငယ်တစ်ယောက် ပေါ်လာပြီး သေဆုံးသွားသူ၏ သိုလှောင်လက်စွပ်ကို ယူလိုက်သည်။ ထို့နောက်တော့ သူက လုမင်နှင့် အခြားသူများကို တစ်ချက်ကြည့်ကာ နေရာမှ ထွက်ခွာသွားတော့သည်။
"ဆန္ဒမဲ့ဓားဂိုဏ်းက လူ"
ထျန်းချွေးက ပြောလိုက်သည်။