အခန်း ၁၅၁၄
Vol. 101 Ch. 1514
အပိုင်း ( 1514 ) စန်းဧကရာဇ် ဉာဏ်အလင်း ရရှိခဲ့သော နေရာ။
"ကြည့်ရတာ စန်းတောင်က မအေးချမ်းဘူးထင်တယ်"
လုမင် ပြောလိုက်သည်။
"အမှန်ပါပဲ။ စန်းပြည်နယ်ရဲ့ တင်းပေါင်ညီလာခံကို သုံးနှစ်တစ်ကြိမ် ကျင်းပတယ်။ စန်းပြည်နယ်ရဲ့ ထိပ်တန်းအင်အားစု ဆယ့်သုံးခုက မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေလည်း စန်းတောင်မှာ စုဝေးကြမှာလေ။ ထိပ်တန်းအင်အားစုကြီး ဆယ့်သုံးခုထဲမှာ အချို့က တစ်ယောက်နဲ့တစ်ယောက် ရန်ငြိုးဖွဲ့ကြပြီး မကြာခဏ တိုက်ခိုက်တတ်ကြတယ်။ အခုတော့ ရန်ဘက်တွေအားလုံး စန်းတောင်မှာ စုဝေးနေကြပြီဆိုမှတော့ တိုက်ပွဲတွေ ဖြစ်လာတာက ပုံမှန်ပါပဲ"
ရွယ်နင်ရှင်းက ရှင်းပြလိုက်လေသည်။
ရွယ်နင်ရှင်းဟာ စန်းတောင်ကို လွန်ခဲ့သော သုံးနှစ်ခန့်က ရောက်ဖူးသောကြောင့် ထိုအကြောင်းများ ပိုသိသည်။
"စန်းတောင်ဆိုတာ စန်းဧကရာဇ်က သူ့ရဲ့တာအိုကို သက်သေပြပြီး ကြီးမြတ်တဲ့ဧကရာဇ် ဖြစ်လာခဲ့တဲ့ နေရာပဲ။ ဒါကြောင့် မဟာသူတော်စင်နဲ့ အန္တိမသူတော်စင်လို အကျော်အမော်တွေတောင်မှ စန်းဧကရာဇ်ရဲ့ တာအိုသက်သေပြခဲ့တဲ့နေရာကို လာရောက်တတ်ကြတယ်။ နောက်ပြီးတော့ စန်းတောင်မှာ မရေမတွက်နိုင်တဲ့ ကျွမ်းကျင်သူတွေ ချန်ရစ်ခဲ့တဲ့ ကောင်းကင်တာအို အမှတ်အသားတွေလည်း ရှိတယ်လေ။ အဲဒါတွေကို လေ့လာနိုင်ရင် ငါတို့လိုအငယ်လေးတွေ ဉာဏ်အလင်းပွင့်ကောင်းပွင့်နိုင်တယ်"
ရွယ်နင်ရှင်းက ရှင်းပြ၏။
"ဒီလိုနေရာမျိုးရှိတာလား။ ငါတို့ မြန်မြန်သွားရအောင်"
ထျန်းချွေး၏ မျက်လုံးများက မျှော်လင့်ခြင်း အရိပ်အယောင်များ တောက်ပလာတော့သည်။
ထို့နောက် ရွယ်နင်ရှင်း၏ ဦးဆောင်မှုဖြင့် သူတို့သုံးယောက်လည်း စန်းတောင်သို့ ပျံသန်းသွားကြသည်။
စန်းတောင်အနီးသို့ နီးကပ်လေလေ၊ ထူးထူးခြားခြား ခံစားလာရလေလေပင်။ အလွန်တန်ခိုးကြီးမားသော အကျော်အမော်တစ်ဦး ရှိနေသကဲ့သို့ ( သို့တည်းမဟုတ် ) ဤနေရာတွင် ဧကရာဇ်တစ်ပါး လဲလျောင်းနေသကဲ့သို့ပင်။ သူတို့အားလုံး ကြည်ညိုလေးစားမှုများကို အလိုလို ခံစားခဲ့ကြရသည်။
လမ်းတစ်လျှောက်မှာလည်း အဆောက်အဦးများ အများကြီးရှိနေတာကို တွေ့ခဲ့ရ၏။
စန်းတောင်တွင် ထိပ်တန်းအင်အားစုကြီးများ မရှိသော်လည်း ဤနေရာမှာတော့ အင်အားစုငယ်များ ရှိသေးသည်။
ခဏကြာတော့ လမ်းသွယ်တစ်ခုကို သူတို့သုံးယောက် ရောက်လာခဲ့ကြသည်။
"ရှေ့မှာ တောင်ကြားတစ်ခုရှိတယ်၊ အဲဒီမှာ မဟာသူတော်စင်နယ်ပယ် အကြီးအကဲတစ်ယောက် ထားရှိခဲ့တဲ့ လက်ဝါးပုံရိပ်တစ်ခု ရှိတယ်လေ။ အဲဒါက အတော်လေး လျှို့ဝှက်ဆန်းကျယ်တယ်။ လွန်ခဲ့တဲ့သုံးနှစ်က ငါလာတော့ အဲဒါကို လေ့လာဖူးတယ်လေ၊ အတော်လည်း အကျိုးရရှိခဲ့ပါတယ်"
ရွယ်နင်ရှင်းက ပြောပြီး ရှေ့သို့လျှောက်သွားလေသည်။
အတန်ကြာအောင် လျှောက်လာပြီးနောက် တောင်ကြားတစ်ခု၏အဝင်ဝကို တွေ့လိုက်ရသည်။ သို့သော်၊ လူငယ်နှစ်ဦးက စောင့်ကြပ်ထား၏။
"ရပ်လိုက်၊ မင်းတို့ ဝင်ခွင့်မရှိဘူး"
လူငယ်နှစ်ယောက်က လက်ခြင်းယှက်ပြီး သူတို့လမ်းကို ပိတ်ဆို့လိုက်သည်။ တစ်ယောက်ကလည်း အေးစက်စက်ဖြင့် ပြောသည်။
"ဒါဘာသဘောလဲ"
ရွယ်နင်ရှင်း၏ မျက်လုံးများက အေးစက်သွားသည်။
"ဒီနေရာကို ကောင်းကင်နတ်ဘုရားဂိုဏ်းအတွက် သီးသန့်ယူထားတယ်၊ မင်းတို့ အခြားနေရာကို သွားကြပါ"
လူငယ် တစ်ယောက်က လှောင်ပြောင်ပြောဆိုလိုက်၏။
"ကောင်းကင်နတ်ဘုရားဂိုဏ်းအတွက် သီးသန့်ထားတာလား။ ဟာသပဲ၊ ဒီနေရာက အားလုံးနဲ့သက်ဆိုင်ပြီး ဘယ်သူမဆို လာနိုင်တယ်။ နင်တို့ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ နယ်မြေဖြစ်လာတယ်ဆိုရင် ငါဘယ်လိုလုပ်ပြီး မသိရတာလဲ"
ရွယ်နင်ရှင်းက လှောင်ပြောင်လိုက်သည်။
"ငါက ဒီနေရာကို သီးသန့်လို့ပြောရင် သီးသန့်ထားလို့ပေါ့။ ထွက်သွားစမ်း"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူငယ်တစ်ဦးက ကြိမ်းမောင်းပြောဆိုလိုက်၏။
"ကောင်းကင်နတ်ဘုရားဂိုဏ်းက တကယ်ကြီးစိုးနေတာပဲ"
ထျန်းချွေး၏ မျက်လုံးများက ခက်ထန်သော အရိပ်အယောင်များဖြင့် ဖျတ်ခနဲ တောက်သွားသည်။ အကယ်၍ တောင်ကြားထဲတွင် အစွမ်းထက် အရှိန်အဝါများ အများကြီး ရှိနေကြောင်း သူခံစားမိ၍သာမဟုတ်လျှင် တိုက်ခိုက်ပြီးနေပြီ ဖြစ်သည်။
"တခြားတစ်နေရာသွားရအောင်"
ရွယ်နင်ရှင်း၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပနေသော်လည်း အဆုံးတွင် ထျန်းချွေးနှင့် လုမင်ကိုခေါ်ကာ လှည့်ထွက်ခဲ့ပေသည်။
"ရပ်လိုက်၊ သူတို့ကို သွားခွင့်မပြုနဲ့"
ထိုအချိန်တွင် တောင်ကြားထဲမှ အေးစက်စက် စကားသံကို ကြားလိုက်ရသည်။
"ရပ်လိုက်စမ်း"
တံခါးစောင့်လူငယ်နှစ်ဦးလည်း ချက်ချင်း လှုပ်ရှားလိုက်၏။ သူတို့က လုမင်တို့ရှေ့တွင်ပေါ်လာပြီး အရှိန်အဝါများ ပေါက်ကွဲထုတ်ကာ လမ်းပိတ်ထားလိုက်ကြတော့သည်။
"ဝှစ်၊ ဝှစ်၊ ဝှစ်"
ထိုအချိန်တွင် တောင်ကြားအတွင်းမှ လူငယ်ငါးဦး ပြေးထွက်လာပြီး လုမင်တို့ကို ဝိုင်းထားလိုက်ကြသည်။
"ရှစ်ထျန်း"
လုမင်၏ မျက်လုံးများက အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာခဲ့သည်။
ပြေးထွက်လာကြသော လူငါးဦးအနက် တစ်ယောက်မှာ မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်လာခဲ့သည့် ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူငယ်ပါရမီရှင်ခေါင်းဆောင် ရှစ်ထျန်းပင်။
"ဟားဟားဟား... လုမင်၊ တကယ်ကို မင်းပဲ"
ရှစ်ထျန်းက အေးစက်စက်အမူအရာဖြင့် လုမင်ကိုကြည့်ရင်း ရယ်မောလိုက်သည်။ ပြင်းထန်သော သတ်ဖြတ်ချင်စိတ်တို့ကလည်း သူ့ခန္ဓာကိုယ်မှ ထွက်လာခဲ့၏။
"လုမင်၊ မင်း စန်းဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေမှာ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ တပည့်အများအပြားကို သတ်ခဲ့တယ်။ ဒီနေ့တော့ မင်း အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး"
ရှစ်ထျန်း၏ ခန္ဓာကိုယ်မှ အားကောင်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး လုမင်ကို လွှမ်းမိုးလိုက်သည်။
ယခင်က စန်းဧကရာဇ်၏ လျှို့ဝှက်နယ်မြေတွင်၊ လျှို့ဝှက်နယ်မြေ မပြိုကျမီမှာ လုမင်က ကောင်းကင်နတ်ဘုရားဂိုဏ်း၏ တပည့်များစွာကို သတ်ခဲ့သည်။ ယင်းကို ရှစ်ထျန်း၏ လုမင်အပေါ် အမုန်းတရားကို အရိုးထဲထိ နက်နဲသွားစေခဲ့ပေသည်။
"ဂိုဏ်းတူညီလေးရှစ်ထျန်း၊ ဒီကောင့်ကို မင်းကိုယ်တိုင်သတ်ဖို့မလိုပါဘူး။ မင်းအတွက် ငါသတ်ပေးလိုက်မယ်"
ရှစ်ထျန်းအနားမှ လူငယ်တစ်ဦးက ပြောလိုက်သည်။
"မလိုပါဘူး၊ သူ့ကို ငါကိုယ်တိုင်သတ်ပစ်မယ်"
ရှစ်ထျန်းက သူ့လက်ကို ဝှေ့ယမ်းပြီး ရှေ့ကို တိုးလာသည်။
"ဝုန်း"
သူ့ထံမှ အရှိန်အဝါများက တဟုန်ထိုး တက်လာခဲ့၏။ နောက်ဆုံးတွင်၊ သိုင်းအုပ်ချုပ်သူနယ်ပယ် စတုတ္ထအလွှာသို့ ရောက်ရှိပြီးမှ ရပ်တန့်သွားတော့သည်။
ရှစ်ထျန်းဟာ စန်းဧကရာဇ်၏လျှို့ဝှက်နယ်မြေတွင် အမွေအနှစ်တစ်ခုကို ရရှိခဲ့သည်။ ထိုမှ ပြန်လာပြီးနောက် ကောင်းကင်နတ်ဘုရားဂိုဏ်း၏ အာရုံစိုက်မှုကို ရရှိခဲ့၏။ သူ၏ ထူးချွန်ထက်မြက်သော ပါရမီကို ထပ်မံပေါင်းလိုက်သောအခါ သူ၏ကျင့်ကြံခြင်းအခြေခံက တဟုန်ထိုး တိုးတက်လာပြီး သိုင်းအုပ်ချုပ်သူနယ်ပယ် စတုတ္ထအဆင့်သို့ ရောက်သွားတော့သည်။ အမွေအနှစ်နှင့်အတူ သူ၏ ခွန်အားကလည်း ပို၍ပင် ကြောက်စရာကောင်းလာခဲ့သည်။
ဤသို့ဖြင့်၊ ယခုတစ်ကြိမ်မှာတော့ သူ၏အရှက်တရားကို သင်ပုန်းချေရန်အတွက် လုမင်ကို သတ်နိုင်မည်ဟု ယုံကြည်နေတော့သည်။
"လုမင်၊ သေပေတော့"
သန့်စင်သော အလင်းများက ရှစ်ထျန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။ နတ်ဘုရားအပြစ်ပေး လှံရှည်တစ်လက် ပေါ်လာခဲ့၏။ လှံရှည်က အလွန်ထက်သော အငွေ့အသက်များဖြင့် လုမင်ကိုရည်ရွယ်ပြီး ထိုးချလိုက်၏။
အကယ်၍၊ ဤနေရာတွင် သာမန် စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူ သို့မဟုတ် သာမန် ပဉ္စမအလွှာ သိုင်းအုပ်ချုပ်သူတစ်ဦးဖြစ်ပါက ဤတိုက်ခိုက်မှုအောက်တွင် ချက်ချင်း သေဆုံးသွားရမည် ဖြစ်သည်။
သို့သော်၊ လုမင်က သာမန် ကျင့်ကြံသူတစ်ဦး မဟုတ်ပေ။
ခဏချင်းမှာပင်၊ နတ်ဘုရားအပြစ်ပေး လှံရှည်က လုမင်ရှေ့သို့ ရောက်လာခဲ့သည်။ ထိုအခိုက်တွင် လုမင်က လက်တစ်ဖက်ဖြင့် နတ်ဘုရားအပြစ်ပေးလှံရှည်ကို ဖမ်းဆုပ်လိုက်၏။ နတ်ဘုရားအပြစ်ပေးလှံရှည်က လုမင်ရှေ့တွင် တိခနဲရပ်သွားပြီး လုံးဝ ဆက်မတိုးနိုင်တော့ပေ။
"သတ်"
ရှစ်ထျန်းက ဟိန်းဟောက်ပြီး သူ၏ ယွမ်ချီစွမ်းအင်နှင့် တာအိုနယ်မြေတို့ကို နတ်ဘုရားအပြစ်ပေးလှံရှည်သို့ ပို့လွှတ်လိုက်သည်။ သို့သော်၊ နတ်ဘုရားအပြစ်ပေးလှံရှည်က အေးခဲနေသကဲ့သို့ အနည်းငယ်မျှ မလှုပ်ရှားတော့ပေ။
ရှစ်ထျန်း၏ မျက်လုံးများက ပြူးကျယ်ပြီး သူ့မျက်နှာပေါ်မှာလည်း အပြာရောင်သွေးပြန်ကြောများ ဖောင်းကြွလာခဲ့သည်။ သူက အင်အားအပြည့် ထုတ်လွှတ်လိုက်ပြီဖြစ်သော်လည်း လုမင်၏ဆုပ်ကိုင်မှုက အလွန်ခိုင်မာသည်။ သူ မည်မျှပင် ကြိုးစားနေစေကာမူ အသုံးမဝင်တော့ပေ။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ရှစ်ထျန်း မယုံကြည်နိုင်တော့ဘဲ အော်ဟစ်လိုက်သည်။
"မင်းမှာရှိတာ ဒါအကုန်ပဲလား"
လုမင် အေးစက်စက် ပြောလိုက်သည်။ နဂါးဟိန်းသံ ခပ်တိုးတိုးထွက်ပေါ်လာပြီး ဆုပ်ကိုင်ထားသော သူ့လက်ကို အနည်းငယ် အားထည့်လိုက်၏။
"ဝုန်း"
ရှစ်ထျန်း ဖန်တီးထားသော နတ်ဘုရားအပြစ်ပေးလှံရှည်က အပိုင်းပိုင်း ကွဲအက်သွားတော့သည်။
"ဝုန်း"
ထို့နောက်တွင်၊ လုမင်က လက်သီးဆုပ်ပြီး ရှစ်ထျန်းကို ထိုးနှက်လိုက်သည်။
ရှစ်ထျန်းလည်း သူ့ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ယှက်ပြီး အလောတကြီး ကာကွယ်လိုက်၏။
"ဝုန်း"
လုမင်၏လက်သီးက ရှစ်ထျန်း၏လက်ကို ထိးနှက်မိကာ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။ ရှစ်ထျန်း၏ ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်သွား၏။ နာကျင်စွာ အော်ဟစ်ရင်း သူ့ခန္ဓာကိုယ်က အဝေးကို လွင့်စဉ်သွားတော့သည်။
သူတို့နှစ်ဦးစလုံးက စတုတ္ထအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူများဖြစ်သော်လည်း ရှစ်ထျန်းမှာ လုမင်ကို အနည်းငယ်မျှ ပြန်လည်မတိုက်ခိုက်နိုင်ပေ။ အလွယ်တကူ ရှုံးနိမ့်ခဲ့ရပြီ ဖြစ်သည်။
"သတ်၊ သတ်၊ အတူတူ တိုက်ခိုက်ပြီး သူ့ကို သတ်ကြစို့"
ရှစ်ထျန်း ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏ ဝိညာဉ်ခန္ဓာကလည်း တောက်ပနေပြီး ကျိုးသွားသောလက်များကို ပြုပြင်ရန် ကြိုးစားလိုက်၏။
"သတ်"
"သတ်"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ အခြားလူငယ်လေးများလည်း သူတို့၏အရှိန်အဝါများကို ပေါက်ကွဲရင်း ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ ကြောက်စရာကောင်းသော တိုက်ခိုက်မှုများနှင့် သန့်စင်သောအလင်းများကလည်း လေထဲတွင် ပြည့်နှက်သွား၏။
ထိုအထဲတွင် ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူနှစ်ဦးပင် ပါဝင်သေးသည်။
"သတ်"
လုမင်က ဟိန်းဟောက်ပြီး နတ်ဘုရားဓားကျင့်စဉ်ကို ထုတ်ဖော်လိုက်သည်။ ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်များ တုန်ခါပြီး ယွမ်ချီစွမ်းအင်များလည်း ဖရိုဖရဲ ဖြစ်သွားကြသည်။
"ဝုန်း၊ ဝုန်း"
လုမင်က ရှေ့သို့လှမ်းပြီး လက်သီးနှစ်ချက် ထိုးချလိုက်၏။ ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူနှစ်ဦးလည်း လုမင်၏လက်တွင် ချက်ချင်း သေဆုံးသွားတော့သည်။
"ခွေးမသားတွေ သေစမ်း"
တစ်ဖက်တွင်လည်း ထျန်းချွေးနှင့် ရွယ်နင်ရှင်းက တိုက်ခိုက်ခဲ့ကြသည်။
သူတို့အထဲတွင် အသန်မာဆုံးက ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူသာဖြစ်သောကြောင့် ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့ကို မယှဉ်နိုင်ပေ။ သူတို့နှစ်ဦးတွင် တစ်ဦးက ထျန်းချွေး၏တူချက်ဖြင့် အသက်ပျောက်ပြီး ကျန်နှစ်ဦးမှာတော့ ရွယ်နင်ရှင်း၏ လက်သီးချက်အောက်မှာ သေဆုံးသွားတော့သည်။
အချိန်တိုအတွင်း၊ နေရာတွင် ရှစ်ထျန်းတစ်ဦးသာ ကျန်ခဲ့သည်။