← Chapters

အခန်း ၁၅၂၀

Vol. 102 Ch. 1520

အခန်း ၁၅၂၀

Vol. 102 Ch. 1520

အပိုင်း ( 1520 ) ကောင်းကင်နတ်ဆိုးဂိုဏ်း ဝင်ရောက်စွတ်ဖက်ခြင်း။

"ကောင်းပြီ"

အဆိပ်ဂိုဏ်းမှ အခြားလူများလည်း ချက်ချင်း ပြန်ဖြေလိုက်ကြသည်။ အဆိပ်ပိုးကောင်များစွာက သူတို့န္ဓာကိုယ်မှ ပျံထွက်သွားပြီး လုမင်တို့သုံးဦးဆီသို့ ပျံသန်းသွားသည်။ တစ်ချိန်တည်းမှာပင်၊ လျှို့ဝှက်ဆန်းကြယ်သော ပုံစံများဖြင့် နေရာယူလိုက်ကြ၏။ ထို့နောက်မှာတော့ သူတို့၏ ခန္ဓာကိုယ်များက အစိမ်းရောင်အဆိပ်ငွေ့များအဖြစ် ပျံ့နှံ့သွားတော့သည်။

ဤအခိုက်အတန့်တွင်၊ အဆိပ်ငွေ့များက ကောင်းကင်တခွင်ပြည့်ပြီး လုမင်တို့သုံးဦးကိုပင် ဖုံးလွှမ်းသွားသည်အထိ အရူးအမူး ချဲ့ထွင်လာခဲ့သည်။

လုမင်နှင့် ထျန်းချွေးလည်း အနက်ရောင်ဝတ် လူများကိုတွန်းထုတ်ပြီး ရွယ်နင်ရှင်းနှင့်အတူ ပူးပေါင်းလိုကိ၏။ သူတို့သုံးဦးလည်း ကျောချင်းကပ်ရာ ရင်ဆိုင်လိုက်တော့သည်။

"ဒါက အဆိပ်ဝင်္ကပါပဲ၊ သတိထားကြ"

ရွယ်နင်ရှင်းက ပြောလိုက်သည်။ ကြီးမားသော သူ့ခန္ဓာတစ်ခုလုံးမှာတော့ နှင်းဖြူရောင်တောက်ပနေသော နဂါးအကြေးခွံများ ဖုံးလွှမ်းထား၏။ ဤအခိုက်တွင်၊ သူမက ကမ္ဘာပေါ်မှာ အလှပဆုံး အနုပညာလက်ရာတစ်ခုကဲ့သို့ လွန်စွာလှပနေလေတော့သည်။

"ငါလာမယ်"

လုမင်က အေးစက်စက်ဖြင့် ပြောပြီး ကစဉ့်ကလျားတာအိုနယ်မြေကို ဖြန့်ကျက်လိုက်သည်။

"မိုးကြိုး"

ထို့နောက် လုမင်က သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ ကစဉ့်ကလျားတာအိုနယ်မြေမှ မိုးကြိုးတာအိုနယ်မြေအဖြစ်သို့ ပြောင်းလဲသွား၏။ မိုးကြိုးလျှပ်စီးများက မိုးကြိုးမြွေကြီးများကဲ့သို့ ကောင်းကင်တွင် တဖျတ်ဖျတ်လက်ကာ ပေါ်လာတော့သည်။ မိုးကြိုးမြွေ တစ်ကောင်စီက လက်မောင်းလုံးတမျှ ထူထဲပြီး အရပ်ရပ်သို့ ပျံ့နှံ့သွားကြသည်။

အဆိပ်ပိုးကောင်များလည်း ဤမိုးကြိုးမြွေများနှင့် ထိမှန်ပြီး အုံလိုက်ကျင်းလိုက် ပြုတ်ကျကုန်တော့သည်။

"မီး"

လုမင် ဆက်ပြောလိုက်သည်။ ကစဉ့်ကလျားတာအိုနယ်မြေက တစ်ဖန် ပြောင်းလဲသွားပြီး ကောင်းကင်တခွင် ပြည့်လျှံနေသော မီးတောက်များအဖြစ်သို့ ပြောင်းလဲသွား၏။

အဆိပ်ပိုးကောင်များနှင့် အဆိပ်ငွေ့များကိုပါ မိုးကြိုးနှင့် မီးတောက်များက ဝါးမျိုလောင်ကျွမ်းသွားလေသည်။

"ချီ၊ ချီ"

မိုးနှင့်မြေကြားတွင် တချီချီအသံများနှင့်အတူ မြူခိုးများ လှိုင်းထလာခဲ့သည်။

"ဝှစ်"

ထို့နောက်တွင် လုမင်၏နောက်ကျောမှ အနက်ရောင်တောင်ပံတစ်စုံ ပေါ်လာခဲ့သည်။ အနက်ရောင်တောင်ပံများက အရှည် မီတာတစ်ရာအထိ ကျယ်ပြန့်လာ၏။ အနက်ရောင်တောင်ပံများကို ကစဉ့်ကလျားတာအိုနယ်မြေက လွှမ်းခြုံထားပြီး လုမင်အား ရစ်ပတ်လိုက်တော့သည်။

"ဝှစ်"

အနက်ရောင်တောင်ပံများကို ခတ်လိုက်သည်နှင့် အံ့မခန်း လေစွမ်းအားများက အရပ်ရပ်သို့ ပျံ့လွင့်သွားခဲ့သည်။

မိုးကြိုး၊ မီးနှင့် လေက အရပ်ရပ်မှ အဆိပ်ငွေ့များကို တွန်းလှန်ထားပြီး ခဏချင်းတော့ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေသို့ ကျရောက်သွားခဲ့ရပေသည်။

"ဆရာတူအစ်ကိုနဲ့ အစ်မ၊ တိုက်ခိုက်ဖို့ အသင့်ပြင်ထားတော့"

လုမင်က ထျန်းချွေးနှင့် ရွယ်နင်ရှင်းကို အသံပို့လွှတ်၍ ပြောလိုက်သည်။

ထို့နောက်…

"သတ်"

"သတ်၊ သတ်၊ သတ်"

လုမင် အဆက်မပြတ် ဟိန်းဟောက်လိုက်သည်။ သဏ္ဍာန်မဲ့ စိတ်ဝိညာဉ်တိုက်ခိုက်မှုများက အဆိပ်ငွေ့များဆီသို့ ဦးတည်သွား၏။

အဆိပ်ဂိုဏ်းမှ လူများက အဆိပ်ခန္ဓာကို လေ့ကျင့်ပြီး အဆိပ်ငွေ့များအဖြစ် သူတို့ခန္ဓာကို ဖောက်ခွဲနိုင်ကြသည်။ သို့သော်လည်း သူတို့၏ စိတ်ဝိညာဉ်ကတော့ အဆိပ်ငွေ့များထဲတွင် တွယ်ကပ်နေဆဲပင်။ သို့ဖြစ်ပေရာ လုမင်၏ တိုက်လိုက်မှုကို ခံလိုက်ကြရသည်။

ထို့အပြင်၊ ဝိညာဉ်ခန္ဓာက ပြန့်ကျဲနေသောကြောင့် နတ်ဘုရားဝိညာဉ်ကို ခုခံကာကွယ်နိုင်စွမ်းမှာ ပို၍ပင် အားနည်းလာတော့သည်။

လုမင်က နတ်ဘုရားဓားကျင့်စဉ်ကို အသုံးပြုလိုက်ရာ အဆိပ်ငွေ့များမှ အော်ဟစ်ညည်းညူသံတချို့ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် အဆိပ်ငွေ့များက လှုပ်ရှားသွားပြီး လူသားအဖြစ် ပြန်လည်စုစည်းသွား၏။

"သတ်"

"သတ်"

လုမင်၊ ထျန်းချွေးနှင့် ရွယ်နင်ရှင်းလည်း မာန်သွင်းပြီး အဆိပ်ဂိုဏ်း၏ ထိုတပည့်များကို တိုက်ခိုက်လိုက်တော့သည်။

နဂါးနက်လှံက လုမင်၏လက်ထဲတွင် ပေါ်လာခဲ့သည်။ သူက လှံရိုက်ချက်ထုတ်ဖော်လိုက်ရာ အစွန်းရောက်လှံဆယ့်သုံးချက်မှ အင်အားဆယ်ဆဖြင့် ပေါက်ကွဲထွက်လာခဲ့၏။ ဟင်းလင်းပြင်က တုန်ခါကာ လှိုင်းထလာတော့သည်။

"ဝုန်း"

အော်ညည်းသံနှင့်အတူ အဆိပ်ဂိုဏ်းသား၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားရသည်။

ဤတစ်ခါတော့ သူ့ခန္ဓာက အဆိပ်ငွေ့အဖြစ်သို့ မပြောင်းတော့ဘဲ တိုက်ရိုက် ပေါက်ကွဲသွားပေသည်။ လုမင်၏ တိုက်ခိုက်မှုက အကန့်အသတ်ထက် ကျော်လွန်သွားသောကြောင့် တစ်ခါတည်း သေဆုံးသွားရခြင်း ဖြစ်သည်။

တစ်ဖက်တွင်လည်း ထျန်းချွေးနှင့် ရွယ်နင်ရှင်းက အသန်မာဆုံး တိုက်ခိုက်မှုများအား ထုတ်ဖော်ခဲ့ပြီး အဆိပ်ဂိုဏ်းသား တစ်ဦးစီ သေဆုံးခဲ့ကြရပေသည်။

လူသုံးဦး သေဆုံးပြီးနောက်၊ အဆိပ်ဝင်္ကပါ ပျက်စီးသွားရသည်။

ကျန်သော အဆိပ်ငွေ့များက လျင်မြန်စွာ ဆုတ်ခွာသွားပြီး လူသုံးဦးအဖြစ်သို့ ပေါင်းစပ်သွားလေသည်။

ထိုအထဲမှ တစ်ဦးမှာ အဆိပ်ဂိုဏ်း၏ အဆိပ်ဂိုဏ်း၏ ထိပ်သီး ပါရမီရှင် ဖြစ်သည်။

"ဒီနေ့သေရမဲ့သူတွေက မင်းတို့ပဲ"

ထျန်းချွေးက သူ့တူကြီးကိုမြှောက်ပြီး အဆိပ်ဂိုဏ်း၏ တပည့်များကို တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။

လုမင်နှင့် ရွယ်နင်ရှင်းကလည်း ရှေ့ကို တိုးလာခဲ့၏။

"ဘယ်လိုဖြစ်သွားတာလဲဟ"

ပရိသတ်များ စိတ်ရှုပ်ထွေးသွားကာ ခေါင်းကုတ်လိုက်ကြသည်။

ယခင်က၊ အဆိပ်ဂိုဏ်းသားများဟာ အင်အားကြီးမားသော အဆိပ်ဝင်္ကပါတစ်ခုတည်ဆောက်ပြီး လုမင်တို့သုံးဦးကို ဝိုင်းထားခဲ့ကြသည်။ ထို့ကြောင့်ပင် လုမင်တို့သုံးဦး ဧကန်မုချ သေရပြီဟု သူတို့ ထင်မှတ်ခဲ့ပေသည်။ မမျှော်လင့်ဘဲ၊ နောက်အခိုက်အတန့်တွင် အဆိပ်ဝင်္ကပါအတွင်း၌ မိုးကြိုးများ၊ မီးတောက်များနှင့် လေပြင်းများ ကျရောက်လာခဲ့သည်။ ထို့နောက် ကျယ်လောင်သော အော်ဟစ်သံများ ထွက်ပေါ်လာပြီး အဆိပ်ငွေ့များ ပြိုကျသွား၏။ အဆိပ်ဂိုဏ်း၏ လူတချို့ အသတ်ခံရပြီး ကျန်လူများမှာလည်း အရေးနိမ့်ကာ နောက်ဆုတ်သွားခဲ့ရချေပြီ။

ဘေးမှ ကြည့်ရှုနေသူအားလုံး အဆိပ်ဂိုဏ်း မည်ကဲ့သို့ ဆုံးရှုံးသွားသည်ကို နားမလည်ကြတော့ပေ။

အဆိပ်ဂိုဏ်းမှ ကျန်အဖွဲ့ဝင်များလည်း မျက်စိမျက်နှာပျက်သွားခဲ့ကြသည်။

လုမင်၏ ဟိန်းဟောက်သံများက သူတို့၏ဝိညာဉ်များကို ထိခိုက်ဒဏ်ရာရစေသောကြောင့် သူတို့သုံးဦးမှာ လုမင်တို့ကိုလည်း မယှဉ်နိုင်ကြတောပေ။

"လုမင်"

ထိုအချိန်တွင် ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

နတ်ဆိုးအလင်း ရှစ်ခု၊ ကိုးခုက လေထုကိုဖြတ်ပြီး လုမင်တို့ထံသို့ ပျံသန်းလာနေကြ၏။ နောက်အခိုက်မှာတော့ လုမင်တို့သုံးဦး၏ အနောက်တွင် ပေါ်လာပြီး အဆိပ်ဂိုဏ်းနှင့်အတူ ရပ်တည်လိုက်တော့သည်။

"မော့ဟဲ"

လုမင်၏ မျက်နှာက အေးစက်သွားသည်။ ထိုလူကိုးဦးလုံးက ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တပည့်များ ဖြစ်သည်။ ထိုအထဲမှ တစ်ဦးက မော့ဟဲ ဖြစ်ချေသည်။

မော့ဟဲက သတ်ဖြတ်ချင်စိတ်တို့ ပြည့်နှက်နေသော မျက်လုံးများဖြင့် လုမင်ကို တစ်ချက်ကြည့်လိုက်သည်။

"ညီနောင်ဝူ၊ ဒီသုံးယောက်ကို သတ်ဖို့အတွက် ငါတို့ ဘာဖြစ်လို့ မပူးပေါင်းရမှာလဲ"

မော့ဟဲက အဆိပ်ဂိုဏ်း၏ ပါရမီရှင်ကိုကြည့်ကာ မေးလိုက်သည်။

"ကောင်းပြီ"

အဆိပ်ဂိုဏ်းသား ပါရမီရှင်လည်း အလွန်ဝမ်းသာသွားပြီး ချက်ချင်း သဘောတူလိုက်၏။ သူ့မျက်လုံးများမှာတော့ ရက်စက်မှု အရိပ်အယောင်များ ပေါ်လာတော့သည်။ လုမင်တို့ သုံးယောက်က လူအများကြီးကို စော်ကားခဲ့ပုံရသည်။

"မော့ဟဲ၊ မင်းသေချင်နေတာလား"

လုမင် အေးစက်စက်ဖြင့် ပြောလိုက်သည်။

မူလက သူသည် ရှဲ့နျန်ချင်းကြောင့် ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် အချင်းမပွားလိုခဲ့ပေ။

သို့သော်လည်း ကောင်းကင်နတ်ဆိုးဂိုဏ်းက တရားလွန်လာပြီ ဖြစ်သည်။ ထိုစဉ်ကတည်းက မော့ဟဲဟာ လူများကိုခေါ်ပြီး သူ့ကိုသတ်ရန် ကြိုးစားခဲ့သည်။ သူသာ ကံမကောင်းခဲ့ပါက သေသွားလောက်ပြီ။

ယခု စန်းတောင်ကိုရောက်တော့လည်း မော့ဟဲက သူ့ကိုတွေ့တိုင်း သတ်ဖြတ်ရန် ကြိုးစားနေသည်။ လုမင် ဘာကိုမျှ မထောက်ထားနိုင်တော့ပေ။ ကောင်းကင်နတ်ဆိုးဂိုဏ်းကို နောက်တစ်ကြိမ် ရင်ဆိုင်ရပါက သေသင့်သူတိုင်း သေစေရမည်ဟု သူဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

"မင်းကများ ငါ့ကိုသတ်နိုင်မယ်လို့ ထင်တာလား"

မော့ဟဲက လှောင်ပြောင်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ အားကောင်းသော နတ်ဆိုးအငွေ့အသက်များ ပေါက်ကွဲထွက်လာခဲ့၏။ သူက နတ်ဆိုးဓားတစ်လက်ဖြင့် လုမင်ကို ခုတ်ပိုင်းလိုက်တော့သည်။

"ကောင်စုတ်လေး၊ ငါမင်းနဲ့ အဖော်ပြုပေးရမှာပေါ့"

ထျန်းချွေးက အော်ဟစ်ပြီး သူ့တူကြီးဖြင့် မော့ဟဲကို ထုချလိုက်၏။

"ထန်"

နတ်ဆိုးဓားနှင့် ဧရာမတူကြီး တိုက်မိပြီးနောက် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ မော့ဟဲနှင့် ထျန်းချွေး၏ ခန္ဓာကိုယ်များလည်း တုန်ခါသွားခဲ့ရပေသည်။

"ထပ်လာမယ်"

ထျန်းချွေး၏ မျက်လုံးများက ရိုင်းစိုင်းကြမ်းတမ်းမှုများ ပြည့်လာခဲ့သည်။ သူ့ကြွက်သားများကလည်း ဖောင်းကြွလာ၏။ သူက တူကြီး‌ကိုမြှောက်ကာ ပြင်းပြင်းထန်ထန် ထုနှက်လိုက်တော့သည်။

"သတ်"

မော့ဟဲ ဟိန်းဟောက်လိုက်သည်။ သူ၏ နတ်ဆိုးဓားချက်များကလည်း ပို၍ ကြောက်စရာကောင်းလာခဲ့၏။

"ဝုန်း၊ ဝုန်း၊ ဝုန်း"

တခဏချင်းမှာပင်၊ သူတို့နှစ်ယောက်က ဆယ်ကြိမ်ထက်မနည်း ရင်ဆိုင်ခဲ့ကြသည်။ သို့သော် အနိုင်အရှုံးကိုတော့ ခဏချင်းဆုံးဖြတ်ရန်မလွယ်ပေ။

"တိုက်ခိုက်ကြစို့"

ထိုအချိန်တွင်၊ လုမင်နှင့် ရွယ်နင်ရှင်းတို့လည်း တိုက်ခိုက်ခဲ့ကြသည်။

လုမင်၏ အနက်ရောင်တောင်ပံများက ပျံထွက်သွားပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူများကို တိုက်ခိုက်လိုက်၏။ နဂါးနက်လှံကလည်း တောက်ပသော အလင်းတစ်ခုကဲ့သို့ ပြေးထွက်သွား၏။

ပဉ္စမအဆင့် အသိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ ကောင်းကင်နတ်ဆိုးဂိုဏ်းသားလည်း လုမင်၏လက်တွင် ချက်ချင်း သေဆုံးသွားတော့သည်။

ထို့နောက် လှံရှည်က ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူ၏ခန္ဓာကို ထပ်မံပေါက်ကွဲသွားစေခဲ့သည်။

"ဂါး"

နဂါးဟိန်းသံတစ်ချက် ထွက်ပေါ်လာသည်။ ရွယ်နင်ရှင်းကလည်း လုမင်နှင့်ပူးပေါင်းပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူများကို တိုက်ခိုက်လိုက်၏။ သူတို့ထဲမှ တစ်ယောက်မှာ တစ်စစီ ဆုပ်ဖြဲခံလိုက်ရတော့သည်။

"သတ်"

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဤလူစုတွင် နောက်ထပ် သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ ကျွမ်းကျင်သူတစ်ဦး ရှိသေးသည်။ ထိုလူငယ်က ကြောက်စရာကောင်းသော အင်အားမျိုးဖြင့် ရွယ်နင်ရှင်းကို တိုက်ခိုက်လိုက်သည်။

သို့သော်၊ လုမင်ကိုတော့ တားဆီးမရတော့ပေ။ လုမင်၏ လက်ချက်ဖြင့် လူအတော်များများ ခဏချင်း သေဆုံးသွားရသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကျန်လူများလည်း မျက်စိမျက်နှာပျက်သွားပြီး လုမင်ကို မတိုက်ခိုက်ဝံ့တော့ပေ။

"သန်မာလိုက်တဲ့ တိုက်ခိုက်နိုင်စွမ်း။ နဂါးနတ်ဘုရားတောင်ကြားရဲ့ ဒီလူက မော့ဟဲကိုတောင် တားဆီးနိုင်လောက်အောင် သန်မာနေတာပဲ"

"ကြောက်စရာကောင်းလိုက်တာ၊ မော့ဟဲက‌ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ထိပ်တန်းပါရမီရှင်တစ်ယောက်ပဲလေ။ စန်းပြည်နယ် တစ်ခုလုံးရဲ့ ထိပ်တန်းပါရမီရှင်တစ်ယောက်လို့တောင် သတ်မှတ်ခံထားရတာ။ အဲဒီလူက ဘယ်သူမို့လို့ မော့ဟဲကို ဒီအတိုင်းအတာအထိ တိုက်ခိုက်နိုင်ရတာလဲ"

"ကြည့်ရတာ နဂါးနတ်ဘုရားတောင်ကြားက အရူးထျန်းချွေး ဖြစ်ပုံရတယ်"

လူတချို့က ထျန်းချွေးကို မှတ်မိခဲ့ကြသည်။

All Chapters