အခန်း ၁၅၂၁
Vol. 102 Ch. 1521
အပိုင်း ( 1521 ) ရှစ်ကွမ်း ပေါ်လာပြန်ပြီ။
ထျန်းချွေးက တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းကို ရူးသွပ်ခြင်းကြောင့် နာမည်ကျော်ကြားသူ ဖြစ်ပေသည်။ သို့ဖြစ်ပေရာ သူ့ကို မှတ်မိသူများ သဘာဝအတိုင်း ရှိသည်။
"နောက်ပြီးတော့ အဲဒီနှင်းနဂါးကလည်း အတော်အစွမ်းထက်တယ်။ သူကိုကြည့်ရတာ သာမန် အစစ်အမှန်နဂါးတွေထက်တောင် ပိုပြီး အစွမ်းထက်ပုံပဲ"
"အမှန်ပါပဲ၊ သူက အစစ်အမှန်နဂါးတွေကြားမှာ ပါရမီရှင်တစ်ဦး ဖြစ်သင့်တယ်"
"ပြီးတော့ အဲဒီစတုတ္ထအလွှာ သိုင်းအုပ်ချုပ်သူလေး။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းကလည်း တော်တော် အံ့သြစရာကောင်းတယ်"
"အဲဒါကတော့ မင်းမှားသွားပြီ။ အဲဒီစတုတ္ထအလွှာ သိုင်းအုပ်ချုပ်သူက သူတော်စင်ရတနာတွေကို အားကိုးထားတာလေ။ သူ့နောက်ကျောပေါ်က အတောင်ပံတွေနဲ့ သူ့လက်ထဲမှာရှိတဲ့ လှံက သူတော်စင်ရတနာတွေချည်းပဲ။ အဲဒါကြောင့် သူ့ကို ကြမ်းတယ်ထင်ရတာ၊ သူတော်စင်ရတနာမရှိရင် သူ့ရဲ့အစွမ်းက သာမန်ပဲဖြစ်လိမ့်မယ်"
"အမှန်ပဲ"
ဂိုဏ်းပေါင်းစုံမှ တပည့်များက အချင်းချင်း ဆွေးနွေးပြောဆိုလိုက်ကြသည်။
ကောင်းကင်တွင်၊ လုမင်က ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျ့်ကြံသူတစ်ဦးထံသို့ ဦးတည်သွား၏။
ထိုလူလည်း လုမင်၏တိုက်ခိုက်မှုကို မရင်ဆိုင်ဝံ့သောကြောင့် မျက်နှာသွေးဆုတ်ဖြူရော်သွားတော့သည်။
"ကွမ်"
ထိုအချိန်တွင် ဖားအော်သံတစ်ချက် ကြားလိုက်ရသည်။ ကြီးမားသော ရွှေရောင်ဖားကြီးတစ်ကောင်ကို မြင်လိုက်ရ၏။ ၎င်းက သူ့ပါးစပ်ကိုဟပြီး လုမင်ဆီသို့ အဆိပ်များကို ထွေးထုတ်လိုက်တော့သည်။
"သူတော်စင်ရတနာရဲ့ အဆိပ်"
လုမင်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
ထိုရွှေရောင်ဖားကြီးက သူတော်စင်ရတာတစ်ခု ဖြစ်ချေသည်။ သူတော်စင်ရတနာ၏ အဆိပ်များက အလွန်ကြောက်စရာကောင်းမည်မှာ သေချာသည်။
"ဝှစ်"
လုမင်လည်း အဆိပ်ငွေ့များနှင့် မထိမိစေရန် အမြန်နောက်ပြန်ဆုတ်လိုက်သည်။
အဆိပ်ဂိုဏ်းမှ ပါရမီရှင်လူငယ်က ရွှေရောင်ဖားပြုပ်ကြီးကို ထိန်းချုပ်ပြီး လုမင်နောက်သို့ ဆက်လိုက်ခဲ့၏။
"ကွမ်၊ ကွမ်"
ရွှေရောင်ဖားပြုပ်ကြီးကလည်း သက်ရှိသတ္တဝါသကဲ့သို့ အော်နေသည်။ အဆိပ်ငွေ့များကိုလည်း လုမင်ဆီသို့ မှုတ်ထုတ်၏။
"ဝှစ်"
ထို့နောက်မှာတော့ ဖားပြုပ်ကြီး၏ပါးစပ်မှ ရွှေရောင်အလင်းတန်းတစ်ခုက လုမင်၏ ခန္ဓာကိုယ်ကို လှစ်ခနဲ တိုးဝင်လာတော့သည်။
"လျှာကြီးပဲ"
လုမင်၏ မျက်လုံးများက အရောင်ပြောင်းသွားသည်။ ထိုရွှေရောင်အလင်းက ဖားပြုပ်ကြီး၏ လျှာဖြစ်ချေသည်။
"ဝှစ်"
နဂါးနက်လှံက အနက်ရောင် မိုးကြိုးကဲ့သို့ ရှေ့ကို တိုးထွက်သွားခဲ့သည်။
"ဒင်"
အနက်ရောင်နှင့် ရွှေရောင် အလင်းတန်းနှစ်ခုက လေထဲတွင် တိုက်မိသွားသည်။ လုမင်၏ခန္ဓာကိုယ်က တုန်ခါသွားပြီး အနောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်သွားရ၏။ ဖားပြုပ်ကြီး၏ လျှာလည်း ပြန်ရုတ်သွားတော့သည်။
'သန်မာလိုက်တဲ့ အင်အား'
လုမင် မျက်မှောင်ကြုတ်လိုက်သည်။ တစ်ဖက်လူ၏ သူတော်စင်ရတနာက အမှန်တကယ် အစွမ်းထက်သည်။ ယင်းက အဆိပ်မှုတ်နိုင်ရုံသာမကဘဲ လျှာဖြင့် ထိုးနှက်နိုင်စွမ်းလည်း ရှိ၏။ ထိုလျှာဖြင့် ထိုးခံရပါက သေချာပေါက် အသက်ပျောက်လိမ့်မည်။
"ကွမ်"
ရွှေရောင်ဖားပြုပ်ကြီးက အော်ဟစ်ပြီး အဆိပ်ငွေ့များကို ထပ်မံ မှုတ်ထုတ်လိုက်သည်။
"ပြန်သွားစမ်း"
လုမင် အေးစက်စက် ငေါက်လိုက်သည်။ သူက အနောက်ရောင်တောင်ပံများက ပြင်းပြင်းထန်ထန် ခတ်လိုက်ရာ အဆိပ်ငွေ့များ ပြန်လွင့်သွား၏။ အဆိပ်ငွေ့များက သတိလက်လွတ်ဖြစ်သွားသော ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တပည့်တစ်ဦးကို ဖုံးအုပ်သွားတော့သည်။ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သံ ထွက်ပေါ်လာပြီးနောက် ထိုလူငယ်ဟာ အချိန်တိုအတွင်း အရိုးစုအဖြစ်သို့ပြောင်း၍ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ရသည်။
ကြောက်စရာကောင်းလွန်းသော အဆိပ်ပင်တည်း။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ထိုတပည့်သည် အဆင့်နိမ့် မြေကမ္ဘာဝိညာဉ်ခန္ဓာပိုင်ရှင်ဖြစ်သော်လည်း အသက်ရှူချိန် အနည်းငယ်အတွင်း သေဆုံးသွားရသည်။
လုမင်ကိုတိုက်ခိုက်ရန် ရွှေရောင်ဖားပြုပ်ကြီးကို ထိန်းချုပ်ထားသည့် အဆိပ်ဂိုဏ်းမှ လူငယ်၏ မျက်နှာမှာလည်း မည်းမှောင်သွားလေသည်။
"ရွှစ်"
ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းအောင် စူးရှသော အရာတစ်ခုက လုမင်၏နောက်ကျောဘက်မှ ထိုးနှက်လာခဲ့သည်။
ယင်းက လှံတစ်လက်။ ရှင်းရှင်းပြောရလျှင် နတ်ဘုရားအပြစ်ပေးလှံ။
ဤနတ်ဘုရားအပြစ်ပေးလှံက မြန်ဆန်လွန်းပြီး ၎င်း၏ စွမ်းအားကလည်း ကြောက်စရာကောင်းလွန်းလှပေသည်။
"မကောင်းတော့ဘူး"
ဤအခိုက်တွင် လုမင်၏ခန္ဓာကိုယ်က အေးခဲသွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော အရှ်န်အဝါတစ်ခုက သူ့အား ဖိနှိပ်ထားသလို ခံစားလိုက်ရ၏။ နတ်ဘုရားအပြစ်ပေးလှံက လုမင်၏ခန္ဓာကိုယ်ကို ထိုးဖေုက်သွားတော့မည်။
မြန်ဆန်လွန်းလှသည်။ မြန်လွန်းသဖြင့်၊ လုမင် တုံ့ပြန်ရန်ပင် အချိန်မရှိတော့ပေ။
"စွပ်"
နတ်ဘုရားအပြစ်ပေးလှံက လုမင်၏ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားသည်။
သို့သော်၊ ထိုအချိန်တွင် လုမင်၏ ခန္ဓာကိုယ်က မှန်တစ်ချပ်ကဲ့သို့ ကွဲအက်သွား၏။
မီတာတစ်ဒါဇင်ခန့်အကွာတွင် လုမင်၏ပုံရိပ်က ပြန်ပေါ်လာတော့သည်။ သို့ရာတွင်၊ လုမင်၏ နောက်ကျောက အေးစက်စက် ချွေးစေးများဖြင့် စိုရွှဲသွားရသည်။
ဤတိုက်ခိုက်မှုက အန္တရာယ်များလွန်းလှပေသည်။ လုမင် အသတ်ခံရလုနီးပါးပင် ဖြစ်သွားခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် ပူဖောင်းလေးက အရေးကြီးသောအခိုက်အတန့်တွင် လှုပ်ရှားခဲ့ပေသည်။ ပူဖောင်းလေးက အချိန်ဟင်းလင်းပြင် တာအိုနယ်မြေကိုသုံးပြီး လုမင်ကို မီတာတစ်ဒါဇင်ခန့်အကွာသို့ ပို့ဆောင်ကာ အန္တရာယ်မှ လွတ်မြောက်စေခဲ့သည်။
ထိုအချိန်တွင် လုမင်ပျောက်ကွယ်သွားသောနေရာမှ လူရိပ်တစ်ခုပေါ်လာပြီး အေးစက်ဖြင့် ပြောလိုက်သည်။
"အချိန်ဟင်းလင်းပြင် တာအိုနယ်မြေ"
"ဒါက သူပဲ"
လုမင်၏ မျက်လုံးများက အေးစက်သွားသည်။ လှုပ်ရှားခဲ့သူမှာ၊ ယခင်က လုမင်နောက်သို့ လိုက်ခဲ့သော ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ပါရမီရှင် ရှစ်ကွမ်းပင်။
ဤသူက နဝမအဆင့် သိုင်းအုပ်ချုပ်သူတစ်ပါးဖြစ်ပြီး သူ့ကို အလစ်အငိုက် တိုက်ခိုက်ခဲ့သည်။
"အချိန်ဟင်းလင်းပြင် တာအိုနယ်မြေဆိုရင်ကော ဘာဖြစ်လဲ၊ သေစမ်း"
ရှစ်ကွမ်းက အေးစက်စက်ဖြင့်ပြောလိုက်သည်။ သူက နတ်ဘုရားအပြစ်ပေးလှံဖြင့် ပစ်လွှတ်လိုက်၏။ လှံရှည်က ကြောက်စရာကောင်းသော စွမ်းအားများဖြင့် လုမင်ဆီသို့ ပြေးဝင်လာတော့သည်။
"ဝမ်"
လုမင်၏ မျက်ခုံးနှစ်ခုကြားမှ ဒိုင်းတစ်ခု ထွက်ပေါ်လာပြီး ကာထားလိုက်သည်။ တစ်ချိန်တည်းမှာပင် အနက်ရောင်တောင်ပံများဖြင့် သူ့ခန္ဓာကိုယ်ကိုရစ်ပတ်ပြီး ကာကွယ်လိုက်၏။
"ဒုန်း"
ထိပ်တိုက်တွေ့ဆုံပြီးနောက်၊ ဒိုင်းက လွင့်စဉ်က အနက်ရောင်တောင်ပံများကို တိုက်မိသွားခဲ့သည်။ လုမင်၏ ခန္ဓာကိုယ်လည်း ပြင်းစွာတုန်ခါပြီး အမြောက်ဆံကဲ့သို့ လွင့်စဉ်သွားတော့သည်။
"ဖူး"
လုမင် သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။
တစ်ဖက်လူမှာ လွန်စွာ အစွမ်းထက်၏။ သူတော်စင်ရတနာများဖြင့် ကာကွယ်ထားသော်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သေးသည်။
"သေ"
ရှစ်ကွမ်းက အေးစက်စက် ပြောလိုက်သည်။ သန့်စင်သော အလင်းများကလည်း သူ့ခန္ဓာမှ ဖြာထွက်နေ၏။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး နတ်ဘုရားအပြစ်ပေးလှံဖြင့် လုမင်ကို ချိန်ရွယ်ပြန်တော့သည်။
လုမင်၏နဖူးကို ချိန်ရွယ်လိုက်သော နတ်ဘုရားအပြစ်ပေးလှံက ကမ္ဘာပေါ်ရှိ မည်သည့်အရာကိုမဆို ထိုးဖောက်နိုင်ပုံရသည်။
သို့သော်၊ ဤအရေးကြီးသောအခိုက်အတန့်တွင် အောက်ဘက်မှ အေးစက်စက် အငွေ့အသက်တစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် ဓားအလင်းတစ်ခုက လေထုကိုခွဲပြီး တက်လာခဲ့၏။
ရှစ်ကွမ်း၏ အမူအရာ ပြောင်းသွားခဲ့ရသည်။ အေးစက်သော ဓားအလင်းက သူ့အား ပြင်းထန်သော ဖိအားတစ်ခုကို ခံစားရစေပေသည်။ ထို့ကြောင့် လုမင်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ လှံကိုလှည့်၍ အေးစက်စက် ဓားအလင်းကို ရင်ဆိုင်လိုက်ရသည်။
"ဝုန်း"
ထိတ်လန့်တုန်လှုပ်ဖွယ် ပေါက်ကွဲမှုလှိုင်းတစ်ခုက အရပ်ရပ်သို့ ပြန့်နှံ့သွားခဲ့သည်။ လုမင်လည်း ထိုလှိုင်း၏ သက်ရောက်မှုဖြင့် မိုင်ဒါဇင်ချီအကွာအဝေးသို့ ဆုတ်သွားခဲ့လေသည်။
မူလက သူဟာ ပူဖောင်းလေးနှင့် ပူးပေါင်းပြီး သေသည်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။
တိုက်ပွဲတွင် သေရလျှင်ပင် တစ်ဖက်လူလည်း လွယ်ကူစေမည် မသုတ်ပါ။ သို့ရာတွင်၊ ယခုတော့ မလိုအပ်တော့ပုံရသည်။
"ဟန်ချောင်၊ မင်းပဲ"
အေးစက်စက် အော်ပြောရင်း ရှစ်ကွမ်း၏ပုံရိပ်က ဆုတ်သွားသည်။
ထိုအချိန်တွင် ရှစ်ကွမ်း၏ရှေ့မှာ လူငယ်တစ်ဦး ပေါ်လာခဲ့၏။
ထိုလူငယ်က အရပ်မြင့်မြင့်၊ ပိန်ပိန်းပါးပါးဖြင့် ချောမောသည်။ သူက ရေခဲနဂါးပုံ ရေးထိုးထားသော နှင်းဖြူရောင် ၀တ်စုံကို ဝတ်ဆင်ထားလေသည်။
ထိုလူငယ်မှာ နဂါးနတ်ဘုရားတောင်ကြား၏ ရေခဲနဂါးတောင်ကြားမှ တပည့်တစ်ဦး ဖြစ်သည်။
"ဂိုဏ်းသုံးဂိုဏ်းရဲ့ လူအုပ်ကြီးက နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်သုံးယောက်တည်းကို တိုက်ခိုက်နေကြတယ်။ အခု မင်းလို နဝမအဆင့် သိုင်းအုပ်ချုပ်သူတစ်ယောက်တောင် ပါဝင်လာပြီတဲ့။ ဟားဟားဟား၊ ဘယ်လောက် အရှက်မရှိလိုက်သလဲ"
ရေခဲနဂါးတောင်ကြားမှ လူငယ်လေး ဟန်ချောင်က လှောင်ပြောင်ရယ်မောလိုက်သည်။
"ဒီလုမင်က ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ လူတော်တော်များများကို သတ်ခဲ့တာပဲ။ သူသေရမယ်၊ ဒီအတွက် ဘာမှ စောင့်ထိန်းနေစရာမလိုဘူး"
ရှစ်ကွမ်းက အေးစက်စက်ဖြင့် ပြောသည်။
"ဟားဟားဟား၊ ကောင်းကင်နတ်ဘုရားဂိုဏ်းက လူတော်တော်များများကို သတ်လိုက်တာလား။ ရယ်စရာကောင်းလိုက်တာကွာ။ လွန်ခဲ့တဲ့ နှစ်နှစ်တွေအတွင်းမှာ မင်းတို့ ကောင်းကင်နတ်ဘုရားဂိုဏ်းကရော နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်အများအပြားကို မသတ်ခဲ့ဘူးလား။ ဒီလိုဆိုရင် ရသမျှနည်းလမ်းကိုသုံးပြီး ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ တပည့်တွေကို ငါလည်းသတ်နိုင်တယ်ပေါ့၊ ဟုတ်လား"
ဟန်ချောင်က လှောင်ပြုံး ပြုံးလိုက်၏။
ရှစ်ကွမ်း၏ မျက်နှာက မည်းမှောင်သွားသည်။
အမှန်တော့ နဂါးနတ်ဘုရားတောင်ကြားနှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းမှာ သင့်မြတ်ခြင်းမရှိပေ။ တပည့်အချင်းချင်း သတ်ကြခြင်းက ပုံမှန်သာ ဖြစ်သည်။ သို့သော်လည်း စောင့်ထိန်းရမည့် စည်းများတော့ ရှိသေးသည်။
ဥပမာအားဖြင့်၊ သူတော်စင်နယ်ပယ် အကျော်အမော်များက တစ်ဖက်အင်အားစုမှ လူငယ်မျိုးဆက်သစ်များကို တိုက်ခိုက်မည် မဟုတ်ပေ။ ထိုသို့ပြုလုပ်ခြင်းက အင်အားစုကြီးများမှ တည်ရှိမှုကို ကသောင်းကနင်း ဖြစ်စေနိုင်သည်။
"ဟန်ချောင်၊ မင်း ဘာမှ ပြောနေစရာ မလိုဘူး။ ဒီနေ့ ဒီကောင်တွေ သေရမယ်"
ရှစ်ကွမ်းက အံကိုကြိတ်ကာ ပြောလိုက်သည်။
"ဝှစ်၊ ဝှစ်၊ ဝှစ်"
ဤအခိုက်အတန့်တွင် အရပ်ရပ်မှ ပုံရိပ်များစွာတို့ ပျံသန်းလာကြသည်။ အနည်းဆုံး လူတစ်ဒါဇင်ခန့်က ရှစ်ကွမ်း၏အနောက်မှာ ဝင်ရပ်လိုက်၏။
သူတို့အားလုံးက ကောင်းကင်နတ်ဘုရားဂိုဏ်း၏ တပည့်များ ဖြစ်တော့သည်။
"ဝှစ်... ဝှစ်..."
တစ်ဖက်မှာလည်း နတ်ဆိုးအငွေ့အသက်များ သို့မဟုတ် အဆိပ်စွမ်းအင် အငွေ့အသက်များ ထွက်ပေါ်နေသူတို့ ရှိနေသည်။ သူတို့ကတော့ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် အဆိပ်ဂိုဏ်းမှ လူများပင်။