အခန်း ၁၅၂၃
Vol. 102 Ch. 1523
အပိုင်း ( 1523 ) တင်းပေါင်ညီလာခံငယ်။
"ဒါဆိုရင် ဆယ်ရက်အတွင်း တင်းပေါင်ညီလာခံမှာ တွေ့မယ်"
ကျစ်ဖုန်း ပြောလိုက်သည်။
"သွားကြစို့"
မေ့ယန်က ပထမဆုံး လှည့်ထွက်သွား၏။
မော့ဟဲလည်း လုမင်ကို စူးစူးစိုက်စိုက်ကြည့်ကာ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူများနှင့်အတူ ထွက်ခွာသွားတော့သည်။
ထို့နောက် ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် အဆိပ်ဂိုဏ်းမှ လူများလည်း ထွက်ခွာသွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဂိုဏ်းသုံးဂိုဏ်းမှ လူများအားလုံး ထွက်သွားကြ၏။ မုန်တိုင်းတစ်ခုလည်း ပြီးဆုံးသွားခဲ့ပြီ။
"ကူညီပေးတဲ့အတွက် ဂိုဏ်းတူအစ်ကိုကျစ်ဖုန်းနဲ့ ဂိုဏ်းတူဟန်ကျောက်ကို ကျေးဇူးတင်ပါတယ်"
လုမင်၊ ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့လည်း လက်ယှက်ပြီး ကျစ်ဖုန်းနှင့် ဟန်ကျောက်ကို ကျေးဇူးတင်စကားဆိုလိုက်ကြလေသည်။
"ယဉ်ကျေးမနေပါနဲ့၊ မင်းတို့သုံးယောက် မဆိုးဘူး။ မင်းတို့တွေ တင်းပေါင်ညီလာခံငယ်မှာ ပါဝင်သင့်တယ်"
ကျစ်ဖုန်း ခေါင်းညိတ်ပြလိုက်သည်။
"တင်းပေါင်ညီလာခံငယ်"
လုမင် အနည်းငယ် အံ့ဩသွားသည်။
'ဒါက တင်းပေါင်ညီလာခံမဟုတ်ဘူးလား။ တင်းပေါင်ညီလာခံငယ်က ဘယ်လိုလဲ'
"ဂိုဏ်းတူအစ်ကို စိတ်မပူပါနဲ့။ ကျွန်တော် သေချာပေါက် ပါဝင်မှာ၊ ပြီးရင် အဲဒီ ကောင်းကင်နတ်ဘုရားဂိုဏ်းနဲ့ အခြားဂိုဏ်းနှစ်ခုက လူအားလုံးကို ကျွန်တော့်စိတ်ကြိုက် သတ်ပစ်လိုက်မယ်"
ထျန်းချွေးက ဒေါသမျက်ဝန်းတို့ဖြင့် လက်သီးဆုပ်ကာ ပြောလိုက်သည်။
ရွယ်နင်ရှင်းလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်၏။
"အင်း၊ စခန်းကို အရင်ပြန်ရအောင်"
ကျစ်ဖုန်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်တော့ လှည့်ထွက်သွားပြီး မျက်လုံးတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
ထို့နောက် နဂါးနတ်ဘုရားတောင်ကြားမှ အခြားသော တပည့်များလည်း စခန်းသို့ ပြန်သွားခဲ့ကြသည်။
"ဆရာတူအစ်ကိုနဲ့ အစ်မ၊ တင်းပေါင်ညီလာခံငယ်က ဘာလဲ"
လမ်းတွင် လုမင်က သိလိုစိတ်ဖြင့် မေးလိုက်သည်။
"တင်းပေါင်ညီလာခံငယ်က တင်းပေါင်ညီလာခံ မစတင်ခင် ထိပ်တန်း အင်အားစုကြီး ဆယ့်သုံးခုကြားက ပြိုင်ဆိုင်မှုတစ်ခုပဲ။ ပါဝင်သူအားလုံးက သိုင်းအုပ်ချုပ်သူနယ်ပယ် သတ္တမအဆင့်နဲ့ အသက်ငါးဆယ်အောက် ဖြစ်ရမယ်"
ထျန်းချွေးက ရှင်းပြလိုက်၏။
ယွမ်လုတွင် မျိုးဆက်သစ်လူငယ် သတ်မှတ်ပုံက ရှန်းရွှီတိုက်အဖွဲ့အစည်းနှင့် အနည်းငယ် ကွဲပြားသည်။
ရှန်းရွှီတိုက်အဖွဲ့အစည်းတွင် အသက်သုံးဆယ်အောက် လူငယ်များက ကျင့်ကြံခြင်း၏ ရွှေခေတ်တွင် ရှိနေသူများ ဖြစ်ကြသည်။
သို့ရာတွင်၊ ယွမ်လုတိုက်ကြီးမှာတော့ အသက် ငါးဆယ်အောက် လူငယ်များက မျိုးဆက်သစ်များ ဖြစ်၏။
အကြောင်းမှာ ယွမ်လုတိုက်ကြီး၏ ကျင့်ကြံခြင်းပတ်ဝန်းကျင်က ကောင်းမွန်လွန်းသောကြောင့် ဖြစ်သည်။ လူများစွာဟာ ငယ်ရွယ်စဉ်ကတည်းက သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး သက်တမ်းမှာလည်း နှစ်တစ်သောင်းမှ နှစ်သောင်းအထိ ရှိခဲ့သည်။ သူတို့၏ အသက်ဓာတ်က အလွန်ပြင်းထန်ပေသည်။
သက်တမ်း နှစ်တစ်သောင်းကျော် နှစ်သောင်းနှင့် နှိုင်းယှဉ်ပါက အသက်ငါးဆယ်မှာ အကန့်အသတ်မရှိ အလားအလာရှိသော လူငယ်များ၏ ရွှေခေတ် ဖြစ်နေဆဲ ဖြစ်သည်။
"တကယ်တော့ သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်အောက်က ကျင့်ကြံသူတွေကို သက်ဆိုင်ရာ အင်အားစုကြီးတွေရဲ့ အရန်အင်အားအဖြစ် သတ်မှတ်ထားတာ။ သူတို့က သုံးနှစ် ဒါမဟုတ် ခြောက်နှစ်လောက်ကြာမှ တစ်ကြိမ် ပါဝင်ခွင့်ရတာလေ။ ဒီပြိုင်ပွဲကနေ အနာဂတ် တင်းပေါင်ညီလာခံရဲ့ အခြေအနေနဲ့ အင်အားစုကြီး ဆယ့်သုံးခုရဲ့ အနာဂတ်အင်အားကို မြင်နိုင်တယ်"
ရွယ်နင်ရှင်းက ထပ်မံရှင်းပြလိုက်သည်။
လုမင်လည်း ဤတော့မှ နားလည်သွား၏။ ၎င်းကို တင်းပေါင်ညီလာခံ အသေးစားအဖြစ် ယူဆနိုင်သောကြောင့် တင်းပေါင်ညီလာခံငယ်ဟု ခေါ်တွင်ခဲ့ခြင်း ဖြစ်ချေသည်။
"ဂိုဏ်းဆယ့်သုံးခုက တင်းပေါင်ညီလာခံကို အရမ်းအလေးထားကြတယ်။ ဒါက နောက်ဆုံးဂိုဏ်းသုံးခုက နောက်သုံးနှစ်အကြာ တင်းပေါင်ညီလာခံမှာ ပါဝင်ဖို့ အရည်အချင်းမပြည့်ဘူး။ ဒီနည်းက အားနည်းသူတွေကို ကြိုပြီးဖယ်ထုတ်လိုက်တာနဲ့ ညီမျှတယ်။ အဲဒါကြောင့် တင်းပေါင်ညီလာခံတိုင်းက အရမ်းပြင်းထန်တယ်"
ရွယ်နင်ရှင်းက ဆက်ပြောလိုက်သည်။
"ဒီလိုပေါ့"
လုမင် ခေါင်းညိတ်လိုက်လေသည်။ တင်းပေါင်ညီလာခံငယ်နှင့် တင်းပေါင်ညီလာခံနှင့် တိုက်ရိုက်ချိတ်ဆက်ထားသည်။ နောက်ဆုံး ဂိုဏ်းသုံးခုက တင်းပေါင်ညီလာခံတွင် ပါဝင်ရန် အရည်အချင်းမပြည့်မီပေ။ တစ်နည်းဆိုရလျှင်၊ အင်အားစုကြီးဆယ်ခုသာ တင်းပေါင်ညီလာခံတွင် ပါဝင်နိုင်မည် ဖြစ်သည်။
"အင်အားစုတစ်ခုစီက တင်းပေါင်ညီလာခံငယ်မှာ ပါဝင်ဖို့ စတုတ္ထအဆင့်ကနေ ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ပါရမီရှင် သုံးဆယ့်ခြောက်ယောက်ကို စေလွှတ်လိမ့်မယ်။ ဆယ်ရက်ကျန်ပါသေးတယ်။ ပြန်သွားပြီးတော့ ကိုယ့်ကိုယ်ကိုယ် အသင့်ပြင်ထားကြ။ အချိန်တန်ရင် သူတို့ကို ငါတို့ကျေနပ်တဲ့အထိ သတ်ကြမယ်"
ထျန်းချွေးက ပြောလိုက်သည်။
ဤတစ်ကြိမ်တွင် သူ အတော်ကလေး မကျေမနပ် ဖြစ်ခဲ့ရသည်။
သို့ရာတွင် သူက အားနည်းလွန်းလို့ မဟုတ်ပါ။ ထိုအစား၊ ပြိုင်ဘက်အားလုံးက မြင့်မားသော ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားသည့် ကျွမ်းကျင်သူများချည်း ဖြစ်သည်။
သို့သော်လည်း တင်းပေါင်ညီလာခံငယ်မှာတော့ ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်အထက်မှ မည်သည့်ကျွမ်းကျင်သူမျှ ရှိမည်မဟုတ်ပေ။
"မင်းတို့ကိုယ်ကို ပြင်ဆင်ထားသင့်တယ်။ ဒီတင်းပေါင်ညီလာခံငယ်က အရမ်းအန္တရာယ်များလိမ့်မယ်။ ကောင်းကင်နတ်ဆိုးဂိုဏ်း၊ ကောင်းကင်နတ်ဘုရားဂိုဏ်းနဲ့ အဆိပ်ဂိုဏ်းတို့က နဂါးနတ်ဘုရားတောင်ကြားကို ရင်ဆိုင်ဖို့ ပေါင်းစည်းသွားနိုင်တယ်။ မင်းတို့ အပြည့်အဝ ပြင်ဆင်ထားသင့်တယ်"
ဟန်ချောင်က ပြောသည်။
"ဂိုဏ်းတူအကို စိတ်မပူပါနဲ့၊ ကျုပ်နဲ့တွေ့တဲ့သူမှန်သမျှ သေရမယ်"
ထျန်းချွေးက ရက်စက်ကြမ်းကြုတ်ဟန်ဖြင့် ပြုံးလိုက်၏။
"မင်းရဲ့အင်အားက သန်မာပေမဲ့ ပြိုင်ဘက်တွေကို လျှော့မတွက်နဲ့။ ငါသိတဲ့အတိုင်းဆိုရင် ဂိုဏ်းတစ်ခုစီမှာ မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ကခန္ဓာနဲ့ ပါရမီရှင်တွေရှိပြီး အများစုက ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ။ အထူးသဖြင့် ကောင်းကင်နတ်ဘုရားဂိုဏ်း... နှစ်များတစ်လျှောက်မှာ သူတို့က ပါရမီရှင်များစွာကို မွေးထုတ်ပေးခဲ့ပြီး သူတို့ကို စန်းပြည်နယ်ရဲ့ နံပါတ်တစ်ဂိုဏ်းတစ်ခုအဖြစ် လူသိများတယ်။ သူတို့ကို လျှော့မတွက်နဲ့"
ဟန်ချောင် ပြောလိုက်သည်။
ဟန်ချောင်သည် ရေခဲနဂါးတိုက်ခိုက်ရေးခန္ဓာကို လေ့ကျင့်ထားသော ပါရမီရှင်တစ်ဦးဖြစ်သော်လည်း ပေါင်းသင်းဆက်ဆံရ အလွန်လွယ်ကူသည်။ သူဟာ လမ်းတစ်လျှောက်တွင် လုမင်တို့နှင့် စကားစမြည်ပြောဆိုခဲ့၏။ မကြာမီ နဂါးနတ်ဘုရားတောင်ကြား၏ စခန်းသို့ ရောက်ရှိလာခဲ့ကြလေသည်။
စခန်းသို့ ရောက်လာသည်နှင့်တပြိုင်နက် လုမင်၊ ထျန်းချွေး၊ ရွယ်နင်ရှင်းနှင့် အခြားသူများလည်း တိတ်တဆိတ်လေ့ကျင့်ရန် ကိုယ်ပိုင် အခန်းများဆီသို့ ပြန်ခဲ့ကြသည်။
တင်းပေါင်ညီလာခံငယ်မတိုင်ခင် ဆယ်ရက်ကျန်သေးသည်။ ထျန်းချွေးက သူရရှိထားသော နဂါးအသားအားလုံးကို မသန့်စင်ရသေးပါ။ ဤအချိန်ကို အသုံးချပြီး သူ့ခွန်အားများ တိုးတက်စေရန် ကြိုးစားနိုင်သည်။
ရွယ်နင်ရှင်း၏ နဂါးကျောက်ကလည်း အပြည့်အဝ မသန့်စင်ရသေးသောကြောင့် သူမ၏ ခွန်အားလည်း တိုးလာနိုင်သေးသည်။
လုမင်ကတော့ တောင်နှင့်မြစ် ပန်းချီကားအတွင်းရှိ ရှေးဟောင်းဉာဏ်အလင်းသစ်ပင်အောက်တွင် ထိုင်လိုက်သည်။
ယခင်က ရှစ်ကွမ်း၏ ခိုးဝင်တိုက်ခိုက်မှုဟာ သူ့ကို သေခြင်းရှင်ခြင်း အပိုင်းခြားကာလသို့ ရောက်ရှိစေခဲ့သည်။ ထိုအရေးကြီးသောအခိုက်အတန့်တွင်၊ သူ့အလားအလာက ပေါက်ကွဲထွက်လာပြီး သူ၏ ကစဉ့်ကလျားတာအိုနယ်မြေကလည်း စတုတ္ထအဆင့်၏ အထွတ်အထိပ်သို့ ရောက်သွားခဲ့ပေသည်။ ကစဉ့်ကလျားတာအိုနယ်မြေက ပဉ္စမအဆင့်နှင့် ခြေတစ်လှမ်းသာ ဝေးတော့သည်။
ယခုအခါ သူ၏ ကျင့်ကြံခြင်းအခြေခံကို ဆက်လက် တိုးတက်စေနိုင်ပြီ ဖြစ်သည်။
သူ၏ လက်ရှိ ကျင့်ကြံခြင်းအခြေခံမှာ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အစောပိုင်းအဆင့်တွင် ဖြစ်သည်။ ယခုတော့ သိုင်းအုပ်ချုပ်သူနယ်ပယ် စတုတ္ထအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိစေနိုင်ပြီ။
လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်ကြမ်းအပုံလိုက်ကြီး ပေါ်လာခဲ့သည်။ ထို့နောက် ကျောက်ကြမ်းများကို ဝါးမျိုပြီး စတင် သန့်စင်လိုက်၏။
သူ၏ ကျင့်ကြံခြင်းအခြေခံက လျင်မြန်စွာ တိုးတက်လာတော့သည်။
ငါးရက်အကြာတွင် လုမင်၏ ကျင့်ကြံခြင်းအခြေခံက သိုင်းအုပ်ချုပ်သူနယ်ပယ် စတုတ္ထအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
ကျန်အချိန်များမှာတော့ လုမင်က ရှေးဟောင်းဉာဏ်အလင်းသစ်ပင်အောက်တွင် အစွန်းရောက်လှံ ဆယ့်သုံးချက်ကို လေ့ကျင့်ခဲ့ပေသည်။
ဖိအားများကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ တင်းပေါင်ညီလာခံငယ် မတိုင်မီမှာပင် အစွန်းရောက်လှံ ဆယ့်သုံးချက်က ဆဋ္ဌမအဆင့်သို့ ရောက်သွား၏။ ယင်းက ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားပြီး စွမ်းအားမှာလည်း အဆများစွာ ကြီးမားလာတော့သည်။
ထိုအချိန်တွင် တင်းပေါင်ညီလာခံငယ်ကို စတင်ရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။
နဂါးနတ်ဘုရားတောင်ကြား၏ စခန်းရှိ ကြီးမားသော ခြံဝင်းတစ်ခုတွင် လူငယ်သုံးဆယ့်ခြောက်ယောက် ရပ်နေသည်။ သူတို့အားလုံးက သိုင်းအုပ်ချုပ်သူနယ်ပယ် စတုတ္ထအဆင့်နှင့် ဆဌမအဆင့်ကြားတွင် ရှိ၏။ သူတို့အားလုံးက ထိပ်သီးပါရမီရှင်များဖြစ်ပြီး အများစုမှာ မြေကမ္ဘာအဆင့်နိမ့် ဝိညာဉ်ခန္ဓာများကို ပိုင်ဆိုင်ထားခဲ့ကြပေသည်။
သာမာန် ဝိညာဉ်ခန္ဓာများကတော့ ဤပြိုင်ပွဲတွင် ပါ၀င်ရန် အရည်အချင်းမပြည့်မီပေ။
ရွေးချယ်ခံများထဲတွင် လုမင်၊ ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့လည်း ပါဝင်သည်။
ထို့အပြင်၊ လုမင်ဟာ ရင်းနှီးပြီးသား မျက်နှာအနည်းငယ်ကိုလည်း တွေ့ခဲ့ရသေးသည်။
သွေးနဂါးတောင်ကြားမှ ဟဲယွိ။
ငွေနဂါးတောင်ကြားမှ ရင်ချန်။
ကာလအတန်ကြာ လေ့ကျင့်ပြီးနောက် ရင်ချန်၏ ကျင့်ကြံခြင်းအခြေခံမှာ သိုင်းအုပ်ချုပ်သူနယ်ပယ် ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဤအခိုက်တွင် ဟဲယွိနှင့် ရင်ချန်က ဘေးချင်းကပ် ရပ်နေပြီး တစ်စုံတစ်ခုကို တီးတိုး ပြောဆိုနေကြလေသည်။ ထို့အတူ၊ သူတို့က လုမင်ကိုလည်း အေးစက်စက်ဖြင့် ရံဖန်ရံခါ လှမ်းကြည့်ကြသည်။
ထိုအချိန်တွင် သူတော်စင်နယ်ပယ် အကြီးအကဲတစ်ဦးက သူတို့ရှေ့တွင် ပေါ်လာခဲ့သည်။
"ဒီတင်းပေါင်ညီလာခံက အရမ်းအရေးကြီးတယ်။ နဂါးနတ်ဘုရားတောင်ကြားရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ မင်းတို့ အစွမ်းကုန်ကြိုးစားမယ်လို့ ငါမျှော်လင့်ပါတယ်"
သူတော်စင်နယ်ပယ် အကြီးအကဲက ပြောလိုက်သည်။
"ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားပါမယ်"
လူငယ် သုံးဆယ့်ခြောက်ယောက်လည်း အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
"ကောင်းတယ်၊ တင်းပေါင်ညီလာခံငယ်မှာ သူတော်စင်ရတနာတွေကို အသုံးပြုလို့မရဘူး။ မင်းတို့ အသုံးပြုနိုင်တဲ့ အမြင့်ဆုံးရတနာက အုပ်ချုပ်သူ ဝိညာဉ်ရတနာပဲ။ ဒါကိုမှတ်ထားပါ"
သူတော်စင်နယ်ပယ် အကြီးအကဲက ပြောလိုက်သည်။
"ဟုတ်ကဲ့"
လူငယ်အားလုံး ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ၊ ဒီတစ်ခေါက် မင်းတို့ သုံးဆယ့်ခြောက်ယောက်မှာ ဟန်ရွှင်းက ဦးဆောင်လိမ့်မယ်။ တင်းပေါင်ညီလာခံငယ်မှာ မင်းတို့အားလုံး သူ့အမိန့်ကို နားထောင်ရမယ်။ နားလည်လား"
သူဝောာ်စင်နယ်ပယ် အကြီးအကဲက ပြောလိုက်သည်။
"ကောင်းပါပြီ"
လူတိုင်းက ခေါင်းညိတ်လေသည်။
လုမင်လည်း ခေါင်းညိတ်ပြရင်း အဖြူရောင်ဝတ် လူငယ်တစ်ဦးကို ကြည့်လိုက်သည်။
ထိုလူငယ်က ဟန်ချောင်နှင့် ရုပ်ချင်းဆင်ပြီး ဟန်ချောင်၏ညီ ဖြစ်သည်။ သူ၏ ပါရမီကတော့ ဟန်ချောင်ထက် သာလွန်ပြီး မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထား၏။ သူ၏ ကျင့်ကြံခြင်းအခြေခံကလည်း ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်သို့ ရောက်နေပြီ။ သူက နဂါးနတ်ဘုရားတောင်ကြား၏ သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်အောက် ကျင့်ကြံသူများကြားတွင် အသန်မာဆုံး ဖြစ်သည်။