အခန်း ၁၅၂၅
Vol. 102 Ch. 1525
အပိုင်း ( 1525 ) နဂါးနတ်ဘုရားတောင်ကြားကို ပစ်မှတ်ထားရန် အင်အားစုများ ပေါင်းစည်းခြင်း။
"နောက်ဆုံးတစ်ခေါက်မှာ ငါတို့က ပထမဖြစ်ခဲ့တဲ့အတွက် ဒီတစ်ကြိမ်မှာ ငါက အိမ်ရှင်အဖြစ်နဲ့ အားလုံးကို ကြီးကြပ်စီစဉ်ပေးမှာပါ"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူတော်စင်နယ်ပယ် အကြီးအကဲ၏ စကားသံက ပျံ့နှံ့သွားခဲ့သည်။ သူက လူအုပ်ကို တစ်ချက်ဝေ့ကြည့်ပြီး ဆက်ပြောလိုက်၏။
"လူအများစုကတော့ ပြိုင်ပွဲစည်းမျဉ်းတွေကို သိထားပြီးဖြစ်မယ်လို့ ငါယုံတယ်။ ဒါပေမဲ့ ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေကို ထပ်ပြီး ကြေညာရဦးမယ်"
"ဒီမှာ မင်းတို့အတွက် စင်မြင့် ဆယ့်သုံးခု ခွဲထားတယ်။ သေခြင်းရှင်ခြင်းဓားဂိုဏ်းကလွဲရင် ဂိုဏ်းတစ်ခုစီမှာ လူသုံးဆယ့်ခြောက်ယောက် ရှိတယ်။ ပြိုင်ဆိုင်မှုရဲ့ စည်းမျဉ်းတွေက အရမ်းရိုးရှင်းပါတယ်။ နံပါတ်တစ်စင်မြင့်မှာရှိတဲ့ ဂိုဏ်းက လူတစ်ယောက်ကို တိုက်ခိုက်ဖို့အတွက် ပထမဆုံး စေလွှတ်လိမ့်မယ်။ သူဟာ ဘယ်ဂိုဏ်းက ဘယ်သူ့ကိုမဆို စိန်ခေါ်တိုက်ခိုက်နိုင်တယ်။ ယှဉ်ပြိုင်သူနှစ်ဦးမှာ တစ်ဦးကို သတ်နိုင်ရင် ဒါမှမဟုတ် စင်မြင့်ပေါ်ကနေ ပြုတ်ကျတဲ့အထိ တိုက်ခိုက်နိုင်မှ တိုက်ပွဲပြီးဆုံးမယ်။ အဲဒီနောက် အနိုင်ရရှိသူက တိုက်ပွဲစင်မြင့်ကို ပြန်သွားပြီးတော့ နောက်စိန်ခေါ်မှုကို စောင့်ဆိုင်းရလိမ့်မယ်"
"အမှတ်စဉ်တစ် စင်မြင့်ရဲ့ စိန်ခေါ်မှုပြီးတဲ့အခါ၊ လူတစ်ဦးကို စိန်ခေါ်ဖို့အမှတ်စဉ်နှစ်ရဲ့ ဂိုဏ်းက တစ်ဖန်စေလွှတ်လိမ့်မယ်။ သူကလည်း ဘယ်ဂိုဏ်းရဲ့ ဘယ်သူ့ကိုမဆို စိန်ခေါ်နိုင်တယ်။ ဒီလိုနဲ့ နောက် အမှတ်စဉ်သုံး စင်မြင့်၊ အမှတ်စဉ် လေး စင်မြင့်... စသည်ဖြင့် အလှည့်ကျ စိန်ခေါ်ကြရမယ်"
"တစ်ချီမှာ အနည်းဆုံး လူ ဆယ့်သုံးယောက်ကို ဖယ်ထုတ်ပစ်ပြီး သီအိုရီအရ စုစုပေါင်း သုံးဆယ့်ခြောက်ကြိမ် ရှိလိမ့်မယ်။ နားလည်လား"
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ သူတော်စင်နယ်ပယ် အကြီးအကဲက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"နားလည်ပါတယ်"
လူအုပ်ကြီးက တုံ့ပြန်လိုက်၏။
"မှတ်ထားပါ၊ စိန်ခေါ်မှုအတွင်း အရှုံးပေးခွင့်မရှိဘူး။ တိုက်ပွဲစင်မြင့်ကကနေ ပြုတ်ကျရင် ဒါမှမဟုတ် အသတ်ခံရမှသာ စိန်ခေါ်မှုကို ပြီးမြောက်တယ်။ ဒီနည်းနဲ့ အရင်ဖယ်ထုတ်ခံရတဲ့ဂိုဏ်းတွေ ပေါ်ထွက်လာလိမ့်မယ်။ ပထမဆုံး ဖယ်ထုတ်ခံရတဲ့ ဂိုဏ်းသုံးဂိုဏ်းက နောက်ဆုံးဂိုဏ်းသုံးခုဖြစ်ပြီး ဒီနှစ် တင်းပေါင်ညီလာခံမှာ ပါဝင်နိုင်တော့မှာ မဟုတ်ဘူး"
သူတော်စင်နယ်ပယ် အကြီးအကဲက ထပ်မံရှင်းပြလိုက်သည်။ ယင်းက လူများစွာကို လက်သီးတင်းတင်းဆုပ်မိစေခဲ့၏။
မည်သို့ပင်ဆိုစေကာမူ၊ ၎င်းတို့ကို နောက်ဆုံးဂိုဏ်းသုံးခု အဖြစ်မခံနိုင်ပေ။ မဟုတ်ပါက၊ ၎င်းတို့၏ဂိုဏ်းများဟာ ယခုနှစ် တင်းပေါင်ညီလာခံတွင် ပါဝင်နိုင်တော့မည် မဟုတ်ပါ။ သို့ဖြစ်ပါက မည်မျှ ရှက်ဖွယ်ကောင်းမည်နည်း။
"နောက်ဆုံးအချိန်ထိ လူကျန်တဲ့ အင်အားစုကို ဆုချီးမြှင့်မယ်။ ဒီတစ်ကြိမ် ဆုကြေးက အုပ်ချုပ်သူ တာအိုနယ်မြေဆေးလုံး... အုပ်ချုပ်သူတာအိုနယ်မြေ ဆေးခုနစ်လုံးပဲ"
သူတော်စင်နယ်ပယ် အကြီးအကဲ၏ စကားအဆုံးတွင် လူထုက ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
"အလို၊ ဒီတစ်ခါဆုကြေးက ရက်ရောလှချေလား"
"အုပ်ချုပ်သူတာအိုနယ်မြေဆေးလုံး ဖြစ်တဲ့အပြင် ခုနစ်လုံးတောင်မှ၊ ဒါက ရက်ရောလွန်းတယ်"
လူတော်တော်များများက အော်ဟစ်လိုက်ကြသည်။
လုမင်၏ မျက်လုံးအကြည့်များလည်း စိတ်အားထက်သန်မှုဖြင့် ပူလောင်ပြင်းပြလာတော့သည်။
နာမည်အတိုင်း အုပ်ချုပ်သူတာအိုနယ်မြေဆေးလုံးကို အုပ်ချုပ်သူတာအိုနယ်မြေသစ်သီးဖြင့် အဓိကပါဝင်ပစ္စည်းအဖြစ် သန့်စင်ထားသည်။
အုပ်ချုပ်သူတာအိုနယ်မြေဆေးလုံး တစ်လုံးတည်းကို သန့်စင်ရန်အတွက် အုပ်ချုပ်သူ တာအိုနယ်မြေသစ်သီးကိုးလုံးနှင့် အခြားသော အဖိုးတန်ပစ္စည်းများ လိုအပ်သည်ဟု ဆိုကြသည်။
အုပ်ချုပ်သူတာအိုနယ်မြေသစ်သီးက အဆင့်နိမ့် သိုင်းအုပ်ချုပ်သူများကိုပင် အဆင့်တစ်ခုသို့ တိုက်ရိုက်ချိုးဖျက်နိုင်စေ၏။
အခြားတစ်ဖက်တွင်၊ အုပ်ချူပ်သူတာအိုနယ်မြေ သစ်သီးတစ်လုံးက အလယ်လတ်သိုင်းအုပ်ချုပ်သူ သို့မဟုတ် အဆင့်မြင့် သိုင်းအုပ်ချုပ်သူတစ်ပါးကိုပင် ကျင့်ကြံခြင်းအခြေခံ တိုက်ရိုက် ချိုးဖြတ်စေနိုင်စွမ်း ရှိပေသည်။ ယင်းက မည်မျှအဖိုးတန်လိုက်သနည်း။
သူတို့ကဲ့သို့ အလယ်လတ် သိုင်းအုပ်ချုပ်သူများအတွက် ဤသည်မှာ ကြီးမားသော ဆွဲဆောင်မှုတစ်ခု ဖြစ်သည်။
အထူးသဖြင့်၊ လုမင်အတွက် ပို၍ အဖိုးတန်ပေသည်။ သူ၏ ကစဉ့်ကလျားတာအိုနယ်မြေက တိုးတက်စေရန် ခက်ခဲလွန်းလှသည်။ သူ့တွင် အုပ်ချုပ်သူတာအိုနယ်မြေဆေးလုံးများရှိပါက များစွာ အချိန်ကုန်သက်သာပေလိမ့်မည်။
"အရေးကြီးဆုံးအချက်ကတော့ ဒီပြိုင်ပွဲမှာ သူတော်စင်ရတနာတွေကို အသုံးပြုခွင့် မပြုဘူး။ သူတော်စင်ရတနာကို အသုံးပြုခဲ့ရင် ဘယ်သူမဆို ကရုဏာမရှိပဲ အသတ်ခံရမယ်။ ကောင်းပြီ၊ ဒါက ဒီပြိုင်ပွဲအတွက် စည်းမျဉ်းတွေပဲ။ အခု ပြိုင်ပွဲကို စလိုက်ကြရအောင်"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူတော်စင်နယ်ပယ် အကြီးအကဲက ကြေညာလိုက်သည်။ ထို့နောက်တော့ လှည့်ကြည့်ကာ သီးခြားအဆောင်ဆီသို့ ပြန်သွားတော့သည်။
"ကောင်းပြီ၊ ကောင်းကင်နတ်ဘုရားဂိုဏ်းက အမှတ်စဉ်တစ် စင်မြင့်မှာ ရပ်တည်နေတာကြောင့် တိုက်ခိုက်ဖို့ လူတစ်ယောက်ကို ပထမဆုံးစေလွှတ်လိုက်ပါရစေ"
အမှတ်စဉ်တစ်စင်မြင့်မှ အဖြူရောင်ဝတ် လူငယ်တစ်ဦးက ပြောလိုက်သည်။
ထိုလူက ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူငယ်ခေါင်းဆောင်ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။
ဂိုဏ်းကြီးတစ်ခုစီက တိုက်ပွဲဗျူဟာကို ချမှတ်ရန် ခေါင်းဆောင်တစ်ဦးကို စီစဉ်ပေးထား၏။
အဖြူရောင်ဝတ်လူငယ်က လူငယ်တစ်ဦးကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"မင်းတက်လို့ရပြီ။ အစီအစဉ်အတိုင်း လုပ်ပါ"
"ကောင်းပါပြီ"
လူငယ်က ခေါင်းညိတ်လိုက်သည်။ သူ့မျက်လုံးများက အေးစက်စက်အလင်းတို့ လင်းလက်လာပြီး တိုက်ပွဲစင်မြင့်ပေါ်သို့ ဆင်းသွား၏။
ပတ်ပတ်လည်ကို တစ်ချက်ကြည့်ပြီးနောက် သူ့အကြည့်များက နဂါးနတ်ဘုရားတောင်ကြားမှ လူများရှိသော အမှတ်စဉ်တစ်ဆယ် စင်မြင့်ပေါ်ကို ကျရောက်သွားတော့သည်။
"မင်း... ဒီကိုဆင်းလာပြီး အသေခံစမ်း"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူငယ်က နဂါးနတ်ဘုရားတောင်ကြား၏ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် လူငယ်ကိုကြည့်ကာ ပြောလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း၊ သူက နဂါးနတ်ဘုရားတောင်ကြားကို စိန်ခေါ်နေပြီ။
လူအုပ်ကြီးက မျက်ခုံးပင့်လိုက်ကြသည်။
နဂါးနတ်ဘုရားတောင်ကြားနှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းတို့က အချင်းချင်း ချိတ်ဖြစ်ထားကြောင်း သူတို့သိ၏။ ထို့အပြင် လုမင်တို့သုံးဦးနှင့် ယခင်အဖြစ်အပျက်များကြောင့် ကောင်းကင်နတ်ဘုရားဂိုဏ်းက နဂါးနတ်ဘုရားတောင်ကြားကို သဘာဝအတိုင်း ပစ်မှတ်ထားခဲ့ကြပေသည်။
"မင်းကိုကြောက်မယ် ထင်တာလား"
နဂါးနတ်ဘုရားတောင်ကြားမှ လူငယ်က အေးစက်စက် ပြောလိုက်သည်။ သူက ရှေ့သို့ ခြေတစ်ချက်လှမ်းပြီး စင်မြင့်ပေါ်ကို ဆင်းသက်လိုက်၏။
"သေ"
"သေ"
နှစ်ယောက်သား သံပြိုင်အော်ဟစ်ရင်း တပြိုင်နက်တည်း လှုပ်ရှားလိုက်တော့သည်။ သူတို့နှစ်ယောက်၏ လက်ဝါးများက ပူးကပ်သွားကြသည်။
"ဒုန်း"
နဂါးနတ်ဘုရားတောင်ကြားမှ လူငယ်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွား၏။ သူ့ခန္ဓာက နောက်သို့လွင့်သွားပြီး ပါးစပ်ထဲမှလည်း သွေးများ အန်ထွက်လာတော့သည်။
"သေစမ်း၊ သူက ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်ရဲ့ အထွတ်အထိပ်ပဲ"
"ချီးပဲ"
နဂါးနတ်ဘုရားတောင်ကြားမှ လူများ အော်ဟစ်လိုက်ကြသည်။
"သေစမ်း"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူငယ်သည် တစ်ကွက်တည်းဖြင့် အသာစီးရခဲ့သည်။ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ့ပုံရိပ်က လျှပ်စီးကဲ့သို့ နဂါးနတ်ဘုရားတောင်ကြားမှ လူငယ်လေးဆီကို ပြေးသွား၏။ နတ်ဘုရားအပြစ်ပေးလှံတစ်ချောင်း ပေါ်လာပြီး နဂါးနတ်ဘုရားတောင်ကြားမှ လူငယ်လေးဆီသို့ ထိုးဖောက်သွားတော့သည်။
"ဆုတ်"
နဂါးနတ်ဘုရားတောင်ကြားမှ လူငယ်လေး အသည်းအသန် ဆုတ်သွားသည်။ သူဟာ ကောင်းကင်နတ်ဘုရားဂိုဏ်းဝင် လူငယ်နှင့် မယှဉ်ကြောင်း သူ့ကိုယ်သူ သိ၏။ ထိုအတွက် အသက်ရှင်လိုပါက စင်မြင့်ပေါ်မှ ထွက်သွားရန်သာ ရှိတော့သည်။
"မင်း မလွတ်မြောက်နိုင်ဘူး၊ သေစမ်း"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူငယ်က အေးစက်စက် ပြောလိုက်သည်။ သန့်စင်သောအလင်းက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ နတ်ဘုရား အပြစ်ပေးလှံက အရှိန်အဟုန် မြင့်မားလာ၏။
"ဝုန်း"
နတ်ဘုရားအပြစ်ပေးလှံက လူငယ်၏ ဒန်တျန်ကို ထိုးဖောက်ပြီး တိုက်ပွဲစင်မြင့်ပေါ်တွင် ထိုးစိုက်သွားတော့သည်။ ထို့နောက်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူငယ်က လူငယ်လေး၏ သိုလှောင်လက်စွပ်ကိုသိမ်းယူကာ အလောင်းကို စင်အောက်သို့ ကန်ချန်လိုက်သည်။
"အမှိုက်ကောင်"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူငယ်က လှောင်ပြောင်ပြီး အမှတ်စဉ်တစ် စင်မြင့်ပေါ်သို့ ပြန်တက်သွားလေသည်။
"ချီးပဲ"
နဂါးနတ်ဘုရားတောင်ကြားမှ လူတစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ ထို့နောက်တော့ လူတစ်ယောက်က ချက်ချင်းဆင်းလာပြီး နဂါးနတ်ဘုရားတောင်ကြားမှ လူငယ်၏အလောင်းကို သယ်သွားတော့သည်။
"နဂါးနတ်ဘုရားတောင်ကြား၊ ဒါကအစပဲရှိသေးတယ်။ နောက်ပိုင်း မင်းတို့အားလုံး ဒီတိုက်ပွဲစင်မြင့်မှာ သေကြရလိမ့်မယ်"
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူငယ်ခေါင်းဆောင်က အေးစက်စက် ပြောလိုက်သည်။
"ဟမ့်၊ ကြည့်ကြသေးတာပေါ့"
ဟန်ရွှင်းက အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်၏။
အမှတ်စဉ်တစ်မှ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ စိန်ခေါ်မှုက ပြီးသွားပြီ ဖြစ်သည်။ ထိုအခါ အမှတ်စဉ်နှစ် စင်မြင့်မှ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အလှည့် ဖြစ်၏။
ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူငယ်တစ်ဦးက စင်မြင့်ပေါ်သို့ တက်လာပြီးနောက် နဂါးနတ်ဘုရားတောင်ကြား၏ တပည့်ကိုပင် အေးစက်စက်ဖြင့် စိုက်ကြည့်လာတော့သည်။
"မင်း... ဒီကိုဆင်းလာပြီး သေစမ်း"
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ လူငယ်က နဂါးနတ်ဘုရားတောင်ကြားမှ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် လူငယ်ကို ညွှန်ပြလိုက်သည်။
"ကောင်းကင်ဘုံနတ်ဆိုးဂိုဏ်းကလည်း ငါတို့ကို စိန်ခေါ်နေတာလား"
"ကောင်းကင်နတ်ဘုရားဂိုဏ်းနဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းတို့ ပူးပေါင်းပြီး နဂါးနတ်ဘုရားတောင်ကြားကို ပစ်မှတ်ထားနေပုံရတယ်"
"ဒီကောင်ကလည်း ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ဖြစ်ပုံပဲ။ ဒါပေမဲ့ သူက ငါတို့ရဲ့ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူကို စိန်ခေါ်နေတယ်"
နဂါးနတ်ဘုရားတောင်ကြားမှ လူငယ်များက လေးနက်သော အမူအရာများဖြင့် ပြောလိုက်ကြသည်။
"ဝှစ်"
နဂါးနတ်ဘုရားတောင်ကြားမှ လူငယ်လည်း စင်မြင့်ပေါ်သို့ ခုန်ဆင်းသွားပြီး တစ်ဖက်လူကို သတိထားကြည့်လိုက်၏။
"သေ"
ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူငယ်က အော်ဟစ်ပြီး စတင် တိုက်ခိုက်လိုက်သည်။ ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်၏ အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့၏။
နဂါးနတ်ဘုရားတောင်ကြားမှ လူငယ်လည်း မတိုက်ခိုက်ဝံ့ဘဲ အပြင်ဘက်သို့ ချက်ချင်း ပြေးထွက်သွားတော့သည်။
"မင်းမလွတ်နိုင်ဘူး၊ နတ်ဆိုးအရိပ်ခြေလှမ်း"
ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူငယ်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ သူ့ပုံရိပ်က ဖျတ်ခနဲ လှုပ်ရှားသွားပြီး နဂါးနတ်ဘုရားတောင်ကြားမှ လူငယ်လေးရှေ့တွင် ပြန်ပေါ်လာ၏။ နတ်ဆိုးအငွေ့အသက်များ ပေါက်ကွဲထွက်လာပြီး နတ်ဆိုးဓားဖြင့် ထိုးချလိုက်တော့သည်။
"ယား"
နဂါးနတ်ဘုရားတောင်ကြားမှ လူငယ်လည်း ဒေါသတကြီး ဟိန်းဟောက်ရင်း အစွမ်းကုန်ခုခံရန် ကြိုးစားလိုက်သည်။
သို့ရာတွင်... သူတို့ကြားမှ ကွာခြားချက်မှာ ကြီးမားလွန်းလှသည်။
ထို့အပြင်၊ တစ်ဖက်လူများက ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သိသာထင်ရှား၏။ သူတို့စေလွှတ်လိုက်သော လူငယ်များက အလွန်အစွမ်းထက်ကြပေသည်။