← Chapters

အခန်း ၁၅၂၆

Vol. 102 Ch. 1526

အခန်း ၁၅၂၆

Vol. 102 Ch. 1526

အပိုင်း ( 1526 ) လုမင်၏ အစီအစဉ်။

"နတ်ဆိုးဓားချက်"

ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူငယ်က ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။ ဓားအလင်းက ကြောက်မက်ဖွယ်ကောင်းပြီး အရာအားလုံးကို ခွဲထုတ်နိုင်ပုံရ၏။

"ရွှမ်း"

ဓားအလင်းက နဂါးနတ်ဘုရားတောင်ကြားမှ လူငယ်လေးကို ထက်ပိုင်းဖြတ်ချသွားတော့သည်။

နဂါးနတ်ဘုရားတောင်ကြားမှ နောက်ထပ် လူငယ်တစ်ဦး ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။ တိုက်ပွဲစတင်သည်နှင့် လူနှစ်ယောက်တိတိ ကျဆုံးသွားခဲ့ပြီ။

"ချီးပဲ"

နဂါးနတ်ဘုရားတောင်ကြားမှ လူငယ်များ အော်ဟစ်ရင်း လက်သီးကို တင်းတင်းဆုပ်လိုက်ကြသည်။ နောက်တော့ လူတစ်ယောက်တက်လာပြီး လူငယ်၏ အလောင်းကို သယ်သွားတော့သည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူငယ်လည်း တိုက်ပွဲစင်မြင့်မှ ထွက်ခွာသွားသည်။

ထို့နောက် ကောင်းကင်ဘုရင်နန်းတော် စိန်ခေါ်ရမည့် အလှည့် ဖြစ်သည်။

ကောင်းကင်ဘုရင်နန်းတော်မှ စတုတ္ထအဆင့် ပါရမီရှင်တစ်ဦးက ဆန္ဒမဲ့ဓားဂိုဏ်းမှ စတုတ္ထအဆင့် ပါရမီရှင်ကို စိန်ခေါ်ခဲ့၏။ တိုက်ကွက်တစ်ရာကျော် လှုပ်ရှားပြီးနောက်၊ ကောင်းကင်ဘုရင်နန်းတော်မှ ပါရမီရှင် အနိုင်ရပြီး ဆန္ဒမဲ့ဓားဂိုဏ်း၏ ပါရမီရှင်ကို တိုက်ပွဲစင်မြင့်ပေါ်မှ တွန်းခဲ့ပေသည်။

ထို့နောက် အမှတ်စဉ်လေး စင်မြင့်မှ မိစ္ဆာလမင်းဂိုဏ်း၏ စိန်ခေါ်ရန်အလှည့် ဖြစ်သည်။

မိစ္ဆာလမင်းဂိုဏ်းက ပိုယွမ်မိသားစုမှ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူကို စိန်ခေါ်ရန် ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူကို စေလွှတ်ခဲ့၏။

ဤအင်အားစုနှစ်ခုက တစ်ခုနှင့်တစ်ခု ရန်ငြိုးထားပြီး ယခုအခါမှာတော့ အမှန်တကယ် ပေါက်ကွဲနေကြပြီ။

ထို့နောက်၊ ပဉ္စမမြောက်စင်မြင့်ရှိ ကောင်းကင်အဆိပ်ဂိုဏ်း စိန်ခေါ်ရမည့်အလှည့် ဖြစ်သည်။

ကောင်းကင်အဆိပ်ဂိုဏ်းမှ လူငယ်တစ်ယောက်က တိုက်ပွဲစင်မြင့်ပေါ်သို့ ခုန်ဆင်းကာ နဂါးနတ်ဘုရားတောင်ကြားဘက်ကို လှမ်းကြည့်လိုက်သည်။

"မင်း... ဆင်းလာခဲ့"

ကောင်းကင်အဆိပ်ဂိုဏ်းမှ လူငယ်က နဂါးနတ်ဘုရားတောင်ကြားမှ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူတစ်ဦးကို စိန်ခေါ်လိုက်၏။

နဂါးနတ်ဘုရားတောင်ကြားမှ လူများစွာ၏ မျက်နှာများက အကြည့်ရဆိုးလာပြီ။

နောက်တစ်ဖန် နဂါးနတ်ဘုရားတောင်ကြားကို စိန်ခေါ်ခြင်း။

နဂါးနတ်ဘုရားတောင်ကြားမှ လူငယ်လည်း မျက်နှာမသာမယာဖြင့် တိုက်ပွဲစင်မြင့်ပေါ်သို့ တက်သွားသည်။ ထို့နောက် အမြန်ပြန်ဆုတ်သွား၏။

သူ၏ပြိုင်ဘက်က ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူ ဖြစ်သည်။ နဂါးနတ်ဘုရားတောင်ကြားမှ လူငယ်လည်း တစ်ဖက်လူ၏ ပြိုင်ဘက်မဟုတ်မှန်း သိရသောကြောင့် ထွက်ပြေးရန်သာ တတ်နိုင်ခဲ့ပေသည်။

ကံမကောင်းစွာဖြင့် ကောင်းကင်အဆိပ်ဂိုဏ်း၏ လူငယ်က သန်မာလွန်းလှသည်။ ၎င်းက တိုက်ပွဲစင်မြင့်ကို အဆိပ်ငွေ့ဖြင့် ဖုံးအုပ်ပြီး နဂါးနတ်ဘုရားတောင်ကြားမှ လူငယ်ကို သတ်ပစ်လိုက်၏။

နဂါးနတ်ဘုရားတောင်ကြားမှ အခြားလူငယ်တစ်ဦး သေဆုံးသွားခဲ့ပြီ။

"ဟားဟားဟား"

အေးစက်သော ရယ်မောသံက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ထွက်ပေါ်လာသည်။

ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းမှ လူငယ်အများအပြားက နဂါးနတ်ဘုရားတောင်ကြားကို အငြိုးတကြီးဖြင့် ကြည့်နေခဲ့၏။

"နဂါးနတ်ဘုရားတောင်ကြား ဒုက္ခရောက်နေပြီပဲ။ ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ ကောင်းကင်အဆိပ်ဂိုဏ်းတို့က နဂါးနတ်ဘုရားတောင်ကြားကို ရင်ဆိုင်ဖို့ ပူးပေါင်းနေကြပြီ"

"အမှန်ပဲ၊ အင်အားစုသုံးခုက နဂါးနတ်ဘုရားတောင်ကြားကို ပူးပေါင်းစိန်ခေါ်နေကြတာ။ သူတို့တွေ ထိပ်တန်းအင်အားစု ဆယ်ခုအတွင်း ဝင်ရောက်ဖို့တောင် ခက်လိမ့်မယ်။ နောက်ပြီးတော့ နဂါးနတ်ဘုရားတောင်ကြားက လူဘယ်နှယောက် အသတ်ခံရမလဲ မသိဘူး"

"နဂါးဘုရားတောင်ကြားရဲ့ အဖွဲ့ဝင်တွေ ရှင်သန်ဖို့ခက်လိမ့်မယ်"

ဂိုဏ်းပေါင်းစုံမှ လူတော်တော်များများက ဤအကြောင်းကို ဆွေးနွေးပြောဆိုလာခဲ့ကြသည်။

"ချီးပဲ"

နဂါးနတ်ဘုရားတောင်ကြားမှ လူငယ်များစွာလည်း ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ အချို့ထံမှလည်း နဂါးဟိန်းသံနှင့် သတ်ဖြတ်ချင်စိတ်များ ပေါက်ကွဲထွက်လာခဲ့၏။

စင်မြင့်ပေါ်မှ နဂါးနတ်ဘုရားတောင်ကြား၏ တပည့်များအပြင် နောက်မှ ရပ်နေကြသော ပရိသတ်များလည်း ဒေါသထွက်ကုန်ကြတော့သည်။

သူတို့ တရားလွန်သွားနေပြီ။

"တန်ပြန်တိုက်ခိုက်၊ တန်ပြန်တိုက်ခိုက်ရမယ်"

"ငါတို့အလှည့်ရောက်ရင် ပြန်တိုက်ခိုက်ရမယ်"

လူများစွာက သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ပြောဆိုလိုက်ကြသည်။

"ဟမ့်၊ ဒါတွေအားလုံးက လုမင်နဲ့ တခြားသူတွေကြောင့်ပဲ။ သူတို့က ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ ကောင်းကင်အဆိပ်ဂိုဏ်းတို့ကို ရန်စခဲ့ကြတာ။ သူတို့ကြောင့်သာ မဟုတ်ရင် ငါတို့ နဂါးနတ်ဘုရားတောင်ကြားကို ဘာလို့ ပစ်မှတ်ထားကြရမှာလဲ"

နဂါးနတ်ဘုရားတောင်ကြားမှ အေးစက်သောအသံတစ်ခု ထွက်ပေါ်လာသည်။

ဟဲယွိ။

လုမင်၏ မျက်လုံးအကြည့်များ အနည်းငယ် အေးစက်သွားသည်။

"အမှန်ပဲ၊ လုမင်နဲ့ အခြားသူတွေကြောင့် ငါတို့ နဂါးနတ်ဘုရားတောင်ကြားက ဒီလိုအခြေအနေဆိုးကို ကျရောက်ခဲ့ရတာ။ ဒီကိစ္စကို လုမင်နဲ့ အခြားသူတွေ တာဝန်အပြည့်ယူကြရလိမ့်မယ်။ ဒီလိုလူတွေကို နဂါးနတ်ဘုရားတောင်ကြားကနေ အစောကြီးကတည်းက နှင်ထုတ်သင့်တာ။ မဟုတ်ရင် ဒီနေ့ ကိစ္စ ဘယ်လိုလုပ်ပြီး ဖြစ်လာနိုင်မှာလဲ"

ရင်ချန်ကလည်း အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း၊ အခုအချိန်မှာ အတွင်းရေးပြဿနာထက် ပြန်လည်တိုက်ခိုက်ဖို့ နည်းလမ်းကို စဉ်းစားသင့်တယ်"

ဟန်ရွှင်းက အေးစက်စက်ဖြင့် ငေါက်လိုက်၏။

ဟဲယွိနှင့် ရင်ချန်က ဟန်ရွှင်းကိုတော့ ကြောက်ကြသည်။ ထို့ကြောင့် နှာခေါင်းရှုံ့ကာ ဘာမျှ ထပ်မပြောကြတော့ပေ။

'မဖြစ်ဘူး၊ ဒီအတိုင်းဆက်သွားရင် ငါလည်း အန္တရာယ်ဖြစ်နိုင်တယ်။ ငါ့ကိုယ်ငါ ကယ်တင်ဖို့ နည်းလမ်းတစ်ခု စဉ်းစားရမယ်'

စိတ်ထဲမှ အမျိုးမျိုးတွေးရင်း ဟဲယွိ၏ မျက်လုံးများက အရောင်တစ်ချက်လက်သွားခဲ့လေသည်။

တိုက်ပွဲက ဆက်လက် ပြုလုပ်နေခဲ့သည်။

ဆဋ္ဌမစင်မြင့်မှ ကောင်းကင်ကိုးဆင့်ဓားဂိုဏ်း....

ကောင်းကင်ကိုးဆင့် ဓားဂိုဏ်း၏ ပါရမီရှင်က နဂါးနတ်ဘုရားတောင်ကြားကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သို့သော်လည်း အဆုံးမှာတော့ သူတို့ကို မစိန်ခေါ်ခဲ့ပေ။ ထိုအစား သွေးနတ်ဆိုးမျှော်စင်ကို စိန်ခေါ်ရန် ရွေးချယ်ခဲ့သည်။

သတ္တမစင်မြင့်...

အဋ္ဌမစင်မြင့်...

ဂိုဏ်းများက တစ်ခုပြီးတစ်ခု အလှည့်ကျ စိန်ခေါ်ခဲ့ကြသည်။

မကြာမီ၊ ဒသမမြောက်စင်မြင့်မှ နဂါးနတ်ဘုရားတောင်ကြား၏ စိန်ခေါ်ရန်အလှည့် ရောက်လာပြီ။

နောက်ဆုံးတွင် နဂါးနတ်ဘုရားတောင်ကြား ပြန်လည်တိုက်ခိုက်ရန် အချိန်ကျလာပြီ ဖြစ်စည်။ ဟန်ရွှင်းလည်း ကျဆင်းနေသော စိတ်ဓာတ်များ ပြန်လည်တက်ကြွစေရန်အတွက်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ တပည့်တစ်ဦးကိုသတ်ရန် ကျွမ်းကျင်သူတစ်ဦးကို စီစဉ်လိုက်သည်။

သို့သော် ဤအခိုက်အတန့်တွင် လူရိပ်တစ်ခုက ရုတ်တရက် ပြေးထွက်လာပြီး စင်မြင့်ပေါ်သို့ ဆင်းသက်လိုက်၏။ ထိုလူရိပ်က ဟဲယွိ။

"ဟဲယွိ၊ မင်းဘာလုပ်နေတာလဲ"

ဟန်ရွှင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူ အစီအစဉ်မချမှတ်ရသေးခင် ဟဲယွိက ပြေးထွက်သွားခဲ့သည်။ ထို့အပြင်၊ ဟဲယွိက စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူတစ်ဦးသာ ဖြစ်၏။ သူ ပြေးထွက်သွားတာက မည်သို့သော သဘောဖြစ်သနည်း။

ဟဲယွိက ဘာမျှမပြောဘဲ ခပ်တိုးတိုး လှောင်ရယ်လိုက်သည်။

သေခြင်းတရားကို သူ ထိုင်မစောင့်နေလိုပေ။ သူက စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။ စင်မြင့်ပေါ်တွင် ဆက်နေပါက ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းတို့၏ စိန်ခေါ်ခြင်းကို ခံရနိုင်သည်။ သူ မသေလိုသေးပေ။

ဟဲယွိက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီးနောက် သွေးနတ်ဆိုးမျှော်စင်ကို ကြည့်လိုက်သည်။

"အဲဒီကညီနောင်၊ ငါတို့တွေ ဘာဖြစ်လို့ ပညာချင်း မဖလှယ်ကြတာလဲ"

သူက သွေးနတ်ဆိုးမျှော်စင်မှ လူငယ်တစ်ဦးကို လှမ်းကြည့်လိုက်၏။

"ဟာ၊ သူက ဘာဖြစ်လို့ သွေးနတ်ဆိုးမျှော်စင်ကို စိန်ခေါ်နေရတာလဲ"

"သွေးနတ်ဆိုးမျှော်စင်က နဂါးနတ်ဘုရားတောင်ကြားနဲ့ ဆက်ဆံရေးကောင်းမွန်တယ် မဟုတ်လား"

နဂါးနတ်ဘုရားတောင်ကြားမှ တပည့်အချို့က အော်ဟစ်လိုက်ကြသည်။

သွေးနတ်ဆိုးမျှော်စင်မှ လူငယ်လေးလည်း တအံ့တဩ ဖြစ်သွား၏။ ဟဲယွိမှ သူ့ကို စိန်ခေါ်လာမည်ဟု မထင်ထားခဲ့ပေ။ လူတိုင်းက နဂါးနတ်ဘုရားတောင်ကြားကို တန်ပြန်တိုက်ခိုက်ပြီး ကောင်းကင်နတ်ဆိုးဂိုဏ်း၊ ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းကို စိန်ခေါ်ရန် ကျွမ်းကျင်သူတစ်ဦးကို စေလွှတ်မည်ဟု ထင်ထားခဲ့ကြခြင်း ဖြစ်သည်။

သွေးနတ်ဆိုးမျှော်စင်မှ လူငယ်လေးလည်း စင်မြင့်ပေါ်သို့ တက်လာပြီး ဟဲယွိနှင့် စတင်တိုက်ခိုက်ခဲ့ပေသည်။

သွေးနတ်ဆိုးမျှော်စင်မှ လူငယ်လေးက တိုက်ခိုက်နိုင်စွမ်းတွင် ဟဲယွိနှင့် တန်းတူညီမျှ ဖြစ်သည်။ သို့သော်လည်း တိုက်ကွက်ဒါဇင်အနည်းငယ် ရင်ဆိုင်ပြီးနောက် အားနည်းချက်ပြကာ တိုက်ပွဲစင်မြင့်ပေါ်မှ ကျဆင်းသွားတော့သည်။

"အဟက်၊ သူရဲဘောကြောင်တဲ့ကောင်"

လုမင်က အေးစက်စက် ပြောလိုက်သည်။

နဂါးဘုရားတောင်ကြားမှ အခြားတပည့်များလည်း ဒေါသတကြီး ဖြစ်သွားကြပေသည်။

ဟဲယွိက သူရဲဘောကြောင်သူဖြစ်ကြောင်း လူတိုင်း ပြောနိုင်သည်။ စင်မြင့်ပေါ်တွင် ဆက်နေပါက ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် အခြားဂိုဏ်းနှစ်ခု၏ စိန်ခေါ်ခံရမည်အား ကြောက်နေခြင်း ဖြစ်၏။ ထို့ကြောင့် သူဟာ နဂါးနတ်ဘုရားတောင်ကြားနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိသော သွေးနတ်ဆိုးမျှော်စင်ကို တက်ရောက် စိန်ခေါ်ခဲ့ပေသည်။

ထို့အပြင်၊ သူတို့၏ တိုက်ခိုက်နိုင်စွမ်းများက တူညီသည့်တိုင် တိုက်ကွက် ဒါဇင်အနည်းငယ်အတွင်း ရှုံးနိမ့်သွားခဲ့သည်။ ဟဲယွိက ရည်ရွယ်ချက်ရှိရှိ အရှုံးပေးခဲ့ခြင်းဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။

ရှုံးနိမ့်သူကို ဖယ်ထုတ်ပစ်သည့် စည်းမျဉ်းအရ သူဟာ အခြားဂိုဏ်းများ၏ စိန်ခေါ်ခြင်းကို ခံရတော့မည် မဟုတ်ပေ။

"ဂိုဏ်းတူညီနောင် ဟဲယွိရဲ့ လုပ်ရပ်မှန်တယ်လို့ ငါထင်တယ်။ တခြားသူတွေရဲ့အမှားအတွက် သူက ဘာကြောင့် တာဝန်ယူရမှာလဲ"

ရင်ချန်က အေးစက်စက် ပြောလိုက်သည်။ ထို့နောက် သူဟာ လုမင်ကို အေးစက်စက်ဖြင့် တစ်ချက်ကြည့်လိုက်၏။

နဂါးနတ်ဘုရားတောင်ကြားရှိ တပည့်အချို့၏ မျက်လုံးများလည်း အရောင်ပြောင်းလာခဲ့ကြသည်။

"တော်စမ်း၊ မင်းတို့အားလုံး ပါးစပ်ပိတ်ထားကြ"

ဟန်ရွှင်း ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

နဂါးနတ်ဘုရားတောင်ကြား၏ လူငယ်ခေါင်းဆောင်တစ်ဦးအနေဖြင် ဤအခိုက်တွင် အမှန်တကယ် သူ အကူအညီမဲ့နေပြီ။

ထိုအချိန်တွင် လုမင်က နေရာမှထလားပြီး ဟန်ရွှင်းအရှေ့သို့ လျှောက်သွားသည်။

"ဂိုဏ်းတူအစ်ကိုဟန်ရွှင်း၊ လုမင်မှာ နဂါးနတ်ဘုရားတောင်ကြားအတွက် လက်စားချေဖို့ အစီအစဉ်ရှိပါတယ်"

လုမင်က လက်ယှက်ပြီး ပြောလိုက်သည်။

"မင်းမှာ ဘာအစီအစဉ်ရှိလဲ"

ဟန်ရွှင်း၏ မျက်လုံးများက တောက်ပလာခဲ့သည်။

နဂါးနတ်ဘုရားတောင်ကြားမှ အခြားတပည့်များလည်း စိတ်ဝင်တစား ကြည့်လာကြ၏။

လုမင်လည်း သူ့အစီအစဉ်ကို ဟန်ရွှင်းထံသို့ အသံပို့လွှတ်ကာ ပြောလိုက်တော့သည်။

"ဂိုဏ်းတူညီလေးလု၊ မင်း ယုံကြည်မှုရှိရဲ့လား"

ဟန်ရွှင်းလည်း အစီအစဉ်ကို ကြားရပြီးနောက် လေးလေးနက်နက် မေးလိုက်မိသည်။

"သေချာပါတယ်၊ ဒါက နဂါးနတ်ဘုရားတောင်ကြား တန်ပြန်တိုက်ခိုက်ဖို့ တစ်ခုတည်းသော နည်းလမ်း၊ ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှုတွေကို လျှော့ချဖို့လည်း တစ်ခုတည်းသော နည်းလမ်းပဲ"

လုမင် ပြောလိုက်သည်။

All Chapters