အခန်း ၁၅၂၇
Vol. 102 Ch. 1527
အပိုင်း ( 1527 ) လုမင်ကို စိန်ခေါ်ခြင်း။
ဟန်ရွှင်း ပြန်မဖြေသေးဘဲ မျက်မှောင်ကြုတ်ကာ စဉ်းစားနေသည်။ ခဏကြာမှ ခေါင်းညိတ်လိုက်လေသည်။
"ကောင်းပြီ၊ ဒီအတိုင်းပဲ လုပ်ကြတာပေါ့"
ထို့နောက် ဟန်ရွှင်းက စူးရှသော မျက်လုံးအကြည့်ဖြင့် နဂါးနတ်ဘုရားတောင်ကြားမှ တပည့်များကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူက ပြတ်သားသော လေသံဖြင့် ပြော၏။
"လူတိုင်းပဲ ငါ့အစီအစဉ်ကို အတိအကျ နားထောင်ပါ။ ဟဲယွိလိုမျိုး ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ချက်ချရဲရင် ဂိုဏ်းစည်းမျဉ်းအရ အပြစ်ပေးခံရမယ်။ အဲဒီတော့မှ ငါ့ကို မသက်ညှာလို့ အပြစ်မတင်နဲ့"
"ကောင်းပါပြီ ဂိုဏ်းတူအစ်ကို"
လူအများစု၏ နှလုံးသားများ တုန်ခါသွားကာ ခေါင်းညိတ်လိုက်ကြလေသည်။
"ဂိုဏ်းတူအစ်ကို၊ ခင်ဗျားရဲ့ အစီအစဉ်က ဘာလဲဆိုတာ ဘာဖြစ်လို့ ကျုပ်တို့ကို မပြောရတာလဲ"
ရင်ချန်က အေးစက်စက်ဖြင့် ဝင်မေးလိုက်သည်။
"အချိန်ကျရင် မင်းသိလိမ့်မယ်။ အခု မင်းလုပ်ရမှာက ငါ့အစီအစဉ်တွေကို နားထောင်ဖို့ပဲ"
ဟန်ရွှင်းက အေးစက်စက်ဖြင့် ရင်ချန်ကို စိုက်ကြည့်လိုက်၏။
ရင်ချန်၏ မျက်နှာက မည်းမှောင်သွားသော်လည်း ဘာမျှ ထပ်မပြောတော့ပေ။
ဟဲယွိက ရှုံးနိမ့်ပြီးနောက် စင်မြင့်ပေါ်သို့ ပြန်မလာတော့ပါ။ ထိုအစား၊ သူဟာ စင်မြင့်အနောက်မှ ပွဲကြည့်ပရိသတ်များ နေရာဆီသို့ လျှောက်သွားသည်။
ပြိုင်ပွဲကတော့ ဆက်လက်ဖြစ်နေဆဲပင်။
အမှတ်စဉ် ဆယ့်တစ်၊ အမှတ်စဉ် ဆယ့်နှစ်၊ အမှတ်စဉ် ဆယ့်သုံး။
အမှတ်စဉ် ဆယ့်သုံး စင်မြင့်မှ သွေးနတ်ဆိုးမျှော်စင်၏ စိန်ခေါ်ခြင်း ပြီးဆုံးသောအခါ ပြိုင်ပွဲ၏ ပထမအကျော့က တရားဝင် ပြီးဆုံးသွားသည်။
ပထမအကျော့တွင် ကျွမ်းကျင်သူများ မလှုပ်ရှားကြသေးပေ။ တိုက်ခိုက်သူ အများစုက သန်မာသူများ မဟုတ်ခဲ့ပါ။
ဤအကျော့တွင် အဓိကဂိုဏ်းကြီး သုံးခု၏ ပစ်မှတ်ထားခြင်းဖြင့် နဂါးနတ်ဘုရားတောင်ကြားမှာ ဆုံးရှုံးမှုများစွာ ခံစားခဲ့ရသည်။ တစ်ချီတည်းဖြင့် လူလေးယောက်ကို ဆုံးရှုံးသွားခဲ့ပြီ။
ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် သေခြင်းရှင်ခြင်းဓားဂိုဏ်းကိုတော့ မည်သူကမျှ သူတို့ကို စိန်ခေါ်ခြင်း မရှိခဲ့ပါ။
လက်ရှိတွင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းက စန်းပြည်နယ်၏ နံပါတ်တစ်ဂိုဏ်းကဲ့သို့ ဖြစ်သည်။ သူတို့က အလွန်အစွမ်းထက်သောကြောင့် အခြားဂိုဏ်းများမှာ သတိထားခဲ့ကြပေသည်။
သေခြင်းရှင်ခြင်းဓားဂိုဏ်းကမူ၊ လူနည်းသော်လည်း သူတို့တစ်ဦးစီ၏ အင်အားက အံ့မခန်းပင်။ သေခြင်းရှင်ခြင်းဓားဂိုဏ်းမှ တပည့်တိုင်းကို လျှော့တွက်၍မရပါ။
ထို့အပြင်၊ သေခြင်းရှင်ခြင်းဓားဂိုဏ်း၏ သေခြင်းရှင်ခြင်းဓားကျမ်း တိုက်ခိုက်မှုများက သေဆုံးခြင်းနှင့် ရှင်သန်ခြင်းကို အဆုံးအဖြတ်ပြုနိုင်သည်။ ယင်းက လူတိုင်းကြောက်ရသော သတ်ဖြတ်မှု နည်းလမ်းတစ်ခုပင်။
ပထမအချီအပြီးတွင် အင်အားစုတချို့က ရှုံးပွဲမရှိခဲ့ပါ။ ဥပမာအားဖြင့်၊ ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်း၊ ကောင်းကင်အဆိပ်ဂိုဏ်းနှင့် သေခြင်းရှင်ခြင်း ဓားဂိုဏ်းတို့ ဖြစ်သည်။
ပထမအချီပြီးနောက် ဒုတိယအချီအတွက် အချိန်ရောက်ပြီ။
ဒုတိယအချီတွင်လည်း ကောင်းကင်နတ်ဘုရားဂိုဏ်းက နဂါးနတ်ဘုရားတောင်ကြားကိုစိန်ခေါ်ရန် လူတစ်ယောက်ကို စေလွှတ်ခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း၊ ကောင်းကင်နတ်ဘုရားဂိုဏ်းက ပိုသန်မာသူတစ်ဦးအား နဂါးနတ်ဘုရားတောင်ကြားမှ အားနည်းသူကို စိန်ခေါ်ရန် စေလွှတ်ခဲ့ခြင်း ဖြစ်၏။ နဂါးနတ်ဘုရားတောင်ကြား၏ တပည့်မှာ စင်မြင့်ပေါ်၌ပင် အသတ်ခံရတော့သည်။
ထို့နောက်တွင်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းသည်လည်း အလားတူလုပ်ဆောင်ပြီး နဂါးနတ်ဘုရားတောင်ကြား၏ အခြားတပည့်တစ်ဦးကို သတ်ပစ်ခဲ့သည်။
ကောင်းကင်အဆိပ်ဂိုဏ်း၏ အလှည့်ရောက်သောအခါမှာလည်း နဂါးနတ်ဘုရားတောင်ကြားမှ အခြားတပည့်တစ်ဦးကို သတ်ပစ်လိုက်ပြန်သည်။
နဂါးနတ်ဘုရားတောင်ကြားရှိ လေထုက ပို၍ တင်းမာလာတော့သည်။
"ကြည့်ရတာ နဂါးနတ်ဘုရားတောင်ကြား ပထမဆုံး ဖယ်ထုတ်ခံရတော့မယ်ထင်တယ်"
"အမှန်ပါပဲ။ ပြီးတော့ သူတို့ထဲက တော်တော်များများ အသတ်ခံရလိမ့်မယ်။ ဒီတစ်ခေါက် ပါရမီရှင်အများကြီး သေဆုံးသွားရင် တကယ်ကို ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်မှာပဲ"
အခြားဂိုဏ်းများနှင့် မျိုးနွယ်စုများ အားလုံး ခေါင်းယမ်းကာ သက်ပြင်းချလိုက်ကြလေသည်။
စိန်ခေါ်မှုက ဆက်လက်ဖြစ်ပွားနေပြီး မကြာမီ နဂါးနတ်ဘုရားတောင်ကြား၏ အလှည့်ရောက်လာသည်။
"ဝမ့်ဖေး၊ မင်းရဲ့အလှည့်ပဲ။ ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်း ဒါမှမဟုတ် ကောင်းကင်အဆိပ်ဂိုဏ်းတို့ကို မစိန်ခေါ်ပါနဲ့။ တခြားဂိုဏ်းတွေကနေ ကြိုက်တဲ့သူကို ရွေးလို့ရတယ်"
ဟန်ရွှင်းက လူငယ်တစ်ဦးကို ညွှန်ပြလိုက်သည်။
"ဝမ့်ဖေးလား"
နဂါးနတ်ဘုရားတောင်ကြားမှ လူတိုင်းက ဟန်ရွှင်းကို တအံ့တဩ ကြည့်လိုက်ကြသည်။
ယခုက တန်ပြန်တိုက်ခိုက်ရမည့် အလှည့်မဟုတ်လော။ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ တစ်စုံတစ်ဦးကို သတ်ရန် ကျွမ်းကျင်သူတစ်ဦးကို စေလွှတ်သင့်သည် မဟုတ်လော။ ဝမ့်ဖေးကို အဘယ်ကြောင့် စေလွှတ်ရသနည်း။
ဝမ့်ဖေးက စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူတစ်ပါးသာ ဖြစ်သည်။ နဂါးနတ်ဘုရားတောင်ကြားမှ ကျန်ရှိသူများထဲတွင် အားနည်းသူတစ်ဦး ဖြစ်၏။
ထို့အပြင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် အခြားဂိုဏ်းနှစ်ခုကို စိန်ခေါ်ရန် ခွင့်မပြုပေ။ ယင်းကြောင့် တခြားသူများ အံ့သြသွားကြသည်။
ဝမ်ဖေးကိုယ်တိုင်လည်း တအံ့တဩ ဖြစ်သွားမိလေသည်။
"သွား"
ဟန်ရွှင်း ထပ်ပြောလိုက်သည်။
"ကောင်းပါပြီ"
ဝမ့်ဖေးလည်း မတတ်သာတော့ဘဲ ခေါင်းညိတ်ပြပြီး တိုက်ပွဲစင်မြင့်ဆီသို့ ပြေးဆင်းသွားသည်။ ထို့နောက် ဆန္ဒမဲ့ဓားဂိုဏ်းမှ တပည့်တစ်ဦးကို ရွေးချယ်ခဲ့၏။ နှစ်ယောက်သား အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။ တိုက်ကွက်ပေါင်း တစ်ရာကျော် ရင်ဆိုင်ပြီးနောက် ဝမ့်ဖေး ရှုံးနိမ့်ပြီး ကွင်းထဲမှ ထွက်သွားရလေသည်။
"နဂါးနတ်ဘုရားတောင်ကြားက ဒါ ဘာအဓိပ္ပာယ်လဲ"
"ငါလည်း နားမလည်တော့ဘူး။ နောက်ဆုံးမှာတော့ ဒါက သူတို့ တန်ပြန်တိုက်ခိုက်ရမဲ့အလှည့်ပဲလေ။ အခုတော့ တန်ပြန်တိုက်ခိုက်ဖို့ ကျွမ်းကျင်သူတစ်ယောက်ကို စေလွှတ်မယ့်အစား တခြားဂိုဏ်းတွေကို စိန်ခေါ်ဖို့ အားနည်းသူကိုပဲ စေလွှတ်လိုက်တယ်။ နဂါးနတ်ဘုရားတောင်ကြား ဘာလုပ်ဖို့ ကြိုးစားနေတာလဲဆိုတာ ငါတကယ်နားမလည်တော့ဘူး"
"ဒါက ရှင်းပါတယ်။ နဂါးနတ်ဘုရားတောင်ကြားက သူတို့ရဲ့ အားနည်းတဲ့ တပည့်တွေကို ကာကွယ်ဖို့ တန်ပြန်တိုက်ခိုက်ရမဲ့ အခွင့်အရေးကို စွန့်လွှတ်လိုက်တာ။ မဟုတ်ရင် ကောင်းကင်နတ်ဘုရားဂိုဏ်းတို့ ဂိုဏ်းကြီးသုံးခုက သတ်ပစ်မှာပဲလေ"
"ဟုတ်တယ်၊ အဲဒါတော့ အမှန်ပဲ"
လူတော်တော်များများက အချင်းချင်း ဆွေးနွေးပြောဆိုလိုက်ကြသည်။ နောက်ဆုံးတွင် နဂါးနတ်ဘုရားတောင်ကြား၏ ဆုံးဖြတ်ချက်ကို သူတို့ နားလည်ခဲ့၏။ ဤနည်းဖြင့်၊ အနည်းဆုံးတော့ သူတို့၏ တပည့်အချို့ကို ကာကွယ်နိုင်ဦးမည်။
"ဟမ့်၊ ဘယ်လောက်တောင် သနားစရာကောင်းလိုက်သလဲ။ အားလုံးပဲ၊ နဂါးနတ်ဘုရားတောင်ကြားကို အရင်ဖယ်ထုတ်လိုက်ကြရအောင်။ သူတို့တွေ တင်းပေါင်ညီလာခံမှာတောင် ပါဝင်နိုင်မှာ မဟုတ်ဘူး"
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူငယ်ခေါင်းဆောင်က လှောင်ပြောင်ပြောဆိုလိုက်သည်။
"ဟားဟားဟား၊ အမှန်ပဲဟေ့။ နဂါးနတ်ဘုရားတောင်ကြားက တင်းပေါင်ညီလာခံရဲ့ ပထမနေရာအတွက် ကောင်းကောင်းပြင်ဆင်ထားတယ်လို့ ကြားတယ်။ တကယ်လို့ တင်းပေါင်ညီလာခံမှာတောင် မပါဝင်နိုင်ရင် ဘာဖြစ်သွားမလဲ"
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်နှင့် အထက်မှ ပ်ရမီရှင်များက လှောင်ပြောင်ရယ်မောလိုက်၏။
နဂါးနတ်ဘုရားတောင်ကြား၏ သိုင်းအုပ်ချုပ်သူနယ်ပယ် သတ္တမအဆင့်နှင့် အထက် ပါရမီရှင်တချို့ကတော့ မျက်နှာမသာမယာ ဖြစ်သွားကြတော့သည်။
ဒသမစင်မြင့်တွင် လုမင်တစ်ဦးတည်းသာ တည်ငြိမ်စွာ စောင့်ကြည့်နေနိုင်ခဲ့ပေသည်။
"ခဏပဲစောင့်ပါ၊ တန်ပြန်တိုက်စစ်က မကြာခင် စတင်တော့မှာ"
လုမင် ခပ်တိုးတိုးလေး ရေရွတ်လိုက်လေသည်။
ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။ ခဏအကြာတွင် ဒုတိယအကျော့ ပြီးသွား၏။
နဂါးနတ်ဘုရားတောင်ကြားကတော့ သနားစရာအကောင်းဆုံးဂိုဏ်း ဖြစ်နေဆဲပင်။ သုံးဦးသေဆုံးပြီး တစ်ဦး ရှုံးနိမ့်ခဲ့သည်။
နှစ်ချီအပြီးတွင် ခြောက်ဦးသေဆုံးပြီး နှစ်ဦးက အရေးနိမ့်သွား၏။
သုံးဆယ့်ခြောက်ယောက်မှာ ဆယ့်ရှစ်ယောက်သာ ကျန်တော့သည်။
တတိယအကျော့ စတင်ခဲ့သည်။
ယခင်အချီကဲ့သို့ပင် ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်ကင်အဆိပ်ဂိုဏ်းတို့က နဂါးနတ်ဘုရားတောင်ကြားမှ အားနည်းသူများကို စိန်ခေါ်ရန် သူတို့၏ ကျွမ်းကျင်သူများကို စေလွှတ်ခဲ့သည်။ နဂါးနတ်ဘုရားတောင်ကြား၏ တပည့်များက တိုက်ပွဲစင်မြင့်ပေါ်သို့ရောက်သည်နှင့် ထွက်ပြေးရန် ကြိုးစားကြသော်လည်း တစ်ဖက်ပြိုင်ဘက်များက အားကောင်းလွန်းလှသည်။ သူတို့က နဂါးနတ်ဘုရားတောင်ကြား၏ တပည့်သုံးယောက်ကို သတ်ပစ်နိုင်သေးသည်။
နဂါးနတ်ဘုရားတောင်ကြား၏ အလှည့်ရောက်သောအခါ ဟန်ရွှင်းက အခြားဂိုဏ်းများကို စိန်ခေါ်ရန် အားနည်းသောတပည့်တစ်ဦးကို စေလွှတ်ခဲ့သည်။ ထိုသူမှာ ရှုံးနိမ့်ခဲ့သော်လည်း အဆုံးမှာတော့ ရှင်သန်နိုင်ခဲ့ပေသည်။
မကြာမီ တတိယအချီ ပြီးဆုံးသွားသည်။
နဂါးနတ်ဘုရားတောင်ကြားက တပည့်ကိုးဦး သေဆုံးသွားပြီး သုံးဦး ရှုံးနိမ့်ခဲ့၏။ စုစုပေါင်း လူ ဆယ့်နှစ်ဦးကို ဖယ်ရှားခံလိုက်ရပြီ။
ထိုအချိန်တွင် စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်မှ လူငယ်များအားလုံး သေလျှင်သေ၊ မသေလျှင် ရှုံးနိမ့်သွားကြပြီ ဖြစ်သည်။ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူက လုမင်တစ်ဦးတည်းသာ ကျန်တော့သည်။
နဂါးဘုရားတောင်ကြားရှိ လူတိုင်းက မျက်နှာပျက်နေပြီး လေထုမှာလည်း ပို၍ လေးလံလာခဲ့သည်။
"အား၊ ချီးပဲ။ ဟန်ရွှင်း၊ တိုက်ခိုက်ဖို့အတွက် ငါတို့ရဲ့ ကျွမ်းကျင်သူတွေကို ဘာဖြစ်လို့ မစေလွှတ်တာလဲ။ နောက်တစ်ခါကျရင် ငါ့ကိုလွှတ်၊ ဒီခွေးမသားတွေကို ငါသတ်မယ်"
ထျန်းချွေးက သူ့တူကြီးကို ဝှေ့ယမ်းပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ အတော်လည်း စိုးရိမ်လာ၏။
လုမင်နှင့် ဟန်ရွှင်း၏ အမူအရာကတော့ အေးစက်နေကာ ဘာမျှပြန်မပြောကြပေ။
ရွယ်နင်ရှင်းလည်း လေးနက်သောအမူအရာဖြင့် လုမင်ကို ကြည့်လိုက်သည်။
ထို့နောက် စတုတ္ထအကျော့ စတင်ခဲ့၏။ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ အလှည့်ရောက်ပြန်ပြီ။
"ဒုန်း"
အမှတ်စဉ်တစ် စင်မြင့်မှ တိုက်ပွဲစင်မြင့်ပေါ်သို့ လူရိပ်တစ်ခု ခုန်ဆင်းသွားသည်။
"ဝုန်း"
သူ့ခန္ဓာကိုယ်မှ အားကောင်းသော ရောင်ဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။
ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်။
နဂါးနတ်ဘုရားတောင်ကြားမှ ကျန်လူများမှာ ပဉ္စမမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်နှင့် အထက်ရှိသောကြောင့် ကောင်းကင်နတ်ဘုရားဂိုဏ်းက ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူတစ်ဦးအား စတင်စေလွှတ်ခဲ့ခြင်းပင်။
ထိုလူက မာနကြီးပုံရပြီး လုမင်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် အေးစက်စက်ပြုံးပြီး လှမ်းပြောသည်။
"လုမင်၊ မင်းရဲ့ သေခြင်းတရားကို လာပြီးလက်ခံစမ်း"
"မင်းက ငါ့ကို စိန်ခေါ်ချင်လား"
လုမင်၏ မျက်လုံးများက အရောင်လက်လာခဲ့သည်။
"လုမင်... သူ့ကိုသတ်၊ ဒီကောင်ကို သတ်ပစ်လိုက်"
ထျန်းချွေးက အံကိုကြိတ်ပြီး ပြောလိုက်၏။
"စိတ်မပူပါနဲ့"
လုမင် ခေါင်းညိတ်လိုက်သည်။ သူက ခြေတစ်ချက်လှမ်းပြီး တိုက်ပွဲစင်မြင့်ပေါ်ကို ဆင်းသက်လိုက်သည်။
"လုမင်၊ မင်းကအတော်သတ္တိကောင်းတာပဲ။ ကောင်းကင်နတ်ဘုရားဂိုဏ်းက လူတွေကို အကြိမ်ကြိမ်သတ်ဝံ့တယ်"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူငယ်က အေးစက်စက်ဖြင့် လုမင်ကို စိုက်ကြည့်လိုက်၏။ သူ့ထံမှ ဖုံးကွယ်မထားသော သတ်ဖြတ်ချင်စိတ်များကလည်း တဟုန်းဟုန်း ထွက်ပေါ်နေတော့သည်။