အခန်း ၁၅၂၈
Vol. 102 Ch. 1528
အပိုင်း ( 1528 ) လက်သီးတစ်ချက်ဖြင့် သတ်ခြင်း။
"မကြာခင် ငါ့ရဲ့လက်ထဲမှာ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ လူတစ်ယောက် စတင် ကျဆုံးရတော့မယ်"
လုမင် အေးစက်စက် ပြောလိုက်သည်။
"ဟားဟားဟား၊ ရယ်စရာကောင်းလိုက်တာကွာ။ လုမင်... မင်းရဲ့ခွန်အားက အထင်ကြီးစရာကောင်းမှန်း ငါသိပါတယ်။ ဒါပေမဲ့ အဲဒါက မင်းရဲ့ သူတော်စင်ရတနာတွေကြောင့်ပဲ။ အခု သူတော်စင်ရတနာတွေကို မသုံးနိုင်တဲ့ အခြေအနေမှာ မင်းရဲ့ခွန်အားက ဘယ်လောက်ထိ သန်မာနိုင်မှာလဲ။ ငါ့ရဲ့ ကျင့်ကြံခြင်းက ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ရောက်နေပြီ။ မင်းကိုသတ်ဖို့ဆိုတာက ထမင်းစားရေသောက်သလောက်ပဲ"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူငယ်က အသံကျယ်ကျယ်ဖြင့် လှောင်ပြောင်ပြောဆိုလိုက်သည်။ သူ့အရှိန်အဝါများကလည်း ပို၍ ပြင်းထန်ပြီး ကြောက်စရာကောင်းလာတော့သည်။
ထိုလူငယ်က ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ထိပ်တန်း ပါရမီရှင်တစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။ သူက အလွန်အစွမ်းထက်ပြီး မြေကမ္ဘာ အလယ်လတ်တန်းစား ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသေး၏။ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ပါရမီရှင်များကြားတွင် သူ၏ အရည်အချင်းက ရှစ်ထျန်းနှင့် နှိုင်းယှဉ်နိုင်သည်။
သူ၏ တိုက်ခိုက်နိုင်စွမ်းအရ ပို၍ အဆင့်မြင့်သော ကျင့်ကြံသူကိုပင် အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိပေသည်။ ထို့အပြင် လုမင်က စတုတ္ထအလွှာ သိုင်းအုပ်ချုပ်သူ တစ်ဦးသာ ဖြစ်သည်။ သူတော်စင်ရတနာကို အသုံးမပြုပါက လုမင်ကို သတ်နိုင်မည်ဟု သူ ယုံကြည်ခဲ့ပေသည်။
"အပိုတွေမပြောနဲ့၊ လာပါ။ မင်းရဲ့ ခွန်အားအပြည့်ကို ထုတ်ဖော်လိုက်ပါ"
လုမင် တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းက သေဖို့ အရမ်းစိတ်အားထက်သန်နေမှတော့ ငါလိုက်ပို့ပေးမယ်။သေစမ်း"
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ပါရမီရှင်၏ လက်ထဲတွင် နတ်ဘုရားအပြစ်ပေးလှံတစ်လက် ပေါ်လာခဲ့သည်။ နတ်ဘုရားအပြစ်ပေးလှံက လေထုကိုဖောက်ထွင်းသွားပြီး လုမင်ကို ထိုးချလိုက်၏။ အရာအားလုံးကို ဖောက်ထွင်းသွားနိုင်လောက်အောင် ချွန်ထက်သော အငွေ့အသက်များလည်း ထွက်ပေါ်လာတော့သည်။
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ပါရမီရှင်က သူ၏ အဓိကတိုက်ကွက်ကို ချက်ချင်း ထုတ်ဖော်ခဲ့သည်။ သူက လုမင်ကို တစ်ချက်တည်းသတ်ချင်ခဲ့ပေသည်။
"ဂါး"
လုမင်၏ ခန္ဓာကိုယ်မှ နဂါးဟိန်းသံကို ကြားလိုက်ရသည်။ ထို့နောက် ကစဉ့်ကလျားတာအိုနယ်မြေက လုမင်၏လက်သီးကို ရစ်ပတ်လာပြီး လက်သီးချက် ထုတ်ဖော်လိုက်၏။
အတားအဆီးမဲ့သော ကောင်းကင်သိုင်းကလည်း တစ်ပါတည်း ပါဝင်နေခဲ့ပြီ။
ထိုလက်သီးချက်က နတ်ဘုရားအပြစ်ပေးလှံကို ဦးတည်ကာ ထိုးနှက်လိုက်ခြင်း ဖြစ်သည်။
"မင်း ငါ့ရဲ့ နတ်ဘုရားအပြစ်ပေးလှံကို မင်းရဲ့လက်သီးနဲ့ ထိပ်တိုက်ရင်ဆိုင်ဝံ့တယ်လား။ သေချင်နေတာပဲ"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ပါရမီရှင်၏မျက်နှာက အံ့အားသင့်သွားပြီး စိတ်လှုပ်ရှားမှုတို့ ပေါ်လာခဲ့သည်။
စင်မြင့်ပေါ်ရှိ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများနှင့် ပရိသတ်များလည်း အေးစက်စက်ဖြင့် လှောင်ပြုံး ပြုံးလိုက်ကြ၏။
သို့သော်လည်း နောက်အခိုက်အတန့်တွင် သူတို့၏ အပြုံးများက အေးခဲသွားကြသည်။
"ဝုန်း"
လုမင်၏လက်သီးက နတ်ဘုရားအပြစ်ပေးလှံကို ချေမှုန်းပစ်လိုက်သည်။ နတ်ဘုရားအပြစ်ပေးလှံက ချက်ချင်း ပေါက်ကွဲသွား၏။ လုမင်၏လက်သီးက နတ်ဘုရားအပြစ်ပေးလှံကို ချေမှုန်းပြီး တစ်ဖက်လူဆီသို့ ပေါက်ကွဲသွားတော့သည်။
"မဟုတ်ဘူး... မဟုတ်ဘူး..."
လူငယ်၏ မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။
လုမင်ကို တစ်ချက်တည်းဖြင့် သတ်နိုင်မည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် သူ၏ကာကွယ်ရေးကိုပင် လျစ်လျူရှုထားခဲ့သည်။ ယခုတော့ အချိန်လွန်နောင်တ များစွာနောက်ကျသွားခဲ့ပြီ။
"ဝုန်း"
လုမင်၏လက်သီးက လူငယ်၏ခန္ဓာကို ထိုးနှက်မိသွားသည်။ လူငယ်၏ ခန္ဓာကိုယ်လည်း ချက်ချင်းဆိုသလို ပေါက်ကွဲသွားတော့သည်။
သူသေသွားပြီ။ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ပါရမီရှင်ကို လုမင်က လက်သီးတစ်ချက်ဖြင့် သတ်လိုက်ပြီ ဖြစ်သည်။
"အမှိုက်က အမှိုက်ပါပဲ"
လုမင် အထင်မြင်သေးဟန်ဖြင့် ပြောလိုက်သည်။ သူက ယွမ်ချီစွမ်းအင်ဖြင့် တစ်ဖက်လူ၏ သိုလှောင်လက်စွပ်ကို ဆွဲယူလိုက်၏။
"ကောင်းတယ်"
ထျန်းချွေး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
"ကောင်းတယ်။ သတ်... သတ်လိုက်တာကောင်းတယ်"
နဂါးနတ်ဘုရားတောင်ကြားမှ အခြားတပည့်များလည်း တစ်ယောက်ပြီး တစ်ယောက် အော်ပြောလိုက်၏။ သူတို့၏ မျက်နှာများပင် နီရဲလာသည်အထိ အသက်ကို ပြင်းပြင်းရှူလိုက်မိကြသည်။
စိန်ခေါ်မှု စတင်ခဲ့ချိန်မှစ၍ အရေးနိမ့်ခဲ့ရပြီး နောက်ဆုံးတွင် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူတစ်ယောက်ကို တန်ပြန်သတ်နိုင်ခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူက မြေကမ္ဘာ အလယ်လတ်တန်းစား ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသော ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူ ပါရမီရှင်တစ်ဦး ဖြစ်၏။ နောက်ဆုံးတွင် သူတို့၏ဒေါသကို ထုတ်ဖော်ခွင့်ရပြီဖြစ်ကာ အားပါးတရ အော်ဟစ်နေကြတော့သည်။
"တောက်စ်၊ ဒီလုမင်ပဲ"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများစွာလည်း ဒေါသတကြီး ဖြစ်ခဲ့ကြသည်။
"လုမင်ကို ငါ့ကိုလွှဲပေးစမ်း၊ ငါ သူ့ကို အသေဆိုးနဲ့ သေစေမယ်"
"အခုလေးတင် လျိုချွမ်က သတိလက်လွတ်ဖြစ်လို့ ခံလိုက်ရတာ။ ငါ့ကိုတော့ ဒီလိုလာလုပ်လို့ မရဘူးကွ"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ အခြားပါရမီရှင်များက ဒေါသတကြီးအော်ဟစ်သည်။
"ကောင်းပြီ၊ ငါစောင့်နေမယ်။ အလှည့်ကျရင် ငါ့ကို လာစိန်ခေါ်"
လုမင်က ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများကို အေးစက်စက်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းမှ လူများကို တစ်ချက်ကြည့်လိုက်၏။
နဂါးနတ်ဘုရားတောင်ကြား၏ တန်ပြန်တိုက်ခိုက်မှုက မကြာခင် စတင်တော့မည်။
လုမင်၏ပုံရိပ်က လှုပ်ရှားပြီး တိုက်ပွဲစင်မြင့်မှ ထွက်ခွာသွားခဲ့သည်။
"ဆက်ရအောင်"
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ လူငယ်ခေါင်းဆောင်က ကောင်းကင်နတ်ဆိုးဂိုဏ်းဘက်ကို ကြည့်ရင်း အော်ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ နဂါးနတ်ဘုရားတောင်ကြားရဲ့ အဆုံးသတ်က ဆုံးဖြတ်ပြီးပြီ"
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ လူငယ်ခေါင်းဆောင်က လှောင်ပြောင်လိုက်သည်။ ထို့နောက်တွင်၊ သူက နဂါးနတ်ဘုရားတောင်ကြား ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူကို စိန်ခေါ်ရန် ကျွမ်းကျင်သူတစ်ဦးကို စေလွှတ်လိုက်၏။
နဂါးနတ်ဘုရားတောင်ကြားမှ ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူမှာ အလွန်အားကောင်းသည်။ သူဟာ အစွမ်းကုန်ကြိုးစားပြီး တိုက်ပွဲကွင်းပြင် အပြင်ဘက်သို့ ပြေးထွက်နိုင်လုနီးနီး ဖြစ်ခဲ့၏။ သို့သော်လည်း ကံမကောင်းစွာဖြင့် မလွတ်မြောက်နိုင်ခဲ့ပေ။
ထို့နောက် ကောင်းကင်အဆိပ်ဂိုဏ်း၏ အလှည့်မှာလည်း နဂါးနတ်ဘုရားတောင်ကြားမှ နောက်လူတစ်ဦး အသတ်ခံခဲ့ရသည်။
အင်အားစုများ တစ်ခုပြီးတစ်ခု စိန်ခေါ်ခဲ့၏။ အဋ္ဌမမြောက်စင်မြင့်မှ သေခြင်းရှင်ခြင်းဓားဂိုဏ်း စိန်ခေါ်ရမည့်အလှည့်ကို ရောက်လာပြီ။
ယခုအချိန်အထိ သေခြင်းရှင်ခြင်းဓားဂိုဏ်းက လူတစ်ဦးတစ်ယောက်မျှ မဆုံးရှုံးသေးပေ။
"ဝှစ်"
ဓားအလင်းတန်းများ တဖျပ်ဖျပ်လက်ပြီး တိုက်ပွဲကွင်းပြင်ပေါ်တွင် လူရိပ်တစ်ခု ပေါ်လာခဲ့သည်။
ထိုလူငယ်က စန်းဧကရာဇ်၏ လျှို့ဝှက်နယ်မြေတွင် လုမင်နှင့် တွေ့ဆုံခဲ့ရသော လော့ရှန်း ဖြစ်ချေသည်။
လော့ရှန်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ့အကြည့်က ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူအပေါ် ကျရောက်သွား၏။
"မင်း... ငါနဲ့လာပြီး တိုက်ခိုက်စမ်း"
လူများစွာတို့ အံ့သြသွားကြသည်။ သေခြင်းရှင်ခြင်းဓားဂိုဏ်းက ကောင်းကင်နတ်ဘုရားဂိုဏ်းကို စိန်ခေါ်နေသည်။
စိန်ခေါ်ခြင်းခံရသော ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ပါရမီရှင်လည်း မျက်နှာမသာမယာဖြင့် တိုက်ပွဲကွင်းပြင်ပေါ်သို့ တက်လှမ်းလာရတော့သည်။
သူက လော့ရှန်းကိုကြည့်ကာ ပြောလိုက်သည်။
"မင်း လှုပ်ရှားလိုက်ပါ"
"မင်း အရင်လုပ်ပါ။ မဟုတ်ရင် မင်းမှာ အခွင့်အရေး ရှိမှာ မဟုတ်ဘူး"
လော့ရှန်းက အေးစက်စက်ဖြင့် ပြောသည်။
"မောက်မာလိုက်တာ၊ မင်း ဘာတွေလုပ်နိုင်မလဲ ကြည့်ရသေးတာပေါ့"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ပါရမီရှင် အော်ဟစ်လိုက်၏။ နတ်ဘုရားအပြစ်ပေးလှံက သူ့လက်ထဲတွင်ပေါ်လာပြီး လော့ရှန်းကို ထိုးနှက်လိုက်တော့သည်။
"ချွမ်"
လော့ရှန်း၏လက်မှ ဓားအလင်းတစ်ခု တောက်ပလာခဲ့သည်။
မြန်ဆန်လွန်း၏။ လော့ရှန်း မည်သို့မည်ပုံ တိုက်ခိုက်လိုက်မှန်း မည်သူမျှ မမြင်လိုက်ရပေ။ ဓားအလင်းတစ်ခုသာ ကောင်းကင်ယံ၌ လက်ဖြာသွားခဲ့သည်။
နောက်အခိုက်အတန့်တွင်၊ လော့ရှန်း၏ဓားက ဓားအိမ်ထဲသို့ ပြန်ဝင်သွားလေသည်။
"မင်း…"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ပါရမီရှင်၏ မျက်လုံးများက ပြူးကျယ်သွားသည်။ လက်မခံလိုသော အရိပ်အယောင်များဖြင့် လော့ရှန်းကို ပြူးပြဲကြည့်လိုက်၏။ ထို့နောက်တော့ သူ့ခန္ဓာကိုယ်က နှစ်ခြမ်းကွဲသွားတော့သည်။
သေပြီ။
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ပါရမီရှင်မှာ လော့ရှန်း၏ဓားတစ်ချက်ဖြင့် အသတ်ခံခဲ့ရပြီ ဖြစ်သည်။
"ကြမ်းလိုက်တာ၊ ဒါက သေခြင်းရှင်ခြင်းဓားဂိုဏ်းရဲ့ ဓားသိုင်းလား။ ကြောက်စရာကောင်းလွန်းတယ်။ နောက်ပြီးတော့ လော့ရှန်းရဲ့ ကျင့်ကြံခြင်းအခြေခံက ပဉ္စမမအဆင့် သိုင်အုပ်ချုပ်သူပဲ ဖြစ်သေးတာ"
လူတော်တော်များများက အော်ဟစ်လိုက်ကြသည်။ သူတို့အားလုံး ကျောရိုးထဲထိ စိမ့်တက်သွားသလို ခံစားလိုက်ကြရ၏။
ဤဓားချက်မျိုးကို မည်သို့ရှောင်တိမ်းရမည်နည်း။
'ဒီလော့ရှန်းက တကယ်ကို မရိုးရှင်းဘူး'
လုမင်၏ မျက်လုံးများက အံ့သြခြင်းများ ပြည့်နှက်သွားခဲ့သည်။
လော့ရှန်းဟာ သူ၏ဓားဝိညာဉ်ကို ဆယ့်ငါးနှစ်ကြာ လေ့ကျင့်ခဲ့သူဖြစ်ကြောင်း သူကြားခဲ့ဖူးသည်။
ထိုကဲ့သို့သောလူ အလွန်ကြောက်စရာကောင်း၏။
ယခုဆိုလျှင်၊ လော့ရှန်းက စန်းဧကရာဇ်၏လျှို့ဝှက်နယ်မြေ၌ ဓားတာအိုအမွေကိုဆက်ခံခဲ့သောကြောင့် ပို၍ အစွမ်းထက်လာပြီ ဖြစ်သည်။
အချိန်တိုလေးအတွင်းမှာ သူ၏ ကျင့်ကြံခြင်းက တဟုန်ထိုးတက်လာပြီး ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ရောက်သွားပြီ။ ထို့အပြင်၊ သူက ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ပါရမီရှင်တစ်ဦးကို ဓားတစ်ချက်ဖြင့် သတ်နိုင်သည်။
ထိုလူမျိုးက အဆင့်မြင့်မားလာလေလေ၊ ပို၍ ကြောက်စရာကောင်းလာလေ ဖြစ်လိမ့်မည်။
"လော့ရှန်း၊ ငါတို့ရဲ့ ကောင်းကင်နတ်ဘုရားဂိုဏ်းက မင်းတို့ သေခြင်းရှင်ခြင်းဓားဂိုဏ်းကို မစော်ကားခဲ့ဘူး။ ငါတို့လူတွေကို မင်း ဘာဖြစ်လို့ သတ်တာလဲ"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူငယ်ခေါင်းဆောင်က အေးစက်စက် မေးလိုက်သည်။
"ဒါက ရှင်းပါတယ်၊ ငါမင်းတို့ကို ကြည့်မရဘူး"
လော့ရှန်းက လျစ်လျူရှုစွာ ပြောလိုက်သည်။ ထို့နောက်တော့ ခြေတစ်ချက်လှမ်းပြီး သေခြင်းရှင်ခြင်းဓားဂိုဏ်း၏ စင်မြင့်ပေါ်သို့ ပြန်တက်သွားတော့သည်။
"ကောင်းချက်၊ ကောင်းလိုက်တဲ့ သတ်ပုံသတ်နည်း။ ဒီလော့ရှန်းကိုတော့ငါ သဘောကျသွားပြီ"
ထျန်းချွေးက ရယ်မောလိုက်သည်။
ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ပေသည်။ နဂါးနတ်ဘုရားတောင်ကြား၏ အလှည့်ရောက်သောအခါ ဟန်ရွှင်းက အခြားဂိုဏ်းများ၏ ပါရမီများကို စိန်ခေါ်ရန် အနိမ့်ဆုံး ကျင့်ကြံခြင်းအခြေခံရှိသူကို စေလွှတ်လိုက်သည်။ ထိုလူ ရှုံးနိမ့်သွား၏။
မကြာခင် စတုတ္ထအချီ ပြီးသွားပြီ။
ဤအချီတွင်၊ နဂါးနတ်ဘုရားတောင်ကြားက လူနှစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးရှုံးကာ တစ်ဦး အနိုင်ရခဲ့သည်။ လူ နှစ်ဆယ့်တစ်ဦး ကျန်သေးသည်။
သို့သော်လည်း ယခုအခါ နဂါးနတ်ဘုရားတောင်ကြား၏ ကျန်ရှိနေသူများက အားကောင်းသည်ထက် အားကောင်းလာခဲ့ပြီ ဖြစ်သည်။
ပဉ္စမအချီမှစ၍ နဂါးနတ်ဘုရားတောင်ကြားမှ လူများကို စိတ်ရှိတိုင်း သတ်နိုင်တော့မည် မဟုတ်ပေ။ သူတို့၏ အင်အားက ခိုင်မာလာခဲ့ပြီ ဖြစ်သည်။