← Chapters

အခန်း ၁၅၃၁

Vol. 103 Ch. 1531

အခန်း ၁၅၃၁

Vol. 103 Ch. 1531

အပိုင်း ( 1531 ) ထိပ်တန်းပါရမီရှင်ကို စိန်ခေါ်ခြင်း။

ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်း၏ ခေါင်းဆောင်များလည်း နဂါးနတ်ဘုရားတောင်ကြားမှ လူများကို ပူးပေါင်း၍ မကိုင်တွယ်ခင်၊ အားနည်းသောဂိုဏ်းများကို ဖယ်ရှားပစ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

မတတ်နိုင်ပေ၊ သူတို့မှာ ရွေးချယ်စရာ မရှိတော့ပါ။ သူတို့သာ လုမင်တို့ကို ဦးစွာကိုင်တွယ်ရန် ရွေးချယ်လိုက်ပါက အခြားဂိုဏ်းများ အခွင့်ကောင်းယူသွားလိမ့်မည်။ ထိုအခြေအနေမျိုးတွင်၊ သူတို့က ယခုနှစ် တင်းပေါင်ညီလာခံ၏ ထိပ်တန်းဆယ်ဦးအတွင်း ပါဝင်ရန်ပင် မဖြစ်နိုင်တော့ပေ။

ယင်းကိုတော့ သူတို့ လုံးဝ လက်မခံနိုင်ပါ။

အကယ်၍ သူတို့သာ အားအနည်းဂိုဏ်းများကို ဦးစွာဖယ်ရှားခဲ့မည်ဆိုလျှင်၊ အနည်းဆုံး ထိပ်တန်းဂိုဏ်းဆယ်ခုသို့ ဝင်ရောက်ပြီး တင်းပေါင်ညီလာခံတွင် ပါဝင်နိုင်မည်ဖြစ်သည်။

သူတို့က ထိပ်ဆုံးဂိုဏ်းဆယ်ခု စာရင်းဝင်ပြီးမှ လုမင်နှင့် အခြားသူများကို ကိုင်တွယ်လိမ့်မည်။

ယင်းက သူတို့၏ အစီအစဉ် ဖြစ်သည်။

ထို့နောက်တွင် ကောင်းကင်နတ်ဘုရားဂိုဏ်းက ပိုယွမ်မိသားစု၏ ‌စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူတစ်ပါးကို စိန်ခေါ်ရန် ပဉ္စမမအဆင့် သိုင်းအုပ်ချုပ်သူတစ်ဦးကို စေလွှတ်လိုက်သည်။

ပိုယွမ်မိသားစုက အားနည်းသော အင်အားစုများထဲမှ တစ်ခုဖြစ်ချေသည်။

"ဟားဟားဟား၊ ကောင်းကင်နတ်ဘုရားဂိုဏ်းကတော့ ကြောက်နေပြီထင်တယ်ဟေ့။ ငါ့ နဂါးနတ်ဘုရားတောင်ကြားရဲ့ ဂိုဏ်းတူညီလေးတွေကို ဘာဖြစ်လို့ စိန်မခေါ်တော့တာလဲ"

နဂါးနတ်ဘုရားတောင်ကြား၏ သတ္တမအဆင့် သိုင်းအုပ်ချုပ်သူတစ်ပါးက အထင်အမြင်သေးစွာဖြင့် ကြည့်ပြီး ပြောလိုက်သည်။

ယခင်က ကောင်းကင်နတ်ဘုရားဂိုဏ်းဟာ သူတို့ကို တင်းပေါင်ညီလာခံတွင် မပါဝင်နိုင်တော့ဘူးဟု လှောင်ပြောင်ခဲ့ကြသည်။ ယခုတော့ နောက်ဆုံးတွင် တန်ပြန်တိုက်ခိုက်နိုင်ကြပြီ။

"ဟမ့်၊ ဘာတွေအလျင်လိုနေတာလဲ"

"အမှန်ပဲ၊ အခုမှ အစောကြီးရှိသေးတာ"

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ သိုင်းအုပ်ချုပ်သူနယ်ပယ် သတ္တအဆင့်နှင့်အထက် ကျင့်ကြံသူများလည်း အော်ဟစ်လိုက်ကြသည်။

"ဟန်ရွှင်း၊ ဒီအစီအစဉ်က တကယ်ကောင်းတယ်"

အဆောင်မှ အိုမင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ယင်းက နဂါးနတ်ဘုရားတောင်ကြားမှ သူတော်စင်နယ်ပယ် အကြီးအကဲ ဖြစ်၏။

"အကြီးအကဲခင်ဗျာ၊ ဒါက ဂိုဏ်းတူညီလေးလုရဲ့ စိတ်ကူးပါ"

ဟန်ရွှင်းက အဆောင်ဘက်ကို ဦးညွှတ်ပြီး ပြောလိုက်လေသည်။

"အိမ်း၊ မဆိုးပါဘူး။ ဆက်ပြီးကြိုးစားကြ၊ အဲဒီဂိုဏ်းတွေကို တန်ရာတန်ကြေး ပေးဆပ်စေလိုက်ပါ။ မဟုတ်ရင် နဂါးနတ်ဘုရားတောင်ကြားက အနိုင်ကျင့်ဖို့ လွယ်ကူတယ်လို့ ထင်နေကြလိမ့်မယ်"

နဂါးနတ်ဘုရားတောင်ကြား၏ သူတော်စင်နယ်ပယ် အကြီးအကဲက ဆက်ပြောလိုက်သည်။

"အကြီးအကဲ စိတ်ချပါ၊ ကျွန်တော် အကြီးအကဲကို စိတ်ကျေနပ်စေမယ်လို့ ကျွန်တော်အာမခံပါတယ်"

လုမင် ပြုံးပြီး ပြောလိုက်လေသည်။

ထိုအချိန်တွင် တိုက်ပွဲက စတင်နေပြီ ဖြစ်သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ပါရမီရှင်က ပိုယွမ်မိသားစု၏ ပါရမီရှင်ကို အလွယ်တကူ အနိုင်ယူခဲ့ပေသည်။

ထို့နောက်၊ ကောင်းကင်နတ်ဆိုးဂိုဏ်း၏အလှည့်ဖြစ်သည်။ သူတို့ကလည်း ပိုယွမ်မိသားစုကို စိန်ခေါ်ရန် ကျွမ်းကျင်သူတစ်ဦးကို စေလွှတ်ခဲ့၏။ ထိုပွဲတွင် သူတို့လည်း အလွယ်တကူ အနိုင်ယူခဲ့ပေသည်။

ကောင်းကင်အဆိပ်ဂိုဏ်း၏ အလှည့်ရောက်သောအခါ ပိုယွမ်မိသားစုကိုသာ ထပ်မံ စိန်ခေါ်ခဲ့သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် ဂိုဏ်းကြီးသုံးခုက အားနည်းသောဂိုဏ်းများကို ချေမှုန်းရန် လက်တွဲသွားမည်ဖြစ်ကြောင်း လူတိုင်းနားလည်ခဲ့ကြပြီ။

ပိုယွမ်မိသားစုလည်း အကူအညီမဲ့နေသည့်တိုင် မခုခံနိုင်ကြတော့ပေ။

ယခုနှစ်၊ ပိုယွမ်မိသားစုတွင် ပါရမီရှင်များ သိပ်မရှိပေ။ မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာနှင့် ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ ပါရမီရှင် တစ်ဦးမျှပင် မရှိပါ။ သူတို့တွင် မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာနှင့် စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူတစ်ဦးသာ ရှိသည်။ သို့ဖြစ်ပေရာ၊ ပစ်မှတ်ထားခံရပြီး လုံးဝ ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။

မကြာမီ၊ နဂါးနတ်ဘုရားတောင်ကြား၏ အလှည့်ရောက်လာခဲ့သည်။

ယခုတစ်ကြိမ်တွင်၊ ရွယ်နင်ရှင်းက ကောင်းကင်နတ်ဘုရားဂိုဏ်းကို စိန်ခေါ်ပြီး ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်မှ ပါရမီရှင်တစ်ဦးကို သတ်ခဲ့၏။ ယင်းက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူအများ၏ မျက်နှာများကို ရှုံ့မဲ့ကာ မနှစ်မြို့ဖွယ်အမူအရာများ ဖြစ်ပေါ်လာစေခဲ့ပေသည်။

ယခင်က၊ သူတို့ဟာ နဂါးနတ်ဘုရားတောင်ကြားရှိ တပည့်များကို အမဲလိုက်သလို လိုက်ခဲ့ကြသည်။ သူတို့က အလွန်မောက်မာနေပြီး နဂါးနတ်ဘုရားတောင်ကြားမှာ လက်တုံ့ပြန်ရန်ပင် မလွယ်ကူခဲ့ပေ။

ယခုမူကား နဂါးနတ်ဘုရားတောင်ကြား၏ လူများက သူတို့ကို တစ်ဖန်အမဲလိုက်နေပြီ ဖြစ်သည်။ သို့ရာတွင် ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိသောကြောင့် စိတ်ဓာတ်ကျလွန်းသဖြင့် သေချင်စိတ်ပင် ဖြစ်နေကြတော့သည်။

ဆယ်ချီမြောက်တွင်လည်း ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းတို့က ပိုယွမ်မိသားစုကို ဆက်လက်စိန်ခေါ်ခဲ့သည်။

နဂါးနတ်ဘုရားတောင်ကြား၏ အလှည့်ရောက်သောအခါမှာတော့၊ နောက်ဆုံးတွင် ဟန်ရွှင်း၏အလှည့် ရောက်ခဲ့ပြီ။

ဟန်ရွှင်းက ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ပါရမီရှင်ကို စိန်ခေါ်ခဲ့သည်။

ဟန်ရွှင်းတွင် မြေကမ္ဘာအဆင့်‌မြင့် ဝိညာဉ်ခန္ဓာရှိပြီး ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းကလည်း အလွန်အားကောင်းရကား တစ်ဖက်လူမှာ တိုက်ပွဲကွင်းပြင်မှ ထွက်ပြေးရန်ပင် မစွမ်းနိုင်တော့ပေ။ ဟန်ရွှင်းက သူ့ကို အလွယ်တကူ သတ်ခဲ့သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းလည်း အံကြိတ်သည်းခံပြီး ဂိုဏ်းသုံးခု ဖယ်ရှားခံရပြီးသည်အထိ စောင့်နေရန်သာ တတ်နိုင်ခဲ့ပေသည်။

ဆယ်နှစ်ချီအထိ ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် ဂိုဏ်းကြီးသုံးခုက ပိုယွမ်မိသားစုကို ဆက်လက်စိန်ခေါ်ခဲ့သည်။

ထို့ပြင် အခြား အင်အားစုတချို့ကလည်း စိန်ခေါ်ကြသောကြောင့် ပိုယွမ်မိသားစုတွင် လူအနည်းငယ်သာ ကျန်တော့သည်။ ထို့ကြောင့် တို့ကို ဖယ်ထုတ်ပစ်ရန် သေချာသွားခဲ့သည်။

ဤအချီမှာတော့၊ နောက်ဆုံးတွင် လုမင်၏အလှည့် ဖြစ်ချေသည်။

"ဝှစ်"

လုမင်က ရှေ့သို့ ခြေတစ်ချက်လှမ်းပြီး တိုက်ပွဲကွင်းပြင်တွင် ပေါ်လာခဲ့သည်။ သူက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများကို လှမ်းကြည့်လိုက်၏။

ထိုအတွက် လူများကတော့ လုံးဝ မအံ့ဩကြပေ။ နဂါးနတ်ဘုရားတောင်ကြားက ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူများကို သတ်ဖြတ်ခြင်းဖြင့် လက်စားချေနေပြီ ဖြစ်သည်။

လုမင်၏အကြည့်က ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများ၏ အမူအရာကို ပြောင်းလဲသွားစေခဲ့ပေသည်။ ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူများထဲမှ အချို့သည်ပင် မျက်နှာပျက်သွားခဲ့ကြသည်။

အဆုံးတွင် လုမင်၏ မျက်လုံးအကြည့်က အဖြူရောင်ဆံပင်နှင့် လူငယ်လေးတစ်ဦးပေါ်သို့ ကျရောက်သွားတော့သည်။

"မင်း၊ ဆင်းလာပြီး အသေခံစမ်း"

လုမင် အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ဘယ်လို၊ လုမင်က ပုမော့ကို စိန်ခေါ်လိုက်တာလား"

လူအုပ်ကြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

"စိတ်ဝင်စားစရာပဲ၊ ဒီတစ်ခါတော့ စိတ်လှုပ်ရှားစရာကောင်းပြီ"

"အမှန်ပဲ၊ ဒီပုမော့ကို လုမင် စိန်ခေါ်မယ်လို့ မမျှော်လင့်ထားဘူး။ မကြာသေးခင် နှစ်တွေအတွင်း ကောင်းကင်နတ်ဘုရားဂိုဏ်းမှာ ထူးချွန်သူတွေ အများကြီး ပေါ်လာခဲ့တယ်။ မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာနဲ့ ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ပါရမီရှင် သုံးဦးအထိ ရှိတယ်တဲ့။ အခု တင်းပေါင်ညီလာခံကိုရောက်နေတဲ့ ပုမော့က သူတို့ထဲက တစ်ယောက်ပဲ"

"အမှန်ပါပဲ၊ ပုမော့က ဒီတစ်ခေါက် တင်းပေါင်ညီလာခံရဲ့ ထိပ်တန်းကျွမ်းကျင်သူတွေထဲက တစ်ယောက်လို့ ဆိုနိုင်တယ်"

လူတော်တော်များများက စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်ကြသည်။

ထိပ်တန်း ပါရမီရှင်များကြား တိုက်ပွဲစတင်တော့မည်။

"ဂိုဏ်းတူညီလေး လုမင်"

ဟန်ရွှင်း၏ မျက်လုံးများက တောက်ပလာခဲ့သည်။ လုမင်၏ လုပ်ဆောင်ချက်က သူ့မျှော်လင့်ချက်ထက် များစွာ ကျော်လွန်သွားခဲ့ပြီ။ လုမင်ကို သာမန် ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူတစ်ဦးကိုသာ စိန်ခေါ်မည်ဟု သူထင်ထားခဲ့ခြင်း ဖြစ်သည်။

"မင်းက ငါ့ကို စိန်ခေါ်ချင်တာလား"

ပုမော့က အေးစက်စက် ပြောသည်။ သူ့ခန္ဓာကိုယ်ထဲမှ အားကောင်းသော သတ်ဖြတ်ချင်စိတ်များ ပေါက်ကွဲထွက်လာခဲ့၏။

"ဟုတ်တယ်"

လုမင် ပြောလိုက်သည်။

"ကောင်းတယ်၊ နဂိုကတော့ မင်းကို နောက်မှသတ်ဖို့ပဲ။ ဒါပေမဲ့ မင်းက သေဖို့ ဆန္ဒပြင်းပြနေမှတော့ မင်းကို အရင်လိုက်ပို့ပေးမယ်"

ပုမော့က အေးစက်စက် ပြောလိုက်၏။ သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး တိုက်ပွဲကွင်းပြင်အထက်တွင် လုမင်ကို မျက်နှာချင်းဆိုင်ကာ ပေါ်လာတော့သည်။

"တကယ်လား၊ ငါကတော့ ငါမင်းကိုသတ်လိုက်ရင် ကောင်းကင်နတ်ဘုရားဂိုဏ်းက ရင်ကွဲလိမ့်မယ်ထင်တယ်"

လုမင်၏ နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။

"အဖြူရောင်စွမ်းအင်ပိုင်းဖြတ်ခြင်း"

ထိုအချိန်တွင် ပုမော့က လှုပ်ရှားလိုက်သည်။ နှင်းဖြူဓားအလင်းတစ်ခုက အံ့မခန်း အမြန်နှုန်းဖြင့် လုမင်ထံသို့ တိုးဝင်လာခဲ့၏။ ဓားအလင်းက ရောက်မလာသေးသော်လည်း လေကိုထိုးခွဲသွားသော စူးရှရှအသံများက ထွက်ပေါ်နေပြီ။

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူတိုင်းက သန့်စင်ခြင်းကျမ်းကို လေ့ကျင့်ကြသည် မဟုတ်ပေ။ သူတို့ထဲတွင် အခြားကျင့်စဉ်များကို‌ လေ့ကျင့်ကြသူ အတော်များများ ရှိသည်။

"ဝမ်"

လုမင်၏လက်ထဲတွင် အုပ်ချုပ်သူအဆင့် ဝိညာဉ်ရတနာ လှံတစ်လက် ပေါ်လာခဲ့သည်။ လှံကို တစ်ချက်လှုပ်လိုက်သောအခါ တောက်ပသော လှံအလင်းတစ်ခု ပြေးထွက်သွား၏။

လှံအလင်းနှင့် ဓားအလင်းတို့ တိုက်မိပြီးနောက် ပြင်းထန်သော စွမ်းအင်လှိုင်းများက အရပ်ရပ်သို့ ပျံ့နှံ့သွားတော့သည်။

လုမင်နှင့် ပုမော့က ပြင်းထန်သော တိုက်ပွဲတစ်ခုကို စတင်ခဲ့ကြပြီ ဖြစ်သည်။

ပုမော့၏ တာအိုနယ်မြေက အလွန်ထူးခြားသည်။ ယင်းက ကြီးမားကျယ်ပြန့်သော အဖြူထည်ဖြစ်ပြီး အဖြူရောင်အလင်းတိုင်းက ဓားအလင်းများ ဖြစ်၏။ ပုမော့၏ တာအိုနယ်မြေသိုင်းပညာနှင့်အတူ ၎င်း၏စွမ်းအားက အလွန်ကြောက်မက်ဖွယ်ကောင်းတော့သည်။

သိပ်သည်းသော ဓားအလင်းက လုမင်ဆီသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

လုမင်လည်း အစွန်းရောက်လှံ ဆယ့်သုံးချက်ကို အသုံးပြုခဲ့သည်။ သူ၏လှံရှည်က နဂါးတစ်ကောင်ကဲ့သို့ လေထဲတွင် လှုပ်ရှားသွား၏။ တိုက်ခိုက်မှုတစ်ခုစီက အင်အားဆယ့်သုံးဆ ပါဝင်သည်။ အဆုံးမဲ့ ဓားအလင်းများက လှံအလင်းများ၏ ဖျက်ဆီးခြင်းခံရကာ လေထဲတွင် ပျောက်ကွယ်သွားပေသည်။

လူရိပ်နှစ်ခုက တိုက်ပွဲကွင်းပြင်ပေါ်တွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့ကြသည်။ တခါတရံ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး၊ မာန်သွင်း ကြုံးဝါးသံများကိုလည်း ကြားရ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ကွက်ငါးဆယ် ကျော်လာခဲ့ကြပြီ။

"နတ်ဘုရားတံခါး၊ ချိတ်ပိတ်လော့"

တိုက်ခိုက်နေစဉ်အတွင်း လုမင်က နတ်ဘုရားတံခါး၏ တံဆိပ်ကိုးခုကို အသုံးပြုလိုက်သည်။ ရုတ်တရက်၊ တံဆိပ်တော်တံခါးခြောက်ခု ပေါ်လာပြီး ပုမော့ကိုပိတ်လှောင်ရန် အလင်းတန်းများ ထုတ်လွှတ်လိုက်၏။

ပုမော့၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။

"အဖြူရောင်နတ်ဘုရား၊ အရိပ်ဓား"

ပုမော့၏ ခန္ဓာကိုယ်က ဓားကဲ့သို့ အဖြူရောင် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ သူက နတ်ဘုရားတံခါး တံဆိပ်ကိုးခု၏ ပိတ်လှောင်ခြင်းမှ ချက်ချင်း ပြေးထွက်လာခဲ့၏။

'ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်တဲ့ ဝိညာဉ်ခန္ဓာလဲ'

လုမင် သူ့စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

ပုမော့၏ ဝိဥာဉ်ကိုယ်ခန္ဓာက အလွန်လျှို့ဝှက်ဆန်းကြယ်သော ဓားအမျိုးအစား ဖြစ်သင့်သည်။

All Chapters