← Chapters

အခန်း ၁၅၃၂

Vol. 103 Ch. 1532

အခန်း ၁၅၃၂

Vol. 103 Ch. 1532

အပိုင်း ( 1532 ) ပုမော့ကို သတ်ခြင်း။

မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာပိုင်ရှင်က အလွန် ပါရမီမြင့်မားပြီး အစွမ်းထက်သည်ဟု သူ ဝန်ခံရမည်။ ပုမော့၏ အင်အားက တကယ်ကို အံ့မခန်း ဖြစ်သည်။ ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျင့်ကြံခြင်းဖြင့် သာမန် အဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူကို အလွယ်တကူ သတ်နိုင်လိမ့်မည်။

"အဖြူရောင်နတ်ဘုရား ဓားဝင်္ကပါ"

ပုမော့က နတ်ဘုရားတံခါး တံဆိပ်ကိုးခုကို ဖောက်ထွက်လာရင်း အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများက အဖြူရောင်ပြောင်းသွားပြီး ထူးဆန်းသော ကမ္ပည်းအမှတ်အသားများ ရောယှက် ထွက်ပေါ်လာ၏။

"ဝမ်"

ကောင်းကင်တွင် ကြီးမားသော အဖြူရောင် ဝင်္ကပါတစ်ခုကဲ့သို့ မရေမတွက်နိုင်သော ကမ္ပည်းများ ရုတ်တရက် ပေါ်လာတော့သည်။

ယင်းနောက်၊ လုမင်၏ ခြေဖဝါးအောက်တွင်လည်း ဝင်္ကပါတစ်ခုကဲ့သို့ ကမ္ပည်းများ ပေါ်လာခဲ့သည်။

ဝင်္ကပါနှစ်ခုက လုမင်ကို အထက်နှင့်အောက်မှ ဝိုင်းထားလိုက်တော့သည်။

'ဒါက ဝင်္ကပါမဟုတ်ဘူး၊ ဝိညာဉ်ခန္ဓာရဲ့ လျှို့ဝှက်နည်းလမ်းတစ်ခုပဲ'

လုမင် အံ့အားသင့်သွားသည်။

စွမ်းအားကြီးမားသော ဝိညာဉ်ခန္ဓာအချို့က ဝိညာဉ်ခန္ဓာ၏ လျှို့ဝှက်နည်းလမ်းများကို ထုတ်ဖော်နိုင်ပေသည်။ တစ်နည်းဆိုရသော် ၎င်းတို့မှာ သွေးမျိုးဆက်မှ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

ဥပမာအားဖြင့်၊ လုမင်၏ ဝါးမျိုခြင်းစွမ်းအားက နဝမနဂါးသွေးမျိုးဆက်မှ သယ်ဆောင်လာခဲ့ခြင်း ဖြစ်၏။ နဝမနဂါးသွေးမျိုးဆက်ကို ဝိညာဉ်ခန္ဓာအဖြစ် ပြောင်းပြီးသည့်တိုင် ဝါးမျိုခြင်းစွမ်းအားကို ထိန်းသိမ်းထားနိုင်သေးသည်။

ထိုကဲ့သို့ပင်၊ အခြား အစွမ်းထက် သွေးမျိုးဆက်များကလည်း ဝိညာဉ်ခန္ဓာသို့ ပြောင်းလဲပြီးနောက် အားကောင်းသည့် လျှို့ဝှက်နည်းလမ်းအချို့ကို ထိန်းသိမ်းထားနိုင်သည်။

"ဝှစ်"

ဓားအစီရင်နှစ်ခုမှ မရေမတွက်နိုင်သော ဓားအလင်းများက လုမင်ထံသို့ ပြေးထွက်လာခဲ့သည်။

လုမင် ရှောင်တိမ်းရန် လမ်းမရှိအောင် အရပ်ရပ်မှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။

"လေဓာတ်စွမ်းအင်ကျင့်စဉ်"

အေးခဲလေပုလဲမှ အပြာရောင် စွမ်းအားတစ်ခုက လုမင်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာခဲ့သည်။ လုမင်လည်း လေဓာတ်စွမ်းအင်ကျင့်စဉ်ဖြင့် လေညင်းကဲ့သို့ လွင့်မျောသွားတော့သည်။

လုမင်၏ ပုံရိပ်က လှုပ်ရှားလိုက်တိုင်း နောက်ကျန်ပုံရိပ်များစွာ ပေါ်လာခဲ့ရသည်။ သူ့ပုံရိပ်က အဆုံးမဲ့ ဓားအလင်းများကြားတွင် တဖျတ်ဖျတ် လှုပ်ရှားသွား၏။

သို့သော်လည်း ဓားအလင်းများက များလွန်းသည်။ ဤမျှကျဉ်းမြောင်းသောနေရာတစ်ခုတွင်၊ လုမင်၏ လှုပ်ရှားမှု မည်မျှမြန်သည်ဖြစ်စေ ၎င်းတို့အားလုံးကို မရှောင်လွှဲနိုင်တော့ပေ။

"ရွှပ်"

စူးရှသော ဓားအလင်းတစ်ခုက လုမင်၏ ရင်ဘတ်ကို ထိမှန်သွားခဲ့သည်။

လုမင်လည်း သူ့ခန္ဓာကိုယ်အား ကစဉ့်ကလျားတာအိုနယ်မြေဖြင့် လွှမ်းခြုံပြီး ခုခံလိုက်၏။ ဓားအလင်းက ကစဉ့်ကလျားတာအိုနယ်မြေကိုပင် ဖြတ်ကျော်ပြီး လုမင်၏ရင်ဘတ်ကို ထိုးလိုက်တော့သည်။

ဤတွင်၊ ကစဉ့်ကလျားတာအိုနယ်မြေက အားနည်းခြင်းမျိုးတော့ မဟုတ်ပါ။ ပထမအနေဖြင့် ဓားအလင်းက အလွန်ကြောက်စရာကောင်းသည်။ ဒုတိယအချက်ကတော့ ကစဉ့်ကလျားတာအိုနယ်မြေက အဆင့်နိမ့်ပြီး စတုတ္ထအဆင့်သာ ရှိသေး၏။ ထိုအဆင့်က ပုမော့ထက် နိမ့်ကျလွန်းသဖြင့် မခုခံနိုင်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ဤနေရာတွင် ပဉ္စမအဆင့် ကစဉ့်ကလျားတာအိုနယ်မြေဖြစ်ပါက ဓားအလင်းသည် ၎င်း၏ခံစစ်များကို ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း၊ ကစဉ့်ကလျားတာအိုနယ်မြေက ဓားအလင်း၏ စွမ်းအားကို အလွန်အားနည်းစေခဲ့သည်။

"ဂါး"

ထိုအချိန်တွင် နဂါးဟိန်းသံတစ်ချက်နှင့်အတူ လုမင်၏ခန္ဓာကိုယ်မှ နဂါးအကြေးခွံအလွှာတစ်ခု ပေါ်လာခဲ့သည်။

"ထန်"

ဓားအလင်းက နဂါးအကြေးခွံများကို ထိမှန်ပြီး မီးပွားများ ဖြာထွက်သွား၏။ ဓားအလင်း ပျက်စီးသွားပြီး လုမင်၏ရင်ဘတ်ရှိ နဂါးအကြေးခွံ အနည်းငယ်လည်း ကြွေကျသွားကာ သွေးစတချို့ ပေါ်လာတော့သည်။

'ကြောက်စရာကောင်းလိုက်တဲ့ ဓားအလင်း'

လုမင် သူ့စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

ဤနေရာတွင် သာမန် အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူဖြစ်ပါက၊ ဓားအစီရင် နှစ်ခုကြားတွင် ခဏချင်း သတ်ခံရလိမ့်မည်။

လုမင်လည်း အေးခဲလေပုလဲအတွင်းသို့ စွမ်းအင် ပို၍ သွန်းလောင်းလိုက်သည်။ လုမင်က လေဓာတ်စွမ်းအင်ကျင့်စဉ်အား အမြင့်ဆုံးအထိ မြှင့်တင်လိုက်ရာ သူ့အရှိန်က တဟုန်ထိုး တိုးလာခဲ့၏။ နေရာအနှံ့တွင် လုမင်၏ပုံရိပ်များကို မြင်နေရတော့သည်။

သို့သော်လည်း အစီရင်နှစ်ခုက တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို လွှမ်းခြုံထားသောကြောင့် လုမင် ရုန်းမထွက်နိုင်တော့ပေ။ အကယ်၍ အစီရင်နှစ်ခု၏ လွှမ်းခြုံမှု နယ်နိမိတ်အပြင်သို့ ဆုတ်လိုက်ပါက တိုက်ပွဲကွင်းပြင်မှ ထွက်ခွာပြီးသွားမည်ဟု ဆိုနိုင်သည်။ ထိုသို့ဆိုလျှင် လုမင် ဤအချီကို ရှုံးပေလိမ့်မည်။

တခြားနေရာသာ ဖြစ်ခဲ့လျှင်၊ လုမင် အစောကြီးကတည်းက အမြန်ထွက်သွားမည် ဖြစ်သည်။

"ဟားဟားဟား၊ ဂိုဏ်းတူညီနောင် ပုမော့ရဲ့ အဖြူရောင်နတ်ဘုရား ဓားဝင်္ကပါအောက်မှာ လုမင် ဧကန်မုချ သေရတော့မယ်"

"အမှန်ပဲ၊ ဂိုဏ်းတူအစ်ကိုပုမော့ရဲ့ မျက်လုံးကျင့်စဉ်က အဆင့်မြင့် သိုင်းအုပ်ချုပ်သူ အတော်များများကိုတောင် သတ်ခဲ့တာ။ အဲဒီအထဲမှာ ပိတ်မိသွားတာနဲ့ သူ့ထက် ကျင့်ကြံခြင်းအဆင့် အများကြီး ပိုမြင့်မနေဘူးဆိုရင် သေလိမ့်မယ်"

"ဟမ့်၊ လုမင်က တကယ်ကြီး ဂိုဏ်းတူအစ်ကို ပုမော့ကို စိန်ခေါ်ခဲ့တယ်လေ။ သူကိုက သေချင်နေတာ"

လုမင် အန္တရာယ်ရှိနေကြောင်း မြင်ရပြီးနောက် ကောင်းကင်နတ်ဘုရားဂိုဏ်း၏ တပည့်အားလုံး စိတ်လှုပ်ရှားလာခဲ့ကြသည်။ သူတို့အားလုံး မနေနိုင်တော့ဘဲ စတင် လှောင်ပြောင်လိုက်၏။

တစ်ဖက်တွင်၊ ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့က စိုးရိမ်လာတော့သည်။

တိုက်ပွဲကွင်းပြင်တွင်၊ ပုမော့၏ အဖြူရောင် မျက်လုံးများက လင်းလက်နေခဲ့သည်။ သူ့မျက်လုံးများမှ မျဉ်းနှစ်ကြောင်းကလည်း အတက်အကျ လှုပ်ရှားနေဆဲပင်။

ပုမော့က လေထဲသို့ လှမ်းတက်သွားပြီး အစီရင်အထက်သို့ လျှောက်သွားသည်။ သူ့ခန္ဓာက အစီရင်နှင့် ‌ပေါင်းစပ်သွားပုံရ၏။ ရုတ်တရက်၊ အစီရင်က ပို၍ ကြောက်စရာကောင်းလာပြီး ဓားအလင်းများ၏အရှိန်ကလည်း လွန်စွာ မြင့်မားလာတော့သည်။

"လုမင်၊ ဒီနေ့ မင်းသေနေ့စေ့ပြီ"

ပုမော့က အေးစက်စက် ပြောလိုက်သည်။

"မင်းပျော်ဖို့စောပါသေးတယ်"

လုမင် လျစ်လျူရှုစွာ ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင်၊ လုမင်၏ လက်နှစ်ဖက်က လျင်မြန်စွာ လှုပ်ရှားသွားပြီး တံဆိပ်တော်များ ပြုလုပ်လိုက်၏။

"နတ်ဘုရားတံခါး၏ တံဆိပ်ကိုးခု"

ခပ်တိုးတိုး စကားသံနှင့်အတူ တံဆိပ်တော်တံခါးကိုးခု ပေါ်လာတော့သည်။

သို့သော်လည်း ယခုတစ်ကြိမ်တွင် အလုံပိတ်တံခါးများသက ပုမော့ကို မရည်ရွယ်ဘဲ လုမင်ကိုယ်တိုင်ပင် ဖြစ်သည်။

တံဆိပ်တော်တံခါးခြောက်ခုက လုမင်၏ ပတ်ပတ်လည်တွင် လွင့်မျောပြီး အလင်းတန်းများ တောက်ပလာသည်။ လုမင်ကို ရည်ရွယ်ထားသော ဓားအလင်းများလည်း တံဆိပ်တော်တံခါး၏ ဖိနှိပ်မှုဖြင့် လေထဲတွင် ရပ်တန့်သွား၏။

နဝမနဂါးခြေလှမ်း။

ထိုနောက် လုမင်က ခြေလှမ်း ကိုးလှမ်း ဆက်တိုက်လှမ်းခဲ့သည်။ ခြေတစ်ချက်လှမ်းလိုက်တိုင်း နဂါးအင်အားများ ပေါက်ကွဲထွက်လာပြီး ဓားအလင်းများကို ချေမှုန်းပစ်လိုက်၏။ ဤအင်အား၏အကူအညီဖြင့် လုမင်၏ပုံရိပ်က ကောင်းကင်သို့ တဟုန်ထိုး ထိုးတက်သွားတော့သည်။ အုပ်ချုပ်သူ ဝိညာဉ်ရတနာ လှံရှည်ကလည်း သူ့လက်ထဲတွင် ထပ်မံ ပေါ်လာခဲ့သည်။

လုမင်လည်း အစွန်းရောက်လှံဆယ့်သုံးချက်ဖြင့် လှံချက်ကို ထပ်မံထုတ်ဖော်လိုက်သည်။ သူက ကောင်းကင်အမြင့်မှ ပုမော့ကို တိုက်ခိုက်လိုက်၏။

"ဝှစ်၊ ဝှစ်"

အနက်ရောင် ဓားအလင်းနှစ်ခုကလည်း လုမင်၏ မျက်လုံးအစုံမှ ရုတ်တရက် ပေါ်လာတော့သည်။

နတ်ဘုရားဓားကျင့်စဉ်။

နတ်ဘုရားဓားကျင့်စဉ်က စိတ်ဝိညာဉ် တိုက်ခိုက်မှုတစ်ခုဖြစ်သည်။ ယင်းက ပုမော့၏ အကာကွယ်များကို အလွယ်တကူ ဖြတ်ကျော်သွား၏။

"အား"

ထိုအချိန်တွင် ပုမော့ နာကျင်စွာ အော်လိုက်သည်။ သူ့ဝိညာဉ် ကွဲအက်သွားသကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရ၏။

ကျင့်ကြံခြင်းအခြေခံ မြင့်မားလာသည်နှင့်အမျှ သူ၏ နတ်ဘုရားဝိညာဉ်တိုက်ခိုက်မှုမှာ ပို၍ အားကောင်းလာခဲ့သည်။ တချိန်တည်းမှာပင် သူ၏ နတ်ဘုရားဝိညာဉ်ကလည်း ပို၍ အားကောင်းလာလိမ့်မည်။

ကျင့်ကြံခြင်းအခြေခံ မြင့်မားလေလေ၊ ဝိညာဉ်စွမ်းအား အားကောင်းလေ ဖြစ်သည်။

ထို့ပြင်၊ လုမင်၏ဝိညာဉ်က ကမ္ဘာသန့်စင်ခြင်း ကပ်ဘေးခေါင်းလောင်းဖြင့် သန့်စင်ထားခဲ့သည်။ သူ၏ နတ်ဘုရားဝိညာဉ်က အဆင့်တူ ကျင့်ကြံသူများထက် အဆများစွာ အားကောင်း၏။ ထို့အပြင်၊ ဤအတောအတွင်း၌၊ သူက နတ်ဘုရားဓားကျင့်စဉ်ကိုလည်း လေ့ကျင့်ထားသေးသည်။ သို့ဖြစ်ပေရာ သူ၏ ဝိညာဉ်စွမ်းအားက ပို၍ အားကောင်းနေတော့သည်။

ဤနေရာတွင် သာမန် အဆင့်တူ ကျင့်ကြံသူတစ်ဦးဖြစ်ပါက၊ လုမင်၏ နတ်ဘုရားဓားကျင့်စဉ်ဖြင့် တစ်ဖက်လူ၏ နတ်ဘုရားဝိညာဉ်ကို တိုက်ရိုက် ဖျက်ဆီးပစ်နိုင်သည်။

လုမင်ထက် ကျင့်ကြံခြင်းအခြေခံ နှစ်ဆင့်မြင့်မားသော ပုမော့ကဲ့သို့ ပါရမီရှင်တစ်ဦးပင်လျှင် နတ်ဘုရားဝိညာဉ် ကွဲကြေလုနီးပါး ခံစားခဲ့ရသေးသည်။

ထိုအချိန်တွင် ပုမော့၏ ခြေဖဝါးအောက်မှ အစီရင်နှစ်ခုက အရောင်မှိန်သွားသည်။

"ဝုန်း"

လုမင်က အစီရင်ကိုဖြတ်ကျော်ပြီး လှံရှည်ဖြင့် ပုမော့ကို ထိုးချလိုက်၏။

"အား"

ပုမော့ နာကျင်စွာ အော်ဟစ်လိုက်သည်။ လုမင်၏ လှံချက်မှ အဖျက်စွမ်းအားအောက်တွင် ပုမော့၏ ခန္ဓာကိုယ်နှင့် နတ်ဝိညာဉ်ပါ ပျက်စီးသွားတော့သည်။

ပုမော့ သေသွားပြီ။

ထိုအချိန်တွင် တိုက်ပွဲကွင်းပြင်တစ်ဝိုက်က ရုတ်တရက် တိတ်ဆိတ်သွားသည်။ အားလုံးက မျက်လုံးပြူး မျက်ဆံပြူးဖြင့် တိုက်ပွဲကွင်းပြင်ကို အံ့ဩတကြီး ကြည့်နေကြ၏။

မကြာသေးမီကပင်၊ လုမင်ဟာ လုံးလုံးလျားလျား ဖိနှိပ်ခံခဲ့ရပြီး အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရ‌သေးသည်။ သို့သော်လည်း နောက်အခိုက်အတန့်တွင် အခြေအနေက ပြောင်းပြန် ဖြစ်သွားသည်။ လုမင်က လှံတစ်ချက်တည်းဖြင့် ပုမော့ကို ထိုးသတ်လိုက်၏။

အပြောင်းအလဲက မြန်ဆန်လွန်းသဖြင့် မည်သူမျှ အချိန်မီ မတုံ့ပြန်နိုင်တော့ပေ။

ပုမော့ အသတ်ခံရပြီးနောက် တိုက်ပွဲကွင်းပြင်မှ အစီရင်များ ပျောက်ကွယ်သွားခဲ့သည်။ ‌ပုမော့၏ အသက်မဲ့ခန္ဓာကြီး တိုက်ပွဲကွင်းပြင်ပေါ်‌သို့ ပြင်းထန်စွာ ပြုတ်ကျသွားမှ လူတိုင်း သတိဝင်လာကြတော့သည်။

ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သည်။

"ဂိုဏ်းတူအစ်ကို ပုမော့"

"ဂိုဏ်းတူအစ်ကို ပုမော့၊ အား... လုမင်၊ မင်းသေသင့်တယ်"

ကောင်းကင်နတ်ဘုရားဂိုဏ်းဘက်မှ ဒေါသတကြီး အော်ဟစ်သံများကို ကြားလိုက်ရသည်။

ပုမော့တွင် မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာ ရှိသည်။ ကောင်းကင်နတ်ဘုရားဂိုဏ်း တစ်ခုလုံးမှာပင် ထိုသို့သော ပါရမီရှင်က များစွာ မရှိပေ။ သူတို့က စန်းပြည်နယ်ရှိ ထိပ်တန်းပါရမီရှင်ဆယ်ဦးတွင် တစ်ဦးဖြစ်လာရန် အလားအလာ ရှိသူများ ဖြစ်သည်။ အနာဂတ်တွင်၊ သူတို့က သိုင်းသူတော်စင်တစ်ပါး ဖြစ်လာရန် အခွင့်အလမ်း ရှိ၏။ အန္တိမသူတော်စင် ဖြစ်လာရန်ပင် အခွင့်အလမ်း ရှိသေးသည်။

ဤပါရမီရှင်မျိုးက ဂိုဏ်းတစ်ခုချင်းစီတွင် ထွတ်မြတ်ရတနာများဟု ဆိုနိုင်သည်။

သို့သော်လည်း ယခုအချိန်မှာတော့ လုမင်ဟာ ထိုလူမျိုးတစ်ယောက်ကို သတ်လိုက်ပြီ။ သို့ဖြစ်ပေရာ၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများ ဒေါသမထွက်ဘဲ အဘယ်မှာ ရှိနိုင်ပါအံ့နည်း။

All Chapters