← Chapters

အခန်း ၁၅၃၃

Vol. 103 Ch. 1533

အခန်း ၁၅၃၃

Vol. 103 Ch. 1533

အပိုင်း ( 1533 ) နဂါးနတ်ဘုရားတောင်ကြားကို စတင်ကိုင်တွယ်ရန်။

တစ်ဖက်တွင်၊ နဂါးဘုရားတောင်ကြား၏ တပည့်များက အလွန်စိတ်လှုပ်ရှားသွားကြသည်။

"‌သတ်လိုက်တာ ကောင်းတယ်ဟေ့၊ ကောင်းကင်နတ်ဘုရားဂိုဏ်းက အရမ်းမာနကြီးနေတာ မဟုတ်လား။ အခု ဘယ်လိုနေသေးလဲ"

"လုမင်က တကယ်ကို မယုံနိုင်စရာပဲ"

လူအများက အော်ဟစ်လိုက်ကြသည်။

ချိုးရင်ရင်၊ ချိုးဟောက်နှင့် လုမင်နှင့်ရင်းနှီးသူများလည်း စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာများပင် နီရဲသွား၏။

ယခင်က နဂါးနတ်ဘုရားတောင်ကြား၏ တပည့်များစွာ အသတ်ခံခဲ့ရသည်။ သို့ရာတွင် နဂါးနတ်ဘုရားတောင်ကြားမှ တပည့်များအတွက် သူတို့၏ ဒေါသနှင့် စိတ်ပျက်မှုများကို ထုတ်ဖော်ရန် နေရာမရှိခဲ့ပေ။

ယခုတော့ သူတို့အားလုံး၏ ဒေါသများကို ဖွင့်ထုတ်နိုင်လိုက်ပြီ ဖြစ်သည်။

မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာရှိသော ပါရမီရှင်တစ်ဦးက နဂါးနတ်ဘုရားတောင်ကြားရှိ သာမန်တပည့်အားလုံးပေါင်းစည်းထားသည်ထက် ပို၍ တန်ဖိုးကြီးမားပေသည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းသည်ပင် ဤတစ်ခေါက်ညီလာခံတွင် ထိုကဲ့သို့သော ဉာဏ်ကြီးရှင်သုံးဦးသာ စေလွှတ်ခဲ့သည်။ ယခုတော့ သူတို့ထဲမှ တစ်ယောက်က သေသွားပြီ။ ယင်းက ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်သည်။

"အမှိုက်ပဲ"

တိုက်ပွဲကွင်းပြင်တွင် လုမင်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ သူက လက်ကိုဝှေ့ယမ်းပြီး ပုမော့၏ သိုလှောင်လက်စွပ်ကို ဆွဲယူလိုက်၏။

"အား... လုမင်၊ မင်းကိုငါသတ်မယ်"

"မင်းသေပြီပဲ"

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်နှင့် အထက်ရှိ ပါရမီရှင်အချို့လည်း ဝုန်းခနဲထရပ်ပြီး ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

"ဘာလဲ၊ သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်အောက်က တပည့်တွေ မလုပ်နိုင်တာနဲ့ မင်းတို့က တိုက်ခိုက်ချင်တာလား"

နဂါးနတ်ဘုရားတောင်ကြားမှ သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်နှင့်အထက် တပည့်များလည်း ထရပ်ပြီး အေးစက်စက်ဖြင့် ပြောလိုက်ကြ၏။

"လုမင်ရဲ့အင်အားက ဒီအဆင့်ကို ရောက်နေပြီလား"

ကောင်းကင်နတ်ဘုရားဂိုဏ်းဘက်တွင် ကျစ်ဝူကျိက လက်သီးကို တင်းတင်းဆုပ်ပြီး ပြောလိုက်သည်။

သူ့ဘေးမှာလည်း ရီတျန်နှင့် ကျိဟုန်ချန် ထိုင်နေကြ၏။

သူတို့အားလုံးသည် ရှန်းရွှီတိုက်အဖွဲ့အစည်းမှ ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်ကဆိုလျှင် သူတို့သည် လုမင်နှင့် ယှဉ်ပြိုင်ခဲ့ဖူး၏။ ယခုတော့ လုမင်က သူတို့အားလုံးကို အပြတ်အသတ် ကျော်လွန်သွားပြီ။

သူတို့သုံးဦးထဲတွင် အသန်မာဆုံး ရီတျန်ပင်လျှင် ယခုအခါ ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်၌သာ ရှိသေးသည်။

ကျစ်ဝူကျိနှင့် ကျိဟုန်ချန်တို့က ပထမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်၏ အထွတ်အထိပ်တွင်သာ ရှိနေဆဲ ဖြစ်သည်။

ရီတျန်နှင့် ကျိဟုန်ချန်တို့၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသော အရိပ်အယောင်များ ပေါ်လာကြလေသည်။

"ကျစ်ဝူကျိ၊ ကျိဟုန်ချန်... ဒီညီလာခံပြီးရင် ငါကတော့ ကောင်းကင်နတ်ဘုရားဂိုဏ်းကနေ ထွက်ခွာပြီး ကိုယ့်ကိုယ်ကို လေ့ကျင့်ဖို့ စီစဉ်ထားတယ်။ မင်းတို့နှစ်ယောက်ကော ဘယ်လိုလဲ"

ရီတျန်က ကျစ်ဝူကျိနှင့် ကျိဟုန်ချန်ကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။

သူတို့သုံးဦးသည် ရှန်းရွှီတိုက်အဖွဲ့အစည်းတွင်ရှိစဥ်အခါက ဆက်ဆံရေး အထူးကောင်းမွန်ခြင်း မရှိခဲ့ပေ။ သူတို့က ပြိုင်ဘက်များပင် ဖြစ်ခဲ့ကြသည်။ သို့သော်လည်း ယွမ်လုကို ရောက်လာပြီးနောက် သူတို့သုံးယောက်ကြားတွင် ပို၍ နီးကပ်လာခဲ့ကြ၏။ နောက်ဆုံးတွင်၊ သူတို့က တစ်နေရာတည်းမှ လာခဲ့ကြသူများ မဟုတ်လော။

"မင်း ကောင်းကင်နတ်ဘုရားဂိုဏ်းကနေ ထွက်သွားချင်တာလား။ မင်းရဲ့ လက်ရှိကျင့်ကြံခြင်းအခြေခံအရ ဂိုဏ်းကထွက်ခွာပြီး အပြင်မှာလေ့ကျင့်ဖို့က မင်းအတွက် အန္တရာယ်များလွန်းတယ်"

ကျစ်ဝူကျိ၏ အမူအရာ ပြောင်းသွားသည်။

"ကျင့်ကြံသူတစ်ဦးအတွက် အန္တရာယ်ဆိုတာ ရှောင်လွှဲလို့မရပါဘူး။ ကျင့်ကြံခြင်းလမ်းစဉ်မှာ ငါကျဆုံးခဲ့ရင် ငါ့ရဲ့စွမ်းရည် မလုံလောက်ခြင်းအတွက် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ရမယ်။ ဒါပေမဲ့ ကောင်းကင်နတ်ဘုရားဂိုဏ်းမှာ ဆက်နေမယ်ဆိုရင် ငါတို့လို အပြင်လူတွေအတွက် ကောင်းမွန်တဲ့ ကျင့်ကြံခြင်းအခြေအနေတွေကို ရရှိနိုင်မှာ မဟုတ်ဘူး။ လုမင်ကိုလည်း ဘယ်တော့မှ အမီလိုက်နိုင်မှာ မဟုတ်ဘူး"

ရီတျန်က စဉ်းစဉ်းစားစားဖြင့် ပြောလိုက်သည်။

"ငါ နင်နဲ့လိုက်ခဲ့မယ်"

ကျိဟုန်ချန်လည်း ခဏစဉ်းစားပြီးနောက် ပြောလိုက်၏။

ကျစ်ဝူကျိ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး အံကိုကြိတ်ကာ ပြောလိုက်သည်။

"ငါကတော့ ကောင်းကင်နတ်ဘုရားဂိုဏ်းမှာပဲ ဆက်နေမယ်"

"ကောင်းပြီ"

ရီတျန် ခေါင်းညိတ်လိုက်၏။ လူတိုင်းတွင် ရည်မှန်းချက်ကိုယ်စီရှိပြီး သူ အတင်းအကြပ်လုပ်မည် မဟုတ်ပေ။

တိုက်ပွဲကွင်းပြင်တွင်၊ လုမင်က သိုလှောင်လက်စွပ်ကိုသိမ်းယူပြီး စင်မြင့် နံပါတ်တစ်ဆယ်သို့ ပြန်သွားခဲ့သည်။

"လုမင်၊ မင်း ကောင်းကောင်းလုပ်ခဲ့တာပဲ။ ဟားဟားဟား"

ထျန်းချွေးက အားပါးတရ ရယ်မောလိုက်သည်။

ရွယ်နင်ရှင်းနှင့် ဟန်ရွှင်းတို့လည်း ပြုံးလိုက်ကြ၏။

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ တပည့်များလည်း တိုက်ပွဲကွင်းပြင်ပေါ်သို့ ပြေးဆင်းကာ ပုမော့၏အလောင်းကို သယ်ဆောင်သွားတော့သည်။

ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။

မကြာမီ၊ ဤအချီပြီးဆုံးသွားပြီး နောက်အကျော့ကို စတင်ခဲ့၏။

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ထပ်မံစိန်ခေါ်ရမည့် အလှည့် ဖြစ်သည်။ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူငယ်ခေါင်းဆောင်က လုမင်နှင့် အခြားသူများကို အေးစက်စက်ဖြင့် ကြည့်လိုက်၏။ သို့သော်လည်း နောက်ဆုံးမှာတော့ ပိုယွမ်မိသားစုကို စိန်ခေါ်ရန်သာ လူတစ်ဦး စေလွှတ်လိုက်ဆဲပင်။

ယခုလောလောဆယ်တွင် သူတို့ သည်းခံထားရမည် ဖြစ်သည်။

ယခုအချိန်တွင် ထိပ်တန်းပါရမီရှင်တစ်ဦးကို ဆုံးရှုံးလိုက်ရသောကြောင့် သူတို့၏ခွန်အားများ လွန်စွာ လျော့ကျသွားသည်။ ထိပ်တန်းဂိုဏ်းဆယ်ခုအတွင်း မဝင်ရောက်နိုင်တော့မည်ကို စိုးရိမ်သောကြောင့် နဂါးနတ်ဘုရားတောင်ကြားနှင့် ရင်မဆိုင်ဝံ့တော့ပေ။

ကောင်းကင်နတ်ဘုရားဂိုဏ်းပြီးနောက်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းကလည်း ပိုယွမ်မိသားစုကိုသာ စိန်ခေါ်ခဲ့ကြသည်။

နဂါးနတ်ဘုရားတောင်ကြားအလှည့် ရောက်သောအခါ ထျန်းချွေးက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဆဌမအဆင့် သိုင်းအုပ်ချုပ်သူတစ်ဦးကို စိန်ခေါ်ပြီး သတ်ပစ်လိုက်၏။

ဤသို့ဖြင့် အချီအနည်းငယ် ပြီးသွားပြီ။

နောက်ဆုံးတွင်၊ ပထမဆုံး ဖယ်ရှားခံရမည့် အင်အားစုတစ်ခု ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းတို့က ပူးပေါင်းပြီး ပိုယွမ်မိသားစုကို ဖယ်ရှားခဲ့၏။

ယခုအခါ အင်အားစု ဆယ့်နှစ်ခုသာ ကျန်တော့သည်။

ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။

နဂါးနတ်ဘုရားတောင်ကြား၏ စိန်ခေါ်ရန်အလှည့်ရောက်သောအခါ၊ ဤတစ်ကြိမ်မှာတော့ လုမင်က ထိပ်တန်းကျွမ်းကျင်သူကို မစိန်ခေါ်ခဲ့ပေ။ ထိုအစား အားနည်း‌သော ပြိုင်ဘက်တစ်ဦးကိုသာ ရွေးလိုက်သည်။

ပြိုင်ပွဲက တစ်ပွဲပြီးတစ်ပွဲ ပြီးဆုံးသွား၏။

လေထုကလည်း ပို၍ပို၍ လေးလံလာခဲ့ပြီ။

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများ၏ မျက်နှာများမှာလည်း ပို၍ အကြည့်ရဆိုးလာခဲ့ကြသည်။

အချီတိုင်းမှာ၊ နဂါးနတ်ဘုရားတောင်ကြားက သူတို့ဘက်မှ ပါရမီရှင်တစ်ဦးကို သတ်ပစ်ခဲ့၏။

ညီလာခံငယ်တွင် ပါဝင်ရန် ရွေးချယ်ခံရသူများမှာ ပါရမီရှင်များကြားမှ ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့ထဲမှတစ်ဦးဦးကို ဆုံးရှုံးရလျှင်ပင် နာကျင်ရဦးမည်။ ယခုတော့ အခြေအနေပိုဆိုးပြီး တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေရပြီ ဖြစ်သည်။

ဆယ့်ကိုးချီမြောက် ပြီးဆုံးသောအခါ၊ ကောင်းကင်နတ် ဘုရားဂိုဏ်းတွင် လူဆယ့်ခြောက်ယောက်သာ ကျန်တော့သည်။ ဆုံးရှုံးမှုများက သူတို့ မျှော်မှန်းထားသည်ထက် များစွာကျော်လွန်သွားခဲ့သည်။

နဂါးနတ်ဘုရားတောင်ကြားမှာတော့ လူလေးယောက် ရှိနေသေးသည်။

ထိုအချိန်တွင် အခြားအားနည်းသော ဂိုဏ်းနှစ်ခုကို ထပ်မံဖယ်ရှားပစ်ခဲ့သည်။ နောက်ဆုံးတွင် အင်အားစုဆယ်ခုသာ ကျန်တော့သည်။

ဤဂိုဏ်းဆယ်ခုက တင်းပေါင်ညီလာခံ၌ ပါဝင်ခွင့်ရရှိခြင်းနှင့် ညီမျှသည်။

အချီနှစ်ဆယ် စတင်ခဲ့ပြီ။ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ စိန်ခေါ်ရန်အလှည့် ဖြစ်သည်။

"ညီနောင်ဝူ... ညီနောင်မော့၊ နဂါးနတ်ဘုရားတောင်ကြားကို ချေမှုန်းဖို့ အချိန်ရောက်ပြီ"

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူငယ်ခေါင်းဆောင်က အေးစက်စက်ဖြင့် ပြောသည်။ သူ့အသံမှာ အဆုံးမရှိသော အေးစက်မှုများနှင့် ပြည့်နေ၏။

"ကောင်းတယ်၊ ဒါက ငါလိုချင်နေတာပဲ"

ကောင်းကင်နတ်ဆိုးဂိုဏ်းမှ မော့ဟဲ၏ မျက်လုံးများမှာလည်း လွန်စွာအေးစက်နေခဲ့ပြီ။

"ဒီအခိုက်အတန့်ကို ငါစောင့်နေတာ"

ကောင်းကင်အဆိပ်ဂိုဏ်းမှ ဝူချမ်တု၏ မျက်လုံးများလည်း ပို၍ပင် အေးစက်သွားခဲ့သည်။ အဆိပ်အင်းဆက်များက သူ့ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာပြီး သူ့ပတ်ဝန်းကျင်တွင် ကူးခတ်နေတော့၏။

"ညီနောင်ဝမ့်၊ နဂါးနတ်ဘုရားတောင်ကြားကို နှိမ်နင်းဖို့ ငါတို့ ဘာဖြစ်လို့ မပူးပေါင်းရမှာလဲ"

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူငယ်ခေါင်းဆောင်ပ ကောင်းကင်ကိုးဆင့်ဓားဂိုဏ်း၏ လူငယ်ခေါင်းဆောင်ကို ကြည့်လိုက်သည်။

ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းသည် ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် ဆက်ဆံရေးကောင်း ရှိ၏။ ဆန့်ကျင်ဘက်အနေဖြင့်၊ သူတို့ဟာ နဂါးနတ်ဘုရားတောင်ကြားနှင့် ကောင်းမွန်သောဆက်ဆံရေး မရှိခဲ့ပေ။ ထို့ကြောင့်ပင် သူက ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းမှ လူများကိုပါခေါ်ပြီး လုမင်တို့ကိုကိုင်တွယ်ရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။

နဂါးနတ်ဘုရားတောင်ကြားဆီသို့ လှမ်းကြည့်လိုက်ပြီးနောက် ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းမှ လူငယ်ခေါင်းဆောင်၏ မျက်လုံးများက ကြောက်ရွံ့မှုအရိပ်အယောင်တစ်ခု ဖြတ်သွားသည်။ သူက ခေါင်းကိုခါယမ်းပြီး တည်ငြိမ်စွာ ပြောလိုက်၏။

"မင်းရဲ့လုပ်ငန်းမှာ ငါမပါဝင်တော့ဘူး"

ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်အဆိပ်ဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းတို့နှင့် နဂါးနတ်ဘုရားတောင်ကြား၏ ပဋိပက္ခတွင် သူ မပါဝင်ချင်ပေ။ ထို့အပြင် လက်ရှိ နဂါးနတ်ဘုရားတောင်ကြား၏ အနေအထားက ကိုင်တွယ်ရန် မလွယ်ကူပါ။

"ဟမ့်"

ကောင်းကင်ကိုးဆင့်ဓားဂိုဏ်း၏ ငြင်းပယ်မှုကို ကြားသောအခါ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူငယ်ခေါင်းဆောင်မှာ အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။

"ဟေ့၊ မင်းတို့ကောင်တွေ ငါတို့ကို စိန်ခေါ်မှာလား၊ စိန်မခေါ်ဘူးလား။ အချိန်မဖြုန်းနဲ့တော့"

ထျန်းချွေးက သူ့တူကြီးဖြင့် ကောင်းကင်နတ်ဘုရားဂိုဏ်းဘက်ကိုရွယ်ပြီး ပြောလိုက်သည်။

"မင်းတို့က သေဖို့အလျင်လိုနေမှတော့ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်။ လွမ်ရင်၊ မင်းသွားလိုက်"

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူငယ်ခေါင်းဆောင်က ဝတ်စုံနက်ဝတ် လူငယ်တစ်ဦးကို ပြောလိုက်သည်။

"ဒီအခိုက်အတန့်ကို စောင့်နေတာ"

ဝတ်စုံနက်ဝတ် လူငယ်က အေးစက်စက် ပြောလိုက်၏။ ယင်းက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ တပည့်များစွာကိုစိတ်လှုပ်ရှားသွားစေခဲ့သည်။

ဝတ်စုံနက်ဝတ်လူငယ် လွမ်ရင်က မည်မျှ ကြောက်စရာကောင်းမှန်း သူတို့ ကောင်းစွာသိကြ၏။

"ဝှစ်"

အရိပ်တစ်ခု လင်းလက်သွားပြီး လွမ်ရင်က တိုက်ပွဲကွင်းပြင်ပေါ်တွင် ပေါ်လာခဲ့သည်။ အားနည်းသူအများစုဆိုလျှင် တိုက်ပွဲကွင်းပြင်ပေါ်တွင် သူမည်ကဲ့သို့ ပေါ်လာသည်ကိုပင် မမြင်လိုက်ကြပေ။

"မင်း၊ ဆင်းလာခဲ့"

အေးစက်သော မျက်လုံးတစ်စုံက အနက်ရောင်ဝတ်ရုံအတွင်းမှ ထျန်းချွေးအား စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

"ဟားဟားဟား၊ နောက်ဆုံးတော့ ငါ့အလှည့်ရောက်ပြီ"

ထျန်းချွေး ရယ်မောလိုက်၏။

"ထျန်းချွေး၊ မင်းသတိထားရမယ်။ ဒီလူက ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာသုံးပါးထဲက တစ်ခုပဲ။ သူက လုပ်ကြံသတ်ဖြတ်တဲ့ နည်းစနစ်တွေကို အထူးပြုတယ်"

ဟန်ရွှင်းက လေးနက်သော အမူအရာဖြင့် သတိပေးသည်။

"စိတ်မပူနဲ့။ သူ့မှာ ဘာနည်းလမ်းတွေပဲရှိပါစေ... ငါ့ရဲ့တူကြီးနဲ့ ထုချလိုက်မယ်"

ထျန်းချွေး ပြုံးလိုက်သည်။

All Chapters