အခန်း ၁၅၃၄
Vol. 103 Ch. 1534
အပိုင်း ( 1534 ) ထျန်းချွေးနှင့် လွမ်ရင်၏ တိုက်ပွဲ။
"ဒုန်း"
ထျန်းချွေးက ဧရာမ တူကြီးကိုင်ပြီး တိုက်ပွဲကွင်းပြင်သို့ ခုန်ဆင်းသွားခဲ့သည်။ ကျယ်လောင်သော အသံတစ်ချက်နှင့်အတူ တိုက်ပွဲကွင်းပြင်တစ်ခုလုံး တုန်လှုပ်သွား၏။
"လူလေး၊ ဒီဖိုးဖိုးထျန်းချွေးက မင်းကို ဂရုစိုက်ပေးပါရစေ"
ထျန်းချွေးက သူ့တူကြီးကိုလွှဲယမ်းပြိး ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်ချင်စိတ်တို့ကို ထုတ်ဖော်လိုက်သည်။
"သေ"
ထိုအချိန်တွင် လွမ်ရင် လှုပ်ရှားလိုက်သည်။ သူ့ခန္ဓာကိုယ်က အရိပ်တစ်ခုကဲ့သို့ လှုပ်ရှားသွားပြီး ထျန်းချွေးရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့၏။ ပါးလွှာသော ဓါးရှည်တစ်လက်က ထျန်းချွေး၏ နှလုံးသားကို ထိုးစိုက်လာတော့သည်။
မြန်ဆန်သည်၊ တိကျပြီး ရက်စက်၏။
ယင်းက အထူးလေ့ကျင့်ပေးထားသော လူသတ်သမားတစ်ဦးကဲ့သို့ပင်။
"ဝုန်း"
ထျန်းချွေးလည်း မြေပြင်ကို ခြေတစ်ချက်ဆောင့်ပြီး အမြန် ပြန်ဆုတ်သွားခဲ့သည်။ ထို့နောက် တူကြီးဖြင့် သူ့ရှေ့တွင်ခံပြီး ပိတ်ဆို့လိုက်၏။
"ထန်"
လွမ်ရင်၏ဓားက ထျန်းချွေး၏ တူကိုထိုးမိပြီး ပြန်ကန်ထွက်သွားတော့သည်။
လွမ်ရင်၏ တုံ့ပြန်မှုက အလွန်မြန်သည်။ တန်ပြန်အားကို အသုံးပြုပြီး သူ့ပုံရိပ်က ထျန်းချွေး၏ ဦးခေါင်းထက်တွင် ချက်ချင်း ပေါ်လာ၏။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခုက ထျန်းချွေး၏ ဦးခေါင်းဆီသို့ ထိုးဖောက်ဝင်ရောက်လာပြန်တော့သည်။
"ထွက်သွား"
ထျန်းချွေးလည်း ဟိန်းဟောက်ပြီး သူ့ဦးခေါင်းထက်သို့ တူရိုက်ချက် ထုတ်ဖော်လိုက်သည်။
တူထုချက် ထွက်ပေါ်လာသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော လေပြင်းများ ဖြစ်ပေါ်လာပြီး ကောင်းကင်ယံကို တုန်ခါသွားစေ၏။
"ထန်"
တူထုချက်က လွမ်ရင်၏ဓားကို ထုနှက်လိုက်မိသည်။
သို့သော်လည်း လွမ်ရင်၏ ခန္ဓာကိုယ်က အလေးချိန် ကင်းမဲ့နေပုံရသည်။ သူအလိုရှိသော နေရာတွင် ခဏချင်း ပေါ်လာနိုင်၏။
"ဝမ်"
နောက်အခိုက်အတန့်တွင်၊ လွမ်ရင်၏ ခန္ဓာကိုယ်က ထျန်းချွေး၏နောက်တွင် ပေါ်လာပြီး ဓားဖြင့်ထိုးလိုက်ပြန်တော့သည်။
ထျန်းချွေးလည်း လွမ်ရင်၏ တိုက်ခိုက်မှုကို တားဆီးရန် သူ၏တူကြီးကို အသုံးပြုလိုက်ရသည်။
သို့ရာတွင်၊ လွမ်ရင်၏ ကိုယ်ဖော့နည်းလမ်းက မြန်ဆန်လွန်းလှသည်။ သူက ထျန်းချွေး၏ ခန္ဓာကိုယ်အနီးတွင် အဆက်မပြတ် ရွေ့လျားနေ၏။ သူ့ဓားကလည်း အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ ထျန်းချွေး၏ သေကွင်းသေကွက်များကို ပစ်မှတ်ထားကာ အဆက်မပြတ် ထိုးနှက်နေတော့သည်။
"အရိပ်တာအိုနယ်မြေ"
ပွဲကြည့်စင်ပေါ်တွင် လုမင်က အနည်းငယ် မျက်ခုံးပင့်လိုက်သည်။
လွမ်ရင်က အရိပ်တာအိုနယ်မြေကို နားလည်ထားပြီး အရိပ်တစ်ခုကဲ့သို့ လှုပ်ရှားနိုင်စွမ်း ရှိသည်။ ထို့ပြင်၊ သူက လုပ်ကြံသတ်ဖြတ်ရေး ဓားတာအိုကို လေ့ကျင့်ထား၏။ ထိုနှစ်ခု၏ ပြီးပြည့်စုံသော ပေါင်းစပ်မှုစွမ်းအားက အံ့မခန်းဖြစ်စေသည်။
အများအားဖြင့်၊ သူ့ထက် ကျင့်ကြံခြင်းအခြေခံ မြင့်မားသူများကိုပင် တစ်ချက်တည်း သတ်နိုင်ပေသည်။
ကောင်းကင်နတ်ဘုရားဂိုဏ်းက ထျန်းချွေးကိုစိန်ခေါ်ရန် လွမ်ရင်အား အထူး စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားသည်။ လွမ်ရင်က ထျန်းချွေး၏ အင်အားကြီးမားသော တိုက်ခိုက်မှုများကို ကောင်းစွာ ရှောင်တိမ်းနိုင်ပေသည်။
"ထွက်သွား၊ ထွက်သွား၊ ထွက်သွားစမ်း"
ထျန်းချွေးမှာ ပို၍ ဒေါသထွက်လာခဲ့သည်။ သူက တူထုနှက်ချက်များ အဆက်မပြတ်ထုတ်ဖော်ရင်း ပေါက်ကွဲလှိုင်းများကို အရပ်ရပ်သို့ ပျံ့နှံ့သွားစေခဲ့၏။
"ဝှစ်"
ထိုအခိုက်မှာပင်၊ ဓားအလင်းတစ်ခုက ထျန်းချွေး၏ ခြေဖဝါးအောက်မှ ရုတ်တရက် ထွက်ပေါ်လာတော့သည်။
ဤဓားက ရုတ်ချည်း ထွက်ပေါ်လာခြင်းဖြစ်ပြီး မယုံနိုင်လောက်အောင် မြန်ဆန်သည်။
ထိုဓားချက်က ထျန်းချွေး၏ အရိပ်အတွင်းမှ အမှန်တကယ် ထွက်ပေါ်လာခြင်း ဖြစ်၏။ ယင်းက လူတိုင်း၏ မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့ပြီ။
"မကောင်းတော့ဘူး"
ဟန်ရွှင်းနှင့် ရွယ်နင်ရှင်းလည်း အထိတ်တလန့်ဖြစ်ပြီး အော်ဟစ်လိုက်ကြသည်။
"ယား"
ထျန်းချွေးလည်း ကြောက်စရာကောင်းသော အန္တရာယ်ကို သတိပြုမိသွားပုံရသည်။ ဟိန်းဟောက်သံနှင့်အတူ သူ့ကြွက်သားများက လှုပ်ရှားသွားပြီး အရေပြားမျက်နှာပြင်ပေါ်တွင် နဂါးအကြေးခွံများ ပေါ်လာ၏။
တစ်ချိန်တည်းမှာပင် ထျန်းချွေးက ဓားအလင်းကိုရှောင်ရန် လျင်မြန်စွာ ဆုတ်ခွာသွားတော့သည်။
"ရွှပ်"
သို့တိုင်၊ ဓားအလင်းက ထျန်းချွေး၏ ခြေထောက်တစ်ဖက်ကို ဆက်လက် လွှမ်းခြုံသွားခဲ့သည်။ နဂါးအကြေးခွံများ ဖြတ်တောက်ခံရပြီး နက်ရှိုင်းသော ဒဏ်ရာတစ်ခု ပေါ်လာ၏။
အကယ်၍၊ ထျန်းချွေးသာ အချိန်မီ မတုံ့ပြန်ခဲ့ပါက သူ့ခြေထောက်တစ်ဖက်လုံး ပြတ်တောက်သွားလိမ့်မည်။
"ရွှပ်၊ ရွှမ်"
သို့သော်လည်း ထိုအခိုက်မှာပင် ထျန်းချွေး၏ ခြေဖဝါးအောက်မှ ဓားအလင်းများစွာတို့ ထွက်ပေါ်လာပြန်သည်။
ယင်းက တကယ်ကို ထူးဆန်းသော တိုက်ခိုက်မှုပင်။
"သတ်"
ထျန်းချွေးလည်း ဟိန်းဟောက်ပြီး တူကြီးမြှောက်၍ သူ့အရိပ်ကို ပြန်ထုချလိုက်သည်။
"ဒုန်း"
ဧရာမတူကြီးက ဓားအလင်းကို တိုက်ရိုက်ရိုက်ခွဲလိုက်ပြီး အရိပ်ကိုလည်း အင်အားပြင်းထန်စွာ ရိုက်ချလိုက်၏။
တိုက်ပွဲကွင်းပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားတော့သည်။
မနီးမဝေးတွင်၊ လွမ်ရင်၏ ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။ ထျန်းချွေး၏ တိုက်ခိုက်မှုက သူ့ကို တစ်နည်းနည်းဖြင့် ထိခိုက်စေခဲ့ပုံရပေသည်။
"ဝှစ်"
ထို့နောက်၊ လွမ်ရင်၏ ခန္ဓာကိုယ်က တစ်ချက်လှုပ်ပြီး ပျောက်ကွယ်သွားသည်။ ထိုအချိန်တွင် ထျန်းချွေး၏ဘေးပတ်လည်မှာ နောက်ထပ် အရိပ်ရှစ်ခု ပေါ်လာ၏။ အရိပ်များပေါ်လာတိုင်း ဓားအလင်းတန်းများက ထျန်းချွေးကို ထိုးနှက်ကြတော့သည်။
ထျန်းချွေးလည်း သူ၏တူကြီးဖြင့် တိုက်ခိုက်မှုများကို ခုခံရန် ကြိုးစားလိုက်သည်။
သို့ရာတွင်၊ အရပ်ရပ်မှ တိုက်ခိုက်မှုများက ထျန်းချွေးအတွက် မြန်ဆန်လွန်းလှသည်။
"ရွှပ်၊ ရွှပ်"
ခဏအကြာတွင်၊ ထျန်းချွေး၏ ခန္ဓာကိုယ်မှာ ဒဏ်ရာအနည်းငယ် ပေါ်လာသည်။ ဒဏ်ရာဒဏ်ချက်တိုင်းက သူ့အရိုးများကို မြင်နိုင်လောက်အောင် နက်၏။
"ဟားဟားဟား၊ ဂိုဏ်းတူအစ်ကို လွမ်ရင် အနိုင်ရတော့မယ်"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ တပည့်တစ်ဦးက လှောင်ပြောင်လိုက်သည်။
တစ်ဖက်တွင်၊ နဂါးနတ်ဘုရားတောင်ကြားမှ လူများကတော့ မျက်နှာမသာမယာဖြစ်ပြီး ဂရုတစိုက်ကြည့်နေကြတော့သည်။
"တောရိုင်းနဂါးတိုက်ခိုက်ခြင်း"
ရုတ်တရက်၊ ထျန်းချွေး ဟိန်းဟောက်လိုက်သည်။ သူက ဧရာမတူကြီး၏ တူလက်ကိုင်ကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ပြီး လှည့်ပတ်လိုက်၏။ သူ့တစ်ကိုယ်လုံးလည်း အလွန်လျင်မြန်သောအဟုန်ဖြင့် လည်ပတ်လာတော့သည်။
ထျန်းချွေး၏တူလက်ကိုင်က ရှည်လျားလာပြီး မုန်တိုင်းတိုက်ခတ်သကဲ့သို့ အရပ်ရပ်ကို ရိုက်ခတ်သွားခဲ့သည်။
"ဝုန်း၊ ဝုန်း၊ ဝုန်း"
အရိပ်ရှစ်ခုလည်း လုံးဝရှောင်လွှဲမရဘဲ တူထုချက်အောက်တွင် အားလုံး ပြိုကျသွား၏။
အရိပ်ရှစ်ခု ပြိုကျပြီးနောက် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ယင်းက လွမ်ရင်၏ အရိပ်ပင်။
ထိုအချိန်တွင် လွမ်ရင်၏ အနက်ရောင် ၀တ်ရုံကြီး ပျက်စီးသွားပြီး သူ၏မျက်နှာကို ပေါ်လွင်လာစေခဲ့သည်။
ဤအခိုက်မှာတော့ သူ၏ နှုတ်ခမ်းထောင့်မှ သွေးစတချို့ မြင်ရ၏။
ထျန်းချွေး၏ တိုက်ခိုက်မှုကြောင့် သူလည်း ဒဏ်ရာရရှိခဲ့ကြောင်း ထင်ရှားသည်။
"အရိပ်ဓား၊ သတ်"
လွမ်ရင်ထံမှ ခပ်တိုးတိုး စကားသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း မှုန်ဝါးလာပြီး အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။ အဆုံးတွင် အရိပ်လည်း ပျောက်ကွယ်သွားတော့သည်။
ဤအခိုက်တွင်၊ လွမ်ရင်က တိုက်ပွဲကွင်းပြင်မှ လုံးဝပျောက်ကွယ်သွားပုံရသည်။ သူ၏ အငွေ့အသက်ကိုပင် မခံစားနိုင်တော့ပေ။
"အရိပ်အမျိုးအစား ဝိညာဉ်ခန္ဓာ"
လုမင်၏ မျက်လုံးများ အရောင်လက်သွားသည်။
"ဝှစ်"
ထိုအချိန်တွင် ဓားအလင်းက ထန်းချွေး၏ ဦးခေါင်းထိပ်မှ ထိုးဖောက်ဝင်ရောက်လာ၏။
ထျန်းချွေးလည်း သူ့တူကြီးဖြင့် အပေါ်သို့ ပင့်တွန်းလိုက်တော့သည်။
သို့သော်လည်း၊ တစ်ချိန်တည်းမှာပင် ဓားအလင်းများက ထျန်းချွေး၏ ဘယ်၊ညာ ခြေထောက်အောက်မှ ထွက်ပေါ်လာပြန်သည်။
ထျန်းချွေး ဒေါသတကြီးဟိန်းဟောက်ပြီး ဓားအလင်းကိုရှောင်တိမ်းရန် အမြန်ပြန်ဆုတ်လိုက်သည်။
သို့သော်လည်း ဓားအလင်းတစ်ခုကြောင့် ထျန်းချွေး၏ ခန္ဓာကိုယ်ပေါ်တွင် နက်နဲသော ဒဏ်ရာတစ်ခု ကျန်ခဲ့သေးသည်။
ထျန်းချွေး၏ ခန္ဓာကိုယ်တဝိုက်တွင် ဓားအလင်းများက အဆက်မပြတ် ပေါ်လာခဲ့သည်။ သို့ရာတွင်၊ ယင်းက အသံတိတ်ပြီး အနည်းငယ်မျှ လှုပ်ရှားမှုမရှိပေ။
"တောရိုင်းနဂါးတိုက်ခိုက်ခြင်း"
ထျန်းချွေးလည်း ဟိန်းဟောက်ပြီး တူညီသော တိုက်ကွက်ကို ထပ်မံထုတ်ဖော်လိုက်သည်။ သူက ဧရာမတူကြီးကို ဆုပ်ကိုင်ပြီး ပြင်းထန်စွာ လှည့်ပတ်လိုက်၏။
သို့သော် ဤတစ်ကြိမ်တွင် ဓားအလင်းများက မပျောက်ကွယ်ခဲ့ပေ။ ထိုအစား ထျန်းချွေး၏ တိုက်ခိုက်မှုကို ထိုးဖောက်ခဲ့ပြီး ဆက်လက် ဝင်ရောက်လာခဲ့သည်။
"ရွှပ်၊ ရွှပ်"
ထျန်းချွေး၏ ခန္ဓာကိုယ်ပေါ်တွင် နောက်ထပ် ဒဏ်ရာအနည်းငယ် ပေါ်လာပြန်တော့သည်။
"ဘာတွေဖြစ်နေတာလဲ။ သူ့ကို ဘာဖြစ်လို့ တိုက်ခိုက်လို့မရတာလဲ"
နဂါးဘုရားတောင်ကြား၏ တပည့်အချို့လည်း စိုးရိမ်တကြီး မေးလိုက်ကြသည်။
တစ်ဖက်လူ၏ တိုက်ခိုက်မှုက ထူးဆန်းလွန်းလှသည်။ ထျန်းချွေး၏ တိုက်ခိုက်မှုများက သူ့ကို မထိနိုင်ခဲ့ပေ။
"သူ့ကို မထိနိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက အရိပ်တစ်ခုအဖြစ်တောင် ပြောင်းသွားနိုင်တာကြောင့် တိုက်ခိုက်မှုအင်အားကို အများကြီးလျော့သွားအောင်လုပ်နိုင်တယ်။ တချိန်တည်းမှာပဲ ပြိုင်ဘက်ရဲ့ လှုပ်ရှားမှုက မြန်ဆန်လွန်းလို့ တိုက်ခိုက်မှု အများစုကို ရှောင်တိမ်းသွားနိုင်ခဲ့တာ"
ပွဲကြည့်စင်ပေါ်မှ နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ပါရမီရှင်တစ်ဦးက ရှင်းပြလိုက်သည်။
"ယား"
ထျန်းချွေးက ဟိန်းဟောက်လိုက်သည်။ သူက ခြေတစ်ချက်ဆောင့်ပြီး တိုက်ပွဲကွင်းပြင်အစွန်းသို့ ပြေးသွား၏။
သူ့ကိုကြည့်ရသည်မှာ တိုက်ပွဲအတွင်းမှ ထွက်ပြေးတော့မည့်ပုံပင်။
"တိုက်ပွဲကွင်းပြင်ကနေ ဆင်းပြေးချင်တာလား။ ဒီမှာပဲနေ"
လွမ်ရင်၏ အေးစက်သော အသံက ကောင်းကင်မှ ထွက်ပေါ်လာခဲ့သည်။
ထျန်းချွေးက မကြားချင်ယောင်ဆောင်ပြီး ရှေ့သို့ ဆက်ပြေးသွား၏။
"ဝှစ်"
ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခုက ထျန်းချွေးဆီသို့ အနောက်မှ ထိုးဖောက်ဝင်ရောက်လာတော့သည်။
ထိုစဥ်...
ရှေ့သို့ ပြေးနေသော ထျန်းချွေးက ရုတ်တရက် ရပ်တန့်ပြီး လှည့်ကြည့်လိုက်သည်။
"ရွှပ်"
ဓားအလင်းက ထျန်းချွေး၏ရင်ဘတ်ကို ထိုးဖောက်သွားပြီး သွေးများ နေရာအနှံ့ကို ဖြန်းပက်သွားသည်။
"သေ"
အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ လွမ်ရင်က ထျန်းချွေး၏ရှေ့တွင် ပြန်ပေါ်လာ၏။
"ဂါး"
ထိုအချိန်တွင် ထျန်းချွေးက နဂါးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်သည်။ ဧရာမ တောရိုင်းဂါးအရိပ်တစ်ခု ထွက်ပေါ်လာပြီး လွမ်ရင်ကို ကုပ်ခြစ်လိုက်၏။
"မကောင်းတော့ဘူး"
လွမ်ရင်၏ အမူအရာ ပြောင်းလဲသွားသည်။ သို့သော်... အကွာအဝေးက နီးကပ်လွန်းသဖြင့် သူရှောင်တိမ်းရန် အချိန်နှောင်းသွားခဲ့ပြီ။