← Chapters

အခန်း ၁၅၃၅

Vol. 103 Ch. 1535

အခန်း ၁၅၃၅

Vol. 103 Ch. 1535

အပိုင်း ( 1535 ) လုမင်နှင့် ဝူချမ်တု။

"ဝုန်း"

တောရိုင်းနဂါးကး၏ လက်သည်းများက လွမ်ရင်၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ကုပ်ခြစ်လိုက်သည်။ လွမ်ရင်၏ ခန္ဓာကိုယ်မှ သွေးများဖြာထွက်သွားပြီး အော်ညည်းရင်း လွင့်စဉ်သွားသည်။

"သတ်"

ထျန်းချွေးက ဟိန်းဟောက်ပြီး သူ့လက်ထဲမှတူကြီးဖြင့် ပစ်ပေါက်လိုက်၏။ ဥက္ကာခဲကြွေသကဲ့သို့ တူက လွမ်ရင်ကို ထိမှန်သွားတော့သည်။

လေထဲမှ လွင့်စဉ်သွားရင်း လွမ်ရင်မှာ ထပ်မံအော်ဟစ်လိုက်ရသည်။ ဧရာမတူကြီးက လွမ်ရင်ကိုဖိပြီး တိုက်ပွဲကွင်းပြင်မှ မြေပြင်ပေါ်ကို ပြင်းထန်စွာ ပြုတ်ကျသွား၏။

လွမ်ရင်၏ပါးစပ်မှ သွေးများ အန်ထွက်လာပြီး မျက်နှာမှာလည်း သွေးဆုပ်ဖြူရော်သွားတော့သည်။

ထျန်းချွေးမူကား တိုက်ပွဲကွင်းပြင်ပေါ်တွင် ရှိနေဆဲ ဖြစ်သည်။ လွမ်ရင် ရှုံးသွားပြီ။

"ဝှစ်"

ဧရာမတူကြီးက တိုက်ပွဲကွင်းပြင်ဆီသို့ ပြန်လွင့်လာပြီး ထျန်းချွေး၏လက်ထဲသို့ ကျရောက်သွားခဲ့သည်။

"ဖူး"

ထျန်းချွေး၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရ၏။

လွမ်ရင်ကို အနိုင်ယူခဲ့သော်လည်း သူကိုယ်တိုင် ဒဏ်ရာအပြင်းအထန် ရခဲ့သည်။

"ဆရာတူအစ်ကိုထျန်းချွေး၊ မင်းရဲ့ဒဏ်ရာကို လာကုသပါ"

လုမင် အော်လိုက်သည်။

ထျန်းချွေးလည်း ပွဲကြည့်စင်ပေါ်ကို ပျံတက်သွား၏။ ထို့နောက်တော့ တင်ပျဉ်ခွေထိုင်ကာ သူ့ဒဏ်ရာများကို ကုသလိုက်တော့သည်။

ယခုလေးတင် လွမ်ရင်၏ ဓားချက်များစွာ ထိမှန်ခဲ့သည်။ နောက်ဆုံးဓားချက်ဆိုလျှင်၊ သူ့နှလုံးသားကိုပင် ထိုးဖောက်သွား၏။ ကြောက်စရာကောင်းသော ဓားအလင်း၏ ဖျက်ဆီးခြင်းစွမ်းအားက ထျန်းချွေး၏ ဝိညာဉ်ခန္ဓာကို အဆက်မပြတ် ဖျက်ဆီးနေသည်။ ထို့ကြောင့် သူ့ဒဏ်ရာများကိုမကုသမီ၊ ဖျက်ဆီးခြင်း ဓားချီကို ဦးစွာဖယ်ရှားရဦးမည်။

"ချီးပဲ"

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ခေါင်းဆောင်လည်း ဒေါသတကြီးအော်လိုက်သည်။

မူလက လွမ်ရင်၏ ခွန်အားနှင့် ထျန်းချွေးကို အနိုင်ယူနိုင်မည်ဟု သူထင်ခဲ့သည်။ လွမ်ရင်အတွက် ထျန်းချွေးကို မသတ်နိုင်သော်လည်း အနိုင်ယူရန်မှာ ပြဿနာမဖြစ်သင့်ပေ။

မမျှော်လင့်ဘဲ၊ နှစ်ဦးစလုံး ဒဏ်ရာရရှိကာ လွမ်ရင် ရှုံးနိမ့်ခဲ့ပေသည်။ သူ့အကြံအစည်လည်း ပျက်သွားသည်။

ရလဒ်အနေဖြင့်၊ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ထိပ်တန်းကျွမ်းကျင်သူသုံးဦးအနက် နှစ်ဦးမှာ ရှုံးနိမ့်သွား၏။ လူငယ် ခေါင်းဆောင်တစ်ယောက်သာ ကျန်တော့သည်။ ယင်းက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများ၏ မျက်နှာများကို အလွန် အကြည့်ရဆိုးစေခဲ့သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းဟာ တင်းပေါင်ညီလာခံတွင် ပထမနေရာကို ရယူပြီး ချန်ပီယံ သုံးကြိမ်ဆက်တိုက် ရယူမည်ဟု ကြေညာထားပြီး ဖြစ်သည်။

သို့သော်လည်း ယခုအချိန်မှာတော့ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်သာ ကျန်တော့သည်။ ထို့အပြင်၊ အခြား ကျွမ်းကျင်သူများ အားလုံးနီးပါး အသတ်ခံခဲ့ရသောကြောင့် ပထမနေရာကို ရယူရန် အခွင့်အရေး မရှိတော့ပါ။

ဤအရာအားလုံးက နဂါးနတ်ဘုရားတောင်ကြားကြောင့်ဖြစ်သည်။

မူလက သူတို့ဟာ နဂါးနတ်ဘုရားတောင်ကြားကို ဖယ်ရှားချင်သော်လည်း နောက်ဆုံးမှာတော့ သူတို့ကိုယ်တိုင် ဒုက္ခရောက်ခဲ့ကြရပြီ။ ပြိုင်ပွဲမစတင်မီက ကောင်းကင်နတ်ဘုရားဂိုဏ်းမှာ ဤအခြေအနေကို အိပ်မက်ပင် မမက်ခဲ့‌ပေ။

"ကျန်တာ မင်းတို့အတွက် ထားလိုက်မယ်"

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူငယ်ခေါင်းဆောင်က ကောင်းကင်နတ်ဆိုးဂိုဏ်းကို ကြည့်လိုက်သည်။

"ဝှစ်"

ကောင်းကင်နတ်ဆိုးဂိုဏ်းမှ နတ်ဆိုးဓားသွားတစ်လက်ကို ကျောမှာလွယ်ပိုးထားသော လူငယ်တစ်ယောက် ပြေးထွက်လာ၏။ သူ့ထံမှ အားကောင်းသော နတ်ဆိုးအငွေ့အသက်များလည်း ထွက်ပေါ်နေတော့သည်။

"ဒါက မော့ရှန်းပဲ"

တစ်ယောက်ယောက်က ထိုလူကို မှတ်မိခဲ့သည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းတွင်၊‌ မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာနှင့် ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေသော ပါရမီရှင်နှစ်ဦး ရှိ၏။

‌တစ်ဦးက မော့ဟဲဖြစ်ပြီး ကျန်တစ်ဦးမှာ မော့ရှန်းဖြစ်တော့သည်။

မော့ရှန်းက ရွယ်နင်ရှင်းကို တိုက်ရိုက်ကြည့်ပြီး ပြောလိုက်သည်။

"ငါ မင်းကို စိန်ခေါ်တယ်"

လူအများလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ မျှော်လင့်ထားသည့်အတိုင်း ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းက သူတို့၏ အသန်မာဆုံး ပါရမီရှင်များကို စေလွှတ်နေကြပြီ။

ရွယ်နင်ရှင်းလည်း တိုက်ပွဲကွင်းပြင်ပေါ်သို့ တက်လာခဲ့သည်။

"သတ်"

နတ်ဆိုးဓားကို မထုတ်ယူရသေးသော်လည်း နတ်ဆိုးအငွေ့အသက်များက ကောင်းကင်သို့ ထိုးတက်သွား၏။

"ဂါး"

ရွယ်နင်ရှင်းလည်း သူမ၏ မူလခန္ဓာကိုထုတ်ဖော်ပြီး နှင်းနဂါးအဖြစ် ပြောင်းလဲသွားတော့သည်။

နှစ်ဦးသား ပြင်းပြင်းထန်ထန် စတင် တိုက်ခိုက်ခဲ့ကြသည်။

ဤတိုက်ပွဲက ထျန်းချွေးနှင့် လွမ်ရင်တို့၏ တိုက်ပွဲနှင့်မတူပေ။ ဤတိုက်ပွဲကား ထိပ်တိုက်ရင်ဆိုင်ခြင်းဖြစ်ပြီး ပို၍ တိုက်ရိုက်ဆန်ကာ ကြမ်းတမ်းလွန်းလှသည်။

ရွယ်နင်ရှင်းက သွေးသန့်စင်သော အစစ်အမှန်နဂါး ဖြစ်သည်။ သူမက အစစ်အမှန်နဂါးများကြားမှာပင် ပါရမီရှင်တစ်ဦးဟု ဆို၍ရ၏။ သူမ၏ နဂါးခန္ဓာက အဆင့်မြင့် ဝိညာဉ်ခန္ဓာကဲ့သို့ အားကောင်းပြီး မော့ရှန်းနှင့် လက်ရည်ညီပေသည်။

နှစ်ဦးသား တိုက်ကွက်နှစ်ရာကျော် ရင်ဆိုင်ခဲ့၏။ နောက်ဆုံးတွင် ရွယ်နင်ရှင်းက အနည်းငယ် အသာစီးရပြီး မော့ရှန်းမှာ တိုက်ပွဲကွင်းပြင်မှ ပြုတ်ကျသွားတော့သည်။ သို့ရာတွင်၊ ရွယ်နင်ရှင်းလည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ သူမ၏ ဒဏ်ရာများက ထျန်း‌ချွေးထက်ပင် ပို၍ ဆိုးရွားခဲ့သေးသည်။

ရွယ်နင်ရှင်းလည်း တိုက်ပွဲကွင်းပြင်မှ ဆုတ်ခွာပြီး သူ့ကိုယ်သူ ပြန်လည်ကုသလိုက်သည်။

ဤသို့ဖြင့်၊ နဂါးနတ်ဘုရားတောင်ကြားက ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ထိပ်တန်းကျွမ်းကျင်သူကို အနိုင်ယူပြီး နောက်ထပ်တိုက်ပွဲတစ်ခုကို အနိုင်ရခဲ့၏။

နဂါးနတ်ဘုရားတောင်ကြားက နောက်ဆုံး ကျန်ရှိသောသူ ဖြစ်လာတော့မည်လော။

လူတချို့၏ စိတ်ထဲတွင် ထိုသို့‌သောအတွေးမျိုး ပေါ်လာခဲ့ကြသည်။

စိန်ခေါ်မှုများက ဆက်လက်ဖြစ်ပေါ်နေပြီး မကြာမီ ကောင်းကင်အဆိပ်ဂိုဏ်း၏ အလှည့် ရောက်လာခဲ့ပေသည်။

"ဝှစ်"

ကောင်းကင်အဆိပ်ဂိုဏ်းမှ ဝူချမ်တုက မတ်တပ်ထရပ်ပြီး တိုက်ပွဲကွင်းပြင်ပေါ်သို့ တက်လာခဲ့သည်။

ကောင်းကင်အဆိပ်ဂိုဏ်းတွင်လည်း ထိပ်တန်းကျွမ်းကျင်သူ နှစ်ဦး ရှိ၏။ ဝူချမ်တုက ကောင်းကင်အဆိပ်ဂိုဏ်း၏ လူငယ်ခေါင်းဆောင်ဖြစ်ပြီး ယခုတစ်ကြိမ်တွင် သူကိုယ်တိုင် တိုက်ခိုက်ပေတော့မည်။

ဝူချမ်တုက ဟန်ရွှင်းနှင့် လုမင်ကို တစ်လှည့်စီကြည့်လိုက်သည်။

စည်းမျဉ်းများအရ ထျန်းချွေးနှင့် ရွယ်နင်ရှင်းဟာ ယခုလေးတင် တိုက်ခိုက်ခဲ့သူများဖြစ်၍ သူတို့ကို ချက်ချင်း စိန်မခေါ်နိုင်သေးပေ။ သို့ဖြစ်ပေရာ လုမင်နှင့် ဟန်ရွှင်းအား စိန်ခေါ်ပြီးမှ ရွယ်နင်ရှင်းနှင့် ထျန်းချွေးတို့ကို စိန်ခေါ်နိုင်မည် ဖြစ်သည်။

အဆုံးတွင်၊ ဝူချမ်တု၏အကြည့်က လုမင်ဆီသို့ ကျရောက်သွားသည်။

"လုမင်၊ နောက်ဆုံးအကြိမ်က မင်းရဲ့ သူတော်စင်ရတနာကြောင့် မင်း လွတ်မြောက်သွားခဲ့တာ။ အခုဆင်းလာပြီး မင်းရဲ့ သေခြင်းတရားကို လက်ခံလိုက်တော့"

ဝူချမ်တုက အေးစက်စက်ဖြင့် ပြောလိုက်သည်။

နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ချိန်တွင်၊ လုမင်က အတောင်ပံနက်များကို အသုံးပြုပြီး သူ၏အဆိပ်ငွေ့များကို ဟန့်တားရန် လေပြင်းများအား ဖန်တီးခဲ့သည်။ ယခုမူကား သူတော်စင်ရတနာကို အသုံးမပြုနိုင်တော့ပေ။ ထို့ကြောင့် သူ၏ အဆိပ်ငွေ့များကို လုမင် မည်သို့ ခုခံကာကွယ်မလဲဟု သူ သိချင်မိသည်။

"သေချင်နေတဲ့ နောက်တစ်ယောက် ရောက်လာပြီ"

လုမင်က လျစ်လျူရှုစွာ ပြုံးလိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး တိုက်ပွဲကွင်းပြင်ပေါ်သို့ ဆင်းသက်လိုက်၏။

"ဝမ်"

လုမင် ခြေချလိုက်သည်နှင့်တပြိုင်နက် ဝူချမ်တုက ချက်ချင်း တိုက်ခိုက်တော့သည်။ ပြည့်သိပ်နေသော အဆိပ်ပိုးမွှားများက ကောင်းကင်နှင့် နေကို ဖုံးလွှမ်းထားနိုင်သော တိမ်မည်းများကဲ့သို့ လုမင်ကို ဝိုင်းအုံလာခဲ့သည်။

"ဝမ်"

လုမင်က ကစဉ့်ကလျားတာအိုနယ်မြေကို ဖျန့်ကျက်ပြီး အဆုံးမဲ့ အဆိပ်အင်းဆက်များကို ဖုံးအုပ်လိုက်သည်။

"မီး"

လုမင်က ခပ်တိုးတိုးလေး ပြောလိုက်၏။ ကစဉ့်ကလျားတာအိုနယ်မြေက မီးလျှံတာအိုနယ်မြေအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

စူးရှသော အသံများကို ကြားလာရပြီး မရေမတွက်နိုင်သော အဆိပ်ပိုးကောင်များ မီးလောင်ပြာကျသွားသည်။

သို့သော်၊ ထိုအခိုက်တွင် ဝူချမ်တုက သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ ဖားများ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာ၏။ ဖားများ၏ ကျောကုန်းက အဖုအပိန့်များ ပြည့်နှက်နေပြီး ရွံ့ရှာဖွယ် အနံ့အသက်များကလည်း လုမင်ထံသို့ ပျံ့နှံ့လာတော့သည်။

ဖားများက အဆိပ်ရေများကို လုမင်ဆီသို့ ထွေးထုတ်လိုက်ကြသည်။

အဆိပ်ရေများက ကစဉ့်ကလျားတာအိုနယ်မြေထဲသို့ ကျရောက်သွားသော်၊ သံသံချင်း တိုက်စားသကဲ့သို့ အသံမျိုး အမှန်တကယ် ထွက်ပေါ်လာ၏။

"သတ်"

တစ်ချိန်တည်းမှာပင်၊ ဝူချမ်တုက တိုက်ခိုက်လိုက်သည်။ သူ့လက်ထဲတွင် ပျော့ပျောင်းသော ကြာပွတ်တစ်ချောင်း ပေါ်လာ၏။ အဆိပ်ဆူးများဖြင့် ပြည့်နှက်နေသော ကြာပွတ်ရိုက်ချက်က လုမင်ဆီသို့ တိုးဝင်သွားတော့သည်။

"ဝုန်း၊ ဝုန်း"

လုမင်သည်လည်း အတားအဆီးမဲ့သော ကောင်းကင်သိုင်းဖြင့် ဖားများနှင့် ကြာပွတ်ဆီသို့ လက်သီးချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်သည်။

သို့ရာတွင်၊ လုမင်၏လက်သီးချက်က ဖားများကို ထိမှန်သောအခါ သူတို့၏ခန္ဓာကိုယ်များက အမှန်တကယ် ပေါက်ကွဲသွားကြသည်။ ထို့နောက် အော်ဂလီဆန်ဖွယ် အနံ့အသက်များ ထွက်ပေါ်နေသော အရည်များအဖြစ် ပြောင်းလဲပြီး လုမင်ဆီသို့ ဖြန်းပက်သွား၏။ ဤအနံ့ကို ရှူလိုက်မိရုံဖြင့် လုမင်မှာ အနည်းငယ် မူးဝေသွားသလို ခံစားလိုက်ရတော့သည်။

ယွမ်ချီစွမ်းအင်ကို လှည့်ပတ်လိုက်မှ သူ ပြန်သတိဝင်လာခဲ့သည်။

'ကြောက်စရာကောင်းလိုက်တဲ့ အဆိပ်'

လုမင် သူ့စိတ်ထဲမှ တွေးလိုက်မိသည်။

"ဝမ်၊ ဝမ်"

ဝူချမ်တု၏ ခန္ဓာကိုယ်မှ အဆိပ်ပိုးကောင်များစွာ ထွက်ပေါ်လာပြန်သည်။ ထို့ပြင် ဖားများနှင့် အဆိပ်မြွေများလည်းရှိ၏။ သူကိုယ်တိုင်ကလည်း ပျော့ပျောင်းသော ကြာပွတ်ဖြင့် လုမင်ကို လျင်မြန်သွက်လက်စွာ ရိုက်ချလိုက်တော့သည်။

"သတ်"

လုမင်က နတ်ဓားကျင့်စဉ်ကို အသုံးပြုပြီး ရုတ်တရက် အော်ဟစ်လိုက်သည်။ လုမင်၏ မျက်လုံးမှ မမြင်နိုင်သော ဓားနှစ်လက် ထွက်ပေါ်လာပြီး ဝူချမ်တုထံသို့ တိုးဝင်သွား၏။

သို့သော်လည်း ထိုအချိန်တွင် ဝူချမ်တု၏ ခန္ဓာကိုယ်ပေါ်မှာ အဆိပ်ပိုးကောင်အလွှာတစ်ခုက ချပ်ဝတ်တစ်ခုကဲ့သို့ ထွက်ပေါ်လာခဲ့သည်။ နတ်ဓားကျင့်စဉ်က အဆိပ်ပိုးကောင်အများအပြားကို သတ်ခဲ့သော်လည်း ဝူချမ်တုမှာတော့ ထိခိုက်မှုတို့မရှိခဲ့ပေ။

"မင်းရဲ့ စိတ်ဝိညာဉ်တိုက်ခိုက်မှုက သာမန် အကာကွယ်တွေကို လျစ်လျူရှုပြီး နတ်ဘုရားဝိညာဉ်ကိုတောင် တိုက်ခိုက်နိုင်တယ်။ ဒါပေမဲ့ ငါ့ရဲ့ ဒီပိုးကောင်တွေမှာ ဝိညာဉ်ရှိတယ်ကွ။ မင်းရဲ့ ဝိညာဉ်တိုက်ခိုက်မှုက သူတို့ကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး။ နောက်ဆုံးတစ်ခေါက်က မင်း အသုံးပြုပြီးကတည်းက ငါ အဆင်သင့်ပြင်ထားခဲ့တာ၊ ဟားဟားဟား"

ဝူချမ်ဝုက လှောင်ပြောင်ရယ်မောလိုက်သည်။

'ကြည့်ရတာ ဒီစိတ်ဝိညာဉ်တိုက်ခိုက်မှုက အကြွင်းမဲ့ အစွမ်းထက်ပုံမရဘူး။ အားနည်းချက်တွေ ရှိနေတုန်းပဲ'

လုမင် သူ့စိတ်ထဲမှ တွေးလိုက်မိလေသည်။

All Chapters