အခန်း ၁၅၃၈
Vol. 103 Ch. 1538
အပိုင်း ( 1348 ) လုမင်တစ်ဦးတည်းသာ ကျန်တော့သည်။
မော့ဟဲက ထျန်းချွေးနှင့် ရွယ်နင်ရှင်းကို စိန်ခေါ်လိုကြောင်း ထင်ရှားသည်။
အဆုံးတွင် မော့ဟဲက ရွယ်နင်ရှင်းကို စိုက်ကြည့်ပြီး အေးစက်စက် အော်လိုက်၏။
"ထွက်ခဲ့စမ်း"
"ဟမ့်"
ရွယ်နင်ရှင်းလည်း နှာခေါင်းတစ်ချက်ရှုံ့ပြီး ရှေ့သို့ထွက်လိုက်သည်။
"ဆရာတူအစ်မ၊ သတိထားပါ"
လုမင် ပြောလိုက်သည်။
ရွယ်နင်ရှင်း ခေါင်းညိတ်ပြပြီး တိုက်ပွဲစင်မြင့်ပေါ်သို့ တက်သွား၏။
"ဒီတိုက်ပွဲမှာ ငါ မင်းကိုသတ်မယ်"
မော့ဟဲထံမှ အားကောင်းသော နတ်ဆိုးအငွေ့အသက်များ ပေါက်ကွဲထွက်လာခဲ့သည်။ သူ့နောက်ကျောမှ နတ်ဆိုးဓားက ဓားအိမ်ထဲမှ အလိုအလျောက်ထွက်လာပြီး ရွယ်နင်ရှင်းကို ခုတ်ချလိုက်၏။
"ဂါး"
ရွယ်နင်ရှင်းလည်း ဟိန်းဟောက်ပြီး မူလခန္ဓာ နဂါးအသွင် ပြောင်းလဲလိုက်တော့သည်။ သူမက ပါးစပ်ကိုဟပြီး ဓားသွားဆီသို့ အေးစက်သောလေများ ချက်ချင်း မှုတ်ထုတ်လိုက်သည်။
"ဝုန်း"
နှစ်ဖက် ပြင်းထန်စွာ တိုက်မိပြီးနောက် ရွယ်နင်ရှင်း၏ ခန္ဓာကိုယ်လေးက တုန်ခါပြီး နောက်သို့ ဆုတ်သွားရသည်။
ရွယ်နင်ရှင်းမှာ ယခင်တိုက်ပွဲတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ထိုဒဏ်ရာများက အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်နိုင်ရန် ခက်၏။ ထို့ကြောင့် တိုက်ပွဲစတင်သည်နှင့် အားနည်းချက်တစ်ခု ရှိနေတော့သည်။
"ခွဲခြမ်းခြင်း နတ်ဆိုးဓား"
မော့ဟဲ၏လက်ထဲမှ နတ်ဆိုးဓားက သူ၏ တာအိုနယ်မြေနှင့်ပေါင်းစပ်ပြီး ထပ်မံ ခုတ်ပိုင်းချလိုက်သည်။
ခွဲခြမ်းခြင်းနတ်ဆိုးဓားမှာ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အန္တိမနည်းလမ်းတစ်ခု ဖြစ်သည်။ ယင်းက အရာအားလုံးကို ဓားတစ်ချက်တည်းဖြင့် ခွဲနိုင်သည်ဟု ဆိုပေသည်။
နှင်းပွင့်များက ရွယ်နင်ရှင်း၏ အနီးတစ်ဝိုက်တွင် ပေါ်လာပြီး လေကိုဖြတ်၍ နတ်ဆိုးဓားချက်ဆီသို့ ပျံသန်းသွားသည်။
သို့သော်၊ နှင်းပွင့်များက ခွဲခြမ်းခြင်း နတ်ဆိုးဓားနှင့် တိုက်မိသောအခါ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။
"ထန်၊ ထန်"
နှင်းပွင့်များက နတ်ဆိုးဓားသွားနှင့် တိုက်မိပြီးနောက် သံသံချင်း ထိခတ်သံများ ထွက်ပေါ်လာခဲ့သည်။ သို့သော်၊ နှင်းပွင့်များ ပြိုကျသည့်တိုင် နတ်ဆိုးဓား၏ စွမ်းအားမှာလည်း လျင်မြန်စွာ အားနည်းလာတော့သည်။
"ခုတ်"
မော့ဟဲက ဟိန်းဟောက်ပြီး ထပ်မံ ခုတ်ပိုင်းချလိုက်သည်။
ထို့နောက် ထပ်မံ ခုတ်ပိုင်းလိုက်၏။
ဓားချက်များ တစ်ချက်ပြီးတစ်ချက် ထုတ်ဖော်လိုက်တိုင်း စွမ်းအားက ကောင်းကင်ကြီးကို ခွဲခြမ်းနိုင်သလို ဓားအလင်းများ ထွက်ပေါ်လာတော့သည်။
ရွယ်နင်ရှင်းလည်း နဂါးလက်များနှင့် ဓားအလင်းများကို ကုပ်ဆွဲလိုက်၏။
"ဝုန်း၊ ဝုန်း"
နှစ်ဦးသား ဆယ်ကြိမ်ထက်မနည်း ထိပ်တိုက်ရင်ဆိုင်ကြပြီး ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။
သို့ရာတွင်၊ တဖြည်းဖြည်းနှင့် ရွယ်နင်ရှင်း အရေးနိမ့်လာခဲ့သည်။ သူမ၏ ဒဏ်ရာများ ပြင်းထန်သောကြောင့် ခွန်အားအပြည့် အသုံးမချနိုင်ခဲ့ပေ။
"ခွမ်း"
နဂါးအကြေးခွံများက နေရာအနှံ့သို့ လွင့်စဉ်ကြွေကျကုန်သည်။ ရွယ်နင်ရှင်း၏ ခန္ဓာကိုယ်ပေါ်တွင် နက်နဲပြီး ရှည်လျားသော ဒဏ်ရာများ ပေါ်လာ၏။ သူမ၏ နှင်းဖြူရောင်နဂါးခန္ဓာမှာ အနီရောင်သွေးများဖြင့် ရဲနေတော့သည်။
"သေ"
မော့ဟဲက ရွယ်နင်ရှင်း၏ခေါင်းကိုရွယ်ပြီး ဓားချက်များ ထုတ်ဖော်လိုက်သည်။
ရွယ်နင်ရှင်းက လျင်မြန်စွာ ဆုတ်လိုက်သော်လည်း အနည်းငယ် နောက်ကျခဲ့သေးသည်။ သူမ၏ မျက်ခုံးနှစ်ခုကြားတွင် ဒဏ်ရာတစ်ခု ကျန်ခဲ့သည်။
ရွယ်နင်ရှင်းမှာ မူလကတည်းက ဒဏ်ရာပြင်းထန်နေပြီးသား ဖြစ်သည်။ ယခုကဲ့သို့ ဒဏ်ရာများရရှိသောအခါ သူမ၏ တိုက်ခိုက်နိုင်စွမ်းက အားနည်းသည်ထက် အားနည်းလာ၏။ မော့ဟဲကို သူမ မယှဉ်နိုင်တော့ပေ။
"ဆရာတူအစ်မ၊ တိုက်ပွဲကွင်းပြင်ကနေ ထွက်တော့"
လုမင်လည်း အသံပို့လွှတ်ပြီး ရွယ်နင်ရှင်းကို ပြောလိုက်သည်။
ဤအတိုင်းသာဆက်သွားရင် ရွယ်နင်ရှင်း၏ အသက် အန္တရာယ်ရှိလိမ့်မည်။
"ဂါး"
ရွယ်နင်ရှင်းက လက်မလျှော့ချင်သလို အော်ဟစ်လိုက်သည်။ သို့သော်လည်း မော့ဟဲနှင့် တိုက်ခိုက်မှုတစ်ခု ဖလှယ်ပြီးနောက် လှည့်ထွက်ရန် ကြိုးစားတော့သည်။
"မင်းထွက်သွားချင်တာလား၊ ဒီမှာပဲ နေ"
မော့ဟဲ၏ နတ်ဆိုးအငွေ့အသက်က ပို၍ ကြောက်စရာကောင်းလာခဲ့သည်။ သူက ကောင်းကင်သို့တက်ပျံပြီး ဓားချက် ထုတ်ဖော်လိုက်၏။ ရွယ်နင်ရှင်း၏ ဦးတည်ရာလမ်းကြောင်းကို ပိတ်ဆို့ထားသော ဓားအလင်းရှစ်ခု ထွက်ပေါ်လာတော့သည်။
ရွယ်နင်ရှင်း၏ နဂါးလက်များက မြေပြင်ကို နင်းချလိုက်သည်နှင့် မြေပြင်တစ်ခုလုံးမှာ ရေခဲများ ချက်ချင်း ဖုံးလွှမ်းသွားသည်။ ရေခဲဓားများလည်း ပြေးထွက်လာပြီး နတ်ဆိုးဓားသွားများဆီသို့ ဝင်ရောက်သွား၏။
"ခွမ်း၊ ခွမ်း"
ကံမကောင်းစွာဖြင့်၊ ရွယ်နင်ရှင်း၏ ရေခဲဓားများက နတ်ဆိုးဓားသွားများကိုတားဆီးရန် အားနည်းလွန်းလှသည်။ နတ်ဆိုးဓားသွားများက သူ့ခန္ဓာအား လှီးဖြတ်သွားပြီး သူမ၏ နဂါးလက်သည်းတစ်ဖက်သည်ပင် ပြတ်တောက်လုနီး ဖြစ်သွားတော့သည်။
"မင်းမလွတ်နိုင်ဘူး။ နတ်ဆိုးနဂါးတံဆိပ်တော်"
မော့ဟဲက အေးစက်စက် ပြောလိုက်သည်။ သူက လက်ဟန်သင်္ကေတတစ်ခု ပြုလုပ်လိုက်ရာ အနက်ရောင်နတ်ဆိုးနဂါးကြီးတစ်ကောင် ထွက်ပေါ်လာပြီး ရွယ်နင်ရှင်းဆီသို့ ပျံသန်းသွား၏။
အနက်ရောင်နဂါးနှင့် အဖြူရောင် နဂါးတစ်ကောင်က တိုက်ပွဲကွင်းပြင်တွင် တိုက်ခိုက်ခဲ့ကြသည်။ ထိုအချိန်တွင် မော့ဟဲက နတ်ဆိုးဓားဖြင့် ဝင်ရောက်တိုက်ခိုက်၏။ အနည်းငယ် လှုပ်ရှားပြီးနောက် ရွယ်နင်ရှင်း၏ ဒဏ်ရာများမှာ ပို၍ပင် ပြင်းထန်လာတော့သည်။
"ချိုးဖြတ်လော့"
အဆုံးတွင်၊ ရွယ်နင်ရှင်းက ဟိန်းဟောက်လိုက်သည်။ သူမ၏ နဂါးခန္ဓာက လျင်မြန်စွာ ကျုံ့သွားပြီး ရေခဲအလွှာ ဖုံးအုပ်ထားသော ရေခဲဓားတစ်လက်ကဲ့သို့ ဖြစ်လာတော့သည်။
"ဝုန်း"
ရေခဲဓားက မော့ဟဲ၏ နတ်ဆိုးဓားနှင့် တိုက်မိသွားသည်။ နောက်ဆုံးတွင်၊ ရေခဲဓားက နတ်ဆိုးဓား၏အဝေးသို့ လွင့်ထွက်သွားပြီး တိုက်ပွဲစင်မြင့်အစွန်းသို့ ရောက်ရှိသွား၏။ ထိုအချိန်တွင် ရွယ်နင်ရှင်း၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော ရေခဲများ ပြိုကျသွားတော့သည်။
ရွယ်နင်ရှင်း၏ အရှိန်အဝါက ပို၍ပင် အားနည်းလာခဲ့သည်။ ထို့နောက် တိုက်ပွဲစင်မြင့်မှ ပြေးထွက်လိုက်၏။
တိုက်ပွဲစင်မြင့်မှ ထွက်လိုက်နိုင်ပြီးမှ သူမ သက်ပြင်းတစ်ချက်ကို ချလိုက်မိတော့သည်။
"သေစမ်း"
တိုက်ပွဲစင်မြင့်တွင် မော့ဟဲက ဟိန်းဟောက်လိုက်သည်။ သူ့မျက်လုံးများက ရက်စက်ကြမ်းကြုတ်ပြီး အေးစက်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။ သူက နတ်ဆိုးဓားဖြင့် ရွယ်နင်ရှင်း၏ဦးခေါင်းကို ခုတ်ပိုင်းလိုက်တော့သည်။
ရွယ်နင်ရှင်းမှာ တိုက်ပွဲကွင်းပြင်မှ ထွက်လာပြီး၍ တိုက်ပွဲပြီးသွားသည့်အတွက် စိတ်လျှော့ကာ ယွမ်ချီစွမ်းအင်ကိုပင် ရုတ်သိမ်းလိုက်ပြီးပြီ ဖြစ်သည်။ မော့ဟဲကို ဤမျှ စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး သူ့အား ထပ်မံတိုက်ခိုက်မည်ဟု မမျှော်လင့်ခဲ့ပေ။
ရွယ်နင်ရှင်းအတွက် ဤတိုက်ခိုက်မှုကို ရှောင်တိမ်းရန် အချိန်မရှိတော့ပါ။
"မင်း သေချင်နေတာပဲ"
ပွဲကြည့်စင်မြင့်ပေါ်တွင် လုမင် ဟိန်းဟောက်လိုက်သည်။ ယွမ်ချီစွမ်းအင် ပေါက်ကွဲထွက်ပြီး အနက်ရောင်တောင်ပံများကလည်း သူ့နောက်ကျောမှ ပြန့်ကားလာ၏။ အတောင်ပံခတ်သံနှင့်အတူ၊ သူ့ပုံရိပ်က ရွယ်နင်ရှင်း၏ဘေးတွင်ပေါ်လာပြီး နတ်ဆိုးဓားကို ဟန့်တားလိုက်တော့သည်။
"လုမင်၊ မင်းဘာလုပ်နေတာလဲ။ မင်းက တိုက်ပွဲအတွင်းမှာ ဝင်ရောက်စွတ်ဖက်တဲ့အပြင် သူတော်စင်လက်နက်ကိုတောင် အသုံးပြုခဲ့သေးတယ်။ မင်း စည်းမျဥ်းတွေကို ချိုးဖျက်လိုက်တာပဲ"
သူ့ဓားချက်ကို လုမင်က ပိတ်ဆို့ထားကြောင်း မြင်ရပြီးနောက် မော့ဟဲ ဒေါသပေါက်ကွဲသွားခဲ့သည်။
"ပါးစပ်ပိတ်ထားစမ်း၊ ဘယ်သူက စည်းကမ်းဖောက်တာလဲ။ ဆရာတူအစ်မက တိုက်ပွဲစင်မြင့်ကနေ ထွက်ခွာပြီး မြေပြင်ပေါ်ကိုတောင် ဆင်းနေပြီ။ သူ ရှုံးသွားပြီကွ။ ဒါကြောင့် တိုက်ပွဲက ပြီးသွားပေမဲ့ မင်းက သူ့ကို သတ်ချင်နေသေးတယ်။ အခု စည်းကမ်းဖောက်တဲ့သူက မင်းလား၊ ငါလား"
လုမင်လည်း အေးစက်စက်ဖြင့် မော့ဟဲကို စိုက်ကြည့်လိုက်သည်။
အကယ်၍၊ သူသာ သူတော်စင်ရတနာကို အသုံးပြုပြီး အလျင်အမြန် မလှုပ်ရှားပါက ရွယ်နင်ရှင်းအသက် အန္တရာယ်ရှိလိမ့်မည်။
"အိုး၊ သူ့ခြေထောက်က မြေပြင်ပေါ် ကျသွားတာလား။ ငါ မတွေ့လိုက်ဘူး"
မော့ဟဲက ပခုံးတွန့်လိုက်သည်။
လုမင် ဘာမျှမပြောတော့ပေ။ သူက အေးစက်စက် သတ်ဖြတ်ချင်စိတ်တို့ဖြင့်သာ မော့ဟဲကို စိုက်ကြည့်လိုက်သည်။
မော့ဟဲကို သူ သတ်ကိုသတ်ရတော့မည်။
"ဆရာတူအစ်မ၊ သွားရအောင်"
လုမင်လည်း ရွယ်နင်ရှင်းကိုဖေးမပြီး ပွဲကြည့်ပရိသတ်စင်မြင့်သို့ ခေါ်ဆောင်သွားခဲ့သည်။
"ကျေးဇူးတင်ပါတယ် ဆရာတူမောင်လေး"
ရွယ်နင်ရှင်းလည်း လူသားပုံစံသို့ ပြန်ပြောင်းလိုက်လေသည်။ သို့တိုင်၊ သူမ၏မျက်နှာက အနည်းငယ်ဖြူဖျော့နေဆဲ ဖြစ်သည်။
"ဆရာတူအစ်မ၊ သိပ်ယဉ်ကျေးနေစရာ မလိုပါဘူး။ ငါမင်းအတွက် လက်စားချေဖို့ မော့ဟဲကို သတ်မယ်"
လုမင် အံကြိတ်ပြီး ပြောလိုက်သည်။
"ဆရာတူမောင်လေးကို ငါ ယုံပါတယ်"
ရွယ်နင်ရှင်း ပြုံးလိုက်လေသည်။ ထို့နောက် ဒဏ်ရာကုသဆေးများ သောက်သုံးပြီး သူ့ကိုယ်သူ ပြန်လည်ကုသလိုက်သည်။
စိန်ခေါ်မှုများ ဆက်လက်ပြုလုပ်နေခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း၊ ကောင်းကင်အဆိပ်ဂိုဏ်းအလှည့် ရောက်သောအခါ ကောင်းကင်အဆိပ်ဂိုဏ်းမျ ကျွမ်းကျင်သူက ထျန်းချွေးအား စိန်ခေါ်ခဲ့သည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းကဲ့သို့ပင် ကောင်းကင်အဆိပ်ဂိုဏ်းမှာလည်း ထိပ်တန်းကျွမ်းကျင်သူ နှစ်ဦး ရှိ၏။
ထိုအထဲမှ ဝူချမ်တုမှာ လုမင်၏ အသတ်ခံခဲ့ရသောကြောင့် ယခုတော့ တစ်ဦးတည်းသာ ကျန်တော့သည်။ ထို့ကြောင့် ကောင်းကင်အဆိပ်ဂိုဏ်းမှာ လုမင်ကို လွန်စွာမုန်းတီးပြိး ဝူချမ်တုအတွက် လက်စားချေရန်အတွက် ထျန်းချွေးကို ဦးစွာသတ်ပစ်ချင်ခဲ့သည်။
သို့သော်လည်း ထျန်းချွေး၏ ဒဏ်ရာများက ရွယ်နင်ရှင်းထက် သက်သာသည်။ ထို့အပြင်၊ ထျန်းချွေးက အရိုင်းနဂါးခန္ဓာကို လေ့ကျင့်ထားသောကြောင့် သူ၏ခုခံအားက အားကောင်းခဲ့သည်။
သို့သော်လည်း ထျန်းချွေးမှာ ဒဏ်ရာရရှိထားသောကြောင့် ပြိုင်ဘက်ကို ရင်မဆိုင်နိုင်တော့ပေ။ တိုက်ကွက်တစ်ရာကျော် ရင်ဆိုင်ပြီးနောက် စင်ပေါ်မှ ပြုတ်ကျသွားခဲ့သည်။
ထျန်းချွေး ရှုံးနိမ့်သွားပြီးနောက် နဂါးနတ်ဘုရားတောင်ကြားဖက်တွင် လုမင် တစ်ဦးတည်းသာ ကျန်တော့သည်။
မရေမတွက်နိုင်သော အကြည့်များက နဂါးနတ်ဘုရားတောင်ကြား၏ စင်မြင့်နှင့် လုမင်အပေါ်သို့ ကျရောက်လာခဲ့သည် ။
ယခုအခါ၊ နဂါးနတ်ဘုရားတောင်ကြားမှာ လုမင် တစ်ဦးတည်းသာ ကျန်တော့သည်။ သူ မည်ကဲ့သို့ ဆက်လက်တိုက်ခိုက်မည်နည်း။