အခန်း ၁၅၄၁
Vol. 103 Ch. 1541
အပိုင်း ( 1541 ) တစ်ဦးတည်း ရပ်တည်သည်။
"လုမင်၊ ဒီသူတော်စင်ရတနာက မင်းရဲ့ တိုက်ပွဲအောင်နိုင်မှုတွေပဲ။ ယူလိုက်"
နဂါးနတ်ဘုရားတောင်ကြား၏ သူတော်စင်နယ်ပယ် အကြီးအကဲက ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ"
လုမင်လည်း မယဉ်ကျေးတော့ဘဲ သူတော်စင်ရတနာ မျှော်စင်လေးကို သိမ်းယူလိုက်၏။ ဟုတ်သည်၊ သူက မော့ဟဲ၏ သိုလှောင်လက်စွပ်ကိုလည်း သိမ်းထားခဲ့သေးသည်။ ထိုအရာများက သူ၏ တိုက်ပွဲမှ အောင်နိုင်မှုများဖြစ်သည်။
"ဟမ့်"
ကောင်းကင်နတ်ဆိုးဂိုဏ်းမှ အကြီးအကဲလည်း အေးစက်စက်ဖြင့် လုမင်ကိုကြည့်ပြီး သူ၏အဆောင်သို့ ပြန်သွားတော့သည်။
တခြားဂိုဏ်းများမှ အကြီးအကဲများသည်လည်း သူတို့၏ အဆောင်များဆီသို့ ပြန်သွားခဲ့ကြသည်။
"လုမင်၊ မင်း ကောင်းကောင်းလုပ်ခဲ့ပြီး ဒီတစ်ကြိမ်မှာ ကောင်းကျိုးအများကြီး ဆောင်ခဲ့တာပဲ။ ဂိုဏ်းက မင်းကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပါလိမ့်မယ်"
နဂါးနတ်ဘုရားတောင်ကြားမှ သူတော်စင်နယ်ပယ် အကြီးအကဲက ပြုံးပြီး ပြောလိုက်သည်။
ယင်းက ဟဲယွိ၊ ရင်ချန်နှင့် အခြားသူများအား မနာလိုဖြစ်စေခဲ့လေသည်။
လုမင်လည်း ပြုံးပြီး အမှတ်စဉ်တစ်ဆယ် စင်မြင့်သို့ ပြန်လာခဲ့သည်။ ထို့နောက် တင်ပျဉ်ခွေထိုင်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်ကြမ်းများ ပေါ်လာ၏။ လုမင်လည်း ကျောက်ကြမ်းများကို ဝါးမျိုရင်း စွမ်းအင်ပြန်လည်ဖြည့်တင်းလိုက်တော့သည်။
လုမင်ဟာ ယခင်တိုက်ပွဲတွင် စွမ်းအင်များစွာ အသုံးပြုခဲ့ရသည်။ သူ့တွင် ယွမ်ချီစွမ်းအင် များများမကျန်တော့ပေ။
ပရိသတ်အားလုံးကတော့ လုမင်ကို ကြောက်လန့်တကြားဖြင့် ကြည့်နေကြ၏။
ဤတင်းပေါင်ညီလာခံတွင် ထိပ်တန်း ပါရမီရှင် သုံးဦးမှာ လုမင်၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
မော့ဟဲသည်လည်း သူတော်စင်ရတနာကို အသုံးမပြုပါက လုမင်၏ သတ်ခြင်းကို ခံရပေလိမ့်မည်။ ထို့ကြောင့် သူ့ကို လုမင် သတ်ပစ်လိုက်သည်ဟု ဆိုနိုင်သည်။
ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းတို့မှ ထိပ်တန်းပါရမီရှင်သုံးဦး။
ယင်းက ဆုံးရှုံးမှုကြီးတစ်ခုပင်။
ယခင်က တင်းပေါင်ညီလာခံများတွင် ထိုသို့သော အခြေအနေမျိုး ဖြစ်ခဲသည်။
ထို့အပြင်၊ လုမင်၏ ကျင့်ကြံခြင်းအခြေခံက စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်၏ အထွတ်အထိပ်တွင်သာ ရှိသေးသည်။ ဤရလဒ်မျိုးကို သူရရှိခဲ့တာက အံ့ဖွယ်ကောင်းလှသည်။
တင်းပေါင်ညီလာခံတွင် ပါဝင်လာသော သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်မှ ထိပ်တန်းပါရမီရှင်များက သတ်ရန် အလွန်ခက်ခဲသည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင် လုမင်က လူသုံးဦးအထိ သတ်ခဲ့ပြီ။
ထိုအချိန်က၊ နတ်ဘုရားသားတော်၏ ကျင့်ကြံခြင်းအခြေခံမှာ ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သို့တိုင်၊ တင်းပေါင်ညီလာခံတွင် ဤအဆင့်မှ ပါရမီရှင် နှစ်ဦးကိုသာ သတ်နိုင်ခဲ့၏။
ယခုအခါ နတ်ဘုရားသားတော်က ထိပ်တန်း ပါရမီရှင် ဆယ်ဦး၏ နံပါတ်တစ် ဖြစ်နေပြီ။
ယခုတော့ လုမင်ဟာ နတ်ဘုရားသားတော်၏ စံချိန်ကို ချိုးဖျက်ခဲ့ပြီ ဖြစ်သည်။
အင်အားစု ဆယ့်သုံးခုစလုံး၏ စိတ်ထဲမှာ အမျိုးမျိုးသော အတွေးများ ပေါ်လာကြတော့သည်။
စိန်ခေါ်မှုများက ဆက်လက်ဖြစ်ပွားခဲ့သည်။
လုမင်၏ စိန်ခေါ်မှုပြီးနောက်၊ အမှတ်စဉ် ဆယ့်သုံးမှ နတ်ဆိုးရဲတိုက် စိန်ခေါ်ရန် အလှည့်ဖြစ်၏။
အကြောင်းမူကား၊ အမှတ်စဉ် တစ်ဆယ့်တစ် စင်မြင့်မှ ပိုယွမ်မိသားစုနှင့် အမှတ်စဉ် တစ်ဆယ့်နှစ်မှ သွေးနတ်ဆိုးမျှော်စင်တို့ကို ဖယ်ရှားပြီး ဖြစ်သောကြောင့်ပင်။
နတ်ဆိုးရဲတိုက်၏ စိန်ခေါ်ခြင်းပြီးနောက် ဤအချီမှာလည်း ပြီးဆုံးသွားခဲ့သည်။
ထို့နောက်၊ နောက်တစ်ကျော့စတင်ပြီး ကောင်းကင်နတ်ဘုရားဂိုဏ်း၏ အလှည့် ဖြစ်၏။
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများက လုမင်အား ကြောက်ရွံ့စွာဖြင့် လှမ်းကြည့်လိုက်ကြသည်။ ထို့နောက်တော့ အခြားဂိုဏ်းများကို စိန်ခေါ်ရန် လူတစ်ဦးကို စေလွှတ်ခဲ့လေသည်။
ထို့နောက် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အလှည့် ဖြစ်သည်။ သူတို့သည် မော့ဟဲအတွက် လက်စားချေလိုသော်လည်း လုမင်ကို မည်သူမျှ စိန်ခေါ်ဝံ့ခြင်း မရှိပေ။ ထို့ကြောင့် အခြားဂိုဏ်းများကိုသာ စိန်ခေါ်နိုင်ခဲ့သည်။
လုမင်က စင်ပေါ်တွင် တည်ငြိမ်စွာထိုင်နေသော်လည်း မည်သူမျှ သူ့ကို စိန်ခေါ်ဝံ့ခြင်းမရှိပေ။
မကြာမီ၊ ကောင်းကင်အဆိပ်ဂိုဏ်း၏ အလှည့်ရောက်လာသည်။
ကောင်းကင်အဆိပ်ဂိုဏ်းတွင် ယခင်က ထျန်းချွေးကို အနိုင်ယူခဲ့သော ထိပ်တန်းပါရမီရှင်တစ်ဦး ရှိသေးသည်။ သို့သော်လည်း လုမင်ကို ကြည့်လိုက်သောအခါ သူ့မျက်လုံးများက ကြောက်ရွံ့မှုတို့ ပြည့်သွားသည်။ လုမင်ကို သူ မည်သို့စိန်ခေါ်ဝံ့မည်နည်း။ အခြားဂိုဏ်းသားများကို စိန်ခေါ်ရန်သာ အခြားလူတစ်ဦးကို စေလွှတ်ခဲ့ရသည်။
နောက်ဆုံးတွင်၊ နဂါးနတ်ဘုရားတောင်ကြား၏ အလှည့်ရောက်လာသည်အထိ လုမင်ကို မည်သူမျှ စိန်ခေါ်ဝံ့ခြင်းမရှိခဲ့ပေ။
လုမင်၏ အလှည့်ရောက်သောအခါ မျက်လုံးအကြည့်အားလုံးက လုမင်အပေါ် စုပြုံကျရောက်လာခဲ့သည်။ ဤအချီတွင် မည်သူ့ကို လုမင် စိန်ခေါ်မည်မှန်း သိချင်ကြ၏။
လူတိုင်း၏ နှလုံးသားများ ခုန်မြန်လာကြတော့သည်။
အထူးသဖြင့် ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းတို့ ဖြစ်သည်။ လုမင်၏ စိန်ခေါ်ခံရသူ မည်သူမဆို သေခြင်းတရားကို ရင်ဆိုင်ရပေလိမ့်မည်။
လုမင်လည်း စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။ ယခုအခါ သူ၏ ယွမ်ချီစွမ်းအင်က အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့ပြီ။ ဝါးမျိုခြင်းစွမ်းရည်က သူ့အား အံ့မခန်းအရှိန်အဟုန်ဖြင့် ကျောက်ကြမ်းများအား ဝါးမျိုကာ ယွမ်ချီစွမ်းအင်ကို ပြန်လည်ပြည့်ဝစေနိုင်သည်။
ထိုအချိန်တွင် လုမင်၏အကြည့်က ကောင်းကင်အဆိပ်ဂိုဏ်းဘက်သို့ ကျရောက်သွားသည်။ သူက ကောင်းကင်အဆိပ်ဂိုဏ်းမှ ကျန်ရစ်သော ထိပ်တန်းကျွမ်းကျင်သူကို စိန်ခေါ်လို၏။
ယခင်က ထိုလူဟာ ထျန်းချွေးကို စိန်ခေါ်တိုက်ခိုက်ခဲ့သည်။ သူ့ကို အလွယ်တကူ အလွတ်မပေးနိုင်ပေ။
ကောင်းကင်အဆိပ်ဂိုဏ်းမှ ကျွမ်းကျင်သူလည်း မျက်နှာမသာမယာဖြင့် စင်ပေါ်သို့ တက်လာခဲ့သည်။ သို့ရာတွင်၊ သူက စင်ပေါ်သို့ ခြေချပြီးသည်နှင့် ချက်ချင်းဆိုသလို လှည့်ပြေးသွား၏။
သူက စင်ပေါ်မှ ထွက်ပြေးတော့မည်။
လူတော်တော်များများ ဆွံ့အသွားကြသည်။
ထိုလူမှာ မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာ ရှိသည်။ သူဟာ မော့ဟဲနှင့် ဝူချမ်တုကဲ့သို့ နာမည်ကျော်ကြားသူ ဖြစ်၏။ သို့တိုင်၊ တိုက်ခိုက်ရန်ပင် မဝံ့ရဲဘဲ စင်ပေါ်မှ ထွက်ခွာရန် အသည်းအသန် ကြိုးစားနေခဲ့ပြီ။
ထိုလူမှာ လုမင်ကို အသေကြောက်နေကြောင်း ထင်ရှားသည်။
"သတ်"
လုမင်လည်း ချက်ချင်း တိုက်ခိုက်လိုက်သည်။
သို့သော်လည်း ထိုသူ၏ ဝိညာဉ်ခန္ဓာက အဆိပ်ပြင်းဝိညာဉ်ခန္ဓာ ဖြစ်သည်။ သူ၏ ရှင်သန်နိုင်စွမ်းက အလွန် မြင့်မား၏။ ထို့အပြင် သူက လွတ်မြောက်ရန်သာ ကြိုးစားနေပြီး တိုက်ခိုက်ခြင်း မပြုပေ။ ထို့ကြောင့် နယ်ပယ်ကျဉ်းသော ဤစင်မြင့်တွင် သူ့ကိုသတ်ရန် ခက်ခဲသွားရသည်။
အဆုံးတွင်၊ ဒဏ်ရာအချို့ဖြင့် စင်မြင့်ပေါ်မှ အောင်မြင်စွာ ပြေးဆင်းနိုင်ခဲ့ပေသည်။
လုမင်လည်း သူ့စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
ဤနည်းဖြင့် ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းတိူ၏ ထိပ်တန်း ပါရမီရှင် ခုနစ်ဦးစလုံး ရှုံးနိမ့်သွားကြပြီ။
ကျန်သော ပြိုင်ပွဲဝင်များက သိပ်ပြီး ထူးခြားသူများ မရှိတော့ပေ။
လုမင်ဘက်မှာတော့ သူတစ်ယောက်တည်းသာ ကျန်တော့သည့်တိုင် မည်သူမျှ သူ့ကို စိန်ခေါ်ဝံ့ခြင်း မရှိပါ။
လုမင်၏ အလှည့်ရောက်တိုင်း၊ သူက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ပါရမီရှင်တစ်ဦးကို ရွေးချယ်ခဲ့သည်။
ယင်းက ကောင်းကင်နတ်ဘုရားဂိုဏ်း၏ စင်မြင့်ပေါ်ရှိ ပါရမီရှင်များကို အလွန်ကြောက်လန့်စေခဲ့ပေသည်။ အဆုံးတွင်၊ သူတို့က အသက်မသေရေးတွက် မတိုက်ခိုက်တော့ဘဲ စင်မြင့်ပေါ်မှ ပြေးဆင်းခဲ့ကြသည်။
သူတို့က အသက်ရှင်နိုင်ချေ ပိုများရန်အတွက် ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းမှ လူများကိုပင် စိန်ခေါ်ခဲ့လေသည်။
လုမင် တစ်ယောက်တည်းက ဂိုဏ်းသုံးခုကို ဤအခြေအနေမျိုးရောက်အောင် အတင်းအကျပ် ဖိအားပေးခဲ့သည်။ ထိုဖြစ်ရပ်မျိုးမှာ အလွန်ရှား၏။ ဤတိုက်ပွဲအပြီးတွင်၊ လုမင်၏ အမည်က စန်းပြည်နယ်တစ်ခွင်သို့ ပျံ့နှံ့သွားတော့မည်။
စိန်ခေါ်မှုများက ဆက်လက်ဖြစ်နေသည်။
နောက်ဆုံးတွင်၊ ကျန်သော အင်အားစုဆယ်ခုမှာ ကောင်းကင်နတ်ဘုရားဂိုဏ်းက ပထမဆုံး ရှုံးနိမ့်သွားခဲ့သည်။
"ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ဒီလှုပ်ရှားမှုက တကယ်ကို လှတာပဲဟေ့။ သူတို့ ဘယ်ကနေ သင်ယူခဲ့တာလဲ"
နဂါးနတ်ဘုရားတောင်ကြားမှ လူတစ်ယောက်က လှောင်ပြောင်လိုက်သည်။
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ တပည့်များအားလုံး မျက်နှာများ နီမြန်းသွား၏။ သို့သော်လည်း မည်သူမျှ တုံ့ပြန်ခြင်းမပြုပေ။
သူတို့တွင် ပြန်လည်ချေပရန် မျက်နှာမရှိတော့ပါ။
တင်းပေါင်ညီလာခံ မစတင်မီက ကောင်းကင်နတ်ဘုရားဂိုဏ်းဟာ သုံးကြိမ်ဆက်တိုက် ချန်ပီယံဖြစ်မည်ဟု ကြေညာထားခဲ့သည်။ သို့သော်လည်း ယခုတော့ ဟာသတစ်ခုလို ဖြစ်ခဲ့ရချေပြီ။
အားအနည်းဆုံးဂိုဏ်းသုံးခုကို ကြိုတင်ဖယ်ရှားသည့် မှန်ကန်သောနည်းဗျူဟာကို အသုံးမပြုပါက၊ သူတို့မှာ ထိပ်တန်းဆယ်ခုသို့ပင် ဝင်ရောက်နိုင်မည် မဟုတ်ပေ။
ကောင်းကင်နတ်ဘုရားဂိုဏ်းကို ဖယ်ရှားပြီးနောက် လုမင်က ကောင်းကင်အဆိပ်ဂိုဏ်းကို ပစ်မှတ်ထားခဲ့သည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် ရှဲ့နျန်ချင်းရှိနေသည်ဟူသောအချက်ကြောင့် လုမင်သည် မော့ဟဲကိုသတ်ပြီးနောက်တွင် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တပည်များကို ဆက်လက်စိန်ခေါ်ခြင်းမပြုတော့ပါ။ ယင်းကြောင့် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ တပည့်များ သက်ပြင်းရှည်ကြီးချနိုင်ခဲ့ကြသည်။
ကောင်းကင်အဆိပ်ဂိုဏ်းမှာတော့ သနားစရာကောင်းသော အခြေအနေကို ရောက်သွားကြ၏။ နောက်ဆုံးမှာတော့ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ နည်းလမ်းအတိုင်း အရှုံးပေးပြီး ဒုတိယမြောက် ဖယ်ရှားခံရသော ဂိုဏ်းတစ်ခု ဖြစ်လာတော့သည်။
ပြိုင်ဆိုင်မှုများက ဆက်ဖြစ်နေခဲ့သည်။ ပြိုင်ပွဲတစ်ကျော့ပြီးတိုင်း ဂိုဏ်းတစ်ခုစီမှ ကျန်ရှိသူ အရေအတွက်မှာလည်း လျော့ကျသွား၏။
သေခြင်းရှင်ခြင်း ဓားဂိုဏ်းမှာပင် လူအနည်းငယ်သာ ကျန်တော့သည်။
သို့ရာတွင်၊ သူတို့၏အင်အားက ယခင်အတိုင်း ဖြစ်သည်။ သူတို့မှာ လူအနည်းငယ်သာကျန်သော်လည်း အားလုံးက ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်နိုင်စွမ်းဖြင့် ထိပ်သီး ပါရမီရှင်များ ဖြစ်၏။
ဤတိုက်ပွဲတွင်း၌ လော့ရှန်းသည်လည်း ထင်ရှားလာခဲ့သည်။ အဆင့်ငါး သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံခြင်းဖြင့် အဆင့်ခြောက် သိုင်းအုပ်ချုပ်သူနယ်ပယ်မှ ပါရမီရှင်များစွာကို သတ်ပစ်ခဲ့၏။
တဖြည်းဖြည်းနှင့် ဂိုဏ်းများ တစ်ခုပြီးတစ်ခု ဖယ်ရှားခံခဲ့ရသည်။ သို့သော်၊ အမှတ်စဉ်တစ်ဆယ် စင်မြင့်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည့် လူတစ်ယောက် ရှိနေဆဲပင်။
ထိုသူက လုမင်။
နဂါးနတ်ဘုရားတောင်ကြားတွင် လုမင် တစ်ဦးတည်းသာ ကျန်တော့သည်။ သို့သော်လည်း လုမင်၏ တည်ရှိမှုက ကျောက်တုံးကဲ့သို့ တည်ငြိမ်နေပြီး လုံးဝ မလှုပ်ရှားပေ။
"နောက်ဆုံးမှာ လုမင်တစ်ဦးတည်းက နဂါးနတ်ဘုရားတောင်ကြားကို ပထမနေရာထိ ဆွဲခေါ်သွားနိုင်တော့မှာလား"
လူတစ်ယောက်က ရေရွတ်လိုက်သည်။ အခြားသူများလည်း တုန်လှုပ်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
ထိုသို့ဖြစ်လျှင်တော့ ယင်းမှာ မျိုးဆက်ရာချီပြီး လက်ဆင့်ကမ်းရမည့် ဒဏ္ဍာရီတစ်ခု ဖြစ်လာပေတော့မည်။
"ဝှစ်"
ဓားအလင်းတစ်ခု လင်းလက်သွားခဲ့သည်။ တိုက်ပွဲစင်မြင့်ပေါ်တွင် လော့ရှန်း ပေါ်လာခဲ့၏။
"လုမင်၊ ငါတို့အချင်းချင်း ဘာကြောင့် မဖလှယ်ကြည့်ရမှာလဲ"
လော့ရှန်းက လုမင်ကို ကြည့်လိုက်သည်။