အခန်း ၁၅၄၃
Vol. 103 Ch. 1543
အပိုင်း ( 1543 ) အလှည့်ကျ။
စည်းမျဉ်းများအရ နောက်ဆုံး ကျန်ရှိသူမှာ အုပ်ချုပ်သူတာအိုနယ်မြေ ဆေးလုံးခုနစ်လုံးကို ဆုလာဘ်အဖြစ် ရရှိမည် ဖြစ်သည်။ ယင်းကို မည်သူက မလိုချင်ဘဲ ရှိမည်နည်း။
သို့သော်လည်း ဆေးလုံးများကို လိုချင်ပါက တခြားသူတွေကို အနိုင်ယူရလိမ့်မည်။
လက်ရှိလူ ရှစ်ဦးတွင် လုမင်က ပထမနေရာကို ရယူလိုသူတိုင်း ကျော်ဖြတ်ရမည့် တောင်ကြီးဖြစ်သည်မှာ သေချာသည်။
ယခင်က လုမင်ဟာ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို ပြသခဲ့ပြီး ထိပ်တန်းကျွမ်းကျင်သူများကို သတ်နိုင်ခဲ့သည်။ ယင်းကြောင့် ကျန်လူခုနစ်ယောက်စလုံးက သူ့ကို သတိထားနေကြတော့သည်။
လုမင်ကို တစ်ယောက်ချင်း ရင်ဆိုင်ပြီး အနိုင်ယူနိုင်မည်ဟု မည်သူမှ မယုံကြည်ပေ။ သူတို့ ရှုံးရန် အခွင့်အလမ်း များသည်။
ထို့ကြောင့် ယခုအခါ သူတို့ စိန်ခေါ်ရာတွင် သတိကြီးစွာထားခဲ့ကြရသည်။
"ကောင်းကင်ဘုရင်နန်းတော်၊ မင်းတို့အလှည့်ရောက်ပြီလေ။ မြန်မြန် စိန်ခေါ်ပါ"
နတ်ဆိုးရဲတိုက်မှ လူငယ်ခေါင်းဆောင်က ပြောလိုက်သည်။
"ဘာတွေ အလျင်လိုနေတာလဲ"
ကောင်းကင်ဘုရင်နန်းတော်မှ ပါရမီရှင်တစ်ဦးက တစ်ချက်လှမ်းကြည့်လိုက်၏။
"အားလုံးက ပထမနေရာကို လိုချင်ကြတာပဲ မဟုတ်လား"
ကောင်းကင်ဘုရင်နန်းတော်မှ ခရမ်းရွှေရောင် ချပ်ဝတ်တန်ဆာဝတ် လူငယ်တစ်ဦးက ပြောလိုက်သည်။
"ဒါက အထူးပြောနေစရာ မလိုဘူး"
နတ်ဆိုးရဲတိုက်မှ ပါရမီရှင်က ပြောသည်။
"အမှန်ပဲလေ၊ ဘယ်သူက ပထမနေရာကို မလိုချင်ဘဲနေမှာလဲ။ အဲဒါက အုပ်ချုပ်သူ တာအိုနယ်မြေ ဆေးလုံးခုနစ်လုံးရရှိမဲ့ကိစ္စပဲ။ နောက်ပြီးတော့ စန်းပြည်နယ်မှာလည်း ကျော်ကြားလာနိုင်တယ်"
ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းမှ ပါရမီရှင်ကလည်း ပြော၏။
တခြားသူများလည်း ခေါင်းညိတ်လိုက်ကြသည်။
"မှန်ပါတယ်။ ငါတို့အားလုံး ပထမနေရာကို ရချင်ကြတယ်။ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် လုမင်ရှိနေသရွေ့ ငါတို့ထဲက ဘယ်သူမှ ပထမနေရာကို မရနိုင်ဘူး"
ကောင်းကင်ဘုရင်နန်းတော်မှ ခရမ်းရွှေရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် လူငယ်က ပြောလိုက်သည်။
ထိုစကားကိုကြားတော့ ကျန်သူများ တိတ်ဆိတ်သွား၏။ သူတို့လည်း ထောက်ခံကြကြောင်း ထင်ရှားသည်။
"ဒါဆို မင်းက ဘာလုပ်ချင်လို့လဲ"
နတ်ဆိုးရဲတိုက်မှ ကောင်းကင်ပါရမီရှင်က မေးလိုက်သည်။
"လုမင်ကို အနိုင်ယူဖို့ အဖွဲ့ဖွဲ့ပြီး အလှည့်ကျ တိုက်ခိုက်ကြရအောင်။ ပြီးမှ ငါတို့ ဆက်ပြိုင်မယ်"
ကောင်းကင်ဘုရင်နန်းတော်မှ ခရမ်းရွှေရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် လူငယ်က ပြော၏။
လုမင်က ကောင်းကင်ဘုရင်နန်းတော်မှ လူငယ်နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။ သို့ရာတွင် သူ့စိတ်ထဲမှာတော့ သိပ်မအံ့သြမိတော့ပေ။
ယခင်က သူပြသခဲ့သော တိုက်ခိုက်ရေးအင်အားဖြင့် တခြားဂိုဏ်းများက သူ့ကို အလှည့်ကျတိုက်ခိုက်ရန် ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်သည်။
ခရမ်းရွှေရောင် ချပ်ဝတ်တန်ဆာဝတ်လူငယ် ပြောခဲ့သည့်အတိုင်း သူ့ကို မဖယ်ရှားနိုင်ဘဲ တခြားသူများ ပထမနေရာကို ရယူနိုင်မည် မဟုတ်ပေ။
သို့ရာတွင်၊ သူ့ကို အနိုင်ယူရန်က ဤမျှ လွယ်ကူပါမည်လော။
လုမင်၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးပြီး နားလည်ရခက်သော အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။
"ငါသဘောမတူဘူး။ ကောင်းကင်ဘုရင်နန်းတော်က လူနှစ်ယောက်တောင် ရှိတာ။ အလှည့်ကျ တိုက်ခိုက်မယ်ဆိုရင် မင်းတို့အတွက် ပိုအကျိုးရှိတယ်"
စတုတ္ထစင်မြင့်ပေါ်ရှိ မိစ္ဆာလမင်းဂိုဏ်းမှ ပါရမီရှင်က အေးစက်စက်ဖြင့် ပြောလိုက်သည်။
"ရှဲ့ရှ၊ ဒါက တစ်ခုတည်းသောနည်းလမ်းပဲ။ မင်းဒီလိုမလုပ်ရင် ငါမင်းကို အခုစိန်ခေါ်ပြီထား၊ မင်းငါ့ကိုအနိုင်ယူနိုင်မယ်လို့ ယုံကြည်မှုရှိလား။ မင်း အနိုင်ရခဲ့ရင်တောင် မင်းမှာ တိုက်ခိုက်ရေးအင်အား ဘယ်လောက်ကျန်မှာလဲ။ ငါ မင်းကို အခု မစိန်ခေါ်ရင်တောင် နောက်ပိုင်းမှာ တစ်ယောက်ယောက်က မင်းကို စိန်ခေါ်လိမ့်မယ်။ ဒီအထဲက ဘယ်သူ့ကို အတိအကျ အနိုင်ယူနိုင်မယ်လို့ မင်းထင်လဲ"
ကောင်းကင်ဘုရင်နန်းတော်မှ ခရမ်းရွှေရောင် ချပ်ဝတ်တန်ဆာဝတ် လူငယ်က အေးစက်စက်ဖြင့် ပြောလိုက်၏။ ထိုအခါ အခြားသူများ နှုတ်ဆိတ်သွားပြန်တော့သည်။
ယင်းက အမှန် ဖြစ်သည်။ ဤနောက်ပိုင်းတွင် တိုက်ပွဲတိုင်းက အထွတ်အထိပ်တိုက်ပွဲများ ဖြစ်လိမ့်မည်။ ထို့ကြောင့် ပြိုင်ဘက်ကို အလွယ်တကူ အနိုင်ယူနိုင်မည်ဟု မည်သူမျှ အာမမခံနိုင်ပေ။ ယင်းက နောက်မှလူများအတွက် အကျိုးရှိစေရုံသာ ဖြစ်မည်။
အဆုံးမှာတော့ လုမင်ကို မည်သူမျှ အနိုင်ယူနိုင်မည် မဟုတ်တော့ပေ။
သူတို့တွင် တခြားရွေးချယ်စရာ မရှိတော့ပါ။
"ငါသဘောတူတယ်"
နတ်ဆိုးရဲတိုက်၏ ပါရမီရှင်က ပထမဆုံး သဘောတူလိုက်သည်။
အလှည့်ကျတိုက်ပွဲ အနေအထားအရ သူသည် အကောင်းဆုံး ဖြစ်၏။ စာရင်းအရ နောက်ဆုံးမှ သူ့အလှည့်သို့ ရောက်ရှိမည်။ ထိုအချိန်တွင် တိုက်ပွဲများစွာ ဆက်တိုက် တိုက်ခိုက်ထားရသောကြောင့် လုမင် အားနည်းလာတော့မည် ဖြစ်သည်။ သူကတော့ နောက်ဆုံးတွင်ဖြစ်သောကြောင့် သူ့အင်အားကို ထိန်းထားနိုင်ဦးမည်။
"ငါလည်းသဘောတူတယ်"
လင်လုံနန်းတော်၏ ပါရမီရှင်လည်း ဟောပြောခဲ့သည်။ လင်လုံနန်းတော်၏ အနေအထားသည်လည်း အနောက်ဘက်သို့ အတော်လေး ရောက်ပေသည်။
ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းကလည်း သဘောတူကာ ခေါင်းညိတ်လိုက်သည်။
နောက်ဆုံးတွင် မိစ္ဆာလမင်းဂိုဏ်းမှ ရှဲ့ရှသာ ကျန်တော့သည်။ သူ့မှာ မျက်စိမျက်နှာပျက်နေခဲ့ရသည်။
သူ့အနေအထားက ကောင်းကင်ဘုရင်နန်းတော်ပြီးလျှင် ဒုတိယ ဖြစ်သည်။ ကောင်းကင်ဘုရင်နန်းတော်၏ စိန်ခေါ်မှုပြီးပါက သူ့အလှည့် ဖြစ်၏။
"ငါ ပထမဆုံး စိန်ခေါ်မယ်"
ကောင်းကင်ဘုရင်နန်းတော်မှ ခရမ်းရွှေရောင် ချပ်ဝတ်တန်ဆာဖြင့် လူငယ်လေးက ပြောလိုက်သည်။
"ကောင်းပြီ၊ ငါသဘောတူတယ်"
အဆုံးတွင်၊ ရှဲ့ရှလည်း ခေါင်းညိတ်လိုက်ရသည်။
ယခုအချိန်တွင် သူ့မှာ တခြားရွေးချယ်စရာ မရှိတော့ပါ။
ကံကောင်းထောက်မစွာဖြင့်၊ ခရမ်းရွှေရောင် ချပ်ဝတ်တန်ဆာဝတ် လူငယ်က လုမင်ကို ပထမဆုံးစိန်ခေါ်ခဲ့သည်။ အနည်းဆုံးတော့ ထိုတိုက်ပွဲတွင် လုမင်၏ အင်အားအနည်းငယ် ကျဆင်းသွားလိမ့်မည်။ အချိန်တန်လျှင် သူ့အတွက် အခွင့်အရေးရနိုင်သည်။
ရှဲ့ရှ သဘောတူပြီးနောက် ကောင်းကင်ဘုရင်နန်းတော်မှ ခရမ်းရွှေရောင် ချပ်ဝတ်တန်ဆာဝတ်လူငယ်လည်း တိုက်ပွဲစင်မြင့်ပေါ်သို့ တက်ခဲ့သည်။ သူက လုမင်ကိုကြည့်ပြီး ပြောလိုက်၏။
"လုမင်၊ ငါတို့ တိုက်ခိုက်ကြရအောင်"
"မင်းရဲ့ ဆန္ဒအတိုင်းပဲ"
လုမင်လည်း နေရာမှထလာပြီး တိုက်ပွဲစင်မြင့်ပေါ်သို့ ဆင်းသက်လိုက်၏။
ခရမ်းရွှေရောင် ချပ်ဝတ်တန်ဆာဝတ် လူငယ်၏ မျက်လုံးအကြည့်များက လေးနက်လာပြီး ပြောလိုက်သည်။
"လုမင်၊ ငါတို့ တစ်ဦးနဲ့တစ်ဦး ပညာဖလှယ်ရုံသက်သက်ဘဲ ယှဉ်ပြိုင်ကြရအောင်။ ဘယ်လိုသဘောရလဲ"
"ကောင်းပါပြီ"
လုမင် ခေါင်းညိတ်လိုက်၏။
အင်အားစုကြီး ဆယ့်သုံးခုတွင် ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းတို့အား ပြန်လည်သင့်မြတ်ရန် ခက်ခဲအောင် စော်ကားထားခဲ့ပြီး ဖြစ်သည်။ နောက်ထပ် အင်အားစုများကို သူ မစော်ကားချင်တော့ပေ။
လုမင် သဘောတူလိုက်မှ ခရမ်းရွှေရောင် ချပ်ဝတ်တန်ဆာဝတ် လူငယ်လေးလည်း သက်ပြင်းချလိုက်မိသည်။ လုမင်ကို ရင်ဆိုင်ရချိန်တွင် မကြောက်ရွံ့ဘူးဟု သူဆိုပါက လိမ်ညာနေခြင်းသာ ဖြစ်လိမ့်မည်။
နောက်ဆုံးတွင်၊ သူက လုမင်ကိုတိုက်ခိုက်ရန် စတင် စိန်ခေါ်ခဲ့သူ ဖြစ်သည်။ လုမင် ဒေါသထွက်ပြီး သူ့အပေါ် ပုံချမည်ကို အမှန်တကယ် ကြောက်ရွံ့မိလေသည်။ ထိုအခါ၊ တိုက်ပွဲစင်မြင့်ပေါ်မှ အောင်မြင်စွာ ဆင်းပြေးနိုင်မည်ဟု အတိအကျ မပြောနိုင်ပေ။
"သတိထားပါ"
ခရမ်းရွှေရောင် ချပ်ဝတ်တန်ဆာဝတ်လူငယ်၏ ခန္ဓာကိုယ်မှ ခရမ်းရွှေရောင်အလင်းများ ဖြာထွက်လာခဲ့သည်။ သူ့အသားအရေကလည်း ကောင်းကင်ဘုရင်ကဲ့သို့ ရွှေရောင်ပြောင်းသွား၏။
"ဝုန်း"
ခရမ်းရွှေရောင် ချပ်ဝတ်တန်ဆာဝတ်လူငယ်က ခြေတစ်ချက်ဆောင့်လိုက်သည်။ သူ့ပုံရိပ်က သားရဲကြီးတစ်ကောင်ကဲ့သို့ ပြေးဝင်သွားပြီး လုမင်ကို လက်သီးဖြင့် ထိုးနှက်လိုက်၏။ အလွန် စွမ်းအားပြည့်ဝပုံရသော ခရမ်းရွှေရောင် လက်သီးကြီးက လုမင်အပေါ် ကျရောက်လာတော့သည်။
သူက ဟန်ရွှင်း၊ မော့ဟဲတို့နှင့် အဆင့်တူ ပါရမီရှင်တစ်ဦးဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ ပုံမှန်အတိုင်း တိုက်ခိုက်ပါက လုမင် များစွာအားထုတ်ရမည်မှာ သေချာသည်။
သို့ရာတွင်၊ လုမင်က ပြိုင်ဘက်ကို ပုံမှန်အတိုင်း တိုက်ခိုက်ရန် အစီအစဉ်မရှိပါ။
လုမင်၏ လက်များက လက်ဟန်သင်္ကေတများအဖြစ် အလွန်လျင်မြန်စွာ လှုပ်ရှားသွားသည်။
လုမင်၏လက်ထဲတွင် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်တစ်ခု ပေါ်လာ၏။
ဤကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်က အင်အားအပြည့် မရှိပါ။ မော့ဟဲနှင့် တိုက်ပွဲကဲ့သို့ အင်အား ငါးဆယ်ရာခိုင်နှုန်းသာ ရှိသည်။
ထိုစွမ်းအား ငါးဆယ်ရာခိုင်နှုန်းက လုံလောက်ပေလိမ့်မည်။
လုမင်လည်း ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ဖြင့် ခရမ်းရွှေရောင် ချပ်ဝတ်တန်ဆာဝတ်လူငယ်ကို ပစ်လွှတ်လိုက်သည်။
ခရမ်းရွှေရောင် ချပ်ဝတ်တန်ဆာဝတ်လူငယ်၏ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ လုမင်နှင့် မော့ဟဲ တိုက်ခိုက်တုန်းက၊ ဤတိုက်ခိုက်မှု၏ ကြောက်စရာကောင်းသော စွမ်းအားကို သူတွေ့ခဲ့ရသည် မဟုတ်လော။
"ကောင်းကင်ဘုရင်မျှော်စင်"
ခရမ်းရွှေရောင် ချပ်ဝတ်တန်ဆာဝတ်လူငယ်လေးက အော်လိုက်သည်။ သူ၏ ခရမ်းရွှေရောင် ခန္ဓာကိုယ်က ဖောင်းကြွလာပြီး အရပ်လည်း ပိုမြင့်မားလာ၏။ ခရမ်းရွှေရောင်အလင်းများ ပေါက်ကွဲထွက်လာပြီးနောက် လက်ဝါးနှစ်ဖက်ဖြင့် တံဆိပ်တော်ကို တားဆီးလိုက်တော့သည်။
"ဝုန်း"
ခရမ်းရွှေရောင် ချပ်ဝတ်တန်ဆာဝတ် လူငယ်၏ လက်ဝါးများက ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို တိုက်မိသွားသည်။ ခရမ်းရွှေရောင် ချပ်ဝတ်တန်ဆာဝတ်လူငယ်၏ ခန္ဓာကိုယ်က ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွား၏။
"ဒုန်း"
လူငယ် မရပ်တည်နိုင်တော့ပေ။ သူ့အရိုးများ ပုံပျက်ကာ ဒူးထောက်ကျသွားပြီး ပါးစပ်အတွင်းမှ သွေးများလည်း အန်ထွက်လာခဲ့သည်။
"ဝမ်"
ထိုအချိန်တွင်၊ လုမင်က ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို ထပ်မံဖွဲ့စည်းလိုက်ပြန်သည်။
"ခဏလေး၊ ငါ မတိုက်ခိုက်တော့ဘူး"
ခရမ်းရွှေရောင် ချပ်ဝတ်တန်ဆာဝတ်လူငယ်လေးက ကမန်းကတန်း အော်ဟစ်လိုက်သည်။ ထို့နောက် သူသည် တိုက်ပွဲစင်မြင့်မှ ပြေးထွက်သွား၏။ သူက ကောင်းကင်ဘုရင်နန်းတော်၏နောက်မှ ပရိသတ်နေရာသို့ ပြေးသွားကာ သူ့ဒဏ်ရာများကို ကုသလိုက်တော့သည်။
လုမင်လည်း ဆက်မလိုက်ဘဲ ရပ်နေခဲ့သည်။ ယင်းက သူ၏ ယွမ်ချီစွမ်းအင်ကို ချွေတာရာရောက်ပေသည်။
တစ်ဝက်တစ်ပျက် ပုံပေါ်လာသော ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်လည်း ပျောက်ကွယ်သွားသည်။
အခြားသူများကတော့ တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်ကြလေသည်။
ခရမ်းရွှေရောင် ချပ်ဝတ်တန်ဆာဝတ်လူငယ်မှာ လုမင်အား တစ်ချက်တည်းဖြင့် ရှုံးနိမ့်ပြီး တိုက်ပွဲကွင်းပြင်မှ အမြန်ပြေးထွက်သွားခဲ့ရသည်။
သူတို့ကြားမှ တိုက်ခိုက်ရေး အင်အား ကွာဟချက်က အလွန်ကြီးမားနေသလော။
"ကွာဟချက်က သိပ်မကြီးပါဘူး။ အခု လုမင်ရဲ့ လှုပ်ရှားမှုက သူ့ရဲ့ အစွမ်းထက်ဆုံး တိုက်ခိုက်မှုဖြစ်ရမယ်။ သူ့ရဲ့ စွမ်းအားက တုန်လှုပ်စရာကောင်းပေမဲ့ ဒီလို ထူးခြားတဲ့ နည်းလမ်းတွေမှာ စွမ်းအင်စားသုံးမှုနှုန်းက အရမ်းကြောက်ဖို့ကောင်းမှာပဲ"
"အမှန်ပဲ၊ လုမင် ဒီနည်းလမ်းကို အကြိမ်ရေနည်းနည်းပဲ သုံးနိုင်မယ်ဆိုတာ ငါယုံတယ်"
ပွဲကြည့်စင်မြင့်များတွင်၊ လူတချို့က ဤသည်မှာ လုမင်၏ အသန်မာဆုံးတိုက်ခိုက်မှု ဖြစ်သင့်သည်ဟု ဆွေးနွေးပြောဆိုခဲ့ကြသည်။