အခန်း ၁၅၄၄
Vol. 103 Ch. 1544
အပိုင်း ( 1544 ) ဆက်တိုက် အနိုင်ယူခြင်း။
လုမင်လည်း အမှတ်စဉ်တစ်ဆယ် စင်မြင့်ပေါ်သို့ ပြန်တက်ခဲ့သည်။ ထို့နောက်တွင် ရှဲ့ရှ စိန်ခေါ်ရန် အလှည့် ဖြစ်၏။
ရှဲ့ရှ၏ မျက်နှာက ရှုံ့မဲ့သွားခဲ့သည်။
ခရမ်းရွှေရောင် ချပ်ဝတ်တန်ဆာဝတ်လူငယ်မှာ လုမင်ထံတွင် တစ်ချက်တည်းဖြင့် ရှုံးခဲ့ခြင်း ဖြစ်၏။ ထိုတိုက်ခိုက်မှုတွင် လုမင်က ယွမ်ချီစွမ်းအင် မည်မျှအသုံးပြုခဲ့သည်ကို ဘုရားမှသာ သိလိမ့်မည်။
ယခုအချိန်တွင် လုမင်ကို စိန်ခေါ်ရန် သူ ယုံကြည်မှု လုံးဝ မရှိပေ။
သို့သော်လည်း သူ့ကတိကိုပယ်ဖျက်ပြီး လုမင်ကို စိန်မခေါ်လျှင်လည်း အဆုံးထိ အောင်နိုင်မည် မဟုတ်ပါ။
လုမင်ကို စိန်မခေါ်လျှင် အခြားသူများကို စိန်ခေါ်ရမည် ဖြစ်သည်။ သို့သော်လည်း ကျန်သူများတွင် မည်သူက အားနည်းပါသနည်း။ သူ အနိုင်ရခဲ့လျှင်ပင် သေချာပေါက် ဒဏ်ရာ ရသွားမည် ဖြစ်သည်။ ထို့နောက် နောက်ထပ် စိန်ခေါ်သူက သူ့ကို စိန်ခေါ်မည်ဖြစ်ပြီး သေချာပေါက် ရှုံးနိမ့်ပေလိမ့်မည်။
'သေစမ်းပါကွာ'
ရှဲ့ရှ အံကြိတ်လိုက်သည်။
မည်သို့ပင်ဆိုစေ၊ သူက နောက်ဆုံးအချိန်ထိ သွားနိုင်တော့မည် မဟုတ်ပါ။ သို့ဖြစ်ပေရာ လုမင်ကို စိန်ခေါ်ခြင်းဖြင့် သူ့အတွက် နာမည်ကောင်းတစ်ခု ချန်ထားနိုင်သည်။
ရှဲ့ရှလည်း သူ့ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ပြီး တိုက်ပွဲစင်မြင့်ပေါ်သို့ ဆင်းသက်လိုက်သည်။
"လုမင်၊ ငါတို့ တိုက်ခိုက်ကြရအောင်"
လုမင် နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး တိုက်ပွဲကွင်းပြင်သို့ ပြန်ဆင်းလိုက်၏။
"ဝမ်"
လုမင်က အချိန်မဖြုန်းပေ။ စင်မြင့်ပေါ်ကို ခြေချပြီးသည်နှင့် လက်ဟန်သင်္ကေတပြုကာ ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို ထုတ်ဖော်လိုက်သည်။
ထို့နောက် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ဖြင့် ရှဲ့ရှကို ပစ်လိုက်၏။
ရှဲ့ရှ မျက်နှာပျက်သွားသည်။ မိစ္ဆာအငွေ့အသက်များက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့၏။ သွေးနီရောင်လတစ်စင်းက သူ့လက်ထဲတွင် ပေါ်လာပြီး ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို ပြန်ပစ်လိုက်တော့သည်။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။ သွေးနီရောင် လမင်းနှင့် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော် ထိပ်တိုက်တွေ့သွား၏။ အသက်ရှူချိန် အနည်းငယ်ကြာပြီးနောက် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော် ပြိုကျသွားသည်။ ရှဲ့ရှ၏ ခန္ဓာကိုယ်လည်း ပျံလွင့်သွားပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရတော့သည်။
သူက လုမင်ကို ထိတ်လန့်တကြားဖြင့် ကြည့်လိုက်သည်။ လုမင်ကို ရင်ဆိုင်ရမှ ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်မှာ မည်မျှ ကြောက်စရာကောင်းသည်ကို သူ နောက်ဆုံးတွင် နားလည်ခဲ့တော့သည်။
'ဒါက ဘယ်လိုတိုက်ခိုက်မှုမျိုးလဲ၊ ဘာဖြစ်လို့ ဒီလောက်တောင် ကြောက်စရာကောင်းရတာလဲ'
ရှဲ့ရှာ သူ့စိတ်ထဲမှ တွေးလိုက်မိသည်။
"ဝှစ်"
လုမင်က ရှေ့သို့တိုးလာပြီး ရှဲ့ရှဆီသို့ လျှောက်သွားသည်။
"ဒီတိုက်ပွဲမှာ ငါ ရှုံးသွားပြီ"
ရှဲ့ရှလည်း အော်ဟစ်ပြီး တိုက်ပွဲစင်မြင့်မှ ပြေးထွက်သွားတော့သည်။
ခရမ်းရွှေရောင် ချပ်ဝတ်တန်ဆာဝတ်လူငယ်ကဲ့သို့ပင် သူလည်း ရှုံးနိမ့်ကြောင်း ဝန်ခံခဲ့သည်။
ထိုသူများတွင် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများ ရှိကြသည်။ တစ်ကွက် ရင်ဆိုင်ပြီးသည်နှင့် သူတို့ဟာ လုမင်၏ ပြိုင်ဘက်မဟုတ်ကြောင်း နားလည်ခဲ့ကြသည်။ မဟုတ်ဘဲ ဆက်လက်တိုက်ခိုက်ပါက ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ဖြင့် ဒုတိယအကြိမ် တိုက်ခိုက်ခံရလိမ့်မည်။ သို့သော်လည်း ထိုသို့လုပ်ပါက သူတို့ ပြင်းထန်စွာ ဒဏ်ရာရသွားမည် ဖြစ်သည်။
ခရမ်းရွှေရောင် ချပ်ဝတ်တန်ဆာဝတ်လူငယ်ကဲ့သို့ပင်၊ သူက ရှုံးနိမ့်ရမည်မို့ အဘယ်ကြောင့် အစွမ်းကုန် တိုက်ခိုက်ရမည်နည်း။ သူ ဒဏ်ရာပြင်းပြင်းထန်ထန်ရပါက သူ၏ ကျင့်ကြံခြင်းအပေါ် သက်ရောက်မည် ဖြစ်သည်။ သို့ဖြစ်ပေရာ နောက်လူများအတွက် ထားလိုက်ခြင်းက ပို၍ ကောင်းပေသည်။
ထို့ကြောင့်ပင် ရှဲ့ရှက ခရမ်းရွှေရောင် ချပ်ဝတ်တန်ဆာဝတ်လူငယ်လေးကဲ့သို့ တိုက်ခိုက်မှုတစ်ခုကို ရင်ဆိုင်ပြီးနောက် ချက်ချင်း အရှုံးပေးခဲ့သည်။
ဤတစ်ကြိမ်မှာတော့ လုမင်က စင်မြင့်ပေါ်သို့ မပြန်တော့ပါ။ သူ့အကြည့်များက ကောင်းကင်ကိုးဆင့်ဓားဂိုဏ်း၏ ပါရမီရှင်အပေါ် ကျရောက်သွားသည်။
"အခု မင်းငါ့ကို စိန်ခေါ်သင့်တယ် မဟုတ်လား။ လာပါ"
"ဝှစ်"
ဓားအလင်းတစ်ခု လင်းလက်သွားပြီး ကောင်းကင်ကိုးဆင့်ဓားဂိုဏ်း၏ ပါရမီရှင်က တိုက်ပွဲစင်မြင့်ပေါ်သို့ တက်လာခဲ့သည်။
"အရင်ကအတိုင်း ပညာဖလှယ်ရုံပဲ၊ သေတဲ့အထိ မတိုက်ခိုက်ရဘူး"
ကောင်းကင်ကိုးဆင့် ဓားဂိုဏ်း၏ ပါရမီရှင်က ပြောလိုက်သည်။
"ကောင်းပါပြီ"
လုမင် ခေါင်းညိတ်လိုက်သည်။ သူ့လက်ထဲတွင် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်တစ်ခု ပေါ်လာ၏။ လုမင်လည်း အချိန်မဖြုန်းလိုသောကြောင့် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ဖြင့် ကောင်းကင်ကိုးဆင့်ဓားဂိုဏ်း၏ ပါရမီရှင်ကို ပစ်လွှတ်လိုက်တော့သည်။
ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်က တောင်ကြီးတစ်လုံးကဲ့သို့ ပြိုင်ဘက်ကို လုံးဝ လွှမ်းမိုးထားခဲ့သည်။ နယ်မြေကျဉ်းသော တိုက်ပွဲစင်မြင့်တွင် ရှောင်တိမ်းရန် ခက်ခဲသောကြောင့် ပြိုင်ဘက်မှာ ထိပ်တိုက်ရင်ဆိုင်ရန်မှတပါး အခြား မရှိတော့ပေ။
ဓားဆွဲထုတ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ တောက်ပသော ဓားအလင်းတစ်ခု ထွက်ပေါ်လာပြီး ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို ထိုးခုတ်လိုက်၏။
နောက်အခိုက်အတန့်တွင်၊ ဓားအလင်းက ကွဲအက်သွားသည်။ ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်က ဆက်လက်ကျဆင်းလာပြီး ကောင်းကင်ကိုးဆင့်ဓားဂိုဏ်း၏ တပည့်မှာ သွေးတစ်ပွက်အန်ထုတ်လိုက်ရတော့သည်။
သူ့မျက်လုံးများမှာတော့ လက်မခံလိုစိတ်များဖြင့် ပြည့်သွားသည်။
ဤအတိုင်း အရှုံးမပေးလိုသော်လည်း၊ လုမင်သည် ဤတိုက်ခိုက်မှုကို မည်မျှ အသုံးပြုနိုင်မှန်း သူ မသိပါ။
"ငါကြိုးစားကြည့်မယ်"
ကောင်းကင်ကိုးဆင့်ဓားဂိုဏ်း၏ ပါရမီရှင်က ဓားနှင့်လူ တစ်သားတည်းဖြစ်လာပုံရသည်။ သူက တောက်ပသော ဓားအလင်းတစ်ခုဖြင့် လုမင်ကို ခုတ်ချလိုက်၏။
"ဝမ်"
ကစဉ့်ကလျားတာအိုနယ်မြေက လုမင်ကို လွှမ်းခြုံသွားသည်။ နောက်ထပ် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်တစ်ခု သူ့လက်ထဲတွင် ပေါ်လာပြီး ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းမှ ပါရမီရှင်ကို ထပ်မံပစ်လွှတ်လိုက်၏။
"မကောင်းတော့ဘူး"
ကောင်းကင်ကိုးဆင့်ဓားဂိုဏ်း၏ ပါရမီရှင်လည်း တုန်လှုပ်ချောက်ချားစွာဖြင့် အမြန်ဆုတ်သွားသည်။ သူ ရှောင်တိမ်းချင်သော်လည်း အခွင့်မသာတော့ပေ။
"ချိုးဖြတ်လော့"
ကောင်းကင်ကိုးဆင့်ဓားဂိုဏ်း၏ ပါရမီရှင်လည်း ဓားချက်ပေါင်း ရာချီပြီး ထုတ်ဖော်လိုက်သည်။ တောက်ပသော ဓားအလင်းများက ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်နှင့် တိုက်မိပြီး မီးပွားများ ဖြာထွက်သွား၏။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကောင်းကင်ကိုးဆင့်ဓားဂိုဏ်း၏ ပါရမီရှင်လည်း တိုက်ပွဲစင်မြင့်ပေါ်မှ ပြုတ်ကျသွားတော့သည်။ ထိုအခိုက်တွင် သူ့အဝတ်အစားများက သွေးများ စွန်းထင်းနေပြီး သူ့မျက်နှာမှာလည်း သွေးဆုတ်ဖြူရော်နေခဲ့သည်။
ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ဖြင့် နှစ်ကြိမ်ဆက်တိုက် တိုက်ခိုက်ခံရခြင်းကြောင့် သူ၏ဒဏ်ရာများမှာ ယခင်နှစ်ဦးထက် ပို၍ ပြင်းထန်ခဲ့ပေသည်။
"လုမင်ရဲ့ တိုက်ခိုက်မှုက ဘယ်လိုလုပ်ပြီး ဒီလောက်တောင်စွမ်းအားကြီးတာလဲ"
"တကယ်ကို အစွမ်းထက်လွန်းပါတယ်။ အဲဒါကို ခုခံဖို့ နည်းလမ်း မရှိဘူး။ ဒါပေမဲ့ ဒီထက်ပိုပြီး အရေးကြီးတာက သူ ဒီလို တိုက်ခိုက်မှုကို ဘယ်နှစ်ခါတောင် အသုံးပြုနိုင်မှာလဲ။ အခုဆိုရင် သူက လေးကြိမ်ဆက်တိုက် တိုက်ခိုက် ပြီးပြီ"
"သူ့ရဲ့ အကန့်အသတ်တွေကို ရောက်ခါနီးလောက်ပါပြီ"
တိုက်ပွဲစင်မြင့်တွင် လုမင်က လင်လုံနန်းတော်၏ ပါရမီရှင်ကို ကြည့်လိုက်သည်။
လင်လုံနန်းတော်၏ တပည့်က လှပသော အမျိုးသမီးတစ်ဦး ဖြစ်လေသည်။
အမှန်တော့ လင်လုံနန်းတော်မှ တပည့်အားလုံးက အမျိုးသမီးများသာ ဖြစ်ကြသည်။ သူတို့တစ်ဦးစီကလည်း ပန်းတစ်ပွင့်ကဲ့သို့ လှပကြလေသည်။
လင်လုံနန်းတော်၏ တပည့်မိန်းကလေးက ဆင်းသက်လာပြီး ချိုသာသောအပြုံးဖြင့် ပြုံးပြရင်း ပြောလိုက်သည်။
"သခင်လေး လုမင်၊ ကျေးဇူးပြုပြီး သူများကို သက်ညှာပေးပါဦးနော်"
သူမ၏ ရနံ့နှင့် အမူအရာလေးက တစ်ဖက်လူအား တိုက်ခိုက်ရန်ပင် တုံ့ဆိုင်းသွားစေနိုင်ပေသည်။
သို့သော်လည်း လုမင်က ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ဖြင့် ချက်ချင်း ပစ်လွှတ်လိုက်သည်။
လှပသော အမျိုးသမီး၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ မရေတွက်နိုင်သော ပန်းပွင့်များ ပေါ်လာ၏။ ပန်းပွင့်များသည် ကြီးမားသော လက်တစ်ဖက်အဖြစ် စုဖွဲ့ပြီး ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို ဆွဲယူလိုက်တော့သည်။
သို့သော်လည်း ရလဒ်က အတူတူသာ ဖြစ်သည်။ ဧရာမလက်ကြီး ပြိုကျသွားပြီး မိန်းကလေးမှာ တိုက်ပွဲစင်မြင့်ပေါ်တွင် မီတာတစ်ရာအကွာသို့ လျှောကျသွားခဲ့သည်။ သူမ၏ နှုတ်ခမ်းထောင့်မှ သွေးများလည်း စီးကျလာတော့သည်။
"သခင်လေးလုမင်၊ နင်က မိန်းကလေးတွေကိုတောင် ဘယ်လို နူးနူးညံ့ညံ့ ဆက်ဆံရမယ်မှန်း မသိဘူး"
လှပသောမိန်းကလေးက သူမ၏နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်ပြီး စိတ်ဆိုးသွားဟန်ဖြင့် လုမင်ကို ကြည့်လိုက်သည်။
"နတ်သမီးရဲ့ တိုက်ခိုက်နိုင်စွမ်းကလည်း အံ့မခန်းပါပဲ။ မင်းကိုသာ နူးညံ့သိမ်မွေ့ခဲ့ရင် ငါ ရှုံးသွားလိမ့်မယ်"
လုမင်က ရှေ့တစ်လှမ်းတိုးလိုက်သည်။ သူ့လက်ဝါးတွင် ကစဉ့်ကလျားစွမ်းအင်များက ထပ်မံရစ်ဝဲလာ၏။
ထိုမိန်းကလေးက လှပသလောက် တိုက်ခိုက်နိုင်စွမ်းမှာ အံ့မခန်း ဖြစ်သည်။ သူမက ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်၏ တိုက်ခိုက်မှုအောက်တွင် ဒဏ်ရာအသက်သာဆုံး ဖြစ်ခဲ့ပေသည်။
"သခင်လေးလုမင်၊ ဒီလောက်အစွမ်းထက်တဲ့ တိုက်ခိုက်မှုကို နင် ဘယ်လောက်ထိ ထုတ်ဖော်နိုင်မလဲ ငါသိချင်မိတယ်"
မိန်းကလေးက ပြုံးပြီး ပြောလိုက်သည်။
"မင်း ဘာဖြစ်လို့ မကြိုးစားကြည့်တာလဲ"
လုမင် ပြုံးလိုက်၏။ သူ့လက်ထဲတွင် နောက်ထပ် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်တစ်ခု ပေါ်လာပြန်တော့သည်။
မိန်းကလေးက လေးနက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ မရေတွက်နိုင်သော ပန်းပွင့်များကလည်း သူမကို ပျံဝဲကာ လှည့်ပတ်လာ၏။
အရောင်အသွေးစုံလင်ပြီး အဆုံးမရှိသော ပွင့်ချပ်များက မိန်းကလေးကို စစ်မှန်သော နတ်သမီးတစ်ပါးကဲ့သို့ ထင်မှတ်စေခဲ့ပေသည်။
"ဝုန်း"
လုမင်က ထပ်မံ တိုက်ခိုက်လိုက်သည်။ ဒုတိယမြောက် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်က ပေါက်ကွဲထွက်လာ၏။
ဤတစ်ကြိမ်တွင် လှပသော မိန်းကလေး၏ ပတ်ဝန်းကျင်မှ ပန်းပွင့်များက သူ့ရှေ့တွင် ဒိုင်းတစ်ခုပမာ ဖွဲ့စည်းထားတော့သည်။
ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော် ကျရောက်လာသည်နှင့် ဒိုင်းက ပေါက်ကွဲသွားသည်။ မိန်းမလှလေးမှာ တိုက်ပွဲစင်မြင့် အစွန်းအနားသို့ ဆုတ်သွားရ၏။ သူမ၏ ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး သွေးများ အန်ထွက်လာတော့သည်။ ဤတစ်ကြိမ်တွင် သူမ၏အခြေအနေက ပို၍ သနားစဖွယ် ဖြစ်သွားသည်။
"နတ်သမီး၊ မင်း ထပ်စမ်းချင်သေးလား"
လုမင် မေးလိုက်သည်။
မိန်းကလေး၏ အမူအရာ ပြောင်းသွားသည်။ နောက်ဆုံးမှာတော့ သက်ပြင်းချပြီး တိုက်ပွဲစင်မြင့်မှ ထွက်ခွာသွားတော့သည်။
လုမင်က နောက်လူတစ်ဦးကို အနိုင်ယူခဲ့ပြီ ဖြစ်သည်။
ထိုအချိန်တွင် တနေရာလုံး တိတ်ဆိတ်သွားသည် ။
လုမင်က လူလေးဦးကို ဆက်တိုက် အနိုင်ယူပြီးပြီ။ သူတို့အားလုံးက ဤတစ်ကြိမ် တင်းပေါင်ညီလာခံငယ်ကို ပါဝင်ခဲ့သော ထိပ်တန်းပါရမီရှင်များကြားမှာပင် ထိပ်သီးအဆင့်များ ဖြစ်ကြသည်။ သို့ရာတွင်၊ လုမင်က လူလေးဦးကို ရှေ့ဆင့်နောက်ဆင့် အနိုင်ယူခဲ့ပြီ။
လုမင် ယခင်ကသတ်ခဲ့ဖူးသော လူသုံးဦးကို ပေါင်းလိုက်ပါက၊ ယခုတစ်ကြိမ်တွင် လုမင်တစ်ဦးတည်းက ထိပ်သီး ပါရမီရှင်ခုနစ်ဦးကို အနိုင်ယူခဲ့ပြီ ဖြစ်သည်။
ယင်းက နှစ်ပေါင်းတစ်သောင်းအတွင်း ပထမဆုံးအကြိမ်ဖြစ်မည်မှာ သေချာလှပေသည်။