အခန်း ၁၅၄၆
Vol. 104 Ch. 1546
အပိုင်း ( 1546 ) နောက်ဆုံးလူ။
ယခုအချိန်တွင် သူက အစိုးရိမ်ဆုံးလူ ဖြစ်သည်။
ရှေးနတ်ဘုရားမျောက်ဝံမှ လုမင်ကို တိုက်ပွဲကွင်းပြင်မှ တွန်းချပစ်မည်ကို သူ မစောင့်နိုင်တော့ပေ။ လုမင်ဘက်က တန်ပြန်တိုက်ခိုက်ပြီး ရှေးနတ်ဘုရားမျောက်ဝံအား ဒဏ်ရာရရှိစေခဲ့ပါက အကောင်းဆုံး ဖြစ်မည်။ ထိုသို့ဆိုလျှင် ပြီးပြည့်စုံလိမ့်မည်။
ထိုနည်းအားဖြင့်၊ သူဟာ ရှေးနတ်ဘုရားမျောက်ဝံကို အလွယ်တကူအနိုင်ယူပြီး အောင်ပွဲခံနိုင်မည် ဖြစ်သည်။
သို့သော်လည်း ရှေးနတ်ဘုရားမျောက်ဝံ၏ အမြန်နှုန်းက နိမ့်ကျနေသည်။ သူ၏ တိုက်ခိုက်မှုများက ပြင်းထန်သော်လည်း လုမင်ကို မထိခိုက်စေနိုင်ခဲ့ပေ။
"မပြေးနဲ့"
ရှေးနတ်ဘုရားမျောက်ဝံက အော်ဟစ်လိုက်သည်။ သူက သံတုတ်ဖြင့် ဆက်လက်တိုက်ခိုက်နေသော်လည်း လုမင်ကို မထိနိုင်ဘဲ ဖြစ်နေ၏။
လုမင်လည်း သူ့ကိုလျစ်လျူရှုပြီး ကျောက်ကြမ်းများကို သန့်စင်ရန်သာ အာရုံစိုက်ထားတော့သည်။
"ဂိုဏ်းတူညီလေးလုမင်၊ ကြိုးစားထား"
နဂါးနတ်ဘုရားတောင်ကြားဘက်တွင် ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့က အော်ဟစ်အားပေးလိုက်ကြသည်။
"လုမင် နိုင်ရမယ်ကွ"
နဂါးနတ်ဘုရားတောင်ကြားမှ အခြားတပည့်များသည်လည်း အော်ဟစ်လိုက်၏။
ယခုအခါ တင်းပေါင်ညီလာခံငယ်က ပြီးဆုံးရန် နီးကပ်လာခဲ့ပြီ။ နဂါးနတ်ဘုရားတောင်ကြားမှ တပည့်အများစုလည်း လုမင် အောင်ပွဲခံနိုင်ရန် မျှော်လင့်ခဲ့ကြသည်။ နောက်ဆုံးတွင်၊ တင်းပေါင်ညီလာခံမှာ နဂါးနတ်ဘုရားတောင်ကြားက ပထမနေရာကို မရရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။
ဟုတ်သည်၊ လုမင်ကို ရှုံးနိမ့်စေချင်သူ သူအနည်းစုတော့ ရှိသေးသည်။
ထိုသူများက ငွေနဂါးတောင်ကြားမှ တပည့်များနှင့် ဟဲယွိတို့ ဖြစ်သည်။
'ရှေးနတ်ဘုရားမျောက်ဝံသာ သူ့ကို အသေရိုက်သတ်လိုက်ရင် ကောင်းလိမ့်မယ်'
ဟဲယွိက မျက်လုံးကိုပြူးပြီး တိုက်ပွဲကွင်းပြင်ကို စိုက်ကြည့်နေခဲ့သည်။ လုမင် အနိုင်ရရှိမည်ကို သူ မလိုချင်ပေ။ ထိုအစား ရှေးနတ်ဘုရားမျောက်ဝံ၏ လက်ချက်ဖြင့် လုမင် သေဆုံးသွားရန် သူမျှော်လင့်ခဲ့သည်။
ငွေနဂါးတောင်ကြားမှ တပည့်များသည်လည်း အလားတူ အတွေးမျိုး ရှိကြပေသည်။
ကံမကောင်းစွာဖြင့်၊ အခြေအနေက သူတို့ကို စိတ်ပျက်စေခဲ့သည်။
လုမင်၏ ရှောင်တိမ်းနည်းက လျင်မြန်လွန်းပြီး ရှေးနတ်ဘုရားမျောက်ဝံက မမြန်ပေ။ သူ မည်ကဲ့သို့ တိုက်ခိုက်သည်ဖြစ်စေ၊ လုမင်က ရှောင်တိမ်းသွားခဲ့စမြဲ ဖြစ်သည်။
ဤသို့ဖြင့် တိုက်ပွဲက ဆယ်မိနစ်ကျော်ကြာသွားပြီ။
"မဟုတ်သေးဘူးကွ၊ ဒီအတိုင်းဆိုရင် မဟုတ်တော့ဘူး။ လုမင်က မတိုက်ခိုက်ဘဲ ရှောင်ပဲရှောင်နေတယ်။ သူ့ကို ရှုံးနိမ့်သူအဖြစ် သတ်မှတ်လိုက်ကြရအောင်"
"အမှန်ပဲ၊ ငါတို့က ဒီအတိုင်းကြီး ဘာလုပ်နေကြရမှာလဲ"
နတ်ဆိုးရဲတိုက်မှ တပည့်များက အော်ဟစ်လိုက်ကြသည်။
"ဟမ့်၊ တင်းပေါင်ညီလာခံမှာ ရှောင်တိမ်းလို့မရဘူးဆိုတဲ့ စည်းမျဉ်းရှိလို့လား။ ကိုယ်ဖော့နည်းကလည်း တိုက်ခိုက်ရေးစွမ်းအားရဲ့ တစ်စိတ်တစ်ပိုင်းပဲ"
နဂါးနတ်ဘုရားတောင်ကြားမှ တပည့်များက လှောင်ပြောင်ပြောဆိုလိုက်၏။
"ဒါဆို ဒီအတိုင်းဆက်သွားရင် ဘယ်တော့မှပြီးမှာလဲ။ သုံးရက်လား၊ ငါးရက်လား။ လုမင်က ပြိုင်ပွဲကာလအတွင်း သူ့ရဲ့ ယွမ်ချီစွမ်းအင်တွေကို ပြန်လည်ရရှိရန်အတွက်
ကျောက်ကြမ်းတွေကို သန့်စင်လေနေတာလေ။ ဒါက အလွယ်တကူ ဘယ်လိုပြီးမှာလဲ။ သူ ကျောက်ကြမ်းတွေကို သန့်စင်နိုင်တဲ့နှုန်းက ကိုယ်ဖော့နည်းကြောင့် နည်းနည်းစီပဲရမှာ၊ ဒီအတိုင်းသာ ဆက်သွားနေရင် ဆယ်ရက်၊ ဆယ့်ငါးရက်နဲ့တောင် ပြိုင်ပွဲကပြီးမှာ မဟုတ်ဘူး"
နတ်ဆိုးရဲတိုက်မှ လူများကလည်း တုံ့ပြန်ပြောဆိုကြသည်။
နဂါးနတ်ဘုရားတောင်ကြားမှ တပည့်များ၏ မျက်နှာများက အေးစက်နေသော်လည်း ဘာမျှမပြောကြတော့ပေ။
အမှန်လည်း ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက မည်သည့်အချိန်တွင် အဆုံးသတ်မည်ကို မည်သူသိမည်နည်း။ ထို့အပြင်၊ ပြိုင်ဆိုင်မှုအလယ်တွင် ကျောက်ကြမ်းများကို စုပ်ယူခြင်းက မြန်ဆန်မည် မဟုတ်ပေ။ ယင်းက ဖြေရှင်းနည်းမှန် မဟုတ်ပါ။
"ရက်အများကြီးကြာမယ်လို့ မင်းတို့ကို ဘယ်သူပြောလဲ"
ထိုအချိန်တွင် လုမင်၏ပုံရိပ်က ရပ်တန့်သွားပြီး စကားသံတစ်ခု ကြားလိုက်ရသည်။ ထို့နောက် နဂါးဟိန်းသံကို ကြားလိုက်ရပြီး လက်သီးတစ်ချက် ထုတ်ဖော်လိုက်၏။
"ဝုန်း"
လုမင်၏လက်သီးက သံတုတ်ရိုက်ချက်ကို ထိမှန်ပြီး ရှေးနတ်ဘုရားမျောက်ဝံ၏ တိုက်ခိုက်မှုကို တားဆီးလိုက်တော့သည်။
"မပြေးတော့ဘူးလား"
လူအများ အံ့အားသင့်သွားကြသည်။
"မပြေးဘူးဆိုရင် ရှုံးလိုက်တော့"
ရှေးနတ်ဘုရားမျောက်ဝံက ဟိန်းဟောက်ပြီး သံတုတ်ဖြင့် လုမင်ကို ဆက်လက်တိုက်ခိုက်လိုက်၏။ ဤတစ်ကြိမ်တွင် သူ၏ တိုက်ခိုက်မှုက ယခင်ကထက်တောင် ပို၍ အားကောင်းလာတော့သည်။
"ရှုံးနိမ့်ရမဲ့သူက မင်းပဲ"
လုမင်၏လက်များက လျင်မြန်စွာ လှုပ်ရှားသွားပြီး လက်ဟန်သင်္ကေတများ ပြုလိုက်သည်။ ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်က ရှေးနတ်ဘုရားမျောက်ဝံ၏ ဦးခေါင်းထက်တွင် ပေါ်လာပြီး သူ့ကို ဖိချလိုက်၏။
"ဒီနည်းလမ်းကို ထပ်ပြီး အသုံးပြုနိုင်တာလား။ အခုလေးတင် သူ့စွမ်းအင်တွေ ကုန်သွားတာကို၊ ဘယ်လိုလုပ်ပြီး ထပ်သုံးနိုင်တာလဲ"
"မဖြစ်နိုင်ဘူး၊ သူ ကျောက်ကြမ်းတွေကို ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် စုပ်ယူသန့်စင်နိုင်မှာလဲ"
လူအများမှာ မယုံကြည်နိုင်စွာ အော်ဟစ်လိုက်ကြသည်။
ဝါးမျိုခြင်းစွမ်းအား၏ အံ့ဖွယ်ကောင်းသော စွမ်းရည်ကို သူတို့ မသိပေ။
ဝါးမျိုခြင်းစွမ်းအားက ကျောက်ကြမ်းများကို အံ့မခန်း အရှိန်အဟုန်ဖြင့် ဝါးမျိုသန့်စင်နိုင်သည်။ မိနစ်အနည်းငယ်သာ ကြာခဲ့သော်လည်း လုမင်၏ စွမ်းအင်အများစု ပြန်လည်ပြည့်ဝစေရန် လုံလောက်ပေသည်။
ယင်းက ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို စွမ်းအား ငါးဆယ်၊ ခြောက်ဆယ် ရာခိုင်နှုန်းဖြင့် အကြိမ်အနည်းငယ် အသုံးပြုရန် သူ့အတွက် လုံလောက်သည်။
ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်မှ ကြီးမားသော ဖိအားများက ရှေးနတ်ဘုရားမျောက်ဝံကို တုန်လှုပ်သွားစေခဲ့သည်။
သူဟာ လုမင်ကိုတိုက်ခိုက်ရန် စိတ်မကူးနိုင်တော့ဘဲ သံတုတ်ဖြင့် အပေါ်သို့ ပင့်ရိုက်လိုက်၏။
"ဝုန်း"
သံတုတ်ရိုက်ချက်က ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို ထိမှန်ပြီး ကျယ်လောင်သော အသံတစ်ခုကို ကြားလိုက်ရသည်။
ရှေးနတ်ဘုရားမျောက်ဝံ၏ ခန္ဓာကိုယ်ကြီးကလည်း ပြင်းထန်စွာ တုန်လှုပ်သွားသည်။ သူ့ခန္ဓာက နောက်သို့ဆုတ်သွားရပြီး ခြေတစ်ချက်ချလိုက်တိုင်း စင်မြင့်တစ်ခုလုံး တုန်ခါသွား၏။
ရှေးနတ်ဘုရားမျောပ်ဝံ၏ လက်က တဆတ်ဆတ်တုန်ခါနေပြီး သံတုတ်ကိုပင် လွတ်ကျလုနီး ဖြစ်သွားခဲ့ရသည်။ သူ့ပါးစပ်အတွင်းရှိ အစွယ်များကြားမှ သွေးများ စီးကျလာတော့သည်။
"ဝမ်"
ထိုအခိုက်တွင်၊ ကောင်းကင်ကြီး တုန်ခါသွားပြီး နောက်ထပ် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်တစ်ခု ပေါ်လာခဲ့သည်။
"ငါအရှုံးပေးပါတယ်"
ရှေးနတ်ဘုရားမျောက်ဝံက အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်က လျင်မြန်စွာ ကျုံ့သွား၏။ ထို့နောက် တိုက်ပွဲကွင်းပြင်မှ ပြေးထွက်သွားတော့သည်။
လုမင် ပြုံးပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ကောင်းကင်မှ ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်လည်း ပျောက်ကွယ်သွားလေသည်။
ရှေးနတ်ဘုရားမျောက်ဝံက ပရိသတ်စင်မြင့်သို့ ဆင်းသက်သွားခဲ့သည်။
ဆက်လက်တိုက်ခိုက်ရန် မလိုတော့ပေ။ လုမင်မှ ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော် နှစ်ခုကို ဆက်တိုက် ဖန်တီးလိုက်ကတည်းက သူရှုံးမည်ကို သိသည်။ ထို့ကြောင့် တိုက်ရိုက် အရှုံးပေးခဲ့ပေသည်။
နောက်တစ်ဦး။
လုမင်က နောက်တစ်ဦးကို အနိုင်ယူခဲ့သည်။ ယခုအခါ သူသတ်ခဲ့သော လူသုံးယောက် အပါအဝင်၊ ထိပ်တန်းပါရမီရှင် ကိုးဦးကို လုမင်တစ်ဦးတည်းက အနိုင်ယူခဲ့ပြီ။
ယခု ဆယ်ဦးပြည့်ရန် နောက်ဆုံးလူတစ်ယောက်သာ ကျန်သည်။
"လာပါ၊ အနိုင်ရတဲ့သူကို ဆုံးဖြတ်ကြရအောင်"
လုမင်က ကောင်းကင်ဘုရင်နန်းတော်မှ နောက်ဆုံးကျန်သော ပါရမီရှင်ကို ကြည့်လိုက်သည်။
ကောင်းကင်ဘုရင်နန်းတော်မှ ပါရမီရှင်လည်း တိုက်ပွဲစင်မြင့်ပေါ်သို့တက်လာပြီး လေးနက်သော အမူအရာဖြင့် လုမင်ကို ကြည့်လိုက်၏။
"လုမင်၊ မင်း ကျောက်ကြမ်းတချို့ကို စုပ်ယူထားပေမဲ့ အပြည့်အဝ ပြန်ကောင်းမလာသေးဘူး မဟုတ်လား။ ဒီပုံစံနဲ့ မင်း နောက်ထပ် ဘယ်နှစ်ခါလောက် လုပ်နိုင်မှာလဲ"
ကောင်းကင်ဘုရင်နန်းတော်မှ ပါရမီရှင်က အကဲစမ်းကာ မေးလိုက်သည်။
"မင်း စမ်းကြည့်ရင် သိလိမ့်မယ်"
လုမင် ပြုံးလိုက်၏။
"ဟုတ်ပါတယ်၊ ငါကြိုးစားကြည့်မယ်"
ကောင်းကင်ဘုရင်နန်းတော်၏ ပါရမီရှင်မှာ တိုက်ခိုက်ချင်စိတ်များ ပြည့်နှက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်က ရွှေရောင်ပြောင်းလာ၏။
နောက်ဆုံးတိုက်ပွဲတစ်ခုသာ ကျန်တော့သဖြင့် ကောင်းကင်ဘုရင်နန်းတော်၏ ပါရမီရှင်မှာ လက်မလျှော့ချင်ပေ။ လုမင်တွင် နောက်ထပ် စွမ်းအင်များများ မကျန်တော့သည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ နောက်ထပ် တိုက်ခိုက်မှုအနည်းငယ်ကို တားဆီးနိုင်သရွေ့ လုမင်ကို အနိုင်ယူနိုင်လိမ့်မည်။
သူက အစွမ်းကုန်သုံး၍ အလောင်းအစားလုပ်ရန် ဆုံးဖြတ်လိုက်သည်။
"ကောင်းကင်ဘုရင် ကမ္ဘာဖျက်ဆီးခြင်း"
ကောင်းကင်ဘုရင်နန်းတော်မှ ပါရမီရှင်၏ ခန္ဓာကိုယ်တစ်ခုလုံးက ရွှေရောင်ပြောင်းသွားသည်။ အရောင်မတူသော်လည်း သူ့ခန္ဓာကိုယ်က ခရမ်းရွှေရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် လူငယ်လေးကဲ့သို့ ဖောင်းကြွလာ၏။ သူ့လက်ထဲတွင် ရွှေရောင်ဓားကြီးတစ်ချောင်းပေါ်လာပြီး လုမင်ကို တိုက်ခိုက်တော့သည်။
ထိုအချိန်တွင် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်တစ်ခု လုမင်၏လက်ထဲတွင် ပေါ်လာခဲ့သည်။
"ဝုန်း"
ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်က လွင့်ပျံသွားပြီး ကောင်းကင်ဘုရင်နန်းတော်မှ ပါရမီရှင်နှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
ရွှေရောင်အလင်းတန်းများအလယ်တွင်၊ ကောင်းကင်ဘုရင်နန်းတော်မှ ပါရမီရှင် လွင့်ပျံသွား၏။ သူ့ခန္ဓာကိုယ်တစ်ဝိုက်မှ ရွှေရောင်အလင်းတန်းများလည်း မှိန်ဖျော့သွားပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရတော့သည်။
တစ်ချက်တည်းဖြင့် ဒဏ်ရာရသွားသည်။
သို့သော်လည်း ကောင်းကင်ဘုရင်နန်းတော်မှ ပါရမီရှင်က အရှုံးမပေးဘဲ ဆက်လက် တိုက်ခိုက်လိုက်သည်။
လုမင်၏ ယွမ်ချီစွမ်းအင် မကြာမီ ကုန်ဆုံးတော့မည်ဟု သူလောင်းနေမိ၏။
သို့သော်လည်း သူ့ကို စိတ်ပျက်အားငယ်စေအောင် လုမင်၏ လက်ထဲတွင် နောက်ထပ် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်တစ်ခု ပေါ်လာသည်။
"ဝုန်း"
ဤတစ်ကြိမ်တွင် ကောင်းကင်ဘုရင်နန်းတော်မှ ပါရမီရှင်မှာ ပို၍ပင် ဒဏ်ရာရသွားခဲ့သည်။ သူ့အရိုးများ တော်တော်များများ ကျိုးသွားပြီး သူ့ခန္ဓာကိုယ်လည်း ကျုံ့သွား၏။ သူ့အငွေ့အသက်များပင် လွန်စွာ အားနည်းသွားတော့သည်။
သို့သော်လည်း သူ့မျက်လုံးထဲတွင် အံကြိတ်ပြီး လွန်ဆွဲနေဆဲ ဖြစ်သည်။
အရှုံးမပေးချင်သေးပေ။
"ဝုန်း"
နောက်ထပ် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်တစ်ခုက ကောင်းကင်မှာ ပေါ်လာသည်။
"ငါရှုံးသွားပြီ"
ထိုအချိန်တွင် ကောင်းကင်ဘုရင်နန်းတော်မှ ပါရမီရှင်လည်း ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ အနိုင်ရရှိရန် မဖြစ်နိုင်တော့မှန်း သူသိလိုက်၏။ ဤတစ်ကြိမ် ထပ်မံတိုက်ခိုက်ခံရပါက သူ သေဆုံးသွားနိုင်သည်။
လူငယ်လည်း တိုက်ပွဲကွင်းပြင်မှ ထွက်ပြေးသွားလေသည်။
လုမင်လည်း မတိုက်ခိုက်တော့ဘဲ ဂရုမစိုက်သလို ကြည့်ရုံသာ ကြည့်နေလိုက်သည်။
ကောင်းကင်ဘုရင်နန်းတော်မှ ပါရမီရှင် စင်ပေါ်မှ ဆင်းသွားပြီးနောက်၊ လုမင်က သူ့လက်ကို ဝှေ့ယမ်းပြီး ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို ဖယ်ရှားလိုက်၏။
"ဟူး"
လုမင် စိတ်သက်သာရာရကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။ နောက်ဆုံးတွင် သူ အနိုင်ရခဲ့ပြီ။ အမှန်ဆိုရလျှင်၊ သူ့ခန္ဓာကိုယ်ထဲတွင် ယွမ်ချီစွမ်းအင် သိပ်မရှိတော့ပဲ ကုန်တော့မည် ဖြစ်သည်။