အခန်း ၁၅၅၁
Vol. 104 Ch. 1551
အပိုင်း ( 1551 ) အကျိုးအမြတ်များ ရိတ်သိမ်းချိန်။
"နတ်ဘုရားသားတော်က သုံးနှစ်အတွင်း သူတော်စင်နယ်ပယ်ကျို ချိုးဖြတ်သွားလိမ့်မယ်တဲ့လား"
လူများစွာ တုန်လှုပ်သွားကြသည်။
သို့သော်လည်း ယင်းမှာ ပုံမှန် ဖြစ်၏။ ရှန်းကျစ်မှာ သူတော်စင်တစ်ပိုင်းအဆင့်တွင် ဆယ်နှစ်နီးပါး ရှိခဲ့သည်။ သူ၏ အရည်အချင်းဖြင့် သူတော်စင်နယ်ပယ်ကို ဖြတ်ကျော်ရန် ခက်ခဲမည် မဟုတ်ပေ။
သူ သူတော်စင်နယ်ပယ်ကို ချိုးဖြတ်ပြီးသည်နှင့် သူ့အဆင့်အတန်းက လုံးဝ ကွဲပြားသွားလိမ့်မည်။ သူသည် စန်းပြည်နယ်၏ အကျော်အမော်များထဲသို့ အမှန်တကယ် ဝင်ရောက်လာမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ သူသည် တင်းပေါင်ညီလာခံတွင် ပါဝင်နိုင်မည် မဟုတ်တော့ပေ။
တင်းပေါင်ညီလာခံတွင် သူတော်စင်များ ပါဝင်ပါက အခြားမည်သူမျှ အခွင့်အရေးရှိမည် မဟုတ်ပါ။
တစ်နည်းဆိုရသော်၊ လုမင်အတွက် ရှန်းကျစ်ကို စိန်ခေါ်လိုပါက၊ တင်းပေါင်ညီလာခံကို ကျော်ဖြတ်ရမည်ဖြစ်သည်။
တင်းပေါင်ညီလာခံတွင် သူ အသတ်ခံရပါက ရှန်းကျစ်ကိုစိန်ခေါ်ဖို့ နည်းလမ်းရှိမည် မဟုတ်ပါ။
"သုံးနှစ်တည်းနဲ့ လုမင် အခွင့်အရေးရလာမှာ မဟုတ်ဘူး"
တစ်စုံတစ်ယောက်က ခေါင်းခါယမ်းပြီး သက်ပြင်းချလိုက်တယ်။
"အမှန်ပါပဲ၊ သူ အခွင့်အရေးရမှာ မဟုတ်ဘူး"
တခြားသူများလည်း ခေါင်းယမ်းလိုက်ကြသည်။
လုမင်က ယခုအခါ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူ နယ်ပယ်တွင်သာ ရှိသေးသည်။ သုံးနှစ်အတွင်း၊ လုမင် မည်မျှပင် လျင်မြန်စွာ တိုးတက်ပါစေ သို့မဟုတ် နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ရောက်ရှိလျှင်ပက် သူ့အတွက် အလွန်လျင်မြန်မည် ဖြစ်သည်။
သို့ရာတွင်၊ နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ရောက်ရှိလျှင်ပင် ဘာဖြစ်သေးသနည်း။ သူတော်စင်တစ်ပါးနှင့် မည်သို့ တိုက်ခိုက်နိုင်မည်နည်း။
ရှန်းကျစ်က သူတော်စင်တစ်ပိုင်းနယ်ပယ်တွင် ရှိနေလျှင်ပင် လုမင် ယှဉ်နိုင်မည် မဟုတ်ပါ။ သူတော်စင်နယ်ပယ်သို့ ချိုးဖြတ်သွားပြီဆိုပါက လုမင်တွင် အခွင့်အရေးရှိတော့မည် မဟုတ်ပေ။
သူတော်စင်မဖြစ်ဘဲ သူတော်စင်တစ်ပါးကို အနိုင်ယူနိုင်သူ မရှိပေ။ ရှေးယခင်ကတည်းက ဤကဲ့သို့ လုပ်နိုင်သူ အများအပြား မရှိခဲ့ပါချေ။
ထိုလူတိုင်းကဘည်း ကမ္ဘာကို တုန်လှုပ်စေသည့် ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်များ ဖြစ်ကြသည်။
"ဒါဆိုရင် မင်းကို နောက်ထပ်သုံးနှစ်လောက် အသက်ရှင်နေခွင့်ပေးလိုက်မယ်"
ရှန်းကျစ်က အေးစက်စက် ပြောလိုက်သည်။ ထို့နောက် ဘာမှထပ်မပြောတော့ဘဲ လှည့်ထွက်သွား၏။ သူက သန့်စင်သော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားတော့သည်။
"သွားကြရအောင်"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူတော်စင်နယ်ပယ် အကြီးအကဲက အော်ပြောပြီး ပျံသန်းသွားသည်။ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ တပည့်များလည်း ဆောလျင်စွာ နောက်မှ လိုက်ပါသွားကြ၏။
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများ ထွက်သွားပြီးနောက် ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းမှ လူများလည်း ထွက်ခွာသွားကြတော့သည်။
နောက်တော့ တခြားဂိုဏ်းမှလူများလည်း ထွက်သွားကြသည်။
"လုမင်၊ အခွင့်အရေးရှိရင် အနာဂတ်မှာ ထပ်တိုက်ရအောင်"
သေခြင်းရှင်ခြင်းဓားဂိုဏ်းမှ လော့ရှန်းက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ကောင်းပြီ၊ နောက်ကြုံရင် ထပ်တိုက်ကြရအောင်"
လုမင် ပြောလိုက်၏။
"သွားပါဦးမယ်"
လော့ရှန်းလည်း လက်ယှက်ပြပြီး ထွက်သွားတော့သည်။
"ကူညီပေးတာ ကျေးဇူးတင်ပါတယ် တတိယဆရာတူအစ်ကို"
လုမင်၊ ထျန်းချွေးနှင့် ရွယ်နင်ရှင်းက ရန်ထျန်းကျုံးအား လက်ယှက်ပြလိုက်ကြသည်။
"ဟားဟားဟား၊ မင်းတို့နဲ့ ငါက ညီအကိုတွေမို့ ယဉ်ကျေးနေစရာ မလိုပါဘူး။ ဒီတစ်ခါ ငါ စန်းတောင်ကို ဖြတ်သွားတာကြောင့် ဝင်ကြည့်တာ။ ဒီလိုမျိုး ကြုံရမယ်လို့ မမျှော်လင့်ထားဘူး"
ရန်ထျန်းကျုံးက ရယ်မောလိုက်သည်။
"တတိယ ဆရာတူအစ်ကို၊ အငယ်ဆုံးမောင်လေးက တကယ်တော်တာနော်။ သူက အဆင့်မြင့် မြေကမ္ဘာဝိညာဉ်ခန္ဓာပိုင်ရှင် ပါရမီရှင်တွေအပါအဝင် အသန်မာဆုံး ပါရမီရှင်ဆယ်ဦးကို တစ်ဦးတည်း အနိုင်ယူပြီး တင်းပေါင်ညီလာခံမှာ ပထမနေရာကို ရယူခဲ့တာ"
ရွယ်နင်ရှင်းက ပြုံးပြီး ပြောလိုက်သည်။
"အလို၊ အံ့ဩဖွယ်ရာပါလား။ ဆရာတူညီလေးက တကယ်ကို ပါရမီရှင်ပဲ။ ဆရာရဲ့ မြင်နိုင်စွမ်းကလည်း ကောင်းနေတုန်းပဲ"
ရန်ထျန်းကျုံး၏ မျက်လုံးများက တောက်ပလာသည်။
သူ ရောက်လာသည်မှာ မကြာသေးသဖြင့်၊ လုမင်က တင်းပေါင်ညီလာခံတွင် ပထမနေရာကို ရရှိခဲ့ကြောင်း မသိသေးပါ။
"ဆရာတူအစ်ကိုကြီးက ချီးကျူးလွန်နေပါပြီ"
ထို့နောက်၊ သူတို့လည်း စကားစမြည် ပြောဆိုရင်း နဂါးနတ်ဘုရားတောင်ကြား၏ စခန်းသို့ ပျံသန်းသွားကြသည်။
နဂါးနတ်ဘုရားတောင်ကြား၏ လူအုပ်ကြားတွင် ဟဲယွိ၊ ရင်ချန်နှင့် အခြားလူများကတော့ မကျေမနပ် ဖြစ်နေကြပေသည်။
'ချီးတဲ့မှပဲ၊ ဒီလိုအခြေအနေမျိုးမှာတောင် ဒီလုမင် လွတ်မြောက်နိုင်ခဲ့တယ်'
ဟဲယွိက သူ့စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
များမကြာမီတွင်၊ လူတိုင်းက နဂလးနတ်ဘုရားတောင်ကြား၏ စခန်းသို့ ပြန်ရောက်ခဲ့ပေသည်။
"ဆရာတူညီလေးနဲ့ ညီမလေး၊ မင်းတို့တွေ တိုက်ပွဲကြီးတစ်ခုကို ရင်ဆိုင်ခဲ့ရတော့ ပင်ပန်းနေမှာပေါ့။ မင်းတို့ရဲ့အခန်းကို ပြန်သွားပြီး အနားယူသင့်တယ်"
ရန်ထျန်းကျုံးက ပြောလိုက်သည်။
ထျန်းချွေးနှင့် ရွယ်နင်ရှင်း ခေါင်းညိတ်လိုက်၏။ သူတို့သည် ယခင်တိုက်ပွဲတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ပြန်လည်ကောင်းမွန်ရန် ဝေးကွာနေသေးသည်။
နဂါးနတ်ဘုရားတောင်ကြား၏ အခြားတပည့်များစွာလည်း ဒဏ်ရာရခဲ့ပြီး ကုသရန် အခန်းများသို့ ပြန်ခဲ့ကြသည်။
လုမင်လည်း သူ့အခန်းသို့ ပြန်ရောက်သောအခါ၊ ကျောက်ကြမ်းအပုံကြီးကို ထုတ်ယူပြီး ယွမ်ချီစွမ်းအင် ပြန်လည်ဖြည့်တင်းရန် ဝါးမျိုသန့်စင်လိုက်ပေသည်။
နေ့ဝက်ခန့်ကြာသောအခါ၊ လုမင် အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့သည်။
ထိုအချိန်တွင်၊ လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ သိုလှောင်လက်စွပ်အချို့ သူ့လက်ထဲတွင် ပေါ်လာသည်။
ယင်းက တင်းပေါင်ညီလာခံတွင် သူ၏ပြိုင်ဘက်များကို သတ်ဖြတ်ခြင်းမှ ရရှိခဲ့ခြင်းပင်။
လုမင်လည်း စတင် ရေတွက်လိုက်သည်။
ပြီးစီးသောအခါ လုမင် ဝမ်းသာအားရ ဖြစ်သွား၏။
ဤတစ်ကြိမ်တွင် သူ တော်တော်များများ ရခဲ့သည်။
သူသတ်ခဲ့သည့် လူအားလုံးက ပါရမီရှင်များဖြစ်၍ အလွန်ချမ်းသာသူများဖြစ်ကြောင်း သိထားရလိမ့်မည်။
ကျောက်ကြမ်းများ သန်းရာနှင့်ချီ ရရှိခဲ့သည်။
အုပ်ချုပ်သူအဆင့် ဝိညာဉ်ရတနာမှာ ဒါဇင်များစွာလည်းရှိ၏။
သူတော်စင်ရတနာ ခြောက်ခုပင် ရှိသေးသည်။
အထူးသဖြင့်၊ ကောင်းကင်ယံတွင် ဖောက်ထွင်းပျံသန်းနိုင်သော လွန်းပျံယာဉ်သုံးစင်း ရှိသည်။
မော့ဟဲ၊ ဝူချမ်တုတို့၏ သိုလှောင်လက်စွပ်များမှ ကောင်းကင်ခွင်းလွန်းပျံ သုံးစီကို တွေ့ရှိခဲ့ရပေသည်။
ကောင်းကင်ခွင်းလွန်းပျံမှာ တွေ့ရခဲသည်။ လုမင်သည်လည်း ကောင်းကင်ခွင်းလွန်းပျံတစ်ခုကို အမြဲ ဝယ်ယူလိုခဲ့ပေသည်။ ယခုကဲ့သို့ တစ်ကြိမ်တည်းဖြင့် သုံးစီးရရှိရန် မမျှော်လင့်ထားပေ။
လုမင်လည်း တစ်စီးကိုယူပြီး မူလပိုင်ရှင်၏ အမှတ်အသားကို ဖျက်ကာ စတင်သန့်စင်ခဲ့သည်။
ကောင်းကင်ခွင်းလွန်းပျံယာဉ်ကို ပြန်လည်သန့်စင်ရန်မှာ အလွန်လွယ်ကူပါသည်။ တစ်ရက်မပြည့်မီပင် လုမင် သန့်စင်ခြင်း ပြီးဆုံးသွားပေသည်။
ကောင်းကင်ခွင်းလွန်းပျံက လုမင်၏ လက်ဖဝါးအထက်တွင် လွင့်မျောနေသည်။ လုမင်၏ အလိုဆန္ဒအရ ၎င်း၏အရွယ်အစားကို ပြောင်းလဲနိုင်ပေသည်။
ခဏကြာ လှည့်ပတ်ကစားကြည့်ပြီးနောက် ကောင်းကင်ခွင်းလွန်းပျံယာဉ်ကို ဖယ်ထုတ်ပြီး သန့်စင်ရန်အတွက် လျိုယွမ်လက်အိတ်များကို ထုတ်ယူလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ်သုံးရက် ကုန်ဆုံးသွားပြီ။
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း တင်းပေါင်ညီလာခံတွင် ဖြစ်ပျက်ခဲ့သော သတင်းများက စန်းတောင်တစ်လျှောက်တွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ထို့အပြင်၊ သတင်းက အလွန်လျင်မြန်သောအရှိန်ဖြင့် စန်းပြည်နယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
လုမင်၏ နာမည်က လူတိုင်းကို တုန်လှုပ်စေခဲ့သည်။
ဤနှစ်မှ ပြိုင်ပွဲမှာ လူပြောအများဆုံးကတော့ လုမင်၏ နာမည်ပင်။
သူတစ်ဦးတည်းဖြင့် ထိပ်တန်း ပါရမီရှင်ဆယ်ယောက်ကို အနိုင်ယူပြီး ပထမနေရာကို ရယူခဲ့သည်။
နောက်ဆုံးတွင်၊ သူက နတ်ဘုရားသားတော်ကို စိန်ခေါ်ခဲ့၏။ သုံးနှစ်ကြာပြီးနောက်၊ သူသည် နတ်ဘုရားသားတော်နှင့် သေသည်အထိ တိုက်ခိုက်လိမ့်မည်။
လုမင် အနိုင်ရမည်ဟု မည်သူမျှ မထင်သော်လည်း သုံးနှစ်အကြာတွင် နတ်ဘုရားသားတော်ကို တိုက်ခိုက်မည်ဟူသော အချက်ကြောင့် လူများစွာသည် လုမင်၏အမည်ကို မှတ်သားမိခဲ့ကြသည်။
သုံးရက်ကြာပြီးနောက်၊ လျိုယွမ်လက်အိတ်များကို သန့်စင်ပြီးသွားလေသည်။
အတွေးတစ်ခုဖြင့်၊ လျိုယွမ်လက်အိတ်က အရည်အဖြစ်သို့ပြောင်းသွားပြီး လုမင်၏ ညာဘက်လက်ဖဝါးတွင် ရစ်ပတ်သွားသည်။ လုမင်က ယွမ်ချီစွမ်းအင် သွန်းလောင်းလိုက်သောအခါ လျိုယွမ်လက်အိတ်က ပို၍ လေးလံလာ၏။
အဆုံးမှာတော့၊ လုမင်၏ လက်များပင် အနည်းငယ်တုန်ယင်လာတော့သည်။
"လေးလိုက်တာ၊ အတော်လေးတာပဲ။ ကစဉ့်ကလျားတာအိုနယ်မြေနဲ့ အတားအဆီးမဲ့တဲ့ကောင်းကင်သိုင်းကို တွဲသုံးလိုက်ရင် ဒီလက်သီးအားက ဘယ်လောက်တောင် ကြောက်စရာကောင်းလာလိုက်မလဲ"
လုမင်၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် ပြည့်သွားသည်။ ချက်ချင်း စမ်းသပ်ရန်အတွက် ကျွမ်းကျင်သူများကို ရှာရန် သူ မစောင့်နိုင်တော့ပေ။
အတွေးတစ်ခုဖြင့် လျိုယွမ်လက်အိတ်က အရေပြားထဲသို့ စိမ့်ဝင်ကာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် သူ့အတွေးတစ်ခုဖြင့် ပြန်ပေါ်လာ၏။ ယင်းက သုံးရတာ လွန်စွာ အဆင်ပြေပေသည်။
"ထွက်ခွာဖို့အချိန်တန်ပြီ"
လုမင် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
တင်းပေါင်ညီလာခံ မစတင်သေးသော်လည်း လုမင်က နဂါးနတ်ဘုရားတောင်ကြားသို့ပြန်ပြီး တိတ်တဆိတ်လေ့ကျင့်ရန် စီစဉ်ထားပေသည်။
နောက်ဆုံးတွင်၊ သူက ရှန်းကျစ်၊ ကျစ်ဖုန်း၊ ဝမ့်ကျန်းနှင့် စန်းပြည်နယ်မှ ထိပ်သီးပါရမီရှင်ဆယ်ဦးအဆင့် အင်အားများကို မြင်ခဲ့ပြီးပြီ ဖြစ်သည်။ တင်းပေါင်ညီလာခံတွင် ဆက်နေပြီး ကြည့်ရှုရန် အကြောင်းမရှိတော့ပေ။
အချိန်ကို အကျိုးရှိရှိသုံးပြီး လေ့ကျင့်ခြင်းက ပိုကောင်းသည်။
လုမင်အတွက် အရေးကြီးဆုံးက အချိန်ပင်။
လုမင်လည်း ထျန်းချွေးတို့ကိုရှာရန် ထွက်ခဲ့သည်။
"ညီလေး၊ မင်းထွက်သွားတော့မှာလား"
ထျန်းချွေးက အံ့သြဟန်ဖြင့် မေးလိုက်သည်။
"ဟုတ်တယ်၊ စန်းပြည်နယ်က ထိပ်တန်း ပါရမီရှင်ဆယ်ယောက်ရဲ့ ခွန်အားကို ကြည့်ဖို့ တင်းပေါင်ညီလာခံကို ငါ လာခဲ့တာ။ အခုတော့ မြင်လိုက်ရပြီမို့ ဆက်နေစရာ အကြောင်းမရှိတော့ဘူးလေ။ ဒါကြောင့် နဂါးနတ်ဘုရားတောင်ကြားကို ပြန်သွားဖို့ စီစဉ်ထားတယ်"
လုမင် ပြောလိုက်သည်။