← Chapters

အခန်း ၁၅၅၇

Vol. 104 Ch. 1557

အခန်း ၁၅၅၇

Vol. 104 Ch. 1557

အပိုင်း ( 1557 ) လုမင် ရူးသွပ်သွားပြီ။

"သတ်... သတ်... သတ်"

လုမင် ဟိန်းဟောက်လိုက်သည်။ သူ့အသိစိတ်များ လုံးဝ ပျောက်ကွယ်သွားစ။ ဤအခိုက်အတန့်တွင် သူ့စိတ်ထဲရှိ တစ်ခုတည်းသောအရာက သတ်ဖြတ်ရန်၊ လူတိုင်းကိုသတ်ရန်၊ လောကကြီးရှိ သတ္တဝါအားလုံးကိုသတ်ရန် ဖြစ်သည်။

"ဝှစ်"

လုမင်က သူ့လက်ထဲမှ သူတော်စင်ရတနာဖြင့် ပစ်ပေါက်လိုက်သည်။ သူတော်စင်ရတနာက အလွန်မြန်သော အဟုန်ဖြင့် ဟင်းလင်းပြင်ကို ဖြတ်သန်းသွား၏။ မြန်ဆန်လွန်းသဖြင့် အဆင့်ရှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦးမှာ မရှောင်နိုင်တော့ဘဲ ပွဲချင်းပြီး သေဆုံးသွားတော့သည်။

"ဝှစ်... ဝှစ်..."

အနက်ရောင်အတောင်ပံများမှာလည်း သွေးနီရောင်အလင်းတန်းများဖြင့် ဖုံးအုပ်ထားသောကြောင့် ပို၍ သန်မာစေသည်။ အတောင်ကို တစ်ချက်ခတ်လိုက်ရုံဖြင့် လုမင်က ဝတ်ရုံနက်ဝတ် သူတော်စင်တစ်ပိုင်း အကျော်အမော်ရှေ့တွင် ပေါ်လာခဲ့၏။ သူက လက်သည်းဖြင့် ကုပ်ချလိုက်တော့သည်။

ဝတ်ရုံနက်ဝတ် သူတော်စင်တစ်ပိုင်း အကျော်အမော်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး အမြန်ပြန်ဆုတ်သွားခဲ့သည်။

သို့သော်လည်း မကြာမီတွင် ယင်းက အသုံးမဝင်ကြောင်း သူတွေ့ရှိခဲ့ရသည်။ လုမင်၏ လက်သည်းက သူ နောက်ဆုတ်သွားသော အရှိန်ထက် ပိုမြန်၏။ သူ့ခန္ဓာကိုယ်ကို ကုပ်ဆွဲလိုက်တော့သည်။

"ဗြိ"

ထို့နောက်၊ နောက်ထပ် လက်သည်းကုပ်ချက်က ထပ်မံကျရောက်လာခဲ့သည်။ ဝတ်ရုံနက်ဝတ် သူတော်စင်တစ်ပိုင်း အကျော်အမော်၏ သူတော်စင်ရတနာချပ်ဝတ်က ပျက်စီးလွယ်သော စက္ကူစနှင့် မခြားတော့ပေ။

"မဟုတ်ဘူး…"

ဝတ်ရုံနက်ဝတ် သူတော်စင်တစ်ပိုင်း အကျော်အမော်က ကြောက်လန့်တကြားဖြင့် အော်လိုက်သည်။

နောက်အခိုက်တွင်၊ လုမင်က ဟိန်းဟောက်ပြီး ဝတ်ရုံနက်ဝတ် သူတော်စင်တစ်ပိုင်း အကျော်အမော်၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဆုပ်ဖြဲပစ်လိုက်သည်။ သူ၏ နတ်ဘုရားဝိညာဉ်က ကြောက်လန့်တကြားဖြင့် ထွက်ပြေးသွားသော်လည်း လုမင်၏ ခြေကန်ချက်ဖြင့် ပြာဖြစ်သွားတော့သည်။

နိယာမကို နားလည်သော သူတော်စင်တစ်ပိုင်း အကျော်အမော်တစ်ဦး လုမင်၏ အသတ်ခံလိုက်ရပြီ ဖြစ်သည်။

"သတ်... သတ်"

လုမင် ဟိန်းဟောက်လိုက်သည်။ လူတစ်​​ယောက်​ကို သတ်​လိုက်ပြီး​နောက်​၊ လုမင်၏ သတ်​ဖြတချင်စိတ်များက​ ပို၍ ပြင်းထန်​လာသည်​။

"ဝှစ်"

အနက်ရောင်အတောင်ပံ ခတ်သံနှင့်အတူ လုမင်က အစီရင်ထိန်းချုပ်ထားသော ဝတ်ရုံနက်ဝတ် လူ ဆယ့်နှစ်ယောက်ဆီသို့ ပြေးသွားခဲ့သည်။

"သူ့ကို ချုပ်နှောင်ကြ"

ဝတ်ရုံနက်ဝတ် လူတစ်ဦးက အော်ဟစ်ပြီး အစီရင်ချပ်ပြားဖြင့် လုမင်ကိုထိန်းချုပ်ရန် ကြိုးစားလိုက်၏။

"ခလွမ်"

လုမင်၏ လက်သည်းက ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်လိုက်သည်။ ဟင်းလင်းပြင်က တုန်ခါသွားသော်လည်း လုမင်ကို လုံးဝ မချုပ်နှောင်နိုင်ပေ။ ခဏအတွင်း ဝတ်ရုံနက်ဝတ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

ဝတ်ရုံနက်ဝတ် လူတစ်ဦး အသတ်ခံရပြီးနောက်တွင် ပိတ်လှောင်ထားသော ဟင်းလင်းပြင်က ပျက်စီးသွားခဲ့သည်။ ပူဖောင်းလေးလည်း ထိုအခွင့်အရေးကို ဆုပ်ကိုင်ပြီး ပြေးထွက်သွား၏။

"သတ်... သတ်"

လုမင်က အဆက်မပြတ်ဟိန်းဟောက်ရင်း အနက်ရောင်တောင်ပံများကို ခတ်လိုက်သည်။ ဝတ်ရုံနက်ဝတ် အမျိုးသားများ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံခဲ့ရ၏။ သူတို့ထဲတွင် တစ်ဦးမျှ လွတ်မြောက်ရန် အခွင့်အရေး မရခဲ့ကြပါ။

"တွိ..."

ပူဖောင်းလေးက လုမင်ဆီသို့ ပျံသန်းလာခဲ့သည်။ သို့ရာတွင်၊ လုမင်က ပူဖောင်းလေးကို မမှတ်မိသကဲ့သို့ ဖမ်းဆုပ်လိုက်၏။ ပူဖောင်းလေးလည်း အချိန်ဟင်းလင်းပြင်တာအိုနယ်မြေကို လျင်မြန်စွာ အသုံးပြုပြီး လုမင်၏တိုက်ခိုက်မှုကို ရှောင်ရှားရန် ဆုတ်ခွာသွားတော့သည်။

"တွိ..."

ပူဖောင်းလေးက အဝေးမှ လုမင်ကို လှမ်းကြည့်လိုက်သည်။ သူ၏ မျက်လုံးများမှာလည်း စိုးရိမ်ပူပန်မှုတို့ ပေါ်လာခဲ့ပေသည်။

"ဂါး"

လုမင်က သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်ပြီး အခြားသူများကို ဆက်လက် တိုက်ခိုက်လိုက်သည်။

"မကောင်းတော့ဘူး၊ ပြေး"

လုမင်က ဝတ်ရုံနက်ဝတ် ကျွမ်းကျင်သူများကို အလွယ်တကူသတ်ခဲ့ကြောင်း မြင်သောအခါ၊ ကျန်လူများလည်း ပြန်လည်တိုက်ခိုက်ရန် မဝံ့ရဲတော့ပေ။ သူတို့အားလုံး ခြေဦးတည့်ရာ ထွက်ပြေးကုန်သည်။

သို့သော်လည်း ယခုအချိန်တွင် လုမင်၏ ခန္ဓာကိုယ်က အကန့်အသတ်မဲ့ စွမ်းအားများဖြင့် ပြည့်နေပြီ ဖြစ်သည်။ အနက်ရောင်တောင်ပံများကိုလည်း ဤစွမ်းအားဖြင့် ပို၍ အားကောင်းစေခဲ့၏။ သူတော်စင်ရတနာတစ်ခု၏ စစ်မှန်သောစွမ်းအားကို လှုံ့ဆော်ခံရဟန်ဖြင့် ၎င်း၏အရှိန်မှာ ကြောက်မက်ဖွယ်ကောင်းနေတော့သည်။

လုမင်၏ ခန္ဓာကိုယ်က တစ်ချက်လှုပ်သွားပြီး သံတုတ်ကို ထိန်းချုပ်ထားသည့် နဝမအဆင့် သိုင်းအုပ်ချုပ်သူအနောက်တွင် ပေါ်လာခဲ့သည်။

"ငရဲကိုသွား"

ထိုလူ ထိတ်လန့်တုန်လှုပ်သွား၏။ သူ၏ သံတုတ်ကိုဝှေ့ယမ်းပြီး သွေးရူးသွေးတန်းဖြင့် လုမင်ကို ရိုက်ချတော့သည်။

လုမင်က လက်သီးဖြင့်ထိုးပြီး သံတုတ်ကို လွင့်စဉ်သွားစေခဲ့သည်။ ကြောက်စရာကောင်းသော စွမ်းအားက သံတုတ်မှတဆင့် စီးဆင်းသွားပြီး ဝတ်ရုံနက်ဝတ်လူ၏ လက်ကို ပေါက်ကွဲသွားစေခဲ့၏။

ထို့နောက် လုမင်၏ ပုံရိပ်က အနားကို ဖျတ်ခနဲ ရောက်လာခဲ့သည်။ ထိုလူလည်း လုံးဝ မခုခံနိုင်တော့ဘဲ လုမင်၏ ဆွဲဖြဲခြင်းကို ခံလိုက်ရတော့သည်။

ထို့နောက်တွင်၊ လုမင်၏ ခန္ဓာကိုယ်က တောက်ပလာပြီး အခြားလူတစ်ဦးဆီသို့ ဦးတည်သွားသည်။ ထိုလူလည်း မတုံ့ပြန်နိုင်ဘဲ ခဏချင်း အသတ်ခံလိုက်ရ၏။

ထို့နောက် လုမင်၏ ပုံရိပ်က အဆက်မပြတ် လှုပ်ရှားကာ လေထုကို ဖြတ်သန်းနေတော့သည်။

လုမင်က ဝတ်ရုံနက်ဝတ်လူများကို တစ်ဦးပြီးတစ်ဦး သုတ်သင်ပစ်လိုက်သည်။ နာကျင်မှု၊ ကြောက်ရွံ့မှုတို့ဖြင့် အော်သံများကလည်း ညကောင်းကင်မှာ ပဲ့တင်ထပ် ထွက်ပေါ်နေတော့သည်။

ဒါဇင်နှင့်ချီသော ဝတ်ရုံနက်ဝတ် လူအားလုံးက သတ္တမအဆင့် သိုင်းအုပ်ချုပ်သူ နယ်ပယ်အထက်တွင် ရှိကြသည်။ သို့သော်လည်း ဤအခိုက်တွင် အသက်လုကာ ပြေးနေရ၏။ လုမင်ကလည်း နတ်ဆိုးတစ်ကောင်ကဲ့သို့ လိုက်လံဖမ်းဆီးကာ သတ်ဖြတ်နေတော့သည်။

နာရီဝက်အကြာတွင်၊ လုမင်က မိုင်ထောင်ပေါင်းများစွာ ဝေးကွာသောအရပ်တွင် နောက်ဆုံး ဝတ်ရုံနက်ဝတ်လူကို ဖမ်းမိပြီး သတ်ပစ်လိုက်သည်။

ထိုအချိန်တွင်၊ လုမင်ကိုသတ်ရန် ရောက်ရှိလာသော ဝတ်ရုံနက်ဝတ် လူအားလုံး အသတ်ခံခဲ့ရတော့သည်။

ဝတ်ရုံနက်ဝတ် လူအများအပြားကို သတ်ပြီးသော်လည်း လုမင်၏ သတ်ဖြတ်ချင်စိတ်များကတော့ အားနည်းမသွားပါ။ ထိုအစား ပို၍ပင် အားကောင်းလာခဲ့သည်။

"သတ်၊ သတ်၊ သတ်"

လုမင် ဟိန်းဟောက်လိုက်သည်။ သူ့နှလုံးသားထဲတွင် အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်တို့က ပြည့်နေသည်။ ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးကို သူ သတ်ပစ်ချင်သည်။

"တွိ..."

မနီးမဝေးတွင် ပူဖောင်းလေး ပေါ်လာသည်။ သူသည် စိုးရိမ်ပူပန်နေသော်လည်း အနားကိုမကပ်ဝံ့ဘဲ အဝေးမှသာ ကြည့်နေရ၏။

"ဝှစ်"

လုမင်က ပူဖောင်းလေးကို ရုတ်တရက် ကြည့်လိုက်သည်။ ထို့နောက် အနက်ရောင်တောင်ပံများကိုခတ်ပြီး ပူဖောင်းလေးဆီသို့ ဦးတည်လိုက်၏။

ပူဖောင်းလေး တုန်လှုပ်သွားသည်။ သူက အချိန်ဟင်းလင်းပြင်တာအိုနယ်မြေကို အသုံးပြုပြီး အမြန်ပြန်ဆုတ်သွား၏။

လုမင်က ဆက်လက်လိုက်နေသော်လည်း ခဏအကြာတွင် ပူဖောင်းလေးကို လိုက်မမီနိုင်တော့ကြောင်း သိလိုက်သည်။ သူက ဟိန်းဟောက်ပြီး အဝေးကို ပြေးထွက်သွားတော့သည်။

ပူဖောင်းလေး၏ ခန္ဓာကိုယ်က တောက်ပလာခဲ့သည်။ သူက ဝတ်ရုံနက်ဝတ် ကျင့်ကြံသူများ၏ သူတော်စင်ရတနာများနှင့် သိုလှောင်လက်စွပ်များကို တစ်ခုပြီးတစ်ခု မျိုချလိုက်၏။ ထို့နောက်‌မှာတော့ စိုးရိမ်တကြီးဖြင့် အဝေးမှ လုမင်နောက်ကို လိုက်သွားတော့သည်။

‌အဆုံးမဲ့ တောင်များနှင့် တောအုပ်များကို တရိပ်ရိပ်ဖြင့် ဖြတ်သန်းသွားခဲ့သည်။ လုမင်က ညကောင်းကင်ယံတွင် နတ်ဆိုးတစ်ကောင်ကဲ့သို့ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းသွား၏။

အောက်ဘက်ရှိ တောထဲမှ သားရဲများမှာလည်း လုမင်၏ ပုင်းထန်သော သတ်ဖြတ်လိုစိတ်ကြောင့် တုန်ယင်နေကြတော့သည်။ သူတို့အားလုံး ကြောက်လန့်တကြားဖြင့် မိမိတို့ဂူများအတွင်းသို့ ဝင်ရောက်ပုန်းရှောင်ကုန်ကြသည်။

​

လုမင်က သွေးနီရောင်မျက်လုံးများဖြင့် အောက်ဘက်ရှိ တောအုပ်ကို စိုက်ကြည့်လိုက်သည်။ သို့ရာတွင်၊ မရပ်တန့်ဘဲ ဆက်လက် ပျံသန်းသွားပေသည်။

အောက်ဘက်ရှိ သားရဲများက သူသတ်ရန်အတွက် အားနည်းလွန်းသောကြောင့် ဖြစ်ပုံရသည်။

တောအုပ်များစွာကို ဖြတ်သန်းသွားခဲ့သည်။

ထိုအချိန်တွင်၊ သူ့ရှေ့မှာ နန်းတော်ကြီးတစ်ခု ပေါ်လာသည်။ နန်းတော်ကို တောင်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်၏။

နန်းတော်ပတ်လည်မှာလည်း အစောင့်များ ရှိ‌သေးသည်။

"ဂါး"

နန်းတော်ကိုမြင်တော့ လုမင်က အသံကျယ်ကျယ်ဖြင့် ဟိန်းဟောက်လိုက်သည်။

"ဘယ်သူလဲ"

နန်းတော် အစောင့်များက လုမင်ကို ချက်ချင်း တွေ့သွားကြ၏။

"သတ်"

လုမင်က ဟိန်းဟောက်ပြီး အ‌နက်ရောင် တောင်ပံများကိုခတ်ကာ နန်းတော်ဆီသို့ ပြေးသွားတော့သည်။

"ဒါက လုမိသားစုရဲ့ နန်းတော်ပဲ။ ရပ်... အား"

အစောင့်က အော်ပြောလိုက်သော်လည်း နောက်အခိုက်အတန့်မှာ လုမင်၏ အသတ်ခံလိုက်ရသည်။

လုမင် ဖြတ်သန်းသွားချိန်တွင် အစောင့်များ အလောင်းဆယ်လောင်းကျော် မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့၏။

"ရန်သူ... ရန်သူ၊ တိုက်ခိုက်ကြ"

နန်းတော်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ အချက်ပေးဗုံသံများနှင့်အတူ နန်းတော်မှ ကျွမ်းကျင်သူများ ပြေးထွက်လာ၏။

စတုတ္ထအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်၊ ပဉ္စမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်နှင့် အဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူများ ဖြစ်ကြသည်။

ထိုလူများက ပြေးထွက်လာပြီးနောက် လုမင်ကို တိုက်ခိုက်လိုက်ကြသည်။

လုမင်က ဟိန်းဟောက်ပြီး လူအုပ်ကြားထဲကို ပြေးဝင်သွား၏။ ခဏအကြာတွင် ဤကျွမ်းကျင်သူများ အားလုံး သေဆုံးသွားတော့သည်။

"နတ်ဆိုးကြီး"

တစ်ယောက်က ကြောက်လန့်တကြားအော်ပြီး နောက်ပြန်ဆုတ်သွားသည်။

"တံခါးကိုပိတ်ပြီး အစီရင် အသက်သွင်းတော့ဟေ့"

နန်းတော်ထဲမှ တစ်ယောက်က အော်ဟစ်လိုက်၏။ ထို့နောက်မှာတော့ တံခါးပိတ်သွားပြီး အစီရင်တစ်ခု ပေါ်လာတော့သည်။

"သတ်"

လုမင်က ဟိန်းဟောက်ပြီး နန်းတော်နှင့် ‌အစီရင်ကို လက်သီးဖြင့် ထိုးချလိုက်သည်။

"ဝုန်း"

အစီရင်က ချက်ချင်း ပြိုကျသွား၏။ ထို့နောက် လုမင်က တံခါးကို ‌ဖြိုချလိုက်တော့သည်။

လုမင်က နန်းတော်ထဲသို့ ပြေးဝင်သွားပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စတင်ခဲ့သည်။

"နတ်ဆိုးကြီးဟေ့"

"ပြေး... ပြေး"

လူများစွာတို့မှာ ကြောက်လန့်တကြားဖြင့် ဆောက်တည်ရာမဲ့ ပြေးလွှားနေသဖြင့် နန်းတော်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေတော့သည်။

"နတ်ဆိုးကောင်၊ ငါမင်းကိုသတ်မယ်"

နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်မှ အဘိုးအိုတစ်ဦးက လုမင်ဆီသို့ ပြေးလာခဲ့သည်။ သို့သော်လည်း တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရ၏။

နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်က ဤနန်းတော်တွင် အသန်မာဆုံး ဖြစ်ပုံရသည်။ ကျန်လူအားလုံးက နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်အောက်တွင်သာ ရှိပေသည်။

"မေမေ၊ မေမေ၊ သမီးကြောက်တယ်"

တစ်နေရာမှ ကလေးငိုသံကို ကြားလိုက်ရသည်။

ယင်းက ခြောက်နှစ်၊ ခုနစ်နှစ် အရွယ် ကောင်မလေးတစ်ဦး ဖြစ်၏။ သူမက အလွန်ချစ်စရာကောင်းပြီး သူ့မျက်နှာလေးမှာ နုထွတ်နေသည်။ သို့သော်လည်း ဤအခိုက်အတန့်တွင် သူ့မျက်နှာက ကြီးစွာသော ကြောက်ရွံ့မှုတို့ ပြည့်နေသည်။ သူမက သူ့ဘေးနားရှိ မိန်းကလေးတစ်ဦးကို တင်းတင်းကြပ်ကြပ် ဖက်ကာ ငိုကြွေးနေလေသည်။

"ရှန်းရှန်း..."

မိန်းကလေးမှာလည်း ကောင်မလေးကို ခပ်တင်းတင်းပွေ့ဖက်ရင်း ကြောက်လန့်တကြားဖြင့် လုမင်ကို စိုက်ကြည့်ပြီး နောက်ပြန်ဆုတ်သွားခဲ့သည်။

"ဂါး"

လုမင်က ဟိန်းဟောက်လိုက်သည်။ သူ့ပုံရိပ်က လေအဟုန်ကဲ့သို့ ကောင်မလေးနှင့် မိန်းကလေးထံ ပြေးဝင်သွား၏။ ထို့နောက်မှာတော့ ကောင်မလေးကို လက်သည်းဖြင့် ကုပ်ဆွဲလိုက်တော့သည်။

All Chapters