အခန်း ၁၅၆၄
Vol. 105 Ch. 1564
အပိုင်း ( 1564 ) အဟန့်အတား ပြုခြင်း။
လုမင်သည် ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူတစ်ဦးသာဖြစ်သော်လည်း နဝမအဆင့် သိုင်းအုပ်ချုပ်သူတစ်ဦးကို တိုက်ကွက်နှစ်ကွက်တည်းဖြင့် သတ်ခဲ့သည်။ တုန်လှုပ်စရာကောင်းလွန်းလှပေသည်။
"တုနှိုင်းမဲ့ ပါရမီရှင်၊ သူက နဂါးနတ်ဘုရားတောင်ကြားရဲ့ ပါရမီရှင်ပဲ ဖြစ်ရမယ်"
ရှန်းရှန်း၏ အဖိုးမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်တုန်ယင်ယင် ဖြစ်သွားသည်။
ထိုမျှ ကြောက်စရာကောင်းသော အင်အားမျိုးဖြင့် သူဟာ တုနှိုင်းမဲ့ ပါရမီရှင်တစ်ဦးဖြစ်မည်မှာ သေချာသည်။ အမှန်အတိုင်း ဝန်ခံရလျှင်၊ သူ့ဘဝတစ်သက်တာမှာ ထိုသို့သော လူမျိုးကို တစ်ခါမျှ မတွေ့မမြင်ဖူးပေ။ အကယ်၍ သူမှ ပါရမီရှင်မဟုတ်လျှင် ဘာဖြစ်ဦးမည်နည်း။
"အံ့သြစရာကောင်းလိုက်တာ၊ သခင်လေးလုမင်က အရမ်းအစွမ်းထက်တာပဲ"
လျိုဝမ်ကျွင်းလည်း တုန်လှုပ်သွားလေသည်။
တချိန်တည်းမှာပင်၊ လုမင်က ရှန်းရှန်းကို တပည့်အဖြစ် ခေါ်ဆောင်သွားကြောင်း အမှတ်ရမိသောအခါ အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားတော့သည်။
ထိုသို့သော ပါရမီရှင်က ရှန်းရှန်းကို သူ၏တပည့်အဖြစ် လက်ခံခဲ့သည်။ ယင်းက ရှန်းရှန်းအတွက် ကံကောင်းခြင်း တစ်ခုပင်။
"ဝှစ်"
လုမင်က သူ့လက်ကိုဝှေ့ယမ်းပြီး ကျောက်မျိုးနွယ်၏ နဝမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အကြီးအကဲထံမှ လှံရှည်ကို ပြန်ဆွဲယူလိုက်သည်။
"မင်း တိုက်ခိုက်ချင်သေးလား"
လုမင်က ကျောက်ထျန်းပါ့နှင့် အခြားလူများကို အေးစက်စက် ကြည့်လိုက်သည်။
ကျောက်ထျန်းပါ့နှင့် အခြားသူများ တုန်လှုပ်သွားပြီး မျက်နှာငယ်လေးများ ဖြစ်သွားကြလေသည်။
တိုက်ခိုက်ရမည်လော၊ အဘယ်သို့ တိုက်ခိုက်ရမည်နည်း။
အုပ်ချုပ်သူရတနာ ပိုင်ဆိုင်ထားသည့် နဝမအလွှာ သိုင်းအုပ်ချုပ်သူပင်လျှင် လုမင်၏ တိုက်ခိုက်မှု နှစ်ကွက်တည်းဖြင့် အသတ်ခံခဲ့ရသည်။ သူတို့က အဘယ်သို့ တိုက်ခိုက်ရမည်နည်း။
"မင်း မတိုက်ခိုက်တော့ဘူးဆိုရင် လုမိသားစုကို ဘယ်တော့မှ မကျူးကျော်တော့ဘူးလို့ သွေးသစ္စာကျိန်ဆိုပါ။ နောက်ပြီးတော့ ငါပြောလိုက်မယ်၊ အခုကစပြီး လုမိသားစုက နဂါးနတ်ဘုရားတောင်ကြားရဲ့ ကာကွယ်မှုအောက်မှာ ရှိတယ်"
လုမင်က အေးစက်စက် ပြောလိုက်သည်။
"မင်း... မင်းက နဂါးနတ်ဘုရားတောင်ကြားကလား"
ကျောက်ထျန်းပါ့ တုန်လှုပ်သွားပြီး အထစ်ထစ်အငေါ့ငေါ့ မေးလိုက်၏။
"မှန်တယ်"
လုမင် ပြောလိုက်သည်။
"လက်စသတ်တော့ နဂါးနတ်ဘုရားတောင်ကြားက ပါရမီရှင်ပဲ။ လုမိသားစုက နဂါးနတ်ဘုရားတောင်ကြားနဲ့ ပတ်သက်နေမှန်း ကျုပ်တို့ မသိလိုက်ဘူး။ လုမိသားစုကို ဘယ်တော့မှ မကျူးကျော်ပါဘူးလို့ ကျုပ်တို့ သွေးသစ္စာကျိန်ဆိုပါတယ်"
ကျောက်ထျန်းပါ့က ကမန်းကတန်း ပြောလိုက်သည်။
လုမင်ကို နဂါးနတ်ဘုရားတောင်ကြားမှဖြစ်ကြောင်း သိရပြီးနောက် ကျောက်ထျန်းပါ့ဟာ လုမိသားစုကို ကျူးကျော်ရန် စိတ်ကူးအား ချက်ချင်း စွန့်လွှတ်ခဲ့သည်။
လုမင်က ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံခြင်းဖြင့် နဝမအလွှာ သိုင်းအုပ်ချုပ်သူတစ်ပါးကို အလွယ်တကူ သတ်နိုင်သည်။ ထိုသို့သော ပါရမီရှင်က နဂါးနတ်ဘုရားတောင်ကြား၏ ရှားပါး ပါရမီရှင်တစ်ဦးဖြစ်သည်မှာ သေချာလှပေသည်။ သူ့အဆင့်အတန်းကလည်း ထူးကဲမည်မှာ မပြောဘဲနှင့် သိနိုင်သည်။
ထိုသို့သောလူ၏ ကာကွယ်မှုအောက်တွင်၊ ကျောက်ထျန်းပါ့ကို ယခုထက် သတ္တိအဆတစ်ရာ ပေးထားလျှင်ပင် လုမိသားစုကို မစော်ကားဝံ့တော့ပါ။
ချက်ချင်းပင်၊ ကျောက်ထျန်းပါ့နှင့် ကျောက်မျိုးနွယ်မှ ထိပ်တန်း ကျင့်ကြံသူများက လုမိသားစုကို နောက်ထပ် မကျူးကျော်တော့ပါဟု သွေးသစ္စာ ကျိန်ဆိုခဲ့သည်။ ထို့နောက် စစ်သင်္ဘောပေါ်တက်ပြီး အရှိန်အဟုန်ဖြင့် ထွက်ခွာသွားတော့သည်။
"ဝှူး"
လုမိသားစုမှ လူများလည်း မုန်တိုင်းကို ကျော်ဖြတ်နိုင်ပြီဖြစ်ကြောင်းသိပြီး သက်ပြင်းချလိုက်ကြသည်။
"ကျုပ်က လုကျန်းဟောက်ပါ။ အကူအညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး လုမင်"
ရှန်းရှန်း၏အဖိုးက လုမင်၏အရှေ့သို့ ရောက်လာပြီး လေးလေးစားစား လက်ယှက်ကာ ပြောလိုက်သည်။
"အကြီးအကဲ၊ ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး။ ကျွန်တော်က ရှန်းရှန်းရဲ့ ဆရာပဲလေ။ ဒီလိုအချိန်မျိုးမှာ သဘာဝအတိုင်း ဘာမှမလုပ်ဘဲ မထိုင်နေပါဘူး"
လုမင် ပြုံးလိုက်သည်။
"သခင်လေးလုမင်၊ ကျေးဇူးပြုပြီး..."
လုကျန်းဟောက်က လုမင်အား လုမိသားစုနန်းတော်ထဲသို့ အမြန်ဖိတ်ခေါ်လိုက်သည်။
လုမင်လည်း ခေါင်းညိတ်ပြပြီး လုမိသားစုအတွင်းသို့ လုကျန်းဟောက်၊ တခြားသူများနှင့်အတူ ဝင်လိုက်သွားတော့သည်။
လုကျန်းဟောက်က ရှန်းရှန်း၏ တပည့်ခံယူခြင်းအတွက် ဂုဏ်ပြုပွဲကျင်းပရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
ပွဲအပြီးတွင်...
လုမင်၊ လုကျန်းဟောက်၊ လျိုဝမ်ကျွင်းနှင့် လုမိသားစု၏ အဆင့်မြင့် ပုဂ္ဂိုလ်များက ခန်းမ၏ တစ်ဖက်တစ်ချက်စီတွင် ထိုင်နေသည်။ ဟုတ်ပေသည်၊ ရှန်းရှန်းက လျိုဝမ်ကျွင်း၏ နံဘေးတွင် ရှိသည်။
လုမိသားစု၏ ရာထူးကြီး ပုဂ္ဂိုလ်များလည်း အလွန်ပျော်ရွှင်ခဲ့ပေသည်။
ယခုအခါ ရှန်းရှန်းက လုမင်၏တပည့်ဖြစ်လာခြင်းကြောင့်၊ သူမနှင့် နဂါးနတ်ဘုရားတောင်ကြားတွင် ဆက်သွယ်မှုတစ်ခု ထူထောင်နိုင်ခဲ့ပြီ ဖြစ်သည်။ အနာဂတ်တွင်၊ နဂါးနတ်ဘုရားတောင်ကြားနှင် သူမ၏ ကျောထောက်နောက်ခံဖြင့် ဤနယ်မြေတွင် လုမိသားစုကို မည်သူမျှ ထိပါးဝံ့တော့မည် မဟုတ်ပေ။
"ရှန်းရှန်း၊ ဒီကိုလာပါဦး"
လုမင်က ရှန်းရှန်းကို ကြည့်လိုက်သည်။
ရှန်းရှန်းလည်း လိမ္မာစွာဖြင့် လုမင်အနားသို့ လျှောက်လာခဲ့လေသည်။
လုမင်၏ လက်ထဲတွင် သိုလှောင်လက်စွပ်တစ်ကွင်းပေါ်လာပြီး ရှန်းရှန်းကို ပေးလိုက်သည်။ သူက ဆက်ပြောလိုက်၏။
"ဆရာက ဒီအချိန်အတွင်းမှာ လုပ်စရာတွေရှိသေးတယ်။ ဒါကြောင့် လေ့ကျင့်ဖို့အတွက် မင်းကို နဂါးနတ်ဘုရားတောင်ကြားဆီ မပို့ပေးနိုင်သေးဘူး"
"ဒီအထဲမှာ မင်းရဲ့ ကျင့်ကြံခြင်းကို အထောက်အကူပြုပေးနိုင်တဲ့ ဝိညာဥ်ဆေးဝါးအချို့နဲ့ ဆေးပင်တွေ ရှိတယ်။ ဝိညာဉ်ရတနာတွေနဲ့ ကမ္ပည်းစာလိပ်တချို့လည်း ရှိသေးတယ်။ အဲဒါတွေကို မင်းကိုယ်ပိုင် သုံးဖို့အတွက် သိမ်းထားလိုက်ပါ"
"ကျေးဇူးတင်ပါတယ် ဆရာ"
ရှန်းရှန်း ဦးညွတ်လိုက်လေသည်။
"အင်း၊ တစ်နှစ်ကြာရင် မင်းကို နဂါးနတ်ဘုရားတောင်ကြားကိုသွားဖို့ ငါ လာခေါ်မယ်"
ထိုသို့ပြောပြီးနောက်၊ လုမင်၏ ခန္ဓာကိုယ်က တောက်ပလာပြီး ရှန်းရှန်း၏နဖူးကို သုံးကြိမ်ထိပုတ်လိုက်သည်။
"မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသားသုံးခု ငါ ချန်ထားခဲ့တယ်။ အမှတ်အသားတစ်ခုစီက ငါ့ရဲ့ အင်အားအပြည့် တိုက်ခိုက်မှုနဲ့ ညီမျှတယ်။ တစ်ယောက်ယောက်က မင်းကိုတိုက်ခိုက်ဖို့ကြိုးစားရင် အမှတ်အသားက ပေါ်လာပြီး မင်းရဲ့ရန်သူကို သတ်လိမ့်မယ်"
သူ့စကားက လုမိသားစုမှ အကြီးအကဲတချို့ကို ချွေးပျံသွားစေခဲ့သည်။
လုမင်၏ စကားများက သူတို့ကိုရည်ရွယ်နေကြောင်း သူတို့ သိပေသည်။ လုမင်က ရှန်းရှန်းကို သိုလှောင်လက်စွပ်တစ်ကွင်းသာ ပေးခဲ့သည်။ သို့သော်လည်း သူ့အဆင့်အတန်းဖြင့် ကောင်းမွန်သောအရာများ အများကြီးရှိမှာ သေချာလှပေသည်။ သို့ဖြစ်ပေရာ၊ တချို့လူများက လောဘတက်သည်မှာ သဘာဝအတိုင်း ဖြစ်သည်။
သို့သော်လည်း လုမင်၏ နောက်ဆက်တွဲစကားက ထိုလောဘအားလုံးကို ပျောက်ကွယ်သွားစေခဲ့ပေသည်။
"ခေါင်းဆောင်လု၊ ကျုပ် လုမိသားစုမှာ ရက်နည်းနည်းနေမယ်။ ပထမက ရှန်းရှန်ကို လေ့ကျင့်ပေးမယ်။ ဒုတိယကတော့ ကျုပ်က ကမ္ပည်းတာအိုကို နည်းနည်းပါးပါး သိတယ်။ ဒီရက်အတွင်း လုမိသားစုမှာ အစီရင်ကြီးတစ်ခု တည်ဆောက်ပေးခဲ့မယ်။ အဲဒါကို သူတော်စင်တစ်ပိုင်းတောင်မှ အချိန်တိုအတွင်း ဖြိုခွင်းနိုင်မှာ မဟုတ်ဘူး"
လုမင်က လုကျန်းဟောက်ကို ကြည့်လိုက်သည်။
လုကျန်းဟောက်လည်း အလွန်ဝမ်းမြောက်ကာ လုမင်ကို ထပ်ခါတလဲလဲ ကျေးဇူးတင်စကားဆိုလိုက်လေသည်။
"ရှန်းရှန်း၊ ဆရာနဲ့ လိုက်ခဲ့ချေ"
ထို့နောက် လုမင်က ရှန်းရှန်း၏ လက်ကိုဆွဲကာ နေရာမှ ပျောက်ကွယ်သွားသည်။
ခဏအကြာတွင်၊ လုမင်က ရှန်းရှန်းကိုခေါ်ဆောင်ပြီး မနီးမဝေးမှ တောင်ထိပ်တစ်ခုမှာ ပေါ်လာခဲ့၏။ ထို့နောက် လုမင်၏ မျက်ခုံးနှစ်ခုကြားမှ တောက်ပလာပြီး ကမ္ပည်းတာအို ဒုတိယခန္ဓာ ထွက်လာတော့သည်။
ရှန်းရှန်းမှာ ရုပ်ချင်းခွဲမရအောင် တူညီသော လုမင် နှစ်ယောက်ကိုကြည့်ရင်း အံ့ဩသွားမိသည်။ သူမ၏ မျက်လုံးများမှာလည်း စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်သွားလေသည်။
ကမ္ပည်းတာအို ဒုတိယခန္ဓာက ပြုံးပြပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့ပုံရိပ်က လု မိသားစုတစ်ဝိုက်တွင် ပေါ်လာပြီး အကာအကွယ် အစီရင်ကို စတင်ရေးထိုးခဲ့၏။
လုမိသားစုအပေါ်တွင် အပြစ်ရှိသည်ဟု ခံစားမိသောကြောင့်လည်း အကောင်းဆုံး လုပ်ဆောင်ခဲ့
ပေသည်။ ထို့အပြင်၊ ရှန်းရှန်းက လုမိသားစုတွင် တစ်နှစ်ကြာနေဦးမည် ဖြစ်သည်။ ရှန်းရှန်း၏ လုံခြုံရေးကိုလည်း သူ တွေးမိခဲ့သည်။
လုမင်၏ မူလခန္ဓာက ရှန်းရှန်းကို ကျင့်ကြံခြင်းအကြောင်း စတင်သင်ကြားပေးနေချိန်တွင်၊ ဒုခန္ဓာ လုမင်က အစီရင်များ စတင်တည်ဆောက်ခဲ့ပေသည်။
ဤမတိုင်မီက၊ ရှန်းရှန်းဟာ လေ့ကျင့်ခြင်းမရှိသလို သူမ၏ သွေးမျိုးဆက်က နိုးထခြင်းလည်း မရှိပေ။ ယခုအချိန်တွင် ပထမအဆင့်က၊ ရှန်းရှန်း၏ သွေးမျိုးဆက်ကို နိုးထစေပြီး ကျင့်ကြံသူအဖြစ်သို့ ဝင်ရောက်ရန် ကူညီပေးခြင်း ဖြစ်သည်။
"ရှန်းရှန်း၊ ဆရာပြောတဲ့အတိုင်း ထိုင်လိုက်ပါ"
လုမင်က ညွှန်ကြားလိုက်သည်။
ရှန်းရှန်းလည်း လုမင်ပြောသည့်အတိုင်း တင်ပျဉ်ခွေထိုင်ကာ ထိုင်ချလိုက်၏။
လုမင်က ယွမ်ချီစွမ်းအင်ကို လှည့်ပတ်ပြီး ရှန်းရှန်း၏ ခန္ဓာကိုယ်အနှံ့သို့ အကြိမ်ရာပေါင်းများစွာ နှိပ်လိုက်သည်။ ထိုအခါ ယွမ်ချီစွမ်းအင်များက ရှန်းရှန်း၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွား၏။
ခဏအကြာတွင်၊ ရှန်းရှန်း၏ ခန္ဓာကိုယ်က စိမ်းလန်းသော အလင်းရောင်များ ထုတ်လွှတ်လာတော့သည်။
"ဒါက..."
ထိုအချိန်တွင်၊ လုမင်မှာ အံ့အားသင့်ဖွယ်မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။
ရှန်းရှန်း၏ ပတ်ဝန်းကျင်ရှိ မြက်ပင်များက လျင်မြန်စွာ ကြီးထွားလာသည်။ ခဏအကြာတွင် မြက်ပင်များက လုမင်အရပ်ထက် ပိုမြင့်မားလာ၏။ လုမင်နှင့် ရှန်းရှန်းလည်း မြက်ခင်းပြင်တွင် နစ်ဝင်သွားတော့သည်။
လုမင်၏ ယွမ်ချီစွမ်းအင်က လှိုင်းဖြာသွားပြီးနောက် မြက်ပင်အားလုံး အမှုန့်ဖြစ်သွားသည်။
သို့သော်လည်း မြက်ပင်များက မြေပြင်မှ ဆက်လက် ကြီးထွားလာနေသည်။ ရှန်းရှန်း၏ ခန္ဓာကိုယ်ပေါ်ရှိ စိမ်းလန်းသော အလင်းရောင်များကလည်း ပို၍ အားကောင်းလာ၏။
"ဝမ်"
ထိုအချိန်တွင်၊ ရှန်းရှန်း၏ကျောရိုးမှ အစိမ်းရောင်အလင်းတန်ူတစ်ခု ထွက်ပေါ်လာတော့သည်။
အစိမ်းရောင် အလင်းတန်းပေါ်တွင် ရွှေရောင်ချက္ကရ ကိုးခုကလည်း တောက်ပစွာ ထွန်းလင်းတောက်ပနေခဲ့သည်။
"နဝမအဆင့် နတ်ဘုရားသွေးမျိုးဆက်၊ ဒါက…"
လုမင်၏ မျက်နှာပေါ်တွင် တုန်လှုပ်မှုတို့ ပေါ်လာခဲ့သည်။
ဤအလင်းစက်လုံးက အထူးသွေးမျိုးဆက်တစ်ခုဖြစ်သည်မှာ သံသယဖြစ်ဖွယ် မလိုပေ။ သို့ရာတွင်၊ ဤသည်က ပထမ သွေးမျိုးဆက်ပင် မဟုတ်လော။ အဘယ်ကြောင့် နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက် ဖြစ်နေရသနည်း။
ယင်းက အမြင့်ဆုံးအဆင့်သို့ တိုက်ရိုက်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ဘာများဖြစ်နေပါသနည်း။
လုမင်က ရှန်းရှန်း၏ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်အသိပို့လွှတ်ကာ ဂရုတစိုက် ခံစားကြည့်လိုက်သည်။
"အံ့သြစရာကောင်းတယ်၊ တကယ်ကို အံ့သြစရာကောင်းတာပဲ။ သူ့မှာ သွေးမျိုးဆက်တစ်မျိုးပဲ ရှိပုံရတယ်"
လုမင်၏ လက်ရှိ ကျင့်ကြံခြင်းက အလွန်မြင့်မားသည်။ ထို့အပြင်၊ သူ့တွင် နဝမနဂါး၏ မှတ်ဉာဏ်များမှ ပါရမီကို ထိုးဖောက်ကြည့်ရှုနိုင်သော လျှို့ဝှက်ကျင့်စဥ်လည်း ရှိ၏။ သို့ဖြစ်ပေရာ၊ ယင်းကို သဘာဝအတိုင်း ရှင်းရှင်းလင်းလင်း သိနိုင်သည်။
ရှန်းရှန်းတွင် သွေးမျိုးဆက်တစ်ခုသာ ရှိပုံရသည်။ အနာဂတ်တွင်၊ သူမက အခြားသူများကဲ့သို့ ဒုတိယနှင့် တတိယ သွေးမျိုးဆက်တို့ကို နိုးထရနိ မလိုတော့ပေ။ သို့ဖြစ်ပေရာ၊ သူမ၏ ပထမဆုံး သွေးမျိုးဆက်က နတ်ဘုရားအဆင့်ကိုး ဖြစ်နေသည်မှာ အံ့ဩစရာ မဟုတ်တော့ပါချေ။