အခန်း ၁၅၆၅
Vol. 105 Ch. 1565
အပိုင်း ( 1565 ) ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံမှုအရှိန်။
"ဝမ်"
သွေးမျိုးဆက် ထွက်ပေါ်လာပြီးနောက် စိမ်းလန်းသော စွမ်းအင်များက တောင်ထိပ်နှင့် မိုးနှင့်မြေကြားတွင် စုဝေးကာ ရှန်းရှန်းဆီသို့ စုဝေးလာခဲ့သည်။ ထို့နောက် ရှန်းရှန်း၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီး သွေးကြောများအတွင်း စီးဝင်သွား၏။
မကြာမီ၊ အလင်းတန်းတစ်ခုက ကောင်းကင်ကို ထိုးတက်သွားတော့သည်။
"ဒါက ပထမဆုံး နတ်ဘုရားသွေးကြောပဲ၊ မြန်လှချေလား"
လုမင် အနည်းငယ် အံ့သြသွားသည်။
သို့သော်လည်း သူအံ့ဩ၍မဆုံးမီတွင်၊ ဒုတိယအလင်းတန်းနှင့် တတိယအလင်းတန်းတို့က တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြန်သည်။
နတ်ဘုရားသွေးကြော သုံးခုစလုံး ပွင့်သွားပြီ။
လုမင် ဆွံ့အသွားမိသည်။ ဤအမြန်နှုန်းက အံ့သြဖွယ်ကောင်းလွန်းလှပေသည်။
အတိတ်က၊ လုမင် သိုင်းပညာကို စတင်လေ့ကျင့်ခဲ့ချိန်တွင် နတ်ဘုရားသွေးကြောသုံးခုကို ဖွင့်လှစ်ရန်အတွက် စွမ်းအင်များစွာ သုံးစွဲခဲ့ရသည်။ ထို့အပြင် အစစ်အမှန်နဂါး တိုက်ခိုက်ရေးချီကျင့်စဉ်ကြောင့်သာ ဖွင့်လှစ်နိုင်ခဲ့ခြင်း လုမင် သတိရမိလေသည်။
ယခုမူကား၊ ရှန်းရှန်းမှာ မိနစ်အနည်းငယ်အတွင်း နတ်ဘုရားသွေးကြော သုံးခုစလုံးကို ဖွင့်လိုက်ပြီ ဖြစ်သည်။
နတ်ဘုရားသွေးကြောသုံးခုကို ဖွင့်လှစ်ပြီးနောက် ရှန်းရှန်း၏ ကျင့်ကြံမှုက လျင်မြန်စွာ တိုးတက်လာပြီး သိုင်းစစ်သည်နယ်ပယ် ပထမအဆင့်သို့ ချောမွေ့စွာ ရောက်ရှိသွားခဲ့သည်။
သို့သော်လည်း ဤအရာက အဆုံးသတ် မဟုတ်သေးပါ။
ကောင်းကင်နှင့် မြေပြင်ကြားမှ စိမ်းလန်းသောစွမ်းအင်များက ရှန်းရှန်း၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဆင်းနေသည်။
ထို့အပြင် ရှန်းရှန်းက "စကြာဝဠာကျမ်း"ကို အသုံးပြုကာ စွမ်းအင်များကို စုပ်ယူသန့်စင်ခဲ့၏။ သူမ၏ သေးငယ်သော ခန္ဓာကိုယ်ကလေးမှာ အစိမ်းရောင် အလင်းလုံးတစ်ခုပမာ ဖြစ်နေတော့သည်။
'သူက စကြဝဠာကျမ်းကို ဒီလောက်မြန်မြန် သုံးနိုင်နေပြီလား'
လုမင် အံ့သြသွားမိသည်။
"ဝမ်"
ကောင်းကင်နှင့်မြေပြင်ကြားရှိ စွမ်းအင်များကို ရှန်းရှန်းက အဆက်မပြတ် သန့်စင်နေသည်။ ရှန်းရှန်း၏ အရှိန်အဝါက ပို၍ အားကောင်းလာ၏။ သူမ၏ ကျင့်ကြံခြင်း အမြန်နှုန်းကလည်း အရူးအမူး တိုးတက်လာတော့သည်။
ပထမအဆင့် သိုင်းစစ်သည်၊ ဒုတိယအဆင့် သိုင်းစစ်သည်၊ တတိယအဆင့် သိုင်းစစ်သည်...
နေ့တစ်ဝက်မပြည့်မီတွင်၊ ရှန်းရှန်း၏ ကျင့်ကြံခြင်းက သိုင်းစစ်သည်နယ်ပယ် အဆင့်ကိုးသို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက်၊ ခဏအကြာတွင် ရှန်းရှန်း၏ ခန္ဓာကိုယ်ကလေးက တစ်ချက်တုန်သွားပြီး အသံခပ်တိုးတိုး ထွက်ပေါ်လာခဲ့သည်။
သူမက အဆင့်တက်သွားပြီး သိုင်းသခင်နယ်ပယ် ပထမအဆင့်သို့ပင် ရောက်ရှိသွား၏။
လုမင်မှာလည်း ထုံကျဉ်နေပြီ။
သူမက ယခုမှသာ စတင် လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။ သူမ၏ ကျင့်ကြံခြင်း နေ့တစ်ဝက်ကျော်သာ ကြာမြင့်ခဲ့သော်လည်း သိုင်းသခင်နယ်ပယ် ပထမအဆင့်သို့ ရောက်ရှိခဲ့ပြီ။ သူ့မျက်စိနှင့် ကိုယ်တိုင်မမြင်ပါက ယုံနိုင်မှာတောင် မဟုတ်ပေ။
ပါရမီ၊ ဤသည်က ပါရမီ ဖြစ်သည်။ လုမင်၏ ကိုယ်ပိုင်ပါရမီက ရှန်းရှန်းထက် များစွာ နိမ့်ကျပေသည်။
လုမင်လည်း ပါးစပ်က နားရွက်ချိတ်မတတ် ပြုံးနေတော့သည်။ အဖိုးလွန်စွာမှ ထိုက်တန်သော ရတနာတစ်ခုကို ရရှိခဲ့ကြောင်း သူသိသည်။
ဤတပည့်၏ အနာဂတ် အောင်မြင်မှုများက အလွန်တုန်လှုပ်ဖွယ်ကောင်းပေလိမ့်မည်။
ထိုအချိန်တွင်၊ ရှန်းရှန်း၏ ကျင့်ကြံမှုက ရပ်တန့်သွားပြီး သူ့မျက်လုံးများကို ဖွင့်လိုက်သည်။
"အို၊ ဒါက ငါ့ရဲ့သွေးမျိုးဆက်လား"
အတွေးတစ်ခုဖြင့်၊ ရှန်းရှန်း၏ သွေးမျိုးဆက်က သူ့ရှေ့သို့ လွင့်ပျံလာခဲ့သည်။ ရှန်းရှန်းလည်း စူးစမ်းလိုစိတ်အပြည့်ဖြင့် ကြည့်လိုက်လေသည်။
ထို့နောက် အတွေးတစ်ခုဖြင့် သူမ၏ ကျောရိုးထဲသို့ လွင့်ပျံသွားကာ ပျောက်ကွယ်သွားသည်။ အတွေးတစ်ခုဖြင့် ပြန်ပေါ်လာပြီး အတွေးတစ်ခုဖြင့် ပြန်လည် ပျောက်ကွယ်သွား၏။ ရှန်းရှန်းမှာ သူမ၏ သွေးမျိုးဆက်ကို ဆော့ကစားကြည့်ရင်း ပျော်ရွှင်နေတော့သည်။
"အာ၊ အံ့သြစရာကောင်းလှချေလား။ ငါ့ခန္ဓာကိုယ်က"
ရှန်းရှန်းက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ မီတာအနည်းငယ်အကွာတွင် ပေါ်လာခဲ့သည်။ ထို့နောက် အစိမ်းရောင် ယွမ်ချီစွမ်းအင်က ပြန့်နှံ့သွားရာ သူမ၏ခြေဖဝါးအောက်တွင် မြက်ပင်များ ကြီးထွားလာ၏။
"ရှန်းရှန်း၊ အနာဂတ်မှာ မင်းရဲ့ သွေးမျိုးဆက်နဲ့ ကျင့်ကြံမှုကို အခြားသူတွေရှေ့မှာ ထုတ်မပြရဘူး။ နားလည်ရဲ့လား"
လုမင် သတိပေးလိုက်သည်။
ရှန်းရှန်း၏ လက်ရှိ ကျင့်ကြံခြင်းက အားနည်းနေသေးသည်။ အကယ်၍ သူသာ အလွန်အကျွံ ထုတ်ဖော်နေပါက၊ မလိုသူများ၏ ပစ်မှတ်ထားခံရနိုင်သည်။
"ဟုတ်၊ ရှန်းရှန်း နားလည်ပါပြီ"
ရှန်းရှန်းက လိမ္မာစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
ထို့နောက်တွင်၊ လုမင်က ရှန်းရှန်းအတွက် ပိုမိုသင့်လျော်သော သိုင်းပညာအနည်းငယ်ကို သင်ကြားပေးခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း ခုနစ်ရက်ကြာသွားပြီ။
ရှန်းရှန်း၏ တိုးတက်မှုက အံ့သြစရာကောင်းလွန်းသည်။ သူမ တစ်နေ့ကို အဆင့်တစ်ဆင့် တက်နေသကဲ့သို့ပင်။
ခုနစ်ရက်ကြာပြီးနောက် ရှန်းရှန်း၏ ကျင့်ကြံခြင်းက သိုင်းသခင်နယ်ပယ် သတ္တမအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
သို့သော်လည်း သူမ၏ ကျင့်ကြံခြင်း တိုးလာသည်နှင့်အမျှ တိုးတက်မှုနှုန်းမှာလည်း နောက်ဆုံးတွင် နှေးကွေးသွားခဲ့သည်။
ဤအချိန်တွင် ဒုတိယခန္ဓာလုမင်၏ အစီရင် တည်ဆောက်ခြင်းမှာလည်း နောက်ဆုံးတွင် ပြီးမြောက်ခဲ့ပေသည်။ လုမင် ထွက်ခွာရန် အချိန်ကျလာပြီ ဖြစ်သည်။
လုမင်လည်း ရှန်းရှန်းကို လုမိသားစုသို့ ပြန်ခေါ်ခဲ့လေသည်။ သူက လျိုဝမ်ကျွင်းနှင့် လုကျန်းဟောက်ကိုတွေ့ကာ ရှန်းရှန်းကို ပြန်အပ်ထားခဲ့သည်။
"ဆရာ၊ ရှန်းရှန်းက ဆရာလာခေါ်မဲ့နေ့ကို စောင့်နေမယ်နော်"
ရှန်းရှန်းက မျက်ဝန်းနက်တို့ဖြင့် လုမင်ကို ကြည့်လိုက်သည်။
"အင်း"
လုမင်လည်း ရှန်းရှန်း၏ ခေါင်းလေးကို ခပ်ဖွဖွပုတ်ပြီးနောက်၊ လုကျန်းဟောက်နှင့် လျိုဝမ်ကျွင်းကို နှုတ်ဆက်ကာ လုမိသားစုမှ ထွက်ခဲ့တော့သည်။
"ဝှစ်... ဝှစ်..."
လုမင်လည်း အလင်းတန်းတစ်ခုကဲ့သို့ ပျံသန်းရင်း မျက်စိတစ်မှိတ်အတွင်း အဝေးတွင် ပျောက်ကွယ်သွားတော့သည်။
တောင်တန်းများကို ဖြတ်ကျော်ခဲ့ပြီးနောက် မြို့တစ်မြို့ ပေါ်လာခဲ့သည်။
ထိုအချိန်တွင် လုမင်၏ ခန္ဓာကိုယ်က စတင်ပြောင်းလဲလာသည်။ သူ့ရုပ်ရည်မှာ သာမန်ဆန်ပြီး အသားညိုညို လူငယ်လေးအဖြစ်သို့ ပြောင်းလဲသွား၏။
ယခုအချိန်တွင် သူက မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ပစ်မှတ်ထားခံနေရသဖြင့် ဤခရီးတွင် သဘာဝအတိုင်း ပို၍ သတိထားရသည်။ သူ့ကိုယ်သူ ဖုံးကွယ်ထားခြင်းက အလုံခြုံဆုံးနည်းပင်။
ဤခရီးစဉ်တွင် သူ့မှာ ပန်းတိုင်မရှိဘဲ ပေါ့ပေါ့ပါးပါး ခရီးထွက်ခဲ့သည်။
တခါတရံ၊ တစ်ခုခုကို ခံစားမိသောအခါ တောင်ထိပ်မှာ ထိုင်ပြီး အရှေ့ဘက်မှ နေထွက်ခြင်းနှင့် အနောက်ဘက်သို့ နေဝင်သည်အထိ ကြည့်နေတတ်သည်။ ရွေ့လျားနေသော တိမ်တိုက်များနှင့် ကြည်လင်သော ကောင်းကင်ကို ကြည့်ရှု၏။
သူက ထိုနေရာတွင်ပင် တစ်လခန့် ထိုင်နေခဲ့သည်။
ဤဖြစ်စဉ်တွင် သူက မလေ့ကျင့်ခဲ့ပေ။ ထိုအစား၊ သူဟာ သဘာဝတရားနှင့် တစ်သားတည်းဖြစ်လာသကဲ့သို့ အရာအားလုံးကို မေ့လျော့ကာ သူ့စိတ်ကို ရှင်းလင်းထားခဲ့သည်။
တစ်လကြာပြီးနောက် ဤနေရာမှ ထွက်ခွာသွားခဲ့လေသည်။
မီးတောင်ဝတစ်ခုတွင် လုမင် တင်ပျဉ်ခွေ ထိုင်နေသည်။ မီးတောက်များဖြင့် သူ့ခန္ဓာကိုယ်ကို လောင်ကျွမ်းစေပြီး သူ့နှလုံးသားနှင့် ဝိညာဉ်၏ နက်နဲရာမှ သတ်ဖြတ်လိုသော စိတ်ဆန္ဒတို့ကို ငြိမ်းသတ်စေခဲ့၏။ ထိုနေရာတွင် နေထိုင်ရင်းဖြင့်ပင် နောက်ထပ် တစ်လ ကုန်လွန်သွားပြီ။
ထို့နောက် သူဟာ ရေခဲနှင့် နှင်းများထူထပ်သောပြည်နယ်သို့ ရောက်လာပြီး ရေခဲမြစ်ပေါ်တွင် ပေါ့ပေါ့ပါးပါး အိပ်နေလိုက်သည်။ နှင်းများက သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်လာသော်လည်း သတိမမူမိတော့ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွား၏။
ဤအိပ်စက်မှုက နောက်ထပ်တစ်လကြာမြင့်သည်။
ဤသို့ဖြင့် လုမင်က မတူညီသောရှုခင်းများကို ခံစားရင်း စန်းပြည်နယ်အနှံ့ ခရီးနှင်ခဲ့လေသည်။ သူ၏ စိတ်ဝိညာဥ်နှင့် ခန္ဓာကိုယ်ကလည်း သဘာဝနှင့် ပေါင်းစပ်သွားခဲ့သည်။
အချိန်များ ကုန်လွန်သွားခဲ့ပြီ။ မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်နှစ်ပြည့်ရန် နီးကပ်လာခဲ့ပြီ ဖြစ်သည်။
ဖုန့်မိသားစုကျေးရွာ...
ဤသည်မှာ အလွန်သေးငယ်သော ရွာလေးတစ်ရွာ ဖြစ်သည်။ ရွာတွင် အိမ်ခြေ ဒါဇင်အနည်းငယ်မျှသာ ရှိပြီး စန်းပြည်နယ်၏ အနောက်ဘက်စွန်းတွင် တည်ရှိလေသည်။
ရွာထဲရှိ ပျဉ်ထောင်အိမ်ရှေ့မှာတော့ အသားညိုညိုနှင့် လူငယ်တစ်ယောက် ရှိနေသည်။ သူ၏ ဘယ်လက်က သစ်သားတစ်တုံးနှင့် ညာလက်မှာတော့ ဓားငယ်တစ်ချောင်းကို ကိုင်ဆောင်ထား၏။ သူက တစ်စုံတစ်ခုကို စိတ်နှစ်ကာ ထွင်းထုနေခြင်းပင်။
လူငယ်လေး၏ လက်ထဲမှ ဓားသေးသေးလေးမှာ စီးဆင်းနေသော ရေကဲ့သို့၊ သဘာဝနှင့် ပေါင်းစပ်နေသကဲ့သို့ ချောမွေ့ပြီး သဟဇာတဖြစ်ခဲ့သည်။
သစ်သားအစအနများ လွင့်သွားသည်။ မကြာမီ၊ သစ်သားတုံးက အလွန်လှပသော မိန်းမပျိုတစ်ဦးအသွင် ပြောင်းလဲသွား၏။
"အစ်ကို လု၊ ဒါက အစ်ကို့ရဲ့ချစ်သူလား။ သူက အရမ်းလှတယ်နော်"
အသားညိုညို လူငယ်လေး၏ရှေ့တွင် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်ခန့်ရှိသော မိန်းကလေးတစ်ဦး ရှိနေသည်။ သူမ၏ အသားအရေက အနည်းငယ်နက်မှောင်သော်လည်း တစ်မျိုးလှပ၏။ ဤအခိုက်တွင်၊ သူမက လူငယ်လေး၏လက်ထဲမှ သစ်သားရုပ်တုကို စူးစူးစိုက်စိုက် ကြည့်နေလေသည်။
ဤလူငယ်လေးမှာ သဘာဝအတိုင်း စန်းပြည်နယ်အနှံ့ ခရီးသွားလာခဲ့သော လုမင် ဖြစ်သည်။
လွန်ခဲ့သည့်သုံးလက၊ လုမင်ဟာ စန်းပြည်နယ်၏ အနောက်ဘက် အစွန်ဆုံးရှိ ဤရွာလေးကို ရောက်လာခဲ့ခြင်း ဖြစ်လေသည်။
ဤရွာလေးဟာ သဘာဝကျပြီး ရိုးရှင်းသည်။
ဤတောင်ပေါ်ရွာလေးကို လုမင် အလွန်နှစ်သက်လေသည်။ ထို့ကြောင့် သူဟာ ဤတောင်ပေါ်ရွာလေးတွင် နေထိုင်ရင်း လက်သမားတစ်ဦး ဖြစ်လာခဲ့သည်။
ရွာရှိ ပရိဘောဂများနှင့် တခြားအရာများကို ပြုပြင်ပေးခဲ့၏။ အားလပ်ချိန်များမှာတော့ လုမင်က ပန်းပုအချို့ကို ထုလုပ်နေတတ်လေသည်။
"ဟုတ်လား၊ လင်မိန်းကလေးလည်း အရမ်းလှတာပဲ မဟုတ်လား"
လုမင် ပြုံးလိုက်သည်။
သူ့ရှေ့မှ မိန်းကလေးက ဖုန့်လင် ဖြစ်လေသည်။ သူမက ရွာသူကြီး၏ မြေးဖြစ်သည်။ လုမင်၏ သစ်သားအိမ်လေးက ရွာသူကြီးအိမ်အနီးတွင် တည်ရှိ၏။ ဤအတောအတွင်း၌ လုမင်၊ ဖုန့်လင်နှင့် ရွာသူကြီးတို့က တစ်ယောက်နှင့်တစ်ယောက် အလွန်ရင်းနှီးနေကြပြီ။
"ဟုတ်လို့လားနော်၊ ဟိဟိ"
ဖုန့်လင်က စိတ်လှုပ်ရှားစွာ ရယ်မောလိုက်လေသည်။
"အစ်ကိုလု၊ အဲဒါဆိုရင် ရှင် ဖုန့်လင်အတွက်လည်း ပန်းပုရုပ် ထွင်းပေးသင့်တယ်"
သူမက လုမင်ကို မျှော်တလင့်တကြီးဖြင့် ကြည့်လိုက်သည်။
"ကောင်းပါပြီ၊ မနက်ဖြန် ငါထွင်းထုပေးမယ်"
လုမင်လည်း ပြုံးရင်း သူထွင်းထားသည့် ရုပ်တုကို စိုက်ကြည့်လိုက်လေသည်။
အဆိုပါရုပ်တုက ရှဲ့နျန်ချင်း၏ ပုံတူရုပ်တုပင် ဖြစ်သည်။
သစ်သားရုပ်တုမှ မွှေးပျံ့သောရနံ့များလည်း ထွက်ပေါ်နေလေရာ လူများကို အေးချမ်းမှု ခံစားရပြီး ဗလာနယ်စိတ်အခြေအနေသို့ပင် ဝင်ရောက်စေခဲ့လေသည်။