အခန်း ၁၅၆၆
Vol. 105 Ch. 1566
အပိုင်း ( 1566 ) ဖီးနစ် အော်မြည်သံ။
'ဖီးနစ်နံ့သာသစ်သား၊ ဒီရွာလေးမှာ ဖီးနစ်နံ့သာသစ်တွေ အများကြီးရှိတာပဲ'
လုမင် သူ့စိတ်ထဲမှ တွေးလိုက်သည်။
ဤသစ်သားများပေါ်တွင် ဖီးနစ်သဏ္ဍာန် အမှတ်အသားများ ခပ်ဝါးဝါး ရှိ၏။ ယင်းက အလွန်ရှားပါးပြီး အဖိုးတန်သည့် ဝိညာဉ်သစ်ပင် ဖြစ်တော့သည်။
ဖီးနစ်နံ့သာသစ်သားက ထူးကဲစွာ မွှေးပျံ့သော ရနံ့တစ်မျိုးကို ထုတ်လွှတ်သည်။ ထိုရနံ့က ကျင့်ကြံသူများ၏ စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး အတွင်းစိတ်နတ်ဆိုးများ မဖြစ်စေရန် တားဆီးနိုင်သောကြောင့် သွားလေရာရာကို သယ်ဆောင်သွားကြလေ့ ရှိပေသည်။ ယင်းက လူတစ်ဦး၏ ကျင့်ကြံမှုအပေါ် နားလည်ဆင်ခြင်ရာမှာလည်း အလွန်အထောက်အကူ ဖြစ်ခဲ့သည်။
ယင်းက ရှေးဟောင်းဉာဏ်အလင်းသစ်ပင်နှင့် မယှဉ်နိုင်သော်လည်း အဖိုးတန်ရတနာအဖြစ် ရှိနေသေးသည်။
ဤရွာလေးတွင် ဖီးနစ်နံ့သာ ဝိညာဉ်သစ်သား အများအပြား ရှိသည်။ ရွာသူရွာသားများက ထိုသစ်သားများကိုပင် အိမ်သုံးပရိဘောဂများပြုလုပ်ရာတွင်ပင် အသုံးပြုကြ၏။
လုမင်လည်း လက်သမားလုပ်ရင်း ဖီးနစ်နံ့သာသစ်သား အများအပြားကို စုဆောင်းမိခဲ့သည်။ သူက သူ့သူငယ်ချင်း မိတ်ဆွေများကို လက်ဆောင်ပေးရန်အတွက် ရုပ်တုများနှင့် အသုံးအဆောင်ပစ္စည်းများအဖြစ် ထွင်းထုထားလေသည်။ ယင်းက သူတို့၏ ကျင့်ကြံခြင်းအတွက် များစွာ အထောက်အကူဖြစ်စေမည် ဖြစ်သည်။
'တစ်နှစ်က နီးနေပြီ။ ရက်ပိုင်းအတွင်း နဂါးနတ်ဘုရားတောင်ကြားကို ပြန်ရတော့မယ်'
လုမင် တွေးလိုက်သည်။
ဤတောင်ပေါ်ရွာလေးမှ အေးချမ်းသည့်ဘဝကို သူ သဘောကျမိပေသည်။ သို့ရာတွင်၊ သူက ဤနေရာမှ မဟုတ်သောကြောင့် အချိန်တန်လျှင် ထွက်ခွာသွားရဦးမည်သာ။
တစ်နှစ်နီးပါးအကြာတွင်၊ လုမင်မှာ သူ၏ စိတ်ဝိညာဉ် နက်နဲသောနေရာမှ သတ်ဖြတ်ရန် ရည်ရွယ်ချက်များကို လုံးလုံးလျားလျား ချေဖျက်နိုင်ခဲ့သည်။ သူ၏ အကြည့်များကလည်း ကြည်လင်သော စမ်းရေကဲ့သို့ နူးညံ့ဖြူစင်ခဲ့လေသည်။
ဤတစ်နှစ်အတွင်း သူဟာ တမင်တကာ လေ့ကျင့်ခြင်း မပြုခဲ့ပေ။
သို့သော်လည်း သူ၏ ကျင့်ကြံခြင်းက တဖြည်းဖြည်း တိုးတက်နေခဲ့သည်။
လက်ရှိတွင်၊ သူ၏ ကျင့်ကြံခြင်းက ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ။ သူ၏ ကစဉ့်ကလျားတာအိုနယ်မြေမှာလည်း ဆဋ္ဌမအလွှာ၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။
သူက ကစဉ့်ကလျားတာအိုနယ်မြေကို နားလည်ဆင်ခြင်ခဲ့ခြင်း မရှိသော်လည်း အချည်းနှီးတော့ မဖြစ်ပေ။
မိုးနှင့်မြေ နှင့် ပြီးပြည့်စုံစွာ သဟဇာတဖြစ်နေသည်ဟု သူခံစားမိသည်။
ကစဉ့်ကလျားတာအိုနယ်မြေကို မိုးနှင့်မြေမှလည်း နားလည်နိုင်၏။ သူ၏ ကစဉ့်ကလျားတာအိုနယ်မြေက သတ္တမအလွှာသို့ အချိန်တိုအတွင်း မြှင့်တင်နိုင်မည်ဟု သူခံစားနေခဲ့ရသည်။ ထို့အပြင်၊ သူက ကောင်းကင်နှင့်မြေပြင်နှင့် သဟဇာတဖြစ်မှုကြောင့် ကစဉ့်ကလျားတာအိုနယ်မြေကို နားလည်ဆင်ခြင်ရာတွင် ပို၍ မြန်ဆန်လိမ့်မည်။
"ညီငယ်လေး လု၊ လင်လင်ရေ... ထမင်းစားကြရအောင်"
အသက်နည်းနည်းကြီးပုံရသည့် အသံကို ကြားလိုက်ရသည်။
ဖုန့်လင်၏အဘိုး၊ ရွာလူကြီးအသံ ဖြစ်ချေသည်။
"လာပါပြီ အဘိုး"
ဖုန့်လင်က လှမ်းအော်လိုက်ပြီး လုမင်ကို ပြန်ပြောလိုက်သည်။
"အစ်ကိုကြီးလု၊ လာ... သွားစားကြရအောင်။ အဘိုးက အရက်ကောင်းကောင်း နည်းနည်း ပြင်ထားတယ်"
လုမင်လည်း ပြုံးပြီး ရှဲ့နျန်ချင်း၏ ရုပ်တုကိုသိမ်းကာ ဖုန့်လင်နှင့်အတူ ရွာလူကြီး၏ နေအိမ်သို့ လိုက်သွားလေသည်။
"ကောင်မလေး၊ ညည်း ထပ်သောက်ချင်ပြန်ပြီလား"
အသက်ခြောက်ဆယ်ကျော် ဆံပင်ဖြူ အဖိုးအိုတစ်ဦးက ဖုန့်လင်အား ကြင်နာစွာကြည့်ရင်း ဆူပူလိုက်သည်။
"အဘိုးကလည်း... နည်းနည်းပါ၊ နည်းနည်းလေးပဲနော်"
ဖုန့်လင် အဖိုးအိုရှေ့သို့ ပြေးသွားပြီး သူ့လက်ကိုဆွဲကာ လှုပ်ယမ်းလိုက်၏။
"အေးပါ... အေးပါ၊ ဟုတ်ပါပြီ။ ကောင်မစုတ်လေး"
အဖိုးအိုလည်း ချစ်မြတ်နိုးစွာဖြင့် ဖုန့်လင်၏ဦးခေါင်းကို ခပ်ဖွဖွပုတ်လိုက်သည်။
စားပွဲတွင် ဝင်ထိုင်ပြီးနောက် ရွာလူကြီးက အရက်သုံးခွက် ငှဲ့ပေးလိုက်သည်။
"ဂီး"
ထိုအချိန်တွင် ကျယ်လောင်သော ငှက်အော်သံကို ကြားလိုက်ရသည်။
သူတို့သုံးယောက်စလုံး မတိုင်ပင်ပါဘဲ မြောက်ဘက်ကို လှမ်းကြည့်လိုက်၏။
"အော်သံထွက်လာပြီ၊ ဖီးနစ်အော်သံ ထပ်ပေါ်လာပြန်ပြီ။ လဝက်ရှိနေပြီ၊ ဒီနယ်မြေကတော့ ကြာကြာ မငြိမ်းချမ်းတော့မှာ ကြောက်ရတယ်"
ရွာလူကြီးက သက်ပြင်းချလိုက်သည်။
"အဘိုး၊ ထျန်းဖုန်းလွင်ပြင်မှာ နေထိုင်တဲ့ နတ်ဖီးနစ်တစ်ကောင် တကယ်ရှိတာလား"
ဖုန့်လင်က စိတ်ဝင်တစား မေးသည်။
"မှန်ပါတယ်။ ဒဏ္ဍာရီအရတော့ ထျန်းဖုန်းလွင်ပြင်မှာ နတ်ဖီးနစ်တစ်ကောင် ရှိနေတယ်"
ရွာလူကြီးက သက်ပြင်းချလိုက်သည်။
"အဘိုး၊ ဖီးနစ်ရဲ့ အော်သံက နာကျင်မှုနဲ့ စိတ်ပျက်အားငယ်တွေ ပါဝင်နေတယ်လို့ ဘာဖြစ်လို့ ခံစားရတာလဲ"
ဖုန့်လင်က ထပ်မေးလိုက်၏။
"ဟင်း၊ အဘိုးလည်း ဘာဖြစ်မှန်း မသိပါဘူး၊ ဒါပေမဲ့ ဆိုးရွားတာတွေ မဖြစ်လာဖို့ပဲ မျှော်လင့်တယ်"
ရွာလူကြီးက တစ်ခုခုကို စိုးရိမ်နေဟန်ဖြင့် သက်ပြင်းချလိုက်လေသည်။
'နတ်ဖီးနစ်လား'
လုမင်လည်း မြောက်ဘက်သို့ လှမ်းကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
ထျန်းဖုန်းလွင်ပြင်မှာ စန်းပြည်နယ်၏ တားမြစ်နယ်မြေ ခြောက်ခုအနက်မှ တစ်ခုဖြစ်သည်။ ဤရွာငယ်လေးက ထျန်းဖုန်းလွင်ပြင်နှင့် မဝေးပေ။ ရွာလူကြီး၏ ပြောကြားချက်အရ ဖီးနစ်နံ့သာသစ်မှာလည်း ထျန်းဖုန်းလွင်ပြင်မှ ဆင်းသက်လာခြင်း ဖြစ်သည်။
သို့သော်လည်း လွန်ခဲ့သော လဝက်ကတည်းက ဖီးနစ်အော်ဟစ်သံများကို ထျန်းဖုန်းလွင်ပြင်မှ ရံဖန်ရံခါ ကြားလာခဲ့ရသည်။ ထိုအသံက နာကျင်မှု၊ စိတ်ပျက်အားငယ်မှုတို့ ပြည့်နှက်နေ၏။
"ဝှစ်၊ ဝှစ်..."
မြောက်ဘက်ရှိ ကောင်းကင်ယံ၌ သက်တံရောင်အလင်းတန်း အနည်းငယ် လင်းလက်သွားခဲ့သည်။
"နောက်ဆုံးတော့လည်း ဒီနေရာက ကျင့်ကြံသူတွေကို စွဲဆောင်ခဲ့တာပါပဲ"
သက်တံအလင်းများကို မြင်လိုက်ရတော့ ရွာလူကြီးက သက်ပြင်းတစ်ချက်ချလိုက်သည်။
ခဏကြာတော့ သူတို့သုံးယောက် ထမင်းစားသောက်ပြီးသွားသည်။ ညရောက်လာခဲ့ပြီ။
ညကောင်းကင်တွင်၊ လုမင်က မြောက်ဘက်သို့ မျှော်ကြည့်ရင်း လေထဲတွင် ရပ်နေသည်။
"ဝှစ်... ဝှစ်... ဝှစ်"
သက်တံအလင်းများက မြောက်ဘက် ကောင်းကင်ယံတွင် ကြယ်ကြွေနေသကဲ့သို့ ရံဖန်ရံခါ လင်းလက်တောက်ပနေ၏။ သက်တံအလင်းတိုင်းက ကျင့်ကြံသူများ ဖြစ်ကြသည်။
လုမင်လည်း ခဏမျှ စောင့်ကြည့်ပြီးနောက် အနားယူရန် သစ်လုံးအိမ်လေးသို့ ပြန်လာခဲ့လေသည်။
နောက်ရက်အနည်းငယ်အတွင်းမှာလည်း ဖီးနစ်အော်သံများကို အဆက်မပြတ်ကြားနေရသည်။ ကျင့်ကြံသူများလည်း ပို၍ပို၍ ရောက်ရှိလာကြပြီ။
သူဟာ ကောင်းကင်ယံ၌ ပျံဝဲနေသော ကျင့်ကြံသူ အုပ်စုများကိုပင် မြင်ရသည်။
ဖီးနစ်ငိုကြွေးသံများ ကြားနေရသည်မှာ လဝက်ခန့်ရှိပြီ ဖြစ်သည်။ ထိုနေရာတွင် ထူးခြားသော အရာတစ်ခုခုတော့ ရှိလိမ့်မည်။ သို့ဖြစ်ပေရာ၊ အနီးနားရှိ ကျင့်ကြံသူတချို့က စစ်ဆေးရန် သဘာဝအတိုင်း လာရောက်ခဲ့ကြသည်။
သုံးရက်မြောက်သောနေ့ နံနက်တွင်၊ လုမင်ကိုယ်တိုင် မြောက်ဘက်သို့ ပျံသန်းသွားခဲ့သည်။
မကြာခင်မှာပဲ လုမင်ဟာ ထျန်းဖုန်းလွင်ပြင်အစွန်းသို့ ရောက်သွား၏။
ကောင်းကင်တွင် မတ်တပ်ရပ်ပြီး ထျန်းဖုန်းလွင်ပြင်ကို ကြည့်လိုက်တော့ မြင်ကွင်းက အံ့ဩလောက်စရာပင်။
ထျန်းဖုန်းလွင်ပြင်တွင် အဆုံးမရှိသော လေပွေများဖြင့် ပြည့်နှက်နေသည်။ လေပွေများက အလွန်အားကောင်းပြီး ထျန်းဖုန်းလွင်ပြင်အနှံ့ ရွေ့လျားနေကြ၏။
ကြီးမားကျယ်ပြန့်သော ထျန်းဖုန်းလွင်ပြင်တစ်လျှောက်တွင် မရေမတွက်နိုင်သော ဧရာမ လေပွေများ ပြန့်နှံ့နေခဲ့သည်။ ဤလေပွေများက အလွန်ကြောက်စရာကောင်းသည်။ သူတော်စင်နယ်ပယ် အကျော်အမော်များပင်လျှင် အတွင်းသို့ စုပ်ယူခံရပါက အပိုင်းပိုင်း ပြတ်တောက်သွားလိမ့်မည်။
အတိတ်မှာ၊ သူတော်စင်နယ်ပယ် အကျော်အမော်များ အများအပြားက ထျန်းဖုန်းလွင်ပြင်ကို စူးစမ်းရန် ကြိုးစားခဲ့ကြသော်လည်း ၎င်းတို့အားလုံး အတွင်း၌ သေဆုံးသွားခဲ့ကြသည်။ ထို့ကြောင့် ထျန်းဖုန်းလွင်ပြင်များမှာ စန်းပြည်နယ်ရှိ မဟာတားမြစ်နယ်မြေခြောက်ခုအနက်မှ တစ်ခုအဖြစ် လူသိများလာခဲ့ပေသည်။
သို့သော်လည်း ထူးဆန်းသည်မှာ လေပွေများက သတ်မှတ် အကွာအဝေးအတွင်း၌သာ ရွေ့လျားနေပုံရသည်။ ထျန်းဖုန်းလွင်ပြင်၏ အပြင်ဘက်က အလွန်အေးချမ်းလှပေသည်။ ဤသည်မှာ မတူညီသော ကမ္ဘာနှစ်ခုကဲ့သို့ ဖြစ်သည်။
ယခုအချိန်တွင်၊ လူများစွာက ထျန်းဖုန်းလွင်ပြင်အပြင်ဘက် ကောင်းကင်ယံ၌ ရပ်ကာ ထျန်းဖုန်းလွင်ပြင်ကို ကြည့်နေကြသည်။ သို့သော်လည်း မည်သူမျှတော့ မဝင်ရဲကြပေ။
"ကောင်းကင်အဆိပ်ဂိုဏ်းနှင့် ကောင်းကင်နတ်ဘုရားဂိုဏ်း"
လုမင် ရေရွတ်လိုက်သည်။
ရောက်ရှိနေသူများထဲတွင် ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းမှ လူများလည်းရှိကြောင်း တွေ့လိုက်ရ၏။
ယင်းက အံ့ဩစရာတော့ မဟုတ်ပေ။ ကောင်းကင်အဆိပ်ဂိုဏ်းနှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းက စန်းပြည်နယ်၏ အနောက်ဘက်တွင် တည်ရှိသည်။ သဘာဝအတိုင်း၊ သူတို့က ဤနေရာကို ပို၍ သတိထားမိလိမ့်မည်။
ထို့အပြင် အင်အားစုငယ်များစွာမှ လူများလည်း ရှိခဲ့သည်။
ထိုအချိန်တွင်...
ဖိတ်ခေါ်မထားသော ဧည့်သည်အချို့က တောင်ပေါ်ရွာလေးသို့ ရောက်လာကြသည်။
သူတို့က ထွားကြိုင်းသော အမျိုးသားများ ဖြစ်သည်။ အားလုံးက မျက်နှာကိုချီပြီး ရွာလူကြီး၏ အိမ်အထက်သို့ ပျံသန်းလာကြ၏။ သူတို့၏ အစွမ်းထက်သော ရောင်ဝါများက ရွာလူကြီးနှင့် ဖုန့်လင်တို့အပေါ် ကျရောက်လာသောအခါ တောင်ကြီးတစ်လုံးကို ထမ်းပိုးထားရသကဲ့သို့ ခံစားလိုက်ရတော့သည်။
သူတို့၏ အဝတ်အစားများအရ ကောင်းကင်နတ်ဘုရားဂိုဏ်းမှဖြစ်ကြောင်း ထင်ရှားသည်။
"အဘိုးကြီး၊ ငါ မင်းကို မေးခွန်းနည်းနည်းမေးမယ်။ အမှန်အတိုင်း ဖြေပါ"
အေးစက်ပြီး မာနကြီးသော အကြည့်တို့ဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ရွာလူကြီးကို ငုံ့ကြည့်ကာ အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါအရှင်၊ မေးစရာရှိရင် မေးသာမေးပါ။ ဒီအဘိုးကြီးသိသမျှ အကုန် ပြောပြပါ့မယ်"
ရွာလူကြီးလည်း ဆောလျင်စွာ ဦးညွှတ်ပြီး ခေါင်းညိတ်လိုက်လေသည်။
ရွာလူကြီးမှာ အသက်ကြီးနေပြီဖြစ်ပြီး သဘာဝအတိုင်း ကျင့်ကြံခြင်းအကြောင်းကို သိသည်။ ဤလူများက အလွန်သန်မာပြီး အနည်းဆုံး သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံခြင်းအခြေခံ ရှိလိမ့်မည်။ သူတို့၏ ရွာလေးတွင် အသန်မာဆုံဖြစ်သော ရွာလူကြီး၏ ကျင့်ကြံခြင်းအခြေခံသည်ပင် ဝိညာဉ်နတ်ဘုရားနယ်ပယ်သာ ဖြစ်သည်။ သိုင်းအုပ်ချုပ်သူများနှင့် ရင်ဆိုင်ရတော့ ရွာလူကြီးလည်း အတတ်နိုင်ဆုံး ရိုကျိုးရန်သာ တတ်နိုင်ခဲ့ပေသည်။