← Chapters

အခန်း ၁၅၆၇

Vol. 105 Ch. 1567

အခန်း ၁၅၆၇

Vol. 105 Ch. 1567

အပိုင်း ( 1567 ) အထိမ်းအမှတ်ကျောက်စာတိုင်များကို သိမ်းယူခြင်း။

လူလတ်ပိုင်းအရွယ် အမျိုးသားမှာ ရွာလူကြီး၏ သဘောထားကြောင့် ကျေနပ်သွားပုံရသည်။ သူက ခေါင်းညိတ်ပြီး မေးလိုက်သည်။

"မင်းတို့က ဒီမှာနေတာဆိုတော့ ထျန်းဖုန်းလွင်ပြင်မှာ ဖီးနစ်အော်သံ ဘယ်အချိန်က စခဲ့တာလဲ သိရဲ့လား"

"အဲဒါ လွန်ခဲ့တဲ့ လက်ဝလောက်က စတင်ခဲ့တာပါ။ အဲဒီအချိန်တုန်းက အသံ အရမ်းကျယ်ပေမဲ့ အခုတော့ အားနည်းသွားပုံရတယ်"

ရွာလူကြီးကလည်း ရိုးရိုးသားသား ဖြေလိုက်ဘေသည်။

"အိုး၊ လွန်ခဲ့တဲ့ လဝက်ကတည်းကလား။ မင်းတို့ရွာမှာ ထျန်းဖုန်းလွင်ပြင်အကြောင်း ဒဏ္ဍာရီတွေကော ရှိလား။ ငါ့ကို အသေးစိတ်ပြောပြစမ်း"

လူလတ်ပိုင်း အမျိုးသားက ထပ်မေးလိုက်သည်။

ရွာလူကြီးလည်း ထျန်းဖုန်းလွင်ပြင်၏ ဒဏ္ဍာရီများကို အသေးစိတ် ပြောပြလိုက်၏။

ရွာလူကြီး၏ စကားဆုံးသောအခါ၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူအားလုံး မျက်မှောင်ကြုတ်လိုက်ကြသည်။ ထို့နောက် သဲလွန်စတစ်ခုခု ရှာဖွေရန် မျှော်လင့်ကာ ရွာလူကြီး၏ ခြံထဲသို့ ဝင်လာခဲ့၏။

ရုတ်တရက်၊ လူလတ်ပိုင်း အမျိုးသား၏ မျက်လုံးများက တောက်ပလာသည်။ သူ့ပုံရိပ်က ခြံဝင်းထဲမှ ထိုင်ခုံတစ်လုံးရှေ့မှာ ပေါ်လာ၏။ ဂရုတစိုက်ကြည့်ပြီးနောက် သူ တအံ့တဩဖြစ်သွားကာ ပြောလိုက်သည်။

"ဖီးနစ်နံ့သာ သစ်သား၊ ဒါက တကယ်ကို ဖီးနစ်နံ့သာသစ်သားနဲ့ ပြုလုပ်ထားတာပဲ။ ဖီးနစ်နံ့သာသစ်သားကို ထိုင်ခုံလုပ်ဖို့ပဲ အသုံးပြုထားတယ်။ ဖြုန်းတီးလိုက်တာ"

ပြောဆိုပြီးနောက် သူ့လက်ကိုဝှေ့ယမ်းပြီး ထိုင်ခုံကို သိမ်းလိုက်သည်။

အခြားလူလတ်ပိုင်း အမျိုးသားများလည်း အားကျသွားပြီး ခြံဝင်းကို လှည့်ပတ်ကြည့်လိုက်ကြသည်။

"ဒီထိုင်ခုံကိုလည်း ဖီးနစ်နံ့သာသစ်နဲ့ ပြုလုပ်ထားတာဟ"

"ဒီလက်ဖက်ရည်အိုးကလည်း ဖီးနစ်နံ့သာသစ်နဲ့ပဲ လုပ်ထားတာ"

သက်လတ်ပိုင်း အမျိုးသားများ၏ မျက်လုံးများ တောက်ပလာခဲ့သည်။ သူတို့က လျင်မြန်စွာ လှုပ်ရှားပြီး ဤအရာအားလုံးကို သိမ်းယူကြတော့သည်။

"ဟား၊ အထဲက ကုတင်ကိုလည်း ဖီးနစ်နံ့သာသစ်သားနဲ့ပဲ လုပ်ထားတယ်ဟ"

လူတစ်ယောက်က ရယ်မောပြီး အခန်းထဲသို့ အပြေးအလွှား ဝင်သွားခဲ့သည်။

"ဟေ့၊ ရှင်တို့ ဘာဖြစ်လို့ ဓားပြတွေလို လုယက်နေကြတာလဲ။ အဲဒါက ကျွန်မရဲ့ အိပ်ရာ၊ အဲဒါကိုယူသွားရင် ဘယ်နေရာမှာ အိပ်ရမှာလဲ"

ဖုန့်လင်က မနေနိုင်တော့ဘဲ အော်ပြောလိုက်သည်။

"မင်း ဘာပြောလိုက်တာလဲ"

လူလတ်ပိုင်းအရွယ်က အမျိုးသားတစ်ယောက်က လှည့်ကြည့်လိုက်သည်။ အားကောင်းသော ဖိအားများက ဖုန့်လင်အပေါ် ကျရောက်လာ၏။ ဖုန့်လင်၏ ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး နောက်ပြန်ဆုတ်သွားရသည်။ သူမ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့သည်။

သို့သော်လည်း ဖုန့်လင်က အလွန်ခေါင်းမာပြီး တစ်ခုခု ထပ်ပြောရန် ဟန်ပြင်နေရာ ရွာလူကြီးက ရှေ့သို့ အမြန်သွားပြီး ဝင်ရပ်လိုက်သည်။ သူက တစ်ဖက်လူများကို လက်ယှက်ပြီး လေးလေးစားစား ဦးညွတ်ကာ ပြောလိုက်လေသည်။

"ကျေးဇူးပြုပြီး ခွင့်လွှတ်ကြပါ၊ ကျုပ်မြေးလေးက ငယ်ရွယ်သေးလို့ အကောင်းအဆိုး မသိဘူး။ အားလုံးက သူရဲကောင်းတွေမို့ ကျေးဇူးပြုပြီး သူ့ကိုဖိနှိပ်ပြီး ကိုယ့်အဆင့်အတန်းကို မနှိမ့်ချကြပါနဲ့"

"သူ့ပါးစပ်ကို ပိတ်ထားလိုက်ပါ။ မဟုတ်ရင် သူဘယ်လိုသေသွားမှန်းတောင် မသိလိုက်ဘဲ ဖြစ်လိမ့်မယ်"

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အေးစက်စက် ပြောလိုက်သည်။

ရွာလူကြီးလည်း အထပ်ထပ် ခေါင်းညိတ်လိုက်လေသည်။

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားလည်း အခန်းထဲသို့ ဝင်လာပြီး ဖုန့်လင်၏ ကုတင်ကို ယူသွားခဲ့သည်။

"ဝုန်း"

ထိုအချိန်တွင် ရွာ၏ အခြားတစ်နေရာမှာ အိမ်တစ်လုံး ရုတ်တရက် ပြိုကျသွားသည်။ အိမ်တိုင်တစ်လုံးကို အစိမ်းရောင်ဝတ်လူတစ်ဦးက ယူလိုက်ခြင်းကြောင့် အိမ်ပြိုသွားပြီး ဖုန်များ တထောင်းထောင်းထသွား၏။

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူများအပြင် အခြားအင်အားစုများမှ လူများရောက်လာပြီး ဖီးနစ်နံ့သာသစ်များကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ထင်ရှားသည်။

"တခြားအိမ်တွေရှိသေးတယ်၊ သွားကြရအောင်။ ကောင်းကင်အဆိပ်ဂိုဏ်းကကောင်တွေ အကုန်လုံးကို သိမ်းယူသွားတာ မခံနဲ့"

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူများလည်း ယင်းကိုမြင်သောအခါ အခြားရွာသားများ၏အိမ်သို့ အလျင်အမြန် ပြေးထွက်သွားကြသည်။

သူတို့အမြင်မှာတော့ ဤရွာမှာ ရတနာသိုက်တစ်ခုပင်။ အခြားသူများ မတွေ့ခင်မှာ အကုန်သိမ်းယူရမည် ဖြစ်သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများလည်း အခြားရွာသားများ၏ အိမ်များသို့ ပြေးလာပြီး အလောတကြီး လုယက်ကြတော့သည်။ ရွာသားတစ်ဦးက ၎င်းတို့ကို တားဆီးရန် ကြိုးစားသောအခါတွင် တစ်ချက်တည်းဖြင့် ရိုက်သတ်လိုက်သည်။

"အဘိုး၊ ဒီလူတွေက ဘယ်လိုဂိုဏ်းမျိုးက တပည့်တွေလဲ။ သူတို့က ဓားပြတွေကျနေတာပဲ"

ဖုန့်လင် ဒေါသတကြီးဖြစ်သွားသည်။

"ဟင်း၊ သိုင်းပညာကမ္ဘာမှာ အားနည်းသူတွေက သန်မာသူတွေရဲ့ သားကောင်အဖြစ် အမြဲရှိနေမှာပဲလေကွယ်"

ရွာလူကြီး သက်ပြင်းချလိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်တွင် သူ့အမူအရာ ပြောင်းလဲသွားပြီး အော်လိုက်၏။

"မကောင်းတော့ဘူး၊ အဲဒါ ဘိုးဘွားခန်းမပဲ"

ရွာလူကြီးလည်း အော်ပြောပြီးနောက် ကျောက်တုံးအိမ်ကြီးတစ်လုံးဆီသို့ အလျင်အမြန် ပြေးသွားတော့သည်။ ဖုန့်လင်လည်း ကမန်းကတန်း လိုက်သွားသည်။

ထိုအချိန်တွင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများနှင့် အစိမ်းရောင်ဝတ် လူငယ်များက ကျောက်တုံးအိမ်ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"အထဲက အထိမ်းအမှတ်ကျောက်တိုင်တွေကိုလည်း ဖီးနစ်နံ့သာသစ်တွေနဲ့ပဲ ပြုလုပ်ထားတာဟ။ ချမ်းသာပြီ၊ ငါတို့ ချမ်းသာပြီ"

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူတစ်ဦးက အံ့သြတကြီး အော်ဟစ်လိုက်သည်။

"အဲဒါက ငါတို့ပိုင်တယ်"

အစိမ်းရောင်ဝတ် လူငယ်များ၏ မျက်လုံးများလည်း တောက်ပလာသည်။

"စဉ်းတောင် မစဉ်းစားနဲ့၊ ငါတို့ ပထမဆုံးတွေ့ခဲ့တာ"

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောလိုက်၏။

သူတို့က ကျောက်တုံးအိမ်ထဲသို့ အပြေးအလွှား သွားကြတော့သည်။

"အရှင်သခင်တို့၊ ခဏစောင့်ပါဦး"

ရွာလူကြီးက အမြန်ပြေးပြီး ကျောက်တုံးအိမ်ရှေ့တွင်ဝင်ရပ်ကာ အကြိမ်ကြိမ် ဦးညွှတ်လိုက်သည်။

"အဘိုးကြီး ဘာလုပ်တာလဲ။ မင်း ဘာဖြစ်လို့ ထွက်မသွားသေးတာလဲ"

အေးစက်ပြီး မာနကြီးသည့် လူလတ်ပိုင်း အမျိုးသားက ကြိမ်းမောင်းလိုက်၏။

"အရှင်ကြီးတို့၊ ကျုပ်တို့ဘိုးဘွားတွေရဲ့ အထိမ်းအမှတ်ကျောက်တိုင်တွေက အဲဒီထဲမှာ ရှိပါတယ်။ ကျေးဇူးပြုပြီး အဲဒါတွေကိုတော့ မသိမ်းယူလိုက်ပါနဲ့၊ တောင်းပန်ပါတယ်"

ရွာလူကြီးက ဒူးထောက်ပြီး ထပ်ခါတလဲလဲ တောင်းပန်လိုက်သည်။

ရွာမှ ဘိုးဘွားများ၏ အထိမ်းအမှတ်ကျောက်တိုင်များကို ကျောက်တုံးအိမ်ထဲတွင် ထားရှိ၏။ အခြားအရာအားလုံးကို ယူနိုင်သော်လည်း ထိုအထိမ်းအမှတ် ကျောက်တိုင်များကိုမူ မည်သူမှ ယူဆောင်သွားခွင့် မပြုနိုင်ပေ။

မဟုတ်လျှင်၊ သူ့ဘိုးဘွားများကို မည်သို့ ရင်ဆိုင်နိုင်မည်နည်း။

"ဟာ... ဒီအဘိုးကြီး၊ ထွက်သွားစမ်း"

လူလတ်ပိုင်းအရွယ် အမျိုးသားက ကြိမ်းမောင်းပြီး ခြေထောက်ဖြင့် ပိတ်ကန်လိုက်သည်။ ရွာလူကြီး လွင့်စဉ်သွားပြီး ကျောက်တုံးအိမ်ကို ဝင်ဆောင့်လိုက်မိ၏။ ‌ရွာလူကြီးမှာ မြေပြင်ပေါ်သို့ ပြန်ပြုတ်ကျလာပြီး သွေးများ အန်ထွက်လာတော့သည်။

"အဘိုး"

ဖုန့်လင်က အော်ပြီး ရွာလူကြီးဆီသို့ ပြေးသွားသည်။ ရွာလူကြီးမှာ ဒဏ်ရာရရှိရုံသာဖြစ်ကြောင်း မြင်လိုက်ရမှ စိတ်သက်သာရာရသွားလေသည်။ ထို့နောက် သူမက သက်လတ်ပိုင်း အမျိုးသားများကို ဒေါသတကြီးဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။

"ရှင်တို့က ဂိုဏ်းကြီးတစ်ခုရဲ့ တပည့်တွေ မဟုတ်ဘူးလား။ အခုလုပ်ပုံက ဓားပြတွေတောင် မဟုတ်ဘူး၊ ဓားပြတွေထက်တောင်မှ ပိုဆိုးနေပြီ။ အခြားသူတွေရဲ့ ဘိုးဘွား အထိမ်းအမှတ်ကျောက်တိုင်ကို တကယ်ကြီး လုယူဖို့ကြိုးစားဝံ့တယ်"

"ခွေးမ၊ မင်း ဘာစကားပြောတာလဲ။ သေချင်လို့လား"

သက်လတ်ပိုင်း အမျိုးသားထံမှ အေးစက်စက် သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်လာသည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ဖုန့်လင်အရှေ့တွင် ပေါ်လာခဲ့၏။ ဖုန့်လင်အား လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။

သက်လတ်ပိုင်းအရွယ် အမျိုးသားက ဤလက်ဝါးရိုက်ချက်တွင် အင်အားတချို့ အသုံးပြုထားခဲ့သည်။ ဖုန့်လင်၏ ကျင့်ကြံခြင်းဖြင့် ဤလက်ဝါးရိုက်ချက် ထိမှန်ပါက မလွဲမသွေ သေလိမ့်မည်။

သို့သော်လည်း သက်လတ်ပိုင်း အမျိုးသား၏ လက်ဝါးက လမ်းတစ်ဝက်တွင် တားဆီးခံလိုက်ရသည်။

အသားညိုညို လူငယ်တစ်ဦးက ဖုန့်လင်ရှေ့မှာပေါ်လာပြီး သက်လတ်ပိုင်း အမျိုးသား၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထား၏။

ထိုအသားညိုညို လူငယ်လေးက သဘာဝအတိုင်း လုမင် ဖြစ်တော့သည်။

သူဟာ အခြေအနေကို စစ်ဆေးရန် ထျန်းဖုန်းလွင်ပြင်၏ အစွန်အဖျားသို့ သွားခဲ့ပြီး ထူးထူးခြားခြား ဘာမှမတွေ့သောကြောင့် ပြန်လာခဲ့ခြင်း ဖြစ်သည်။ သူပြန်ရောက်သည်နှင့် ဤမြင်ကွင်းကို မြင်တွေ့ရန် မမျှော်လင့်ထားပေ။

"အစ်ကိုလု"

ဖုန့်လင်လည်း အော်ခေါ်လိုက်မိသည်။

"တောင်းပန်ပါတယ်၊ ငါနောက်ကျသွားတယ်"

လုမင်က ဖုန့်လင်နှင့် ရွာလူကြီးကို ခေါင်းညိတ်ပြလိုက်သည်။

"ကောင်လေး၊ မင်း ငါ့ကို ဘယ်လိုတောင် တားဆီးဝံ့တာလဲ။ မင်း သေချင်နေပြီ"

သက်လတ်ပိုင်းအမျိုးသားမှာ သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသော အသားညိုညို လူငယ်လေးကိုမြင်တော့ သူ့မျက်နှာအေးစက်သွားသည်။ လုမင်နှင့် ဖုန့်လင်တို့၏ ပြောစကားများအရ လုမင်ကို ဤရွာငယ်လေးမှဖြစ်မည်ဟု သူထင်မှတ်လိုက်၏။ ထို့ကြောင့် ကြိမ်းမောင်းပြီး သတ်ဖြတ်ချင်စိတ်များကို ထုတ်ဖော်လိုက်တော့သည်။

"ဝုန်း"

သူက ယွမ်ချီစွမ်းအင် ပေါက်ကွဲထုတ်ပြီး လုမင်၏လက်ဝါးကို ချိုးရန်ကြိုးစားလိုက်သည်။

သို့ရာတွင်... လုမင်၏ မျက်လုံးများက အေးစက်သွားသည်။ ဆုပ်ကိုင်ထားသော သူ့လက်ကို အားထည့်လိုက်သောအခါ ကြောက်စရာကောင်းသော အင်အားတစ်ခုက ပေါက်ကွဲထွက်လာ၏။

"ဝုန်း"

သက်လတ်ပိုင်းအရွယ် အမျိုးသား၏ ယွမ်ချီစွမ်းအင်က ပျံ့ကျဲသွားသည်။ သူ့လက်အရိုးများလည်း တစ်လက်မချင်း ကျိုးသွားတော့သည်။

"အား... ငါ့လက်"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ငယ်သံပါအောင် အော်လိုက်သည်။

"ဝုန်း"

လုမင်က သက်လတ်ပိုင်း အမျိုးသား၏ လက်ကို ဖမ်းကိုင်ကာ မြှောက်လိုက်သည်။ ထို့နောက် မြေပြင်နှင့် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်၏။

မြေပြင်က တုန်ခါသွားပြီး မြေပြင်မှာ လူပုံသဏ္ဍာန် တွင်းပေါက်တစ်ခု ပေါ်လာတော့သည်။ သက်လတ်ပိုင်း အမျိုးသား၏ ပါးစပ်မှ သွေးများ တပွက်ပွက် အန်ထွက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲမှ အရိုးများအားလုံး ကျိုးသွားပြီး ရွှံ့ရုပ်ပမာ ဖြစ်နေတော့သည်။

တစ်ဖက်တွင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ အခြားလူများနှင့် အစိမ်းရောင်ဝတ်စုံဝတ် လူငယ်များ အံ့အားသင့်သွားကြသည်။

ခဏကြာမှ သတိဝင်လာပြီး ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"ကောင်လေး၊ ကောင်းကင်နတ်ဘုရားဂိုဏ်းကလူကို မင်း ဘယ်လိုလုပ်ပြီး တိုက်ခိုက်ဝံ့တာလဲ"

"မင်းသေပြီပဲ"

"ဆူလိုက်တာ"

လုမင် အေးစက်စက်ပြောလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး အော်ဟစ်ကြိမ်းမောင်းသံနှင့် နာကျင်စွာ အော်ဟစ်သံများက ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာ၏။ လုမင် ပြန်ပေါ်လာသောအခါ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများနှင့် ဝတ်စုံစိမ်းဝတ် လူငယ်အားလုံး နာကျင်စွာဖြင့် မြေပြင်ပေါ်တွင် လဲကျကာ အော်ညည်းနေကြရပြီ ဖြစ်သည်။ သူတို့မှာ တစ်ဦးအပေါ်တစ်ဦးထပ်ကာ လဲကျနေပြီး အရိုးများမည်မျှ ကျိုးကြေသွားမှန်းပင် မသိနိုင်တော့ပေ။

ထို့အပြင်၊ သူတို့၏ သိုလှောင်လက်စွပ်အားလုံးက လုမင်၏လက်ထဲမှာ ရှိနေပြီ ဖြစ်သည်။

All Chapters