← Chapters

အခန်း ၁၅၆၉

Vol. 105 Ch. 1569

အခန်း ၁၅၆၉

Vol. 105 Ch. 1569

အပိုင်း ( 1569 ) အသိအကျွမ်းဟောင်းများနှင့် တွေ့ဆုံခြင်း။

"သတ်"

လုမင်က အေးစက်စက် အော်လိုက်သည်။ သူ့မျက်လုံးက လျှပ်စီးများ လင်းလက်လာပုံရသည်။ သူ့ထံမှ သတ်ဖြတ်ချင်စိတ်က အခြားလူငယ်များအတွက် သေမိန့်ပမာ ဖြစ်၏။

လုမင်၏ လက်သီးများက အရာအားလုံးကို ချေမှုန်းနိုင်ပုံရသည်။ ထိုလူငယ်အားလုံး အော်ပင်မအော်နိုင်ဘဲ သေဆုံးသွားတော့သည်။

ထို့နောက် လုမင်က သက်လတ်ပိုင်း အမျိုးသားများကို အေးစက်စက် ကြည့်လိုက်သည်။

သက်လတ်ပိုင်းအရွယ် အမျိုးသားအားလုံး ဇောချွေးပျံလာပြီး မျက်နှာများလည်း ဖြူဖျော့သွား၏။

"ချမ်းသာပေးပါ၊ ကျုပ်အသက်ကို ချမ်းသာပေးပါ"

မာနကြီးခဲ့သော သက်လတ်ပိုင်း အမျိုးသားက ပထမဆုံး ဒူးထောက်ကာ တုန်လှုပ်ချောက်ချားစွာဖြင့် တောင်းပန်လိုက်သည်။

"မင်းပြန်လာရင် မင်းကိုသတ်မယ်လို့ ငါပြောခဲ့ဖူးတယ်။ ဒါပေမဲ့ မင်းက ငါ့စကားတွေကို အလေးအနက်မထားဘူး။ ကိုယ့်သေလမ်း ကိုယ်ရှာနေတာပဲ"

လုမင် အေးစက်စက် ပြောလိုက်သည်။ ထို့နောက် သူက လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်၏။

ထိုသက်လတ်ပိုင်းအမျိုးသားများက အဆင့်နိမ့် သိုင်းအုပ်ချုပ်သူများသာ ဖြစ်သည်။ လုမင်ကို မည်သို့ ခုခံနိုင်မည်နည်း။ သူတို့အားလုံး လုမင်၏ လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်ခံလိုက်ရတော့သည်။

"ဘယ်လောက်တောင် ကြီးစိုးလိုက်တဲ့ စွမ်းရည်လဲ"

အဝေးမှ ပွဲကြည့်ရန် ရောက်လာကြသော အခြားသူအားလုံး တအံ့တဩ ဖြစ်သွားသည်။

တောင်ပေါ်ရွာလေးတစ်ရွာမှ လူတစ်ဦးကို ဤမျှရဲရင့်ပြီး အစွမ်းထက်မည်ဟု မမျှော်လင့်ထားပေ။ ‌သူဟာ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများကို အလွယ်တကူ သတ်ဖြတ်ခဲ့သည်။ ထိုအထဲတွင် အစွမ်းထက် ပါရမီရှင်များပင် ပါဝင်သေးသည်။

"ပွဲကောင်းတစ်ပွဲတော့ ရှိလိမ့်မယ်။ ကောင်းကင်နတ်ဘုရားဂိုဏ်းက ဒီအတိုင်းနေမှာ မဟုတ်ဘူး။ သူတို့ရဲ့ ကျွမ်းကျင်သူတွေ အများကြီး‌ကျဆုံးသွားတာ၊ သူတို့ရူးသွပ်သွားလောက်တယ်"

"အမှန်ပဲ၊ ကောင်းကင်နတ်ဘုရားဂိုဏ်းကလူတွေ မကြာခင် ရောက်လာနိုင်တယ်"

လူအများက ဆွေးနွေးပြောဆိုရင်း ထွက်သွားကြလေသည်။

"သူတို့... သူတို့အားလုံး သေကုန်ပြီလား"

ရွာလူကြီး အံသြသွားသည်။ နောက်တော့ သူ စိုးရိမ်ပူပန်လာပြန်၏။

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူများစွာကို သတ်ဖြတ်ခဲ့ခြင်းကြောင့်၊ ကောင်း‌ကင်နတ်ဘုရားဂိုဏ်းက လက်စားချေရန် သေချာပေါက် ရောက်လာလိမ့်မည်။

ထိုအချိန်တွင် သူ မည်သို့ပြုရပါမည်နည်း။

ရွာလူကြီး စိုးရိမ်ပူပန်သွားမိသည်။

"ရွာလူကြီး၊ တခြားနေရာကို ပြောင်းချင်လား"

လုမင် မေးလိုက်သည်။

ဤရွာလေး၏ အင်အားက အားနည်းလွန်းပေသည်။ သိုင်းပညာကမ္ဘာတွင် ဤအင်အားမျိုးဖြင့် အချိန်မရွေး ပျက်စီးသွားနိုင်သည်။

ယနေ့အခြေအနေကဲ့သို့ပင်။ လုမင်သာ မရှိနေပါက ဖုန့်လင် အသတ်ခံရမည် ဖြစ်သည်။ ရွာလူကြီးလည်း အသက်ရှင်နိုင်မည် မဟုတ်ပေ။ နောက်ဆုံးတွင် မာနကြီးသော လူလတ်ပိုင်း အမျိုးသားများ ဒေါသဖြစ်သွားပါက တစ်ရွာလုံးပင် ပျက်စီးသွားနိုင်သည်။

အကြောင်းမူ၊ ရွာတွင် အစွမ်းထက် ကျင့်ကြံသူတစ်ဦးမျှ မရှိသောကြောင့်ပင်။ ယခင်က သူတို့ အန္တရာယ်ကင်းခဲ့ခြင်းမှာ ဖီးနစ်နံ့သာသစ်သားအကြောင်း မပေါက်ကြားသေး၍ ဖြစ်သည်။ ယခုတော့ ပေါ်ပေါက်ခဲ့ပြီမို့ ဤရွာလေး မပျက်စီးမီ အချိန်တစ်ခုသာ ဖြစ်လိမ့်မည်။

ဤသည်က အားနည်းသူများအတွက် စိတ်မကောင်းစရာ အမှန်တရားတစ်ခုပင်။

"အဘိုး၊ ဒီနေရာကနေ ထွက်သွားရအောင်နော်"

ဖုန့်လင်က ဝင်ရောက်တိုက်တွန်းသည်။

"ဟင်း၊ ငါတို့လည်း ထွက်သွားချင်ပါတယ်။ ဒါပေမဲ့ စန်းပြည်နယ်ရဲ့ နေရာတိုင်းမှာ အစွမ်းထက် သားရဲကြီးတွေ ရှိတယ်။ အုပ်ချုပ်သူအဆင့် သားရဲကြီးဆိုရင် ငါတို့ရွာကို အလွယ်တကူ ဖျက်ဆီးနိုင်တယ်လေ။ ဒါပေမဲ့ ဒီနေရာမှာတော့ ထျန်းဖုန်းလွင်ပြင်နဲ့ နီးစပ်တယ်။ ထျန်းဖုန်းလွင်ပြင်မှာရှိတဲ့ နတ်ဖီးနစ်ကြောင့်လည်း အခြားသားရဲတွေက မလာဝံ့လို့ ငါတို့ ဘေးကင်းလုံခြုံခဲ့ရပါတယ်"

"မြို့ကြီးတွေမှာ နေမယ်ဆိုရင်တော့ ကျောက်ကြမ်းတွေ အများကြီးသုံးရမှာ၊ ငါတို့မှာ ဒီလောက် ကျောက်ကြမ်းတွေအများကြီး ဘယ်လိုရှိနိုင်မှာလဲကွယ်"

ရွာလူကြီးက သက်ပြင်းချလိုက်သည်။

သူက မထွက်ခွာချင်၍မဟုတ်ဘဲ သွားစရာနေရာ မရှိခြင်းကြောင့် ဖြစ်လေသည်။

လုမင်လည်း ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။

"ရွာလူကြီး၊ ကျုပ်မှာ ဂူလှိုဏ်ကောင်းကင်ရတနာ ရှိတယ်။ ခင်ဗျားတို့ အဲဒီအထဲကို အရင်ဝင်နေလိုက်ပါ၊ နောက်မှ ခင်ဗျားတို့ကို တစ်နေရာဆီ ခေါ်သွားပေးမယ်"

ဤရွာတွင် မိသားစု ဒါဇင်အနည်းငယ်သာ ရှိသည်။ လုမင်က သူတို့ကို လုမိသားစုသို့ပို့ရန် စီစဉ်ခဲ့၏။ လုမိသားစုက အလွန်ကျယ်ဝန်းသည်။ မိသားစု ဒါဇင်အနည်းငယ် အိမ်ဆောက်ရန်အတွက် မြေကွက်လေးတစ်ခုက လုံလောက်ပေသည်။

"ဂူလှိုဏ်ကောင်းကင်ရတနာလား"

ရွာလူကြီး အံ့အားသင့်သွားသည်။ သူ့ရှေ့မှ ဤလူငယ်လေးတွင် အံ့မခန်း မြင့်မားသော နောက်ခံရှိပုံရလေသည်။

"ကောင်းပါပြီ၊ ဒီက ရွာသူရွာသားတွေအားလုံးကို ငါခေါ်လိုက်မယ်။ နောက်ပိုင်းမှာတော့ မင်းကိုပဲ ဒုက္ခပေးရလိမ့်မယ်"

ရွာလူကြီးလည်း လုမင်ကိုဦးညွှတ်ပြီး တခြားရွာသားများကိုခေါ်ရန် ကမန်းကတန်း ထွက်သွားတော့သည်။

လူစုံသောအခါ လုမင်က သူ့လက်ကိုဝှေ့ယမ်းပြီး ရွာသူရွာသားအားလုံးကို တောင်နှင့်မြစ်ပန်းချီကားထဲသို့ နေရာချထားလိုက်သည်။

ထို့နောက် လုမင်က ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့လေသည်။

ထိုအချိန်တွင်၊ တန်ခိုးကြီးသော ရွာသားတစ်ဦးက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ပါရမီရှင်အချို့ကို သတ်ဖြတ်လိုက်သည် ဆိုသောသတင်းမှာ ထျန်းဖုန်းလွင်ပြင်၏ အစွန်အဖျားတွင် ပျံ့နှံ့နေပြီ ဖြစ်သည်။

"အစွမ်းထက်တဲ့ ရွာသားဆိုပါလား။ ဘာပဲဖြစ်ဖြစ် ကောင်းကင်နတ်ဘုရားဂိုဏ်းကတော့ လက်စားချေမှာ သေချာတယ်။ သွားကြည့်ကြရအောင်"

"သွားကြစို့"

ဆွေးနွေးပြောဆိုသံများနှင့်အတူ သက်တံအလင်းများက လေထဲသို့ ထိုးတက်သွားကြသည်။ လူများက ရွာငယ်လေးအနီးကို တစ်ယောက်ပြီးတစ်ယောက် ပျံသန်းသွားကာ ရပ်နေကြတော့သည်။

"အလို၊ ဘယ်သူမှလည်း မရှိပါလား"

"ငါတို့ လွတ်သွားခဲ့ပြီလား။ မဟုတ်သေးဘူး၊ ဟိုမှာ လူတစ်ယောက် ရှိနေတယ်"

လူများစွာက ပတ်ပတ်လည်ကိုကြည့်လိုက်ရာ နောက်ဆုံးတွင် လုမင်အပေါ်သို့ ကျရောက်သွားခဲ့သည်။

"ဟင်၊ ဆရာတူအစ်ကိုနဲ့ ဆရာတူအစ်မပါလား"

လုမင်ဟာ လူအုပ်ကြားတွင် ရင်းနှီးသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။

ထျန်းချွေးနှင့် ရွယ်နင်ရှင်း။

နဂါးနတ်ဘုရားတောင်ကြားက ဤနေရာနှင့် အတော်ဝေးပေသည်။ ထို့ကြောင့် ထျန်းချွေးနှင့် ရွယ်နင်ရှင်းကို ဤနေရာတွင် ရှိနေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

အခြားသူများကဲ့သို့ပင် ထျန်းချွေးနှင့် ရွယ်နင်ရှင်းကလည်း အဝေးမှရပ်ကာ လုမင်ကို စူးစူးစိုက်စိုက်ကြည့်နေကြသည်။

"အလို၊ ဟိုမှာ မော့ယန်... မော့ယန်ပဲ၊ တကယ်ကြီး သူလာတယ်"

"ဒါနဲ့ သူ့ဘေးနားက မိန်းကလေးက လှလှချေလား။ သူက ဘယ်သူလဲ"

လူအုပ်မှာ ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ လူအားလုံးက တစ်ဖက်ကို ကြည့်လိုက်ကြ၏။

ထိုလမ်းကြောင်းတွင် လူတစ်ဒါဇင်ခန့် ရှိနေသည်။ လူငယ်တစ်ဦး၊ မိန်းကလေးတစ်ဦးနှင့် အဘိုးအို တစ်ဒါဇင်တို့ ရှိ၏။ သူတို့တစ်ဦးစီ၏ အရှိန်အဝါများက အလွန်အားကောင်းပြီး နတ်ဆိုးအငွေ့အသက်များလည်း ထွက်ပေါ်နေသေးသည်။

"နျန်ချင်း"

သူတို့ထဲမှ တစ်ယောက်ကို မြင်သောအခါ လုမင်၏ မျက်လုံးများ တောက်ပလာသည်။

ထိုလူစုထဲမှ မိန်းမလှလေးက ရဲ့နျန်ချင်းပင် မဟုတ်လော။

အခြားလူငယ်ကတော့ စန်းပြည်နယ်ရှိ ထိပ်တန်းပါရမီရှင် ဆယ်ဦးထဲမှ တစ်ဦးဖြစ်သည့် မော့ယန် ဖြစ်သည်။

လုမင်က ရှဲ့နျန်ချင်းကို ကြည့်လိုက်ချိန်တွင် ရှဲ့နျန်ချင်းကလည်း လုမင်ကို ကြည့်လာသည်။ အကြည့်ချင်း ဆုံသွားပြီးနောက် ရှဲ့နျန်ချင်း အနည်းငယ် တုန်လှုပ်သွား၏။ ထို့နောက် သူမ၏ နှုတ်ခမ်းက လှပ‌စွာတွန့်ကွေးသွားပြီး လုမင်ကို မျက်လုံးမှိတ်ပြလိုက်လေသည်။

သူ့ကို မှတ်မိသွားခဲ့ပြီ။

လုမင် ပြုံးလိုက်သည်။

သူသည် ရှဲ့နျန်ချင်းနှင့် အလွန်ရင်းနှီး၏။ လူတစ်ဦး၏ အသွင်အပြင်နှင့် အငွေ့အသက်ကို မည်သို့ပင်ပြောင်းလဲစေကာမူ၊ သူတို့၏မျက်လုံးများကတော့ မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ ရှင်းရှင်းပြောရလျှင်၊ ရှဲ့နျန်ချင်းက သူ့မျက်လုံးများမှတဆင့် အသိအမှတ် ပြုခဲ့ခြင်း ဖြစ်သည်။

လုမင်က မသိမသာ ခေါင်းယမ်းလိုက်သောအခါ ရှဲ့နျန်ချင်းလည်း အနည်းငယ် ခေါင်းညိတ်လိုက်၏။

လုမင်က လောလောဆယ်တွင် သူ့မည်သူမည်ဝါဖြစ်သည်ကို မဖော်ပြလိုသေးပါ။ ရှဲ့နျန်ချင်းကလည်း လုမင်၏ အဓိပ္ပါယ်ကို သဘာဝအတိုင်း နားလည်ခဲ့သည်။

ရှဲ့နျန်ချင်း၏အနားရှိ မော့ယန်က ရှဲ့နျန်ချင်း၏ အပြောင်းအလဲကို သတိပြုမိသွားပုံရသည်။ သူက လုမင်အား အေးစက်စက် သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ကောင်းကင်နတ်ဘုရားဂိုဏ်းကလူတွေ ရောက်လာပြီ"

တစ်ယောက်က ရုတ်တရက် အော်ပြောလိုက်၏။

အဝေးမှ လေထဲတွင် အနည်းဆုံး လူတစ်ဒါဇင်ခန့် ပျံသန်းလာနေသည်။

သူတို့အားလုံးက အဖြူရောင်ဝတ်ရုံကို ၀တ်ဆင်ထားပြီး တန်ခိုးကြီးသော ရောင်ဝါများ ရှိပေသည်။ သူတို့ထဲတွင် လူငယ်၊ လူလတ်ပိုင်းနှင့် အသက်အရွယ် ကြီးရင့်သူများပင် ပါဝင်သည်။

ရှေ့ဆုံးမှလူက ကြယ်များ ဝန်းရံထားသည့် လတစ်စင်းကဲ့သို့ မြင့်မြတ်သော အလင်းရောင်များအောက်တွင် လျှောက်လှမ်းနေခြင်း ဖြစ်ချေသည်။

ယွီရှန့်။

လုမင်လည်း ထိုလူကို တစ်ချက်ကြည့်ပြီးနောက် မှတ်မိသွားသည်။

လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က စန်းတောင်ရှိ တင်းပေါင်ညီလာခံငယ်တွင် ယွီရှန့်မှာ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူငယ်ခေါင်းဆောင် ဖြစ်သည်။ သူကား အလွန်ထက်မြက်ပြီး အားကောင်းသော တိုက်ခိုက်နိုင်စွမ်း ရှိ၏။

တစ်နှစ်ခွဲကြာပြီးနောက် ယွီရှန့်က ပို၍ သန်မာလာခဲ့ပြီ။ သူ၏ အစွမ်းထက်သော ရောင်ဝါက လေထုကို ပြည့်လျှံစေပြီး အလွန်ကြောက်စရာကောင်းသည်။

အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အစောပိုင်းအဆင့်။

ဤသည်မှာ ယွီရှန့်၏ ကျင့်ကြံခြင်းအခြေခံ ဖြစ်သည်။ ယွီရှန့်မှာ လွန်ခဲ့သည့် တစ်နှစ်ခွဲအတွင်း လျင်မြန်စွာ တိုးတက်နေခဲ့ကြောင်း ထင်ရှားသည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများက ရွာ၏အထက် ကောင်းကင်တွင် ရပ်လိုက်ကြသည်။ သူတို့က ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် လုမင်အပေါ်သို့ ကျရောက်သွား၏။

"မင်းက ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ပါရမီရှင်ကို သတ်ခဲ့တဲ့သူလား"

ယွီရှန့်က အေးစက်စက် မေးလိုက်သည်။

"အင်း"

လုမင်က လျစ်လျူရှုစွာ ပြောသည်။

"အတင့်ရဲလိုက်တာ၊ မင်း သေချင်နေတာပဲ။ တခြားရွာသားတွေ အခု ဘယ်မှာလဲ၊ မင်း ဘယ်မှာ ပုန်းခိုင်းထားတာလဲ။ သူတို့ကို ထွက်လာပြီး အသေခံခိုင်းလိုက်စမ်း"

ယွိရှန့်၏ အနားရှိ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အော်ဟစ်ကြိမ်းမောင်းလိုက်သည်။ သူ့ထံမှ သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် အရှိန်အဝါများက ပေါက်ကွဲထွက်လာ၏။

"ဟားဟားဟား၊ ဂိုဏ်းကြီးတစ်ခုက မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ဘယ်လောက်တောင် အထင်ကြီးစရာကြီးလဲ၊ ဘယ်လောက်တောင် ကြီးစိုးလိုက်သလဲ။ သူတို့ရဲ့ တပည့်တွေက ဝေးလံခေါင်သီတဲ့နေရာက တောင်ပေါ်ရွာလေးရဲ့ သာမန်ရွာသားတွေကို အနိုင်ကျင့်တဲ့အပြင် သူတို့ရဲ့ဘိုးဘွား အထိမ်းအမှတ်ကျောက်တိုင်တွေကိုတောင် လုယူခဲ့တယ်။ တကယ်ကို စန်းပြည်နယ်ရဲ့ နံပါတ်တစ်ဂိုဏ်း ဖြစ်ထိုက်ပါပေတယ်"

လုမင်က လှောင်ပြောင်ရယ်မောလိုက်သည်။

အထူးသဖြင့် 'နံပါတ်တစ်ဂိုဏ်း' ဟူသော စကားလုံးမှာ ထေ့ငေါ့ခြင်းများ ပြည့်နေတော့သည်။

All Chapters