အခန်း ၁၅၇၁
Vol. 105 Ch. 1571
အပိုင်း ( 1571 ) အရေထူတဲ့သူ။
"ကောင်းကင်နတ်ဆိုးဂိုဏ်း နားထောင်၊ ကောင်းကင်အဆိပ်ဂိုဏ်းကို တားဆီးကြ"
တစ်ဖက်တွင်၊ ရှဲ့နျန်ချင်းက အမိန့်ပေးလိုက်သည်။
"ညီမလေး၊ မင်း ဘာလုပ်နေတာလဲ"
မော့ယန်က အော်ပြောသည်။
"တိုက်ခိုက်ကြ"
ရှဲ့နျန်ချင်း၏ မျက်နှာက အေးစက်သွား၏။
"ကောင်းပါပြီ၊ သူတော်စင်ငယ်"
အခြားသူများလည်း ရှဲ့နျန်ချင်းနှင့်အတူ ကောင်းကင်အဆိပ်ဂိုဏ်းကို တိုက်ခိုက်ကြရတော့သည်။
"ကောင်းကင်နတ်ဆိုးဂိုဏ်း... မင်းတို့ ဘာလုပ်နေတာလဲ။ မင်းတို့က ငါတို့ ကောင်းကင်အဆိပ်ဂိုဏ်းကို ဆန့်ကျင်ချင်တာလား"
ကောင်းကင်အဆိပ်ဂိုဏ်းမှ လူများက အော်ဟစ်လိုက်ကြသည်။
သို့သော်၊ ရှဲ့နျန်ချင်း မျက်နှာက အေးစက်နေပြီး အပြောင်းအလဲ မရှိပါ။ ကြာပန်းနက်တစ်ပွင့်က သူမ၏ ဦးခေါင်းထက်တွင် လွင့်မျောလာသည်။ ကောင်းကင်အဆိပ်ဂိုဏ်းမှ လူတချို့ သွေးအန်ကာ နောက်သို့ဆုတ်သွားရတော့သည်။
ရှဲ့နျန်ချင်း၏ ကျင့်ကြံခြင်းက သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ တိုးတက်မှုက အံ့ဩစရာပင်။
ထိုကြာပန်းနက်ကလည်း သူတော်စင်ရတနာတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းမှ အခြားလူများက မတိုက်ခိုက်ချင်သော်လည်း သူတော်စင်ငယ်၏ အမိန့်ကို နာခံကြရလေသည်။
မော့ယန်ကတော့ အေးစက်စက် မျက်နှာအမူအရာဖြင့် အဝေးတွင် ရပ်နေကာ တိုက်ခိုက်ခြင်းမပြုပေ။ သို့သော်လည်း ကောင်းကင်အဆိပ်ဂိုဏ်းမှ လူများကို ကြောက်ရွံ့တုန်လှုပ်ကာ နောက်တွန့်စေခဲ့သည်။
နောက်ဆုံးတွင်၊ မော့ယန်က စန်းပြည်နယ်ရှိ ထိပ်တန်းပါရမီရှင် ဆယ်ဦးအနက်မှ တစ်ဦး ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းကလည်း သူတော်စင်တစ်ပိုင်းအဆင့်သို့ ရောက်နေပြီ။ သူ တိုက်ခိုက်ပါက အန္တရာယ်ရှိမည်။
"နောက်ဆုတ်၊ အရင်ပြန်ဆုတ်ကြစို့"
ကောင်းကင်အဆိပ်ဂိုဏ်းမှ လူများက အော်ဟစ်ကာ ခုခံရင်း နောက်ဆုတ်သွားကြသည်။ သူတို့တွင် တိုက်ခိုက်ချင်စိတ် မရှိတော့ပေ။
တစ်ဖက်တွင်၊ လုမင်က အနက်ရောင်တောင်ပံများကို ထုတ်ဖော်ပြီး ကောင်းကင်နတ်ဘုရားဂိုဏ်းသို့ ပြေးသွားခဲ့သည်။ နဂါးနက်လှံမှ မီတာတစ်ထောင် ရှည်လျားသော လှံအလင်းတစ်ခုက ရန်သူများထံ ထိုးဖောက်သွား၏။ တချိန်တည်းမှာပင်၊ နဂါးနက်လှံက လျှပ်စီးလက်သကဲ့သို့ ထိုးဖောက်ပြီး အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို သတ်ပစ်လိုက်တော့သည်။
"ရွှပ်၊ ရွှပ်"
ထို့နောက် အနက်ရောင်တောင်ပံများက ဓားတစ်လက်ကဲ့သို့ ခုတ်ထစ်ပြီး သတ္တမအဆင့်နှင့် အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူ နှစ်ဦးကို သတ်ပစ်လိုက်သည်။
တစ်ဖက်မှာလည်း ထျန်းချွေးနှင့် ရွယ်နင်ရှင်းက အံ့မခန်းစွမ်းအားကို ထုတ်ဖော်ပြကြသည်။
ထျန်းချွေး၏ တူကြီးက သူတော်စင်ရတနာတူဖြင့် လဲလှယ်ပြီးပြီ။ သူ့တူကြီးဖြင့် ထုနှက်လိုက်တိုင်း စွမ်းအားက တုန်လှုပ်ချောက်ချားစရာ ထွက်ပေါ်သည်။ သူတူကြီးဖြင့် ထုခံရပါက သူတော်စင်ရတနာများပင် လွင့်စဉ်သွားရ၏။ လူကိုယ်တိုင်ကို ထုခံရပါက သေလျှင်သေ၊ မသေလျှင် ဒဏ်ရာပြင်းထန်စွာ ရသွားနိုင်သည်။
တစ်ဖက်တွင်၊ ရွယ်နင်ရှင်းက အလွန်အစွမ်းထက်သည့် ခုနစ်ရောင်သူတော်စင်ရတနာကို ကိုင်ဆောင်ထားသည်။ သူ့စွမ်းအားမှာလည်း အံ့မခန်း ဖြစ်၏။
လုမင်တို့က သုံးဦးသာဖြစ်သော်လည်း ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများမှာ ဖိနှိပ်သတ်ဖြတ်ခံနေရတော့သည်။
"ဆုတ်ကြ"
နောက်ဆုံးတွင်၊ ယွီရှန့်က အော်ဟစ်ပြီး အခြားသူများကိုခေါ်ကာ ပြေးထွက်သွားသည်။ အနောက်ဘက်မှာတော့ အလောင်းနှစ်ဆယ်ကျော် ကျန်ရစ်ခဲ့လေသည်။
လုမင်တို့လည်း ဆက်မလိုက်တော့ပေ။ ဆုတ်ခွာသွားသူများထဲတွင် သူတော်စင်ရတနာများကို ထိန်းချုပ်ထားသည့် နဝမအဆင့် သိုင်းအုပ်ချုပ်သူတချို့ ရှိသည်။ သူတို့က လွတ်မြောက်ရန် စိတ်ပိုင်းဖြတ်ထားလျှင် အလွယ်တကူသတ်နိုင်မည် မဟုတ်ပါ။
"ဟားဟားဟား၊ ဆရာတူညီလေး... လက်စသတ်တော့ မင်းက ဒီကိုရောက်နေတာပဲ။ မနှစ်က သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့တာ၊ မင်းအကြောင်း သတင်း လုံးဝ မကြားခဲ့ရဘူး"
ထျန်းချွေးက လုမင်အနားသို့လျှောက်လာပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"တကယ်တော့ နဂါးနတ်ဘုရားတောင်ကြားကို ပြန်လာခါနီးနေပါပြီ။ ဒီနေရာမှာ ဆရာတူအစ်ကို၊ အစ်မနဲ့ ပြန်ဆုံမယ်လို့ မမျှော်လင့်ထားဘူး"
လုမင်လည်း ပြုံးလိုက်သည်။ သူ့ခန္ဓာကိုယ်က မူလအသွင်အပြင်ကို ပြန်ပြောင်းသွား၏။
"လုမင်"
အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ နတ်ဆိုးဧကရီတစ်ပါးကဲ့သို့၊ ရှဲ့နျန်ချင်းက လျှောက်လှမ်းလာပြီး လူတိုင်း၏အာရုံကို ဆွဲဆောင်နိုင်ခဲ့၏။
"လှလိုက်တာ၊ သူက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ သူတော်စင်ငယ်လား"
"ဖြစ်နိုင်တယ်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ သူတော်စင်ငယ် အသစ်တစ်ယောက် ရှိတယ်လို့ ငါကြားတယ်။ သူက အရမ်းထက်မြက်လို့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်က သူ့ကို တပည့်အဖြစ်ခေါ်သွားပြီး လေ့ကျင့်ပေးနေတယ်တဲ့"
လူတချို့က အချင်းချင်း ဆွေးနွေးပြောဆိုလိုက်ကြသည်။
"ရှောင်ချင်း"
လုမင် ပြုံးပြလိုက်၏။ နှစ်ယောက်သား ချစ်ခြင်းမေတ္တာအပြည့်နှင့် အတန်ကြာသည်အထိ ဘာစကားမျှမပြောဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိကြသည်။
ထျန်းချွေးက လုမင်နှင့် ရှဲ့နျန်ချင်းကို တစ်ချက်ကြည့်ပြီး ရယ်မောကာ ပြောလိုက်သည်။
"ဟားဟားဟား၊ ဆရာတူညီလေး... ဒါက ငါ့ခယ်မပဲ ဖြစ်ရမယ်။ တကယ်လှတဲ့ မိန်းကလေးပဲ၊ မင်းနဲ့ လိုက်ဖက်ပါပေတယ်"
"ဆရာတူမောင်လေး၊ ငါ့မှာ ဒီလောက်လှတဲ့ ယောက်မရှိတာကို ဘာဖြစ်လို့ မိတ်ဆက်မပေးသေးတာလဲ။ နင်တော့ အပြစ်ပေးခံချင်ပြီထင်တယ်"
ရွယ်နင်ရှင်းကလည်း အရွှန်းဖောက်၏။
"ဟားဟားဟား"
လုမင်လည်း ရယ်မောပြီး မိတ်ဆက်ပေးလိုက်သည်။ ရှဲ့နျန်ချင်းကလည်း ထျန်းချွေးနှင့် ရွယ်နင်ရှင်းအပေါ် ယဉ်ကျေးစွာဖြင့် နှုတ်ဆက်လေရာ နှစ်ဦးစလုံး ပျော်ရွှင်ကာ ကျေနပ်သွားကြလေသည်။
"ညီမလေး၊ ဒီနေရာကနေ အရင်ထွက်သွားကြရအောင်။ သူတို့က ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ လူတော်တော်များများကို သတ်ပစ်လိုက်တယ်။ ကောင်းကင်နတ်ဘုရားဂိုဏ်းက ဒီကိစ္စကို ငြိမ်ခံနေမှာ မဟုတ်ဘူး။ ငါတို့ မပတ်သက်ချင်ဘူး"
ထိုအချိန်တွင် အနည်းငယ် တင်းမာသော အသံတစ်ခု ကြားလိုက်ရသည်။ မော့ယန်က အေးစက်သော မျက်နှာထားဖြင့် လျှောက်လာနေ၏။ လုမင်ကိုကြည့်သော သူ့အကြည့်များက သတ်ဖြတ်ချင်စိတ်တို့ပင် ပါဝင်နေတော့သည်။
"ရှင်တို့ အရင်ထွက်သွားပါ၊ ကျွန်မ လုမင်နဲ့ နေချင်တယ်"
ရှဲ့နျန်ချင်းက ပြောလိုက်သည်။
"ဆရာတူညီမလေး၊ မင်း..."
မော့ယန်၏ မျက်နှာက ပို၍ပင် အေးစက်လာသည်။ လုမင်ကို ပြင်းထန်သော မနာလိုစိတ်ဖြင့်ကြည့်ရင်း သူ့မျက်လုံးထဲမှ သတ်ဖြတ်ချင်စိတ်များကလည်း ပို၍ အေးစက်လာ၏။
ရှဲ့နျန်ချင်း ကောင်းကင်နတ်ဆိုးဂိုဏ်းကို ဝင်ရောက်ခဲ့ချိန်တွင် မော့ယန်က တံခါးပိတ်လေ့ကျင့်နေခဲ့သည်။ နောက်ပိုင်း၊ တင်းပေါင်ညီလာခံ စတင်ခါနီးမှ ထွက်လာခဲ့ခြင်း ဖြစ်လေသည်။ ထိုအချိန်တွင်၊ ရှဲ့နျန်ချင်းကို တွေ့လိုက်ရတော့ သူ စိတ်လှုပ်ရှားသွားမိသည်။ ထို့အပြင်၊ သူမက သူ၏ ဆရာတူညီမလေး ဖြစ်သေးသည်။ သူ့စိတ်ထဲတွင် ရှဲ့နျန်ချင်းက သူ့မိန်းမဖြစ်နေပြီ ဖြစ်သည်။
သို့သော်လည်း နောက်ပိုင်းတွင် ရှဲ့နျန်ချင်းမှာ ချစ်သူရှိနေကြောင်း ကြားသိရသောအခါ၊ ရုတ်တရက် ပြင်းထန်သော မနာလိုစိတ်နှင့် လူသတ်ချင်စိတ်များ ပြည့်နှက်သွားရသည်။
ထို့ကြောင့်၊ စန်းတောင်တွင် ကျစ်ဖုန်းကို တားဆီးရန် သူလှုပ်ရှားခဲ့ခြင်း ဖြစ်ချေသည်။
"ညီမလေး... ဒီနေရာက မလုံခြုံတော့ဘူး။ မင်း နောက်ဆုတ်နေတာ ပိုကောင်းလိမ့်မယ်"
မော့ယန်၏ အကြည့်က ပျော့ပျောင်းသွားပြန်ကာ ရှဲ့နျန်ချင်းကိုကြည့်၍ ပြောလိုက်သည်။
ယင်းက ရှဲ့နျန်ချင်းကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။
လုမင်၏ မျက်လုံးမှာလည်း သတ်ဖြတ်ချင်စိတ်တို့ ပေါ်လာ၏။
မော့ယန်၏ အတွေးများကို လုမင် မည်သို့ မမြင်နိုင်ဘဲရှိမည်နည်း။
"ငါ့ခယ်မလေးက တချို့လူတွေကို ထွက်သွားခိုင်းနေတယ်။ ဒါပေမဲ့ တစ်ယောက်ယောက်က တကယ်ကို အရေထူပြီး သူ့နောက်ကို လိုက်ဖို့ တောင်းဆိုနေတယ်။ အရှက်တောင်မှ ရှိရဲ့လား မသိပါဘူးကွာ"
ထျန်းချွေးက လှောင်ပြောင်လိုက်သည်။
"မင်း ဘာစကားပြောတာလဲ"
မော့ယန် မှုန်ကုပ်ကုပ် မျက်နှာထားဖြင့် မေးလိုက်၏။
"ငါပြောနေတာတွေကို သိတဲ့သူသိတယ်"
ထျန်းချွေးက နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။
"ဟမ့်"
မော့ယန်လည်း အေးစက်စက် နှာခေါင်းရှုံ့ပြီး ရှဲ့နျန်ချင်းကိုကြည့်ကာ ပြောလိုက်သည်။
"ညီမလေး၊ မင်း သေချာစဉ်းစားဦးနော်။ ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ နဂါးနတ်ဘုရားတောင်ကြားက နောက်ဆုံးမှာတော့ ဆန့်ကျင်ဘက်ဂိုဏ်းတွေပဲ။ နောက်ပြီးတော့ သူဟာ ရှန်းကျစ်ကို စိန်ခေါ်ခဲ့တယ်။ ဒါကြောင့် တစ်နှစ်ခွဲကြာရင် သူက ရှန်းကျစ်ရဲ့ အသတ်ခံရတော့မှာ၊ မကြာခင် သေရတော့မဲ့ လူတစ်ယောက်ကို စောစောစီးစီး ထားခဲ့တာက ပိုကောင်းတယ်"
"မော့ယန်"
ရှဲ့နျန်ချင်းက အေးစက်စက် အော်လိုက်၏။ သူ့မျက်နှာက ထူးထူးခြားခြား အေးစက်သွားကာ ပြောလိုက်သည်။
"ကျွန်မ ပြောလိုက်မယ်။ တစ်နှစ်ခွဲကြာရင် သေရမဲ့သူက လုမင် မဟုတ်ဘူး၊ ရှန်းကျစ်ပဲ သေမှာ။ နောက်ပြီး ရှင်က ကျွန်မရဲ့ ဆရာတူအစ်ကိုဖြစ်လို့ သည်းခံလိုက်တယ်မှတ်ပါ၊ အခြားသူသာ အခုလိုပြောလာရင် တိုက်ခိုက်ပြီးပြီ။ ကျေးဇူးပြုပြီး ထွက်သွားပါတော့၊ မဟုတ်ရင် မယဉ်ကျေးတဲ့အတွက်အပြစ်မတင်နဲ့"
"ဆရာတူ ညီမလေး..."
မော့ယန်၏ မျက်နှာက မည်းမှောင်သွားသည်။ နောက်ဆုံးတွင်၊ သူက လုမင်အား အေးစက်စက်ဖြင့် ကြည့်ကာ လှည့်ထွက်သွားတော့သည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းမှ အခြားလူများလည်း မော့ယန်နှင့်အတူ လိုက်သွားကြသည်။
"လုမင်၊ ငါတောင်းပန်ပါတယ်"
ရှဲ့နျန်ချင်းက လုမင်ကို တောင်းပန်သောအကြည့်ဖြင့် ကြည့်လိုက်သည်။
"ဟားဟားဟား၊ မင်းနဲ့ငါကြားမှာ ဒီလိုစကားတွေပြောနေစရာ မလိုပါဘူး။ နောက်ပြီးတော့ ဒါက မင်းဟာ အင်မတန် ဆွဲဆောင်နိုင်တယ်ဆိုတာ ပြသနေတာပဲလေ။ ဒီလိုမိန်းမလှလေးက ငါ့အတွက်ရှိနေတယ်ဆိုတာက ငါ့ကိုယ်ငါ ပိုပြီးထူးချွန်သလို ခံစားရစေတယ် မဟုတ်လား"
လုမင် ရယ်မောလိုက်သည်။
"အရှက်မရှိတဲ့ကောင်"
ရှဲ့နျန်ချင်းက မျက်စောင်းလေးထိုးကာ ပြုံးလိုက်သည်။
"ဒါနဲ့ ရှောင်ချင်း၊ မင်း ဘာဖြစ်လို့ ဒီကိုရောက်လာတာလဲ"
လုမင် မေးလိုက်သည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းက နဂါးနတ်ဘုရားတောင်ကြားနှင့် သိပ်မဝေးဘဲ စန်းပြည်နယ်၏ အနောက်ဘက်နှင့် ဝေးကွာသည်။ သို့ဖြစ်ပေရာ၊ ရှဲ့နျန်ချင်းနှင့် အခြားသူများက ဤနေရာတွင် အဘယ်ကြောင့် ချက်ချင်း ပေါ်လာကြမှန်း သူမသိပေ။ သတင်းကြားပြီးနောက် အမြန်ပြေးလာခဲ့လျှင်ပင် ဤမျှမြန်မြန် ရောက်လာနိုင်မည် မဟုတ်ပါ။
"မော့ယန်နဲ့ ငါက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ တခြားသူတွေနဲ့အတူ ဂိုဏ်းရဲ့ သစ္စာဖောက်တစ်ယောက်နောက်ကို လိုက်နေတာလေ။ အဲဒီလူက ဒီအနီးနားမှာရှိတယ်လို့ သတင်းကြားလို့ ချက်ချင်း လာခဲ့ကြတာ"
ရှဲ့နျန်ချင်းက ပြောလိုက်သည်။
ထို့နောက် လုမင်က ထျန်းချွေးနှင့် ရွယ်နင်ရှင်းကို မေးကြည့်သောအခါ၊ သူတို့က စန်းပြည်နယ်၏ အနောက်ဘက်သို့ စွန့်စားခန်းသက်သက် ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ နောက်ပိုင်းတွင် ဤနေရာမှ သတင်းများကို ကြားရခြင်းကြောင့် ကြည့်ရှုရန် လာရောက်ခဲ့ခြင်း ဖြစ်ချေသည်။