အခန်း ၁၅၇၂
Vol. 105 Ch. 1572
အပိုင်း ( 1572 ) ထျန်းဖုန်းလွင်ပြင်သို့ ဝင်ရောက်ခြင်း။
"ထျန်းဖုန်းလွင်ပြင်မှာ အပြောင်းအလဲ ရှိတယ်"
"ဘာ၊ သွားကြည့်ကြရအောင်"
ထိုအချိန်တွင် သတင်းတစ်ခုထွက်ပေါ်လာပြီး ကြည့်ရှုသူများအားလုံး ထျန်းဖုန်းလွင်ပြင်ဆီသို့ ပျံသန်းသွားသည်။
"ထျန်းဖုန်းလွင်ပြင်မှာ အပြောင်းအလဲတွေ ရှိတာလား"
လုမင်တို့ လေးဦးလည်း အံ့သြသွားကြသည်။
"ညီလေး၊ ငါတို့သွားကြည့်ကြမလား"
ထျန်းချွေးက ပြောလိုက်သည်။
"ကောင်းပြီ၊ သွားရအောင်"
လုမင် ခေါင်းညိတ်လိုက်၏။
လုမင်၊ ရှဲ့နျန်ချင်း၊ ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့လည်း ထျန်းဖုန်းလွင်ပြင်ဆီသို့ ချက်ချင်း ပျံသန်းသွားကြတော့သည်။
"ဂီး"
ထိုအချိန်တွင်၊ ထျန်းဖုန်းလွင်ပြင်မှ ဖီးနစ်အော်သံကို ကြားလိုက်ရသည်။ ထိုအသံတွင်၊ စိတ်ပျက်အားငယ်ခြင်းနှင့် မလိုလားခြင်းများဖြင့် ပြည့်နှက်နေ၏။
"ဖီးနစ်ရဲ့အော်သံက ပိုပြီး တိုးလာတယ်။ ကြည့်ရတာ ပိုပြီး အားနည်းလာပုံပဲ"
လုမင် ပြောလိုက်သည်။
"နတ်ဖီးနစ်က ကျဆုံးတော့မှာမို့လို့ မြည်တမ်းနေတာ ဖြစ်မလား"
ရှဲ့နျန်ချင်းက မှန်းဆလိုက်၏။
"ဖြစ်နိုင်တယ်"
လုမင် ခေါင်းညိတ်လိုက်လေသည်။
ခဏကြာတော့ သူတို့လေးယောက်လည်း ထျန်းဖုန်းလွင်ပြင်အစွန်းကို ရောက်ခဲ့သည်။
ထျန်းဖုန်းလွင်ပြင်အစွန်းတွင် ကျယ်ပြန့်သော နယ်မြေတစ်ခု ရှိသည်။ ယခုအချိန်မှာတော့ ကျယ်ပြောလှသော လွင်ပြင်အစွန်းတွင် လူများစွာတို့ရှိနေပြီး လေထဲတွင် ရပ်နေကြလေသည်။
လုမင်တို့လေးဦးလည်း လူအုပ်၏ အနောက်ဘက်တွင် ရောဝင်နေလိုက်သည်။ သာမန်ကြည့်ရုံဖြင့်တော့ သူတို့ကို သတိပြုမိရန် မလွယ်တော့ပေ။
"ဝူး..."
ထျန်းဖုန်းလွင်ပြင်တွင် လေပြင်းများတိုက်ခတ်ပြီး ကြီးမားသော လေပွေများကလည်း အဆက်မပြတ် တိုက်ခတ်နေသည်။ အဝေးမှကြည့်လျှင် ဤမြင်ကွင်းမှာ ရင်သက်ရှုမောဖွယ် ဖြစ်၏။
ဤလေပွေများ မည်သို့မည်ပုံ ဖြစ်ပေါ်လာသည်ကိုတော့ မည်သူမျှ မသိပေ။
၎င်းတို့မှာ လွန်ခဲ့သော နှစ်ပေါင်း ရှစ်သောင်းခန့်က ရုတ်တရက် ပေါ်လာပုံရသည်။ တချို့က တန်ခိုးကြီးသော အကျော်အမော်များကြား တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး ၎င်းတို့၏ နိယာမစွမ်းအားများမှ ဖြစ်ပေါ်လာခဲ့သည်ဟု ဆိုသည်။ တချို့ကလည်း အတွင်းပိုင်းအစီရင်များကြောင့် ဖြစ်ပေါ်လာသည်ဟု ထင်ကြေးပေးကြလေသည်။
မှန်းဆမှု အမျိုးမျိုးရှိသော်လည်း အဖြေမှန်ကိုတော့ မည်သူမျှ မသိပေ။
ယခုအချိန်တွင်၊ လေပွေများက ထျန်းဖုန်းလွင်ပြင်၏ နက်နဲရာဆီသို့ ဖြည်းညှင်းစွာ ရွေ့လျားသွားကြသည်။
အချိန်ကြာလာသည်နှင့်အမျှ၊ ထျန်းဖုန်းလွင်ပြင်အစွန်းတွင် ရွေ့လျားနေသော လေပွေအရေအတွက်က နည်းပါးလာ၏။
ဤအခိုက်အတန့်တွင် ဖီးနစ်အော်သံတစ်ခု ကြားလိုက်ရပြီး လေပွေများမှာလည်း ပို၍ ရှင်းလင်းသွားပုံရသည်။
"ထျန်းဖုန်းလွင်ပြင်က လေပွေတွေ ဆုတ်သွားပြီ၊ အတွင်းမှာ တစ်ခုခုဖြစ်နေပြီထင်တယ်။ အထဲမှာ ရတနာတွေလည်း ရှိနိုင်တယ်"
"တားမြစ်နယ်မြေဆိုရင်တောင် ဘာဖြစ်လဲ၊ အခွင့်အလမ်းတွေက အန္တရာယ်တွေနဲ့ အမြဲဒွန်တွဲနေတာ။ အခုတော့ လေပွေတွေက ဆုတ်ခွာသွားပြီလေ။ ဒါက တစ်သက်မှာ တစ်ခါ ကြုံရခဲတဲ့ အခွင့်အလမ်းတစ်ခုပဲ"
လူများစွာတို့ သွေးဆောင်ခံရပြီး သူတို့၏မျက်လုံးများမှာ ဝင်းလက်လာတော့သည်။
"ဝှစ်"
ရုတ်တရက်၊ တစ်စုံတစ်ယောက်က လှုပ်ရှားပြီး ထျန်းဖုန်းလွင်ပြင်အထဲသို့ ပြေးသွားခဲ့သည်။ သူက လေပွေများကို ရှောင်ရှားပြီး ထျန်းဖုန်းလွင်ပြင် နက်နဲရာသို့ ပြေးသွား၏။
ထိုလူအခြေအနေကောင်းကြောင်း မြင်ရသောအခါ လူများက ပို၍ရဲတင်းလာပြီး ထျန်းဖုန်းလွင်ပြင်သို့ ပြေးလွှားပြီး လူတိုင်း၏မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
"ဝင်ကြည့်ရအောင်"
"အန္တရာယ်ရှိလို့ ပြန်ဆုတ်မယ်ဆိုရင်တောင် သိပ်နောက်ကျမှာ မဟုတ်ဘူး"
လူများစွာက ထျန်းဖုန်းလွင်ပြင်ဆီသို့ ပြေးသွားကြသည်။
စည်းစိမ်ဥစ္စာကို အန္တရာယ်ကြားမှ ရှာဖွေတွေ့ရှိနိုင်သည်။ သူတို့ကဲ့သို့ ကျင့်ကြံသူများအတွက် ဤစကားက ပိုမှန်ပြီး၊ အခွင့်အလမ်းများကို ဆုပ်ကိုင်ရန် ကိုယ့်အားကို အားကိုးရပေသည်။
သက်တံအလင်းများ လင်းလက်လာပြီး လူများစွာက ထျန်းဖုန်းလွင်ပြင်ထဲသို့ ပြေးဝင်ရောက်ကာ ပျောက်ကွယ်သွားကြသည်။
ကောင်းကင်အဆိပ်ဂိုဏ်းမှ လူများ၊ ယွီရှန့်နှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများ၊ မော့ယန်နှင့် အခြားသူများလည်း ထျန်းဖုန်းလွင်ပြင်အတွင်းသို့ ပြေးဝင်သွားကြောင်း လုမင် တွေ့လိုက်ရ၏။
"သွားကြရအောင်"
လုမင် ပြောလိုက်သည်။
"ဒါက ငါလိုချင်တဲ့အတိုင်း အတိအကျပဲ"
"ကောင်းပြီ"
ထျန်းချွေးနှင့် အခြားလူများလည်း ခေါင်းညိတ်လိုက်၏။ ထို့နောက်တော့ သူတို့လည်း ရှေ့သို့လှမ်းကာ ထျန်းဖုန်းလွင်ပြင်သို့ ဝင်ရောက်ခဲ့တော့သည်။
"ဟူး... ဟူး..."
ထျန်းဖုန်းလွင်ပြင်ထဲသို့ ပြေးဝင်လိုက်သည်နှင့် စူးရှသော လေများကို ခံစားလိုက်ရသည်။ ယင်းက သူတို့ခန္ဓာကိုယ်အား ဓားပါးလေးဖြင့် လှီးဖြတ်နေသကဲ့သို့ ဖြစ်၏။ ယွမ်ချီစွမ်းအင်ဖြင့် ကာကွယ်ထားလိုက်ကြရသည်။
သူတို့လေးယောက်လည်း လေပွေများကို ဂရုတစိုက်ရှောင်ရှားပြီး အထဲသို့ ပြေးဝင်သွားလေသည်။
လွင်ပြင်အစွန်းတွင် လေပွေများစွာ ကျန်ရှိနေဆဲဖြစ်ပြီး အတွင်းဘက်သို့ အဆက်မပြတ် ရွေ့လျားနေသည်။ သို့သော်လည်း ၎င်းတို့၏ အရှိန်က မမြန်ဆန်ဘဲ တစ်ခုနှင့်တစ်ခုကြား ဝေးကွာသဖြင့် လွယ်ကူစွာ ဖြတ်ကျော်သွားနိုင်ခဲ့ပေသည်။
မကြာမီ၊ သူတို့လေးယောက်က ထျန်းဖုန်းလွင်ပြင် နက်နဲရာသို့ မိုင်တစ်ထောင်ကျော်အထိ ပျံသန်းသွားကြသည်။
"သေစမ်းကွာ"
ထိုအချိန်၊ မနီးမဝေးမှာ တိုက်ပွဲဖြစ်နေသည်။ ထိုအထဲမှ တစ်ယောက်မှာ လေပွေထဲသို့ လွင့်စဉ်သွား၏။ နာကျင်စွာ အော်ဟစ်လိုက်သံ ထွက်ပေါ်လာပြီးနောက်၊ လူတိုင်း၏ မျက်စိရှေ့မှာတင် လေပွေကြောင့် အပိုင်းပိုင်း ပေါက်ကွဲသွားတော့သည်။
"ကြောက်စရာကောင်းလှချေလား"
ထျန်းချွေး အံ့ဩသွားသည်။
လုမင်က အဆင့်ကိုး ဝိညာဉ်ရတနာကို ထုတ်ယူပြီး အနီးနားရှိ လေပွေတစ်ခုသို့ ပစ်လွှတ်လိုက်သည်။ အဆင့်ကိုး ဝိညာဉ်ရတနာမှာ လေပွေထို့ ကျရောက်သွားပြီးနောက် အချိန်အနည်းငယ်အတွင်း ကွဲအက်သွား၏။ ကြောက်မက်ဖွယ်လေပြင်းကြောင့် အပိုင်းပိုင်းပြတ်တောက်သွားတော့သည်။
သူတို့စိတ်ထဲတွင် လေးလံသွားကြသည်။ လေပွေများ၏ စွမ်းအားက အမှန်တကယ် ကြောက်စရာကောင်း၏။ လေပွေများထဲသို့ ကျရောက်သွားပါက သူတော်စင်နယ်ပယ် အကျော်အမော်များ မဟုတ်လျှင် သေဆုံးနိုင်ချေများသည်မှာ လိမ်ညာခြင်း မဟုတ်နိုင်ပေ။
သူတို့လေးယောက်လည်း သတိထားကာ ရှေ့ကို ဆက်လျှောက်ခဲ့သည်။ လမ်းတစ်လျှောက်တွင် လွင်ပြင်က အပင်များမပေါက်ရောက်ဘဲ မြေရိုင်းဖြစ်နေသည်ကို တွေ့လိုက်ရ၏။
"ဟူး..."
ရုတ်တရက် လေပွေတစ်ခုမှ သစ်ကိုင်းတစ်ခု လွင့်သွားတာကို တွေ့လိုက်ရသည်။
"အဲဒါက ဖီးနစ်နံ့သာသစ်သားပဲ"
လုမင်၏ မျက်လုံးများက တောက်ပသွားသည်။
သူတို့၏ မြင်နိုင်စွမ်းအရ အဝေးတွင်ရှိနေသော်လည်း သစ်ကိုင်းပေါ်တွင် ဖီးနစ်အမှတ်အသားတစ်ခုရှိသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။ ယင်းမှာ ဖီးနစ်နံ့သာသစ်သား၏ ထူးခြားချက် ဖြစ်သည်။
ရွာသားများ၏ အဆိုအရ ၎င်းတို့ရရှိသော ဖီးနစ်နံ့သာသစ်သားများမှာလည်း ထျန်းဖုန်းလွင်ပြင်မှ လွင့်ထွက်လာခြင်းဖြစ်ကြောင်း သိရပေသည်။
သူတို့လေးယောက်လည်း ဖီးနစ်နံ့သာသစ်သားဆီသို့ အမြန်ပြေးသွားကြသည်။
ဤဖီးနစ်နံ့သာသစ်သားက လူခါးလုံး အထူရှိပြီး သုံးမီတာခန့် ရှည်လျားသည်။ ယင်းက ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်မှ အကိုင်းအခက် ဖြစ်ပုံရပေသည်။
"ဟားဟားဟား၊ ဒီလောက်ကြီးတဲ့ အကိုင်းဆိုရင် ကျောက်ကြမ်းဘယ်လောက်တောင် တန်ကြေးရှိမလဲ မသိဘူး"
ထျန်းချွေးက ဝမ်းသာအားရ ရယ်လိုက်သည်။
"ဝှစ်... ဝှစ်... ဝှစ်"
ထိုအချိန်တွင် လေတိုးသံများ ကြားလိုက်ရသည်။ လူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့် ပေါ်လာပြီး သူတို့လေးယောက်ကို ဝိုင်းထားလိုက်၏။
"ဖီးနစ်နံ့သာသစ်သားကို ချထားခဲ့ပြီး ထွက်သွားစမ်း"
အနက်ရောင် ၀တ်စုံဝတ် အဘိုးကြီးတစ်ဦးက အေးစက်စက် လှမ်းပြောသည်။
ဤလူများက လူလတ်ပိုင်း သို့မဟုတ် လူအိုကြီးများ ဖြစ်၏။ သူတို့တစ်ဦးစီမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေပြီး၊ အားအနည်းဆုံးပင်လျှင် အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံခြင်းအခြေခံ ရှိပေသည်။
တချို့က နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ရောက်နေပြီ ဖြစ်သည်။
"မင်းကများ ငါတို့ကို ထွက်သွားခိုင်းနေတယ်။ ထွက်သွားရမှာက မင်းတို့ကွ၊ သေချင်ရင် ရှေ့တိုးလာခဲ့"
ထျန်းချွေး၏ မျက်လုံးက ကြမ်းတမ်းခက်ထန်မှုတို့ ပေါ်လာသည်။ သူ့လက်ထဲတွင် ဧရာမတူကြီးတစ်လက် ပေါ်လာခဲ့သည်။
"ခေါင်းမာနေတယ်၊ သတ်"
အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားတစ်ဦးက ဟိန်းဟောက်ပြီး ထျန်းချွေးကို တိုက်ခိုက်လိုက်၏။ လှံရှည်ဖြင့် ပစ်ထိုးလိုက်သည်နှင့် လှံအရိပ်ကြီးတစ်ခုက ထျန်းချွေးကို ဖုံးအုပ်သွားတော့သည်။
"သေ"
ထျန်းချွေးလည်း ဟိန်းဟောက်ပြီး ဧရာမတူကြီးဖြင့် ထုနှက်လိုက်သည်။
"ဝုန်း"
တူထုချက် ကျရောက်လာသည်နှင့် ဧရာမလှံအရိပ်ကြီး ပျောက်ကွယ်သွား၏။ ညည်းတွားသံနှင့်အတူ ထိုလူ၏ခန္ဓာကိုယ်က မီတာရာဂဏန်းအကွာသို့ လွင့်စဉ်သွားတော့သည်။ အသက်ဓာတ်လည်း ပျောက်ကွယ်သွားသည်။
တစ်ချက်တည်းဖြင့် သတ်လိုက်ပြီ။
"အတူတူ တိုက်ခိုက်ကြစို့"
အနက်ရောင်ဝတ် အဖိုးအိုက ဒေါသတကြီး အော်လိုက်သည်။ သူ့ထံမှ နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် အရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခုက လုမင်ဆီသို့ ဖြတ်သန်းလာတော့သည်။
လုမင်တို့အဖွဲ့နှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းကြား တိုက်ပွဲတွင် ဤလူများ မရောက်သေးပေ။ ထို့ကြောင့် လုမင်တို့ကို မသိပါ။ မဟုတ်ဘဲ၊ ထိုတိုက်ပွဲကိုမြင်တွေ့ခဲ့လျှင် လုမင်တို့အဖွဲ့ကို တိုက်ခိုက်ဝံ့မည် မဟုတ်ပေ။
လုမင် အေးစက်စက်ဖြင့် လှောင်ပြုံး ပြုံးလိုက်သည်။ သူက ယွမ်ချီစွမ်းအင်များကို လျိုယွမ်လက်အိတ်အတွင်းသို့ ပို့လွှတ်ပြီး လက်သီးတစ်ချက် ထုတ်ဖော်လိုက်၏။
"ဝုန်း"
ယခုအချိန်တွင် လျိုယွမ်လက်အိတ်၏ အလေးချိန်က အံ့မခန်း ဖြစ်သည်။ ကစဉ့်ကလျားတာအိုနယ်မြေနှင့် အတားအဆီးမဲ့သော ကောင်းကင်သိုင်းတို့ဖြင့် ၎င်း၏စွမ်းအားက အလွန်ကြောက်မက်ဖွယ်ကောင်းသွား၏။ လုမင်၏ လက်သီးက တစ်ဖက်လူ၏ဓားအလင်းကို ချေဖျက်ပြီး ဆက်လက် တိုးဝင်သွားတော့သည်။
အနက်ရောင် ၀တ်စုံဝတ် အဘိုးအိုလည်း တုန်လှုပ်သွားပြီး သူ၏ဓားဖြင့် ပိတ်ဆို့လိုက်သည်။
"ဒုန်း"
လုမင်၏လက်သီးက ဓားအပေါ်သို့ ကျရောက်သွားတော့ ဓားမှာ ပေါက်ကွဲသွားရသည်။ သူ့လက်သီးက မရပ်သေးဘဲ အနက်ရောင်ဝတ် အဘိုးကြီးအပေါ် ကျရောက်သွား၏။ ထို့နောက်မှာတော့ သူ့ခန္ဓာကိုယ်လည်း သူ၏ဓားကဲ့သို့ ပေါက်ကွဲကာ သေဆုံးသွားတော့သည်။
"နဝမအဆင့် သိုင်းအုပ်ချုပ်သူဖြစ်ပြီး သူတော်စင်ရတနာတောင် မရှိဘူး၊ အားနည်းလိုက်တာ"
လုမင်က နှုတ်ခမ်းကိုမဲ့လိုက်သည်။