အခန်း ၁၅၇၄
Vol. 105 Ch. 1574
အပိုင်း ( 1574 ) လေပွေထဲသို့ တွန်းပို့ခံရခြင်း။
ယခုတစ်ကြိမ်တွင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းက လုမင်ကိုသတ်ရန် ဆုံးဖြတ်ထားကြကြောင်း ထင်ရှားသည်။
ထို့အပြင် ထျန်းဖုန်းလွင်ပြင်မှာ တားမြစ်နယ်မြေဖြစ်သဖြင့် လုမင်နှင့် အခြားသူများ မည်သို့မည်ပုံ သေဆုံးသွားမှန်း မည်သူမျှသိမှာ မဟုတ်ပါ။ ထို့ကြောင့် နဂါးနတ်ဘုရားတောင်ကြားလည်း ၎င်းတို့အား လက်စားချေနိုင်တော့မည် မဟုတ်ပေ။
တားမြစ်နယ်မြေတွင် လူသေဆုံးခြင်းက ပုံမှန်သာ ဖြစ်သည်။
"ကောင်းကင်နတ်ဆိုးဂိုဏ်းက နှစ်ယောက်၊ ဒီကိစ္စက မင်းတို့နဲ့ ဘာမှမဆိုင်ဘူး။ အခုထွက်သွားလို့ရပြီ"
ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ဆံပင်ဖြူ အကြီးအကဲက မော့ယန်နှင့် ရှဲ့နျန်ချင်းကို ကြည့်လိုက်သည်။
"ကောင်းပါပြီ၊ ကျုပ်တို့ အခုချက်ချင်း ထွက်သွားမယ်"
မော့ယန်က ကမန်းကတန်း ပြောလိုက်သည်။
"မဟုတ်ဘူး၊ ငါမသွားဘူး"
ရှဲ့နျန်ချင်းက ခေါင်းခါယမ်းလိုက်သည်။ သူမက ပြတ်သားသော မျက်လုံးအကြည့်ဖြင့် လုမင်အနားတွင် ရပ်လိုက်၏။
"ညီမလေး၊ မင်း ဘာလုပ်နေတာလဲ။ လုမင်က ရဲတင်းပြီး ကောင်းကင်နတ်ဘုရားဂိုဏ်းနဲ့ ကောင်းကင်အဆိပ်ဂိုဏ်းကို စော်ကားခဲ့တာ။ သူ့ဘာသာ သေချင်နေတာကို မင်းက ဘာကိစ္စနဲ့ ဝင်ပါရမှာလဲ"
မော့ယန်က မနာလိုစိတ်ဖြင့် အော်ဟစ်လိုက်သည်။
"ရှင် ထွက်သွားချင်ရင် ကိုယ့်ဘာသာ သွားပါ။ ဒါ ကျွန်မရဲ့ ဘဝ၊ ကျွန်မကိုယ်တိုင်ပဲ ဆုံးဖြတ်မယ်"
ရှဲ့နျန်ချင်းက အေးစက်စက် ပြောသည်။
"မဟုတ်ဘူး၊ မင်းက ငါ့ရဲ့ ဆရာတူညီမလေး... ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ သူတော်စင်ငယ်ပဲ။ မင်းသာ
တစ်ခုခုဖြစ်ခဲ့ရင် ဆရာနဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းတစ်ခုလုံးကို ငါဘယ်လိုရှင်းပြရမှာလဲ။ ငါ မင်းကို ခေါ်သွားရမယ်"
မော့ယန်က အခိုင်အမာ ပြောလိုက်၏။
"ရှောင်ချင်း၊ ထွက်သွားလိုက်ပါ"
ထိုအချိန်တွင် လုမင်က ပြောလိုက်သည်။
"မဟုတ်ဘူး၊ ငါ နင်နဲ့ပဲ အတူနေချင်တယ်"
ရှဲ့နျန်ချင်းက ခေါင်းကိုခါယမ်းနေဆဲပင်။ သူမ၏ မျက်လုံးများမှာလည်း ပြတ်သားမှုတို့က အထင်းသား ပေါ်လွင်နေသည်။ လုမင်က သူမအတွက် ပြောပေးနေမှန်း သိသော်လည်း သူ ထွက်မသွားလိုသေးပေ။
"ဝှစ်"
ထိုအချိန်တွင်၊ မော့ယန်က လှုပ်ရှားပြီး ရှဲ့နျန်ချင်း၏ပခုံးကို ဆုပ်ကိုင်လိုက်သည်။ နိယာမစွမ်းအားက ရှဲ့နျန်ချင်းကို လွှမ်းခြုံသွား၏။ ထို့နောက်မှာတော့ သူက ရှဲ့နျန်ချင်းကို ဆွဲခေါ်ကာ အမြန်ပြန်ဆုတ်သွားတော့သည်။
"မော့ယန်၊ ငါ့ကိုလွှတ်"
ရှဲ့နျန်ချင်းက အော်ဟစ်လိုက်သည်။
"ငါ မလွှတ်နိုင်ဘူး၊ မင်းကို လုမင်နဲ့အတူ မသေစေရဘူး"
မော့ယန်က ရှဲ့နျန်ချင်းကို ဖမ်းဆုပ်ပြီး ဝိုင်းရံမှုမှ ဆုတ်ခွာသွား၏။
"တိုက်ခိုက်"
မော့ယန်နှင့် ရှဲ့နျန်ချင်း ဆုတ်ခွာသွားသည်နှင့် တပြိုင်နက်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဆံပင်ဖြူလူကြီးက ဟိန်းဟောက်လိုက်သည်။ သူ့လက်ထဲတွင် လှံရှည်တစ်ချောင်း ပေါ်လာ၏။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များလည်း ပေါက်ကွဲထွက်လာပြီး လုမင်ကို လှံဖြင့် ထိုးချလိုက်တော့သည်။
သံသယဖြစ်စရာမလိုဘဲ ထိုလှံမှာ သူတော်စင်ရတနာတစ်ခု ဖြစ်သည်။
"ဝှစ်"
လုမင်၏ နောက်ကျောတွင် အနက်ရောင်တောင်ပံတစ်စုံ ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူတော်စင်ရတနာ ဒိုင်းတစ်ခုက သူ့ရှေ့မှာ ပေါ်လာ၏။
"ဒုန်း"
လှံရှည်က သူတော်စင်ရတနာဒိုင်းကို ထိမှန်ပြီး လွင့်ပျံသွားစေခဲ့သည်။ ထို့နောက်တွင် လှံရှည်က မရပ်တန့်ဘဲ အနက်ရောင်တောင်ပံများကို ထိမှန်သွား၏။ ကြောက်မက်ဖွယ်ကောင်းသော တွန်းအားတစ်ခုကို ခံစားရပြီး လုမင်၏ခန္ဓာကိုယ်က တုန်ခါကာ နောက်ကိုလွင့်သွားတော့သည်။
တစ်ဖက်တွင်၊ ထျန်းချွေးနှင့် ရွယ်နင်ရှင်းကလည်း ၎င်းတို့၏ သူတော်စင်ရတနာများကို တပြိုင်နက်တည်း အသုံးပြုခဲ့ကြသည်။ သို့ရာတွင်၊ ရန်သူဘက်မှ သူတော်စင်တစ်ပိုင်းများကလည်း လှုပ်ရှားခဲ့၏။ သူတို့ကလည်း သူတော်စင်ရတနာများကို အသုံးပြုခဲ့ကာ အလွန်အစွမ်းထက်ကြသည်။ ထျန်းချွေးနှင့် ရွယ်နင်ရှင်းက သူတို့ကိုမယှဉ်နိုင်ပေ။ လုမင်ကဲ့သို့ပင် လွင့်စဥ်ပြီး သွေးအန်လုနီးပါး ဖြစ်သွားကြသည်။
"မတိုက်ခိုက်နဲ့၊ ဒီကနေ အရင်ထွက်သွားကြမယ်"
အနက်ရောင်တောင်ပံများ ခတ်သံနှင့်အတူ လုမင်က ထျန်းချွေးနှင့် ရွယ်နင်ရှင်းအနားသို့ ရောက်ရှိလာပြီး ပြောလိုက်သည်။
ဤတစ်ကြိမ်တွင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းက သေချာ ပြင်ဆင်လာကြကြောင်း ထင်ရှားသည်။ သူတော်စင်တစ်ပိုင်း ကျွမ်းကျင်သူသုံးဦးစလုံးက သူတော်စင်ရတနာများကို အသီးသီး ပိုင်ဆိုင်ထား၏။ သူတော်စင်ရတနာများ ပိုင်ဆိုင်သော နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူတချို့ပင် ရှိသေးသည်။ သူတို့၏ တိုက်ခိုက်ရေးအင်အားက ကြီးမားလွန်းလှသည်။
"ပူဖောင်းလေး"
လုမင် ခပ်တိုးတိုးအော်လိုက်သည်။
"တွိ..."
ပူဖောင်းလေးက သူ့လက်သေးသေးလေးများကို ဝှေ့ယမ်းလိုက်သောအခါ အချိန်ဟင်းလင်းပြင် လျှောက်လမ်းတစ်ခု ပေါ်လာခဲ့၏။
သူတို့သုံးဦးလည်း အချိန်ဟင်းလင်းပြင် လျှောက်လမ်းအတွင်းသို့ ပြေးဝင်ကာ ထွက်သွားတော့သည်။
"မင်းတို့က ထွက်သွားချင်တာလား၊ အိပ်မက်မက်နေလိုက်"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ အခြား သူတော်စင်တစ်ပိုင်း ကျွမ်းကျင်သူက အေးစက်စက်အော်ပြီး သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။ ထိုအခါ ဒယ်စောက်အိုးတစ်လုံးက တောင်လုံးတမျှ ကြီးမားလာပြီး အချိန်ဟင်းလင်းပြင်လျှောက်လမ်းကို ဖိချလိုက်၏။ သူတို့၏ သွားရာလမ်းကြောင်း ပိတ်ဆို့သွားခဲ့ပြီ။
'ကောင်းကင်အဆိပ်ဂိုဏ်းဘက်ကနေ အမြန် ဖောက်ထွက်ကြမယ်'
လုမင်က ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့ထံ အသံပို့လွှတ်ကာ ပြောလိုက်သည်။
ကောင်းကင်အဆိပ်ဂိုဏ်း၏ အဆိပ်ငွေ့များက အလွန်အားကောင်းပြီး လူတစ်ယောက်ကို သဲလွန်စမကျန်အောင် သတ်နိုင်သည်။ သို့သော်လည်း ၎င်း၏ ထိုးစစ်စွမ်းအားက ကောင်းကင်နတ်ဘုရားဂိုဏ်းထက် များစွာ အားနည်း၏။ အချိန်ဟင်းလင်းပြင်လမ်းကြောင်းကို ပိတ်ဆို့ထားသောကြောင့်၊ သူတို့အတွက် ကောင်းကင်အဆိပ်ဂိုဏ်းဘက်မှ အမြန်ထွက်သွားရန်သာ ရှိတော့သည်။
"သတ်"
ထျန်းချွေးက ဟိန်းဟောက်လိုက်သည်။ သူတို့သုံးဦးက သူတော်စင်ရတနာများကို ထိန်းချုပ်ပြီး ကောင်းကင်အဆိပ်ဂိုဏ်းဘက်သို့ ဦးတည်တိုက်ခိုက်လိုက်၏။
"ဝုန်း... ဝုန်း..."
တိုက်ခိုက်မှုမျိုးစုံကလည်း သူတို့ထံ ရောက်လာကြသည်။ လုမင်က သူတော်စင်ရတနာဒိုင်းနှင့် အနက်ရောင်တောင်ပံများကို အသုံးပြုကာ သူတို့သုံးဦးကို ကာကွယ်ထားခဲ့ပေသည်။
"ဝုန်း... ဝုန်း"
တိုက်ခိုက်မှုမျိုးစုံက လုမင်၏ ဒိုင်းလွှားနှင့် အနက်ရောင်တောင်ပံများပေါ်သို့ ကျရောက်လာခဲ့သည်။ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။ လုမင်၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး သွေးများ ဆူပွက်လာကာ သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့သည်။
"သတ်... သတ်... သတ်"
ထျန်းချွေးက ရူးသွပ်စွာ ဟိန်းဟောက်ပြီး ရွယ်နင်ရှင်းကလည်း နဂါးတစ်ကောင်ပမာ ဟိန်းဟောက်သည်။ သူတို့နှစ်ယောက်က အတူတူ လက်တွဲပြီး ရှေ့ကို ထိုးဖောက်သွား၏။
သူတို့၏ တိုက်ခိုက်နိုင်စွမ်းက အမှန်တကယ် ကြောက်စရာကောင်း၏။ သူတော်စင်တစ်ပိုင်း မဟုတ်ပါက၊ သူတို့ကို မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။ ထျန်းချွေး၏ ဧရာမတူကြီးက ကောင်းကင်အဆိပ်ဂိုဏ်းမှ လူများစွာကို အဆိပ်ငွေ့များအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
သူတို့ သုံးယောက်က လိုက်လျောညီထွေလှုပ်ရှားပြီး ဦးတည်ရာတစ်ဖက်ကို ထိုးဖောက်ကြ၏။ ဝိုင်းရံမှုမှ မကြာမီ ရုန်းထွက်နိုင်တော့မည်။
"အဆိပ်နွယ်နိယာမ၊ ဖြန့်ကျက်စေ"
ကောင်းကင်အဆိပ်ဂိုဏ်း၏ သူတော်စင်တစ်ပိုင်း အကျော်အမော်ထံမှ အဆိပ်အငွေ့အသက်များ ပေါက်ကွဲထွက်လာခဲ့သည်။ သူက ဟိန်းဟောက်ပြီး လေထဲကို ဖိချဟန်ပြုလိုက်၏။ မရေမတွက်နိုင်သော အဆိပ်နွယ်ပင်များ ရုတ်တရက် ပေါ်လာတော့သည်။ အဆိပ်နွယ်ပင် အသီးသီးကို ဆူးများဖြင့် ဖုံးအုပ်ထားသည်။ နွယ်ပင်များက ကောင်းကင်တခွင် ပြည့်နှက်ပြီး လုမင်တို့ သုံးဦးကို ဖုံးအုပ်သွားတော့သည်။
"မကောင်းတော့ဘူး"
လုမင်၏ မျက်နှာအမူအရာ ပြောင်းသွားသည်။
ဤအဆိပ်နွယ်ပင်များက အဆိပ်နွယ်နိယာမမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထိုနွယ်ပင်များက အဆိပ်အတောက်များဖြင့် ပြည့်နှက်နေပြီး အလွန်အားကြီး၏။
ထျန်းချွေးနှင့် ရွယ်နင်ရှင်း၏ တိုက်ခိုက်မှုများက အဆိပ်နွယ်ပင်များအပေါ် ကျရောက်လာသော်လည်း မချိုးဖျက်နိုင်တော့ပေ။
အဆိပ်နွယ်ပင်များက လျင်မြန်စွာဖြင့် သူတို့သုံးယောက်ကို နေရာပေါင်းစုံမှ ဖုံးအုပ်ကာ ပိတ်သွားသည်။
"ဝှစ်..."
အနက်ရောင်တောင်ပံများက ပြန့်ကားလာပြီး ၎င်းတို့သုံးဦးလုံးကို ဖုံးအုပ်၍ စက်လုံးတစ်ခုအသွင် ပြောင်းသွား၏။
နောက်အခိုက်မှာတော့ အဆိပ်နွယ်များက ရောက်ရှိလာပြီး အနက်ရောင်တောင်ပံများဖြင့် ဖွဲ့စည်းထားသော စက်လုံးကို ရစ်ပတ်သွားတော့သည်။
"ရွှီး..."
အဆိပ်နွယ်ပင်များက အနက်ရောင်တောင်ပံများကို ရစ်ပတ်ကာ ဆူဆူညံညံအသံများ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း အနက်ရောင်တောင်များမှာ သူတော်စင်ရတနာဖြစ်သောကြောင့် အဆိပ်နွယ်ပင်များက မချိုးဖျက်နိုင်ပေ။
အနိမ့်ဆုံးအဆင့် တောက်ပသောသူတော်စင်ရတနာဖြစ်လျှင်ပင် သူတော်စင်တစ်ပိုင်းများ ချိုးဖျက်နိုင်သောအရာ မဟုတ်ပါ။ သူတော်စင်နယ်ပယ် အကျော်အမော်များသာ သူတော်စင်ရတနာကို အင်အားသုံး၍ ချိုးဖျက်နိုင်သည်။
"ဟမ့်၊ လိပ်ခွံထဲမှာ ပုန်းအောင်းနေတာနဲ့ ဘာမှမလုပ်နိုင်တော့ဘူး ထင်နေတာလား။ မင်းရဲ့ သူတော်စင်ရတနာက အဲဒီလေပွေထဲမှာ မင်းကို ကာကွယ်ပေးနိုင်ဦးမလား ကြည့်ချင်စမ်းတယ်"
ကောင်းကင်အဆိပ်ဂိုဏ်း၏ သူတော်စင်တစ်ပိုင်း အကျော်အမော်က အေးစက်စက် ပြောလိုက်သည်။ သူက အဆိပ်နွယ်ပင်များကို ထိန်းချုပ်ပြီး လေပွေတစ်ခုဆီသို့ ပျံသန်းသွား၏။ လေပွေတစ်ခုအနီးသို့ ရောက်သောအခါ၊ ကောင်းကင်အဆိပ်ဂိုဏ်း၏ သူတော်စင်တစ်ပိုင်း အကျော်အမော်က သူ့လက်ကိုဝှေ့ယမ်းပြီး စက်လုံးကို လေပွေအတွင်းသို့ ပစ်ပေါက်လိုက်တော့သည်။
"လုမင်..."
အဝေးတွင်၊ ရှဲ့နျန်ချင်းက အပြင်းအထန် ရုန်းကန်ရင်း အော်ဟစ်လိုက်သည်။ သို့သော်လည်း မော့ယန်က သူမကို တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားခြင်းကြောင့် မလှုပ်ရှားနိုင်ပေ။
"ဟားဟားဟား... လုမင်၊ မင်း ဘယ်လောက်ပဲ သန်မာနေပါစေ ကောင်းကင်နတ်ဘုရားဂိုဏ်းကို ဆန့်ကျင်ရင် မင်းသေမှာပဲ"
ယွီရှန့်က လှောင်ပြောင်ရယ်မောလိုက်သည်။
"ဟူး...ဟူး..."
လေတိုးသံများနှင့်အတူ လေပွေက ထျန်းဖုန်းလွင်ပြင်၏ နက်နဲရာဆီသို့ ဖြည်းညှင်းစွာ ရွေ့လျားသွား၏။
ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်း၏ လူများက အပြင်ဘက်မှ စောင့်ကြည့်နေသည်။ ခဏကြာသည်အထိ၊ လှုပ်ရှားမှုမရှိကြောင်း မြင်ရသောအခါ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားတော့သည်။
"မော့ယန်၊ ငါ့ကိုလွှတ်စမ်း"
ရှဲ့နျန်ချင်း အော်ငေါက်လိုက်သည်။ ယခုအခါ သူမ၏ လှပသော မျက်လုံးများက နီရဲနေပြီး အေးစက်စက် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီ။
"ညီမလေး၊ မင်း ဘာလုပ်နေတာလဲ။ လုမင်နဲ့ တခြားသူတွေကို လေပွေထဲ လွှတ်ပစ်လိုက်ပြီးပြီ။ သူတို့ သေသွားပြီဆိုတာ သေချာတယ်။ ဒါက ကောင်းကင်နတ်ဘုရားဂိုဏ်းနဲ့ ကောင်းကင်အဆိပ်ဂိုဏ်းကို စော်ကားတဲ့အတွက် ပေးဆပ်ရတာပဲ"
မော့ယန်က လှောင်ပြောင်လိုက်သည်။ သူ့စိတ်ထဲမှာလည်း ဝမ်းသာရွှင်မြူးနေ၏။
နောက်ဆုံးတော့ လုမင် သေသွားပြီ။ ယခုတော့ လုမင် လက်လျှော့သင့်ပြီ ဖြစ်သည်။
"မော့ယန်၊ ငါ့ကိုလွှတ်နော်။ မဟုတ်ရင် ငါ နင့်ကို သေတဲ့အထိ တိုက်ခိုက်ရလိမ့်မယ်"
ထိုအချိန်တွင်၊ ရှဲ့နျန်ချင်းက မလှုပ်ရှားတော့ဘဲ ငြိမ်သက်သွားသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်က အရိုးထိအေးစက်စေသော သတ်ဖြတ်ချင်စိတ်တို့ ပြည့်နှက်လာ၏။ ယင်းက မော့ယန်၏ နှလုံးသားထဲတွင် နားလည်ရခက်သော အေးစက်မှုကို ခံစားရစေခဲ့သည်။
'ဟမ့်၊ ခွေးမ။ ဘာပဲဖြစ်ဖြစ် လုမင်က သေနေပြီပဲကို။ နောင်မှာ မင်းငါ့အပေါ် သစ္စာစောင့်သိနေစေရမယ်'
မော့ယန်လည်း သူ့စိတ်ထဲမှတွေးကာ အံကိုတင်းတင်းကြိတ်ရင်း ရှဲ့နျန်ချင်းကို လွှတ်ပေးလိုက်တော့သည်။
ချုပ်နှောင်မှုမှ လွတ်မြောက်သည်နှင့် ရှဲ့နျန်ချင်း၏ နတ်ဆိုးအရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး ကျင့်ကြံခြင်းအခြေခံလည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။