အခန်း ၁၅၇၅
Vol. 105 Ch. 1575
အပိုင်း ( 1575 ) လေသလင်းကျောက်။
ရှဲ့နျန်ချင်း၏ ကျင့်ကြံခြင်းက ပြန်လည်ကောင်းမွန်လာသော်လည်း သူ့အကြည့်များမှာ ပို၍ပင် အေးစက်သွားခဲ့သည်။ သူမက မော့ယန်ကိုကြည့်ပြီး ပြောသည်။
"မော့ယန်၊ ရှင်က တကယ်ကို စက်ဆုပ်စရာကောင်းတဲ့သူပဲ။ လုမင်ကို လုပ်ကြံဖို့အတွက် ကောင်းကင်နတ်ဘုရားဂိုဏ်းနဲ့ ကောင်းကင်အဆိပ်ဂိုဏ်းတို့ကို သွားပူးပေါင်းခဲ့တယ်။ တကယ်ကို စန်းပြည်နယ်ရဲ့ ထွတ်မြတ် ပါရမီရှင်ဆယ်ဦးထဲက တစ်ဦး ဖြစ်ထိုက်ပါပေတယ်"
သူမ၏ စကားများက လှောင်ပြောင်သရော်ခြင်းများ ပြည့်နေသည်။
"ညီမလေး၊ မင်း ဘာတွေပြောနေတာလဲ"
မော့ယန်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး အကြည့်ရဆိုးသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။
"ကျွန်မ ဘာပြောရမှာလဲ။ ရှင် လုပ်ခဲ့တာကို ဝန်မခံရဲဘူးလား။ ကောင်းကင်နတ်ဘုရားဂိုဏ်းနဲ့ ကောင်းကင်အဆိပ်ဂိုဏ်းက ကျွန်မတို့ ဘယ်မှာရှိတယ်ဆိုတာ ဘယ်လိုသိတာလဲ။ နောက်ပြီးတော့ သူတို့က ဒီနေရာမှာ ထောင်ချောက်တစ်ခုကို ကြိုတင်ပြီးတော့ ချမှတ်ထားနိုင်တယ်။ ဒါက တစ်ယောက်ယောက် သတင်းပေးလို့မဟုတ်ရင် ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်မှာလဲ"
"ရှင်က ကျွန်မတို့ကို တမင်လိုက်ရရှာခဲ့တယ်။ ပြီးတော့ အကြံနဲ့ ကျွန်မတို့နဲ့အတူ အတင်းလိုက်ခဲ့တာ၊ ဟုတ်တယ် မဟုတ်လား"
ရှဲ့နျန်ချင်းက အေးစက်စက် ပြောလိုက်၏။
မူလက မော့ယန်နှင့်တွေ့ဆုံခြင်းကို တိုက်ဆိုင်မှုသက်သက်ဟု ထင်ခဲ့သော်လည်း ယခု တွေးကြည့်တော့မှ အရာအားလုံးကို မော့ယန်က စီစဉ်ထားကြောင်း သူမသိလိုက်သည်။
"ညီမလေး၊ ငါ့ကို မကျိန်ဆဲပါနဲ့"
မော့ယန်၏ မျက်နှာက အေးစက်သွားသည်။
"ဟမ့်၊ အခြေအနေက ဘယ်လိုဖြစ်တယ်ဆိုတာ ကာယကံရှင်ဖြစ်တဲ့ ရှင်အသိဆုံး ဖြစ်မှာပါ။ ကျွန်မ ရှင့်ကို နောက်ဆုံး သတိပေးလိုက်မယ်၊ ကျွန်မနောက်ကို ထပ်မလိုက်လာပါနဲ့။ မဟုတ်ရင် ရှင့်ကို သတ်မယ်"
ရှဲ့နျန်ချင်းက အေးစက်စက် ပြောလိုက်သည်။ ထို့နောက် သူမက လုမင်နှင့် အခြားသူများ ကျရောက်သွားသည့် လေပွေဆီသို့ ပျံသန်းသွားတော့သည်။
'ငါကွာ၊ ဒီခွေးမကတော့ကွာ။ အနှေးနဲ့အမြန်၊ မင်းကို ငါ့အရှေ့မှာ တောင်းပန်လာစေရမယ်'
ထွက်ခွာသွားသော ရှဲ့နျန်ချင်း၏ နောက်ကျောကိုကြည့်ရင်း မော့ယန်၏မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှု၊ မကောင်းသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားသည်။
ရှဲ့နျန်ချင်းက လုမင်တို့ ဝင်ရောက်သွားသော လေပွေအနားသို့ရောက်လာပြီး စူးစိုက်ကြည့်လိုက်၏။
"ဟူး...ဟူး"
လေပွေက လေတိုးသံများနှင့်အတူ ထျန်းဖုန်းလွင်ပြင်၏ နက်နဲရာဆီသို့ ဖြည်းညှင်းစွာ ရွေ့လျားနေသည်။
ရှဲ့နျန်ချင်းလည်း လေပွေနောက်မှ တဖြည်းဖြည်း လိုက်ပါသွားတော့သည်။
နေ့တစ်ဝက်ကြာပြီးနောက် ရှဲ့နျန်ချင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ အကြောင်းမူ၊ သူ့ရှေ့တွင် လေပွေ တော်တော်များများ ပေါ်လာသောကြောင့်ပင်။ ဤလေပွေက အခြားလေပွေများနှင့် ရောနှောသွားခဲ့သည်။ ထိုနေရာတွင် လေပွေများ အများအပြားပေါ်လာပြီး ရှဲ့နျန်ချင်း၏ ရှေ့သွားရာလမ်းကြောင်းကို ပိတ်ဆို့သွားတော့သည်။
"လုမင်မှာ တောင်နဲ့မြစ် ပန်းချီကား ရှိတယ်။ တောင်နဲ့မြစ် ပန်းချီကားက ဧကရာဇ်အဆင့် တန်ခိုးရှင်ကြီးတွေပဲ သန့်စင်ပေးနိုင်တဲ့ အရာပဲလေ။ ဒါက လေပွေတွေရဲ့ အဖျက်စွမ်းအားကို တားဆီးနိုင်သင့်တယ်"
ရှဲ့နျန်ချင်းက ခပ်တိုးတိုး ရေရွတ်သည်။ သို့တိုင်၊ သူ့မျက်လုံးများက စိုးရိမ်မှုတို့ ပြည့်နှက်နေသေးသည်။
လုမင်တို့၏ လေပွေက လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်အထိ သူဟာ ထိုနေရာတွင် အကြာကြီး ရပ်ကြည့်နေခဲ့သည်။ ထိုနောက်ပိုင်းမှသာ သူမ ထွက်သွားတော့သည်။
.....
လုမင်နှင့် အခြားသူများမှာတော့ လေပွေထဲသို့ ပစ်ထည့်ခံရပြီးနောက် အတွင်းမှာ လည်ပတ်နေကြသည်။ လေပြင်းက အပြင်ဘက်မှ အဆိပ်နွယ်ပင်များကို အဆက်မပြတ် ဖြတ်တောက်နေ၏။
အဆိပ်နွယ်ပင်များက နိယာမစွမ်းအားမှ ဖြစ်ပေါ်လာပြီး အနှိုင်းမဲ့ ကြမ်းတမ်းလှသည်။ သို့သော်လည်း လေပွေအတွင်းမှာတော့ လျင်မြန်စွာ ဖြတ်တောက်ခံရပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"ရွှီ... ရွှီ"
ပြင်းထန်သော လေပြင်းက အနက်ရောင်အတောင်ပံများကို ဖြတ်တောက်လိုက်ရာ မီးပွားများ ဖြစ်ပေါ်လာခဲ့သည်။ အနက်ရောင်တောင်ပံများက ဆူညံသံများနှင့် အဆက်မပြတ် တုန်လှုပ်သွား၏။
"သေစမ်း၊ ငါတို့ လေပွေထဲကိုရောက်သွားပြီ"
ထျန်းချွေးက အော်လိုက်သည်။
"အခု ဘယ်လိုလုပ်ကြမလဲ။ လေပြင်းက အားကောင်းလွန်းတယ်၊ ငါတို့ မထွက်သွားနိုင်တော့ဘူး"
ရွယ်နင်ရှင်းလည်း မျက်မှောင်ကြုတ်နေသည်။
"ထန်... ထန်"
ခဏအကြာတွင်၊ အနက်ရောင်တောင်ပံများက ပို၍ ပြင်းထန်စွာ တုန်ခါလာသည်။ အနက်ရောင်တောင်ပံများကို ဖုံးအုပ်ထားသည့် လုမင်၏ ကစဉ့်ကလျားတာအိုနယ်မြေလည်း လေပြင်းဒဏ်ကို လုံးဝ မခံနိုင်တော့ပေ။ မကြာမီ၊ ကစဉ့်ကလျားတာအိုနယ်မြေ လုံးဝ ဖြတ်တောက်ခံလိုက်ရသည်။
လုမင်၏ ခန္ဓာကိုယ်က တုန်လှုပ်သွားသည်။ အနက်ရောင်တောင်ပံများမှတဆင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာ၏။
"အကိုနဲ့ အစ်မ၊ တောင်နဲ့မြစ်ပန်းချီကားထဲကို သွားရအောင်"
လုမင် ပြောလိုက်သည်။
တောင်နှင့်မြစ်ပန်းချီကားမှာ ဧကရာဇ်အဆင့် တန်ခိုးရှင်မှ သန့်စင်နိုင်သော ရတနာတစ်ခုဖြစ်သည်။ ယင်းက လေပြင်းများကို တားဆီးနိုင်ရမည်။ အတွင်းမှ မည်သို့ရုန်းထွက်ရမလဲ ဆိုတာကိုတော့ နောက်ပိုင်းမှသာ စဉ်းစားနိုင်သည်။
ဤနေရာတွင် လေပြင်းက ပြင်းထန်လွန်းလှသည်။ ပူဖောင်လေး၏ လက်ရှိကျင့်ကြံခြင်းဖြင့် အချိန်ဟင်းလင်းပြင်လျှောက်လမ်း မတည်ဆောက်နိုင်လောက်အောင် ပြင်းထန်လွန်း၏။ အချိန်ဟင်းလင်းပြင်လျှောက်လမ်းကို ဖွင့်လိုက်သည်နှင့် လေပြင်းကြောင့် ပျက်စီးသွားလိမ့်မည်။
ထို့နောက်၊ လုမင်၏ မျက်ခုံးနှစ်ခုကြားမှ အလင်းရောင် တောက်ပလာခဲ့သည်။ သူက ထျန်းချွေးနှင့် ရွယ်နင်ရှင်းအား တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ ပို့လွှတ်လိုက်၏။
ထို့နောက်၊ လုမင်က တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ ဝင်ခါနီးတွင် သူ့အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။
အကြောင်းမူ၊ ဤအခိုက်တွင် သူ့အသိစိတ်ပင်လယ်အတွင်းမှ အေးခဲလေပုလဲက အနည်းငယ် တုန်ခါသွားသလို ခံစားလိုက်ရခြင်းကြောင့်ပင်။
"အေးခဲလေပုလဲက လေစွမ်းရည် ရတနာတစ်ခုပဲ။ ဒါက လေကို ထိန်းချုပ်နိုင်တယ်"
လုမင် စိတ်လှုပ်ရှားသွားသည်။ အတွေးတစ်ခုဖြင့် အေးခဲလေပုလဲက လုမင်၏ မျက်ခုံးနှစ်ခုကြားမှ ပျံထွက်လာပြီး သူ့ဦးခေါင်းထက်တွင် ရပ်တန့်သွား၏။
အေးခဲလေပုလဲက အနည်းငယ်တုန်ခါသွားပြီး အစိမ်းရောင်အလင်းတန်းများဖြင့် လုမင်ကို ဖုံးအုပ်ထားလိုက်တော့သည်။ ထိုအချိန်တွင် အနက်ရောင်တောင်ပံများက တုန်ခါမှု ပျောက်ကွယ်သွားသည်။ လုမင်လည်း အေးခဲလေပုလဲမှ ထုတ်လွှတ်သော စွမ်းအင်ဖြင့် လေပြင်းများကို အလွယ်တကူ ကျော်ဖြတ်သွားကြောင်း ခံစားလိုက်ရလေသည်။
လုမင် အလွန်ဝမ်းသာသွားသည်။ အေးခဲလေပုလဲက အမှန်တကယ် အသုံးဝင်ပေသည်။
ထို့နောက် လုမင်က အနက်ရောင်တောင်ပံများကို ရုတ်သိမ်းလိုက်သည်။ လုမင်ကို အစိမ်းရောင်အလင်းများက ရစ်ပတ်ထား၏။ အပြင်မှ လေပြင်းများက မည်မျှပင် ပြင်းထန်စေကာမူ၊ အစိမ်းရောင်အလင်းနှင့် တွေ့သောအခါ အလိုအလျောက် ဖြတ်ကျော်သွားလေသည်။
"ဝှစ်"
ထိုအချိန်တွင် လေပွေအောက်မှ အစိမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက အစိမ်းရောင်ကျောက်ဖြစ်ပြီး လက်သီးဆုပ်အရွယ် ရှိ၏။
"အဲဒါက လေသလင်းကျောက်ပဲ"
လုမင် စိတ်လှုပ်ရှားသွားသည်။ ဤသလင်းကျောက်ကို သူသိပေသည်။
လေသလင်းကျောက်မှာ အလွန်ကြွယ်ဝသည့် လေဒြပ်စင်များရှိသော နေရာများတွင် အချိန်အတော်ကြာပြီးမှ ပေါ်လာတတ်သော သလင်းကျောက် အမျိုးအစား ဖြစ်သည်။ ၎င်းက လေဓာတ်စွမ်းရည် ရတနာဖြစ်ပြီး အလွန်အဖိုးတန်ပေသည်။
လေသလင်းကျောက်က အေးခဲလေပုလဲဆီသို့ တိုက်ရိုက်ပျံသန်းသွားပြီး ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် အေးခဲလေပုလဲပေါ်ရှိ အလင်းများက ပို၍ ပြင်းထန်လာသလို လုမင် ခံစားလိုက်ရ၏။
ငှက်အော်သံနှင့်အတူ၊ ငှက်ကလေးတစ်ကောင်က အေးခဲလေပုလဲမှ ပျံထွက်လာပြီး ရွှင်လန်းနေသကဲ့သို့ ပတ်ပတ်လည်တွင် လှည့်ပတ်နေတော့သည်။
အေးခဲလေပုလဲက လေသလင်းကျောက်၏ စွမ်းအင်များကို စုပ်ယူနေခဲ့သည်။
လုမင်က ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ သို့သော်လည်း ပြင်းထန်သော လေပြင်းများက အဆက်မပြတ် တိုက်ခတ်နေသောကြောင့် အပြင်ဘက်မြင်ကွင်းများကို လုံးဝမမြင်နိုင်ပေ။ သို့သော်လည်း လုမင်ဟာ လေပွေက အဆက်မပြတ်ရွေ့လျားနေကြောင်း ခံစားခဲ့ရသည်။
မသိနိုင်သော အချိန်တစ်ခုအထိ ကြာပြီးနောက်၊ နောက်ထပ် လေသလင်းကျောက်တစ်ခုက အောက်ဘက်မှ ရုတ်တရက် ပျံတက်လာကာ အေးခဲလေပုလဲထဲသို့ ပေါင်းစည်းသွားသည်။ အေးခဲလေပုလဲက ပိုမိုတောက်ပသော အလင်းရောင်များကို ထုတ်လွှတ်လာတော့သည်။
ထိုမြင်ကွင်းကိုမြင်တော့ လုမင်လည်း အပြင်ကိုမထွက်သွားတော့ပေ။ ထိုအစား၊ သူဟာ တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ဝင်ရောက်သွားပြီး ထျန်းချွေးနှင့် ရွယ်နင်ရှင်းကို တစ်ခုခုပြောပြလိုက်သည်။ ထို့နောက် တစ်ဖန်ပြန်ထွက်လာ၏။ သူက အေးခဲလေပုလဲကို လေထဲတွင် မျောလွင့်စေရင်း တိတ်ဆိတ်စွာ စောင့်ဆိုင်းနေတော့သည်။
နေ့တစ်ဝက်ခန့်ကြာပြီးနောက် အေးခဲလေပုလဲက လေသလင်းကျောက်ငါးခုကို စုပ်ယူသွားခဲ့သည်။
"ဝုန်း"
ရုတ်တရက်၊ လေပွေ၏ အပြင်ဘက်တွင် တုန်ခါမှုတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။
"အခြားလေပွေတွေနဲ့ ပေါင်းစပ်နေတာများလား"
လုမင် မှန်းဆလိုက်၏။
ထိုအချိန်တွင်၊ အေးခဲလေပုလဲပေါ်ရှိ ငှက်ကလေးက အော်မြည်၍ အတောင်ပံခတ်ကာ တစ်ဖက်သို့ ပျံသန်းသွားလေသည်။
လုမင် စိတ်လှုပ်ရှားသွားသည်။ သူက အေးခဲလေပုလဲကို ထိန်းချုပ်ပြီး ငှက်ကလေးနောက်သို့ လိုက်သွား၏။ လေပွေက သူ့ကို လုံးဝ မတားဆီးနိုင်ပေ။ လုမင်က ထိုလေပွေကို ဖြတ်ကျော်သွားသောအခါ ဘေးတွင် နောက်ထပ် လေပွေတစ်ခုရှိနေကြောင်း တွေ့လိုက်ရသည်။
လုမင်လည်း နောက်လေပွေတစ်ခုအတွင်းသို့ ဝင်ရောက်သွား၏။
"ဝမ်"
လေပွေထဲသို့ ဝင်သွားသည်နှင့် လေသလင်းကျောက်တစ်ခု ထွက်ပေါ်လာပြီး အေးခဲလေပုလဲထံ ပျံသန်းသွားတော့သည်။
"ဟားဟားဟား၊ အေးခဲလေပုလဲက လေသလင်းကျောက်တွေကို စုပ်ယူချင်နေတာပဲ။ ဒီလိုဆိုမှတော့ ကြိုက်သလောက် စုပ်ယူလိုက်ပါတော့"
လုမင် ကျေနပ်စွာ ရယ်မောလိုက်သည်။ သူက အေးခဲလေပုလဲကို ထိန်းချုပ်ပြီး လေပွေအောက်သို့ ပျံသန်းသွား၏။ မကြာမီပင်၊ နောက်ထပ် လေသလင်းကျောက်ငါးခုကို စုပ်ယူလိုက်တော့သည်။
ထို့နောက်၊ လုမင်က အေးခဲလေပုလဲကို ထိန်းချုပ်ပြီး အခြားလေပွေတစ်ခုသို့ ပျံသန်းသွားသည်။
လုမင်လည်း ဤနေရာတွင် လေပွေအများအပြား နီးကပ်စွာ ရှိနေကြောင်း တွေ့ရှိခဲ့ရသည်။
လုမင်ကတော့ ဂရုမစိုက်ဘဲ လေပွေများကြားတွင် တစ်ခုပြီးတစ်ခု လှည့်ပတ်သွားနေတော့သည်။
အချိန်မည်မျှ ကြာသွားသည်မသိ။ လေပွေဆယ်ခုထက်မနည်း ဝင်ရောက်ခဲ့ပြီး အေးခဲလေပုလဲကက လေသလင်းကျောက်များစွာကို စုပ်ယူခဲ့သည်။ ယခုအခါ အေးခဲလေပုလဲက အလွန်ကြွယ်ဝပြီး တောက်ပသော အလင်းများ ပြိုးပြိုးပြက်ပြက် ဖြစ်နေတော့သည်။
'ကုန်ခါနီးလောက်ပြီ၊ အပြင်ထွက်ပြီး ဘာဖြစ်နေတာလဲ ကြည့်ရအောင်'
လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။ ထို့နောက် အေးခဲလေပုလဲကိုထိန်းချုပ်ပြီး လေပွေအတွင်းမှ ထွက်ခဲ့၏။ အပြင်ဘက်တွင် ပွင့်လင်းသော နေရာလွတ်တစ်ခုကို ရှိနေသည်။
လုမင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ၊ ထိုနေရာလွတ်၏ အရပ်လေးမျက်နှာက လေပြင်းများသာ ပြည့်နေကြောင်း မြင်လိုက်ရတော့သည်။