← Chapters

အခန်း ၁၅၇၇

Vol. 106 Ch. 1577

အခန်း ၁၅၇၇

Vol. 106 Ch. 1577

အပိုင်း ( 1577 ) ဧကရာဇ်လက်နက်ပင်လော။

ရီတျန်က ခေါင်းခါယမ်းကာ ပြောလိုက်သည်။

"ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ စိတ်ဓာတ်နဲ့ လုပ်ဆောင်ချက်တွေက ငါ့တာအိုနဲ့ မလိုက်ဖက်ဘူး။ အဲဒီမှာ ဆက်နေမယ်ဆိုရင် ငါ့ရဲ့ တိုးတက်မှုက ပိုပြီးနှေးကွေးလိမ့်မယ်"

"ဟားဟားဟား၊ ကောင်လေး၊ မင်းဆုံးဖြတ်တာ မမှားဘူး။ ကောင်းကင်နတ်ဘုရားဂိုဏ်းက ‌အနှေးနဲ့အမြန် နဂါးနတ်ဘုရားတောင်ကြားရဲ့ ဖျက်ဆီးပစ်ခံရလိမ့်မယ်"

ထျန်းချွေးက အားပါးတရ ရယ်မောလိုက်သည်။ ကောင်းကင်နတ်ဘုရားဂိုဏ်းကို တစ်စုံတစ်ဦးက နှိမ့်ချပြောဆိုကြောင်း သူကြားရတိုင်း ပျော်ရွှင်နေလိမ့်မည်။

"မင်းတစ်ယောက်တည်း ထွက်လာတာလား"

လုမင် မေးလိုက်သည်။

"ကျိန်ဟုန်ချန်လည်း ထွက်သွားပြီ။ ဒါပေမဲ့ သူက ငါနဲ့ထွက်လာပြီးနောက် စန်းပြည်နယ် အနောက်ဘက်ကို ဆက်သွားခဲ့တယ်။ အခု သူ ဘယ်ရောက်နေမှန်း ငါလည်း မသိဘူး"

ရီတျန် ပြောလိုက်၏။

လုမင် ကျေနပ်သွားသည်။ ဤလူများ ထွက်သွားခြင်းက ပိုကောင်း၏။ မဟုတ်ပါက၊ အနာဂတ်တွင် ကောင်းကင်နတ်ဘုရားဂိုဏ်းကို တိုက်ခိုက်ရန် ခက်ခဲပေလိမ့်မည်။

"မင်း ဒီနေရာကို ဘယ်လိုရောက်လာတာလဲ။ ဒီမှာ ဘာတွေဖြစ်သွားတာလဲ"

လုမင် ထပ်မေးလိုက်သည်။ ရီတျန်မှာ သူတို့အရင် ဤနေရာကို ရောက်နေခြင်းဖြစ်သောကြောင့် တစ်ခုခုကို သိလိမ့်မည်။

"ငါလည်း အခြားသူတွေနဲ့အတူ ထျန်းဖုန်းလွင်ပြင်ကို ရောက်လာခဲ့တာပါ။ မကြာသေးခင်ကတော့ ပြင်းထန်တဲ့ ခံစားချက်တစ်ခုကို ငါ ရခဲ့တယ်။ ခံစားချက်နောက်ကို လိုက်ပြီးတော့ ဒီကို ရောက်လာတာပဲ။ ငါ ဒီနေရာကို ရောက်လာတော့ ဒီနေရာက ဒီအတိုင်းပဲရှိတာ၊ အခုလို လေပွေတွေက မဝိုင်းထားသေးဘူး"

ရီတျန်က ပြောဆိုပြီးနောက် ပတ်ဝန်းကျင်မှ လေပွေများကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

လုမင် ခေါင်းညိတ်လိုက်၏။ ရီတျန်က သူတို့ထက်စော၍ ဤနေရာကို ဝင်ရောက်လာပုံရသည်။

"အခုတော့ ဒီနေရာကနေ မထွက်ခွာခင် လေပွေတွေ ရွေ့သွားတဲ့အထိ စောင့်ရတော့မယ် ထင်တယ်"

ရီတျန်က လှည့်ပတ်ကြည့်ကာ ပြောလိုက်သည်။

"အတိအကျတော့လည်း မဟုတ်ပါဘူး"

လုမင် ပြုံးလိုက်၏။ ယင်းက ရီတျန်၏ မျက်လုံးများကို လင်းလက်သွားစေခဲ့သည်။

ထို့နောက် သူတို့လူစုဟာ ဧရိယာကို ထပ်မံစစ်ဆေးခဲ့သော်လည်း ဘာမှမတွေ့ခဲ့ပေ။

"ရီတျန်၊ မင်း ဒီနေရာကနေ ထွက်သွားချင်ရင် ငါနဲ့လိုက်ခဲ့ပါ"

လုမင် ပြောလိုက်သည်။

"လေပွေ အတားအဆီးကို မင်း ဖြတ်ကျော်နိုင်တာလား"

ရီတျန်က မေးသည်။

"ဟုတ်တယ်၊ သွားကြရအောင်"

လုမင် ခေါင်းညိတ်လိုက်၏။ သူတို့လေးယောက်လည်း လမ်းကြောင်းတစ်ခုကို ကျပန်းရွေးချယ်ပြီး ပြေးသွားကြတော့သည်။ လေပွေနှင့် နီးကပ်လာသောအခါ၊ မိုးပြာရောင်အလင်းများနှင့် အေးခဲလေပုလဲက လုမင်၏ မျက်ခုံးနှစ်ခုကြားမှ ပျံထွက်လာခဲ့သည်။

လုမင်၏ အတွေးတစ်ခုဖြင့် မိုးပြာရောင်အလင်းက မိုးပြာရောင် အလင်းမျက်နှာအဖြစ်သို့ ပြောင်းလဲပြီး သူတို့လေးဦးကို ဖုံးအုပ်သွား၏။

မိုးပြာရောင်အလင်း၏ လွှမ်းခြုံမှုဖြင့် သူတို့လေးယောက်မှာ အပြင်မှလေပြင်းများကို မခံစားရတော့ပေ။

လေးယောက်သား ရှေ့ကို ဆက်လျှောက်သွားခဲ့သည်။ သို့ရာတွင်၊ လေပွေအတွင်းသို့ ဝင်သည့်တိုင် သူတို့ ဘာမျှမဖြစ်ခဲ့ပါ။

ယင်းက ရီတျန်ကို အ‌လွန် အံ့အားသင့်စေခဲ့သည်။

သူတို့လေးယောက်လည်း မြေပြန့်မှာ လမ်းလျှောက်နေသကဲ့သို့ လေပွေများကို ဖြတ်ကျော်သွားတော့သည်။

ခဏအကြာတွင်၊ သူတို့လေးယောက်က လေပွေများကို ဖြတ်ကျော်ပြီး အပြင်သို့ ရောက်လာခဲ့ကြတယ်။

အပြင်သို့ရောက်သောအခါ သူတို့လေးယောက် အံ့ဩသွား၏။

အကြောင်းမူ၊ သူတို့ထွက်လာသည့်အနောက်မှာ လေပွေများ ပြည့်နှက်နေကြောင်း တွေ့လိုက်ရသောကြောင့်ပင်။ မိုးထိအောင်မြင့်မားသော လေပွေများက အလွန်ကြီးမားသော တောင်တစ်လုံးအား လှည့်ပတ်နေသည်။

လေပွေများ၏အပြင်ဘက် ကောင်းကင်ယံမှာလည်း အဝေးမှရပ်ကာ တောင်ကိုလှမ်းကြည့်နေသော ကျင့်ကြံသူများ ရှိနေကြသေးသည်။

လုမင်တို့လည်း သူတို့၏ အရှိန်အဝါများကို ချက်ချင်းရုတ်သိမ်းကာ လူအုပ်အနောက်တွင် ဝင်ပုန်းနေလိုက်ကြသည်။

"ကောင်းကင်အဆိပ်ဂိုဏ်းနဲ့ ကောင်းကင်နတ်ဘုရားဂိုဏ်းက လူတွေ"

သူတို့လှမ်းကြည့်လိုက်တော့ အများစုမှာ ကောင်းကင်အဆိပ်ဂိုဏ်းနှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းမှဖြစ်ကြောင်း တွေ့လိုက်ရလေသည်။

နောက်ဆုံးတွင်၊ ကောင်းကင်အဆိပ်ဂိုဏ်းနှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းက ဤနေရာနှင့် အနီးစပ်ဆုံး ဖြစ်သည်။ သဘာဝအတိုင်း သူတို့က ဤနေရာတွင် လူအများဆုံး ရှိလိမ့်မည်။

ကောင်းကင်အဆိပ်ဂိုဏ်းနှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းမှလွဲ၍ ကျန်သူများမှာ အင်အားစုငယ်များမှ ဖြစ်ကြသည်။ ဟုတ်ပေသည်၊ စန်းပြည်နယ်ရှိ အခြားသော အင်အားစုကြီး ဆယ့်တစ်ခုတို့မှ လူအချို့လည်း ရှိခဲ့သည်။ သို့သော်လည်း သူတို့က လူနည်းစုသာ ဖြစ်ချေသည်။

"ကောင်းကင်နတ်ဆိုးဂိုဏ်း"

လုမင်၏ အကြည့်များက ရုတ်တရက် အေးစက်သွားသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူများထဲတွင် မော့ယန်ကို မြင်ရ၏။ သို့ရာတွင်၊ ရှဲ့နျန်ချင်းကိုတော့ မတွေ့ခဲ့ရပေ။

'ရှောင်ချင်း ဘယ်ကိုသွားနေတာလဲ။ သူ ငါ့ကိုလိုက်ရှာနေတာများ ဖြစ်မလား'

စိတ်ထဲမှတွေးရင်း လုမင် အနည်းငယ်စိုးရိမ်လာမိသည်။

"ဂီး"

ထိုစဉ် ကျယ်လောင်သော ဖီးနစ်အော်သံကို ကြားလိုက်ရသည်။

ဤဖီးနစ်အော်သံသည် ကျယ်လောင် ပြတ်သားပြီး ငှက်ဘုရင်တစ်ပါး၏ လွှမ်းမိုးချုပ်ကိုင်မှု အရှိန်အဝါတို့ ပြည့်နှက်နေ၏။ ယင်းမှာ ယခင်က စိတ်ပျက်အားငယ်မှုနှင့် နာကျင်မှုတို့ ရောထွေးနေသော အော်သံနှင့် လုံးဝ မတူပေ။

အော်ဟစ်သံက တောင်ထိပ်မှ ထွက်လာခြင်း ဖြစ်သည်။

'ဒီအော်သံက အရင်က ဖီးနစ်အော်သံနဲ့ လုံးဝကို မတူဘူး။ ထူးဆန်းတယ်၊ ဒီနေရာမှာ ဖီးနစ်နှစ်ကောင် ရှိနေတာများ ဖြစ်မလား'

လုမင် သူ့စိတ်ထဲမှ ရေရွတ်လိုက်သည်။

ထို့နောက် နောက်ထပ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

လူတိုင်းက လေပွေများ ဝန်းရံထားသောတောင်ကို လှမ်းကြည့်လိုက်၏။

တောင်ပေါ်တွင် ဖီးနစ်တစ်ကောင် အမှန်တကယ် ရှိသလော။

ဤအခိုက်တွင် တောင်က အလင်းရောင်များ တောက်ပလာသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့နောက်မှာတော့ ဖီးနစ်တစ်ကောင်က‌ တောင်ထွတ်အထက် ကောင်းကင်သို့ ပျံတက်လာကြောင်း မြင်လိုက်ရတော့သည်။

သို့သော်လည်း လူတိုင်း ဂရုတစိုက်ကြည့်ပြီးနောက် ထိုဖီးနစ်မှာ အစစ်မဟုတ်မှန်း သိလိုက်ရသည်။ ယင်းက စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ပုံရိပ်တစ်ခုပင်။

"ဝုန်း"

ထို့နောက် တောင်ပေါ်မှ အလင်းတန်းတစ်ခု ထိုးတက်သွားခဲ့သည်။ ဖီးနစ်၏ အော်ဟစ်သံကလည်း ပို၍ ကျယ်လောင်လာ၏။

ထိုအရှိန်အဝါကလည်း ပို၍ ကြောက်စရာကောင်းခဲ့သည်။ ယင်းက ဧရိယာတစ်ခုလုံး ပြည့်နှက်နေ၏။ ထိုရောင်ဝါရှေ့တွင် လူတိုင်းက ဒူးထောက်ကာ ဝတ်ပြုကိုးကွယ်လိုစိတ်များပင် ဖြစ်ပေါ်ခဲ့ရသည်။

"ဒီ... ဒီအရှိန်အဝါက ဘာလဲ၊ ကြောက်စရာကောင်းလိုက်တာ"

"ဒါက ရတနာတစ်ခုရဲ့ အရှိန်အဝါထင်တယ်။ သက်ရှိသတ္တဝါမဟုတ်ပေမဲ့ အရှိန်အဝါက အရမ်း ကြောက်စရာကောင်းတာပဲ။ ဒါက သာမန် သူတော်စင်ရတနာတွေထက် အဆအများကြီး ပိုအစွမ်းထက်လိမ့်မယ်"

"အထဲမှာ အန္တိမသူတော်စင်ရတနာ ရှိနေတာများလား။ ဒါမှမဟုတ်..."

‌

နောက်ဆုံးပြောလိုက်သူက သူ့စကားကို ဆက်မပြောသော်လည်း လူတိုင်း၏နှလုံးသားမှာ တုန်ယင်သွားကြသည်။

ထိုလူ ဘာပြောချင်မှန်း လူတိုင်းသိ၏။

ဒါမှမဟုတ် ... ဧကရာဇ်လက်နက်လား။

ဧကရာဇ်လက်နက်မှာ ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ သီးသန့်လက်နက်ဖြစ်သည်။ ထိုသို့တွေးမိသောအခါ လူတိုင်း အသက်ရှူမြန်လာကြတော့သည်။

ထျန်းဖုန်းလွင်ပြင်တွင် ဧကရာဇ်လက်နက်တစ်ခု အမှန်တကယ် ရှိနေသလော။

အထူးသဖြင့် ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းမှ လူများ ဖြစ်သည်။

အကယ်၍ ထိပ်တန်းဂိုဏ်းတစ်ခုသာ ဧကရာဇ်လက်နက်ကို ရယူနိုင်ပါက၊ ၎င်း၏စွမ်းအား အနည်းငယ်ကို လှုံ့ဆော်နိုင်လျှင်ပင် စန်းပြည်နယ်အား စိုးမိုးနိုင်လိမ့်မည်။

ယင်းက ဧကရာဇ်လက်နက်မဟုတ်ဘဲ အန္တိမရတနာတစ်ခုဖြစ်လျှင်ပင် ၎င်း၏တန်ဖိုးမှာ တုန်လှုပ်စရာ ဖြစ်နေဆဲ ဖြစ်သည်။

ရှေ့မှ လေပွေများသာ မရှိခဲ့လျှင် လူအားလုံး ချက်ချင်း ပြေးဝင်သွားကြလိမ့်မည်။

တောင်ပေါ်တွင် ဖီးနစ်က လှည့်ပတ်ပျံသန်းနေပြီး အော်သံကလည်း ပို၍ ကျယ်လောင်လာခဲ့သည်။

"သတင်းပို့ပြီး သူတော်စင်နယ်ပယ်က အကျော်အမော်တွေကို မြန်မြန်ပင့်လိုက်"

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူတစ်ယောက်က ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင်၊ ကောင်းကင်အဆိပ်ဂိုဏ်းမှ လူတစ်ဦးကလည်း အမိန့်ပေးလိုက်၏။

အခြား ထိပ်တန်းအင်အားစုကြီးများမှ လူများလည်း သူတို့၏ ကျွမ်းကျင်သူများကို ပင့်ဆောင်ရန် နည်းလမ်းရှာနေကြတော့သည်။

ဧကရာဇ်လက်နက်တစ်ခု ဤနေရာတွင် ပေါ်လာနိုင်ချေ ရှိနေသည်။ ယင်းက စန်းပြည်နယ်တစ်ခုလုံးကို တုန်ခါစေမည့် ကိစ္စကြီးတစ်ခုဖြစ်မည်မှာ သေချာသည်။ သတင်းရရှိသည်နှင့် ထိပ်တန်းအင်အားစုကြီးတိုင်းက သူတို့၏ ကျွမ်းကျင်သူများကို သေချာပေါက် စေလွှတ်ကြလိမ့်မည်။

သတင်းပို့ပြီးနောက် အားလုံးက စိတ်ဝင်တစား စောင့်နေခဲ့ကြသည်။

"နဂါးနတ်ဘုရားတောင်ကြားက အရမ်းဝေးနေတာ စိတ်မကေင်းစရာပဲ။ ငါတို့ သတင်းပို့ရင်တောင် နောက်ကျလိမ့်မယ်"

ထျန်းချွေး သက်ပြင်းချလိုက်သည်။

"ဆရာတူအစ်ကိုနဲ့ အစ်မ၊ ကျွန်တော်ကို ဒီမှာစောင့်နေကြဦး"

ထိုအချိန်တွင်၊ လုမင်က ရုတ်တရက် ပြောလိုက်သည်။

"မောင်လေး၊ နင် ဘာလုပ်မလို့လဲ။ နင်တစ်ယောက်တည်း သွားချင်တာလား"

ရွယ်နင်ရှင်း မေးလိုက်၏။

"ဆရာတူအစ်မ စိတ်မပူပါနဲ့၊ ကျွန်တော် တစ်ယောက်တည်း မသွားဘူး"

လုမင် ပြောလိုက်သည်။

လုမင်တွင် အေးခဲလေပုလဲရှိသောကြောင့် လေပွေများက သူ့ကို မတားဆီးနိုင်ပေ။

သို့သော်လည်း လုမင်က အထဲသို့မဝင်ပါ။ သူ၏ ကျင့်ကြံခြင်းဖြင့် ဧကရာဇ်လက်နက်ကို ရယူနိုင်လျှင်ပင် ဤနေရာမှ ထွက်သွားနိုင်မည် မဟုတ်ပေ။ ပတ်ဝန်းကျင်တွင် စောင့်ကြည့်နေသော ကျွမ်းကျင်သူများ အများကြီးရှိသည်။

ထို့အပြင် ဤကိစ္စက မရိုးရှင်းပါ။ အမှောင်ထဲတွင် နောက်ထပ်အင်အားစုတစ်ခု ရှိနေပုံရသည်။

ထိုအင်အားက နတ်ဖီးနစ်ကို ဒဏ်ရာရစေပြီး ဖီးနစ်နံ့သာသစ်သားကို တူးဖော်ခဲ့သူ ဖြစ်လိမ့်မည်။ ထျန်းဖုန်းလွင်ပြင်မှ အပြောင်းအလဲများကလည်း ထိုအင်အားစုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်လည်း ထိုအင်အားစုက မပေါ်လာသေးပါ။ သို့ဖြစ်ပေရာ သဘာဝအတိုင်း၊ လုမင်က တစ်ယောက်တည်း ဝင်ပြီး စွန့်စားမည် မဟုတ်ချေ။

ထို့နောက်တွင် လုမင်က သူ့အသွင်ကို ပိန်ပိန်ပါးပါး လူငယ်တစ်ယောက်အဖြစ် ပြောင်းလိုက်သည်။ သူ့အရှိန်အဝါသည်လည်း အခြားလူတစ်ဦးအဖြစ် ပြောင်းလဲသွား၏။ ထို့နောက်တော့ ရှေ့ကို ပြေးထွက်သွားတော့သည်။

ထိုလမ်းကြောင်းတွင် ရပ်နေသူ အများစုက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ကျွမ်းကျင်သူများ ဖြစ်သည်။ ထိုအထဲတွင် ယွီရှန့်နှင့် ယခင်က သူတို့ကို ခြုံခုံတိုက်ခိုက်ခဲ့သော သူတော်စင်အနည်းငယ်လည်း ရှိသေးသည်။

All Chapters