အခန်း ၁၅၈၀
Vol. 106 Ch. 1580
အပိုင်း ( 1580 ) နံရံပေါ်တွင် ထိုးစိုက်ခံထားရသော နတ်ဖီးနစ်။
ပုံရိပ်များ တစ်ခုပြီးတစ်ခု ဂူထဲသို့ပြေးဝင်ကာ ပျောက်ကွယ်သွားကြသည်။
"ဆရာတူအစ်ကိုနဲ့ အစ်မ၊ ကျွန်တော်တို့လည်း လိုက်သွားကြမလား"
လုမင်က ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့၏ နံဘေးသို့ ရောက်လာကာ မေးလိုက်သည်။ ယခုအခါမှာတော့ သူ၏ မူလပုံစံကို ပြန်ပြောင်းထားပြီးပြီ။
"ကောင်းတာပေါ့၊ ဝင်ကြည့်ရအောင်"
ထျန်းချွေး ပြောလိုက်သည်။
"လုမင်၊ ငါတော့ ဝင်မလိုက်တော့ဘူး"
ရီတျန်က ခေါင်းကိုခါယမ်းလိုက်၏။
သူ၏ ကျင့်ကြံခြင်းအဆင့်ဖြင့် ဝင်လိုက်ခြင်းက အကျိုးရှိမှာမဟုတ်မှန်း သူ သိသည်။ အကယ်၍၊ အန္တရာယ်ကြုံရပါက လုမင်နှင့် တခြားသူသူများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားလိမ့်မည်။
လုမင်လည်း ခေါင်းညိတ်ပြပြီး ဘာမျှမပြောတော့ပေ။ ထို့နောက် ထျန်းချွေး၊ ရွယ်နင်ရှင်းတို့နှင့်အတူ လှိုဏ်ဂူထဲသို့ ပြေးဝင်သွားခဲ့သည်။
ဂူကြီးက အလွန်ကြီးမားသည်။ လျင်မြန်စွာ ပြေးဝင်ပြီးနောက် အောက်ဘက်သို့ စောင်းသွားသော လမ်းတစ်ခုကို မြင်လိုက်ရ၏။
ထိုအချိန်တွင် ဖီးနစ်အော်သံကို ထပ်မံကြားရသည်။ အော်သံမှာ လမ်းအတွင်းပိုင်းမှ ထွက်ပေါ်လာနေခြင်း ဖြစ်၏။ ထို့အပြင် ဖီးနစ်အော်သံမှာ မကျယ်တော့ဘဲ အားနည်းမှု၊ စိတ်ပျက်အားငယ်မှုတို့ ပြည့်နေတော့သည်။
"ဝုန်း... ဝုန်း... ဝုန်း"
ထိုအချိန်တွင်၊ အောက်ဘက်မှ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
"အဲဒီမှာ တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်နေပုံရတယ်"
လုမင်တို့သုံးဦး၏ အမူအရာ ပြောင်းသွားခဲ့ကြသည်။ သူတို့က ပို၍ သတိထားလာကြ၏။ သူတို့၏ အရှိန်အဝါများကို ထိန်းချုပ်ထားပြီး သူတော်စင်ရတနာများကို အချိန်မရွေး ထုတ်ယူနိုင်ရန်လည်း ပြင်ဆင်ထားတော့သည်။ တစ်ချိန်တည်းမှာပင်၊ လုမင်က ထျန်းချွေးနှင့် ရွယ်နင်ရှင်းအား တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ ခေါ်ဆောင်နိုင်ရန် အသင့်ပြင်ဆင်ထားခဲ့သည်။
လမ်းက သိပ်မရှည်ပေ။ ခဏကြာတော့ သူတို့သုံးယောက်လည်း လမ်းအဆုံးထိ ရောက်သွားသည်။
လမ်း၏အဆုံးတွင် ကြီးမားကျယ်ဝန်းသော မြေအောက်လိုဏ်ဂူတစ်ခု ရှိပေသည်။ ယင်းက လူလုပ်လှိုဏ်ဂူတစ်ခု ဖြစ်ပုံရသည်။
မြေအောက်ဂူထဲသို့ ပြေးဝင်လိုက်မိသည်နှင့် သူတို့သုံးဦး တုန်လှုပ်သွားကြသည်။ အံ့အားသင့်စွာဖြင့် ရှေ့ကို လှမ်းကြည့်လိုက်၏။
မြေအောက်လှိုဏ်ဂူရှေ့တွင် နံရံကြီးတစ်ခု ရှိသည်။ နံရံပေါ်မှာလည်း နတ်ဖီးနစ်တစ်ကောင်ကို သံမှိုစွဲသကဲ့သို့ ကပ်ရိုက်ထားလေသည်။
ဟုတ်သည်၊ နတ်ဖီးနစ်တစ်ကောင်ကို နံရံတွင် ကပ်ရိုက်ထား၏။ နတ်ဖီးနစ်၏ အတောင်များနှင့် ခြေထောက်များကို ထိုးဖောက်ပြီး နံရံတွင် ကပ်ရိုက်ထားခြင်းပင်။ နတ်ဖီးနစ် လည်ပင်းကိုလည်း နံရံတွင် သံကြိုးကြီးများနှင့် ချည်နှောင်ထားသည်။
နတ်ဖီးနစ်၏ အတောင်များနှင့် ခြေထောက်များမှ သွေးများလည်း အဆက်မပြတ် စီးကျနေပေသည်။
ဤအခိုက်တွင်၊ နတ်ဖီးနစ်က အလွန်အားနည်းနေပြီဖြစ်သည်။ ၎င်း၏ အငွေ့အသက်များကလည်း ယဲ့ယဲ့သာ ရှိတော့သည်။
"ဂီး"
စိတ်ပျက်အားငယ်မှုအပြည့်ဖြင့် ဖီးနစ်က ထပ်မံအော်လိုက်သည်။
လုမင် အံ့ဩသွား၏။ ထျန်းဖုန်းလွင်ပြင်တွင် သူတို့ကြားရသည့် စိတ်ပျက်အားငယ်မှုနှင့် မလိုလားမှုများ ပြည့်နှက်နေသော ဖီးနစ်အော်သံက ဤဖီးနစ်မှ ထွက်လာပုံရသည်။
နတ်သားရဲ ဖီးနစ်တစ်ကောင်ကို တစ်စုံတစ်ယောက်က နံရံမှာ သပ်ရိုက်ထားခဲ့သည်။ ထို့ကြောင့် မရုန်းနိုင်တော့ဘဲ သေဆုံးမည့်အချိန်ကိုသာ တတ်နိုင်ခဲ့ပေသည်။
သို့ဆိုလျှင်၊ ထိုသို့လုပ်ခဲ့သူက မည်သူနည်း။
"ဝုန်း... ဝုန်း"
ထိုအချိန်တွင်၊ ပြင်းထန်သော ပေါက်ကွဲသံက လုမင်၏ အတွေးများကို ရပ်တန့်သွားစေခဲ့သည်။ လုမင်လည်း ဖီးနစ်ထံမှ အကြည့်လွှဲပြီး အောက်ကို ငုံ့ကြည့်လိုက်၏။
နံရံအောက်တွင် ရှေးဟောင်း ယဇ်ပလ္လင်တစ်ခု ရှိနေသည်။
နတ်ဖီးနစ်သွေးများက နံရံတစ်လျှောက် စီးဆင်းသွားပြီး ယဇ်ပလ္လင်ပေါ်သို့ စိမ့်ဝင်သွား၏။
ယဇ်ပလ္လင်အထက် လေထဲမှာတော့ ကြေးမုံတစ်ချပ် လွင့်မျောနေသည်။
ထိုကြေးမုံတွင် ဖီးနစ်ပုံသဏ္ဍာန် ရေးထွင်းထား၏။ ထို့အပြင်၊ ဖီးနစ်ရုပ်ပုံတစ်ခုက ကြေးမုံ၏ မျက်နှာပြင်တစ်ဝိုက်တွင် ပျံနေသေးသည်။ ကြေးမုံမှ တောက်ပသော အလင်းရောင်များ ဖြာထွက်နေသည်။
"ဂီး"
ကျယ်လောင်သော ဖီးနစ်အော်သံ ထွက်ပေါ်လာသည်။ ဤအသံက အားမာန်ပါပြီး ငှက်ဘုရင်တစ်ပါး၏ လွှမ်းမိုးမှုရှိသော အရှိန်အဝါများ ပြည့်နှက်နေ၏။
လုမင်လည်း တောင်ပေါ်တွင် ပေါ်လာသော ဖီးနစ်ပုံရိပ်နှင့် အားကောင်းသော အော်သံက ဤကြေးမုံမှ ထွက်လာခြင်းဖြစ်ကြောင်း နောက်ဆုံးတွင် သူသိလိုက်ရသည်။
ဖီးနစ်အော်သံနှစ်ခု အမှန်တကယ် ရှိခဲ့သည်။ တစ်ခုက နတ်ဖီးနစ်နှင့်သက်ဆိုင်ပြီး နောက်အသံတစ်ခုကတော့ ကြေးမုံမှ ထွက်ပေါ်လာခြင်းပင်။
ထိုကြေးမုံတွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များဖြင့် အကာကွယ်စက်ဝန်းတစ်ခု ရှိနေသည်။ ပေါက်ကွဲသံများက သူတော်စင်ရှစ်ယောက်မှာ ထိုအကာကွယ်ကို တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အသံများပင်။
'ဒီဖိအားက ဧကရာဇ်တစ်ပါးရဲ့ ဖိအားဖြစ်ပုံရတယ်'
ကြေးမုံမှ အငွေ့အသက်များကို ခံစားမိတော့ လုမင် တုန်လှုပ်သွားသည်။
ယခင်က သူဟာ စန်းဧကရာဇ်နှင့် ဝိညာဉ်ဖျက်ဆီးခြင်းတို့၏ ဖိအားကို ခံစားခဲ့ဖူးသည်။ ထိုအရှိန်အဝါက ဤရှေးဟောင်းကြေးမုံနှင့် အလွန်ဆင်တူပေသည်။
ဧကရာဇ်လက်နက်။
လုမင်၏ စိတ်ထဲတွင် စကားလုံးခွန်း ပေါ်လာခဲ့သည်။
ဤနေရာတွင် အမှန်တကယ် ဧကရာဇ်လက်နက်တစ်ခု ရှိ၏။
'ဒါက အစီရင်ပဲ'
လုမင်၏ မျက်လုံးများ အရောင်လက်သွားသည်။
သူ၏ မြင်နိုင်စွမ်းဖြင့် ယဇ်ပလ္လင်နှင့် အနီးရှိ မြေပြင်တွင် ဧရာမအစီရင်ကြီးများဖြင့် ပြည့်နေကြောင်း အလွယ်တကူ သိနိုင်ပေသည်။
'ဒါက တံဆိပ်ခတ်အစီရင်ပဲ။ ဧကရာဇ်လက်နက်က ဒီအစီရင်ရဲ့ အဓိကပဲ။ နောက်ပြီးတော့ နံရံပေါ်မှာရှိတဲ့ ဖီးနစ်က အစီရင်ကို ချိုးဖျက်ဖို့အတွက် အဓိကသော့ချက်ဖြစ်နေတယ်။ နတ်ဖီးနစ်ရဲ့ ခန္ဓာကိုယ်ကနေ စီးကျလာတဲ့ သွေးတွေက အစီရင်ကို ချိုးဖျက်နိုင်တယ်'
လုမင်၏ စိတ်ထဲတွင် အတွေးများစွာ ပေါ်လာသည်။
တစ်စုံတစ်ယောက်က နတ်ဖီးနစ်ကို ဒဏ်ရာရစေပြီး နံရံတွင် ကပ်ရိုက်ခဲ့သည်။ ထို့နောက် ဤနေရာမှ အစီရင်ကိုဖျက်ဆီးရင် နတ်ဖီးနစ်သွေးကို အသုံးပြုခဲ့၏။
ဤအခိုက်တွင် သူတော်စင်နယ်ပယ် အကျော်အမော်ရှစ်ဦးကို ဧကရာဇ်လက်နက်က ဆွဲဆောင်ခဲ့ကြောင်း ထင်ရှားသည်။ သူတို့က ဧကရာဇ်လက်နက်ကို သိမ်းပိုက်ရန်အတွက် အကာကွယ်ကို အစွမ်းကုန် တိုက်ခိုက်နေပေသည်။
ဤနည်းအားဖြင့် ၎င်းတို့၏လုပ်ရပ်က အစီရင်ကို ချိုးဖျက်ရန် ကူညီပေးသကဲ့သို့ ဖြစ်လာခဲ့ရသည်။
လုမင်သည်ပင် အခြေအနေအားလုံးကို မြင်ပြီး တွေးကြည့်နိုင်ပါက၊ သူတော်စင်နယ်ပယ် အကျော်အမော်ရှစ်ယောက်ဟာ ကောင်းစွာ တွေးနိုင်ကြလိမ့်မည်။ သို့သော်လည်း၊ ယခုတော့ သူတော်စင်နယ်ပယ် အကျော်အမော်ရှစ်ဦးမှာ အခြားအရာများကို ဂရုမစိုက်နိုင်ကြတော့ပါ။ သူတို့၏ မျက်လုံးများက ဧကရာဇ်လက်နက်အပေါ်၌သာ ရှိကြသည်။
ဧကရာဇ်လက်နက်ကို ရရှိနိုင်သရွေ့ မည်သည့်အစီရင်ကို ဖျက်ဆီးမိသည်ဖြစ်စေ၊ အရေးမကြီးပေ။
သူတော်စင်နယ်ပယ် အကျော်အမော်ရှစ်ဦးက အလင်းမျက်နှာပျက်ကို ဆက်လက်တိုက်ခိုက်ခဲ့ရာ မြေအောက်လှိုဏ်ဂူတစ်ခုလုံး အဆက်မပြတ် လှုပ်ခါနေခဲ့ရသည်။
ဤအခြေအနေကို တခြားသူများက အဝေးမှကြည့်နေသော်လည်း ဝင်စွတ်ဖက်နိုင်စွမ်းတော့ မရှိကြပေ။
"ခလွမ်"
ခဏအကြာတွင်၊ အလင်းမျက်နှာပြင်က မခံနိုင်တော့ဘဲ ကွဲအက်သံတစ်ခု ထွက်လာခဲ့သည်။ မျက်နှာပြင်ပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်လာသည်။ ထို့နောက် အက်ကွဲကြောင်း အရေအတွက် တိုးလာ၏။ နောက်ဆုံးမှာတော့ အလင်းမျက်နှာပြင်မှာ ပြိုကျသွားတော့သည်။
အလင်းမျက်နှာပြင် ကွဲကြေသွားသည်နှင့် ဖီးနစ်တစ်ကောင်၏ အော်ဟစ်သံက ဂူအတွင်း၌ ပဲ့တင်ထပ်သွားသည်။
"ဧကရာဇ်လက်နက်က ငါ့ဥစ္စာပဲ"
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ သူတော်စင်နယ်ပယ် အကျော်အမော်တစ်ယောက်က အော်လိုက်သည်။
"အိပ်မက်မက်နေလိုက်။ မင်း ဧကရာဇ်လက်နက်ကိုလိုချင်ရင် မင်းမှာ အရည်အချင်းရှိဖို့လိုတယ်"
ကောင်းကင်အဆိပ်ဂိုဏ်းမှ သူတော်စင်က အော်ပြောလိုက်၏။ သူ့ခန္ဓာကိုယ်မှ အဆိပ်ငွေ့များ ပေါက်ကွဲထွက်လာပြီး ကောင်းကင်နတ်ဘုရားဂိုဏ်း၏ သူတော်စင်ကို ဖုံးလွှမ်းသွားတော့သည်။ တစ်ချိန်တည်းမှာပင်၊ သူက ဧရာမလက်ကြီးတစ်ဖက်ကို ဖန်ဆင်းပြီး ရှေးဟောင်း ဖီးနစ်ကြေးမုံကို ဖမ်းဆုပ်လိုက်သည်။
"ထွက်သွား၊ ငါ့ကို တားဆီးသူမှန်သမျှ သေရမယ်"
"သတ်"
ဒေါသတကြီး အော်ဟစ်ကြိမ်းမောင်းသံ၊ တိုက်ခိုက်သံများဖြင့် အခြေအနေမှာ ရုတ်တရက် ရှုပ်ထွေးသွားသည်။
အကာကွယ် ပြိုကျသည်နှင့် သူတော်စင်နယ်ပယ် အကျော်အမော်ရှစ်ယောက်က ဖီးနစ်ကြေးမုံထံ ပြေးသွားကြ၏။ တစ်ချိန်တည်းမှာပင် အပြင်းအထန် တိုက်ခိုက်ကြတော့သည်။
နောက်ဆုံးတွင်၊ ဧကရာဇ်လက်နက်တစ်ခု၏ တန်ဖိုးက အလွန်မြင့်မားသည်။ ယင်းက စိတ်ကူးမယဉ်နိုင်ပေ။
"ဝမ်"
အဆိပ်လက်ကြီးက ဖီးနစ်ကြေးမုံကို ဖမ်းဆွဲလိုက်သည်။ သို့သော်၊ ရှေးဟောင်းဖီးနစ်ကြေးမုံက တုန်ခါသွားပြီး ဖီးနစ်အော်သံ ထွက်ပေါ်လာ၏။ ရှေးဟောင်း ဖီးနစ်ကြေးမုံမှ အလင်းတန်းတစ်ခု ထွက်လာပြီး ဧရာမလက်ကြီးကို ဖျက်ဆီးပစ်လိုက်တော့သည်။
သို့သော် ထိုအချိန်တွင်၊ သန့်စင်သောအလင်းရောင်များဖြင့် လက်ကြီးတစ်ဖက်က ရှေးဟောင်းဖီးနစ်ကြေးမုံကို ဖမ်းဆုပ်လိုက်သည်။
"ဂီး"
ရှေးဟောင်းဖီးနစ်ကြေးမုံက ထပ်မံအော်လိုက်သည်။ ထို့နောက် ဖီးနစ်အရိပ်တစ်ခု ပြေးထွက်လာပြီး ဧရာမလက်ကြီးကို ဖျက်ဆီးပစ်လိုက်၏။ ထို့နောက် ရှေးဟောင်းဖီးနစ်ကြေးမုံက တုန်ခါသွားပြီး အပေါ်သို့ ထိုးတက်သွားတော့သည်။
ထိုအချိန်တွင် ကောင်းကင်မှ ဧရာမ သူတော်စင်ရတနာ ဒယ်စောက်အိုးကြီးတစ်လုံး ဆင်းသက်လာခဲ့သည်။ သို့ရာတွင်၊ ရှေးဟောင်းဖီးနစ်ကြေးမုံက ဒယ်စောက်အိုး၏ ဖိနှိပ်မှုကို ရှောင်ထွက်သွား၏။
ဧရာမ ဒယ်စောက်အိုးကြီးက ရှေးဟောင်းဖီးနစ်ကြေးမုံကို မဖိနှိပ်နိုင်ခဲ့ပေ။ ထိုအစား၊ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက အောက်ဘက်ရှိ ယဇ်ပလ္လင်ကို ထိမှန်ပြီး ပေါက်ကွဲသွားစေခဲ့သည်။
"ဝုန်း"
တစ်ဖက်တွင်၊ ရှေးဟောင်းဖီးနစ်ကြေးမုံက အထက်နံရံသို့ ထိုးဆောင့်လိုက်မိသည်။ အပျက်အစီးများကလည်း နေရာအနှံ့ကို လွင့်သွားကြ၏။ ရှေးဟောင်းဖီးနစ်ကြေးမုံက တောင်ကိုဖြတ်၍ လှိုဏ်ခေါင်အသစ်တစ်ခု တူးဖော်လိုက်သည်။ ထို့နောက်မှာတော့ ရှေးဟောင်းရှေးဟောင်းဖီးနစ်ကြေးမုံက ဥမင်လိုဏ်ခေါင်းတစ်လျှောက် ပျံသန်းသွားတော့သည်။
"မင်း ဘယ်ကိုသွားမှာလဲ"
"လိုက်"
သူတော်စင်ရှစ်ယောက်လည်း ကောင်းကင်သို့တက်ကာ ရှေးဟောင်းဖီးနစ်ကြေးမုံနောက်သို့ လိုက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင်၊ မြေအောက်ဥမင်လိုဏ်ဂူထဲတွင် သူတော်စင်တစ်ယောက်မျှ မကျန်ခဲ့တော့ပေ။
ထိုအချိန်တွင် လူတိုင်း၏ မျက်လုံးအကြည့်များက နံရံပေါ်မှ နတ်ဖီးနစ်အပေါ် ကျရောက်လာခဲ့သည်။
ယင်းက သူတော်စင်နယ်ပယ်မှ နတ်ဖီးနစ်တစ်ကောင် ဖြစ်၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ရှားပါးရတနာများဖြစ်ကြောင်း ထင်ရှားသည်။