အခန်း ၁၅၈၁
Vol. 106 Ch. 1581
အပိုင်း ( 1581 ) မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ဓမ္မဘုရင်။
ဤလူများသည် ဧကရာဇ်လက်နက်အတွက် တိုက်ပွဲဝင်ရန် အရည်အချင်း မပြည့်မီကြပေ။ သို့သော်လည်း ယခုအခါ သူတော်စင်များ မရှိတော့သဖြင့် နတ်ဖီးနစ်ကို လက်လွှတ်မခံနိုင်တော့ပါ။
"ဝှစ်... ဝှစ်"
လူများက နံရံပေါ်မှ နတ်ဖီးနစ်ဆီသို့ လျင်မြန်စွာ ပြေးသွားကြသည်။
"ထွက်သွား၊ မင်း သေချင်နေတာပဲ"
"သတ်"
ဒေါသတကြီး အော်ဟစ်မာန်မဲသံများ ထွက်ပေါ်လာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ချင်စိတ်များလည်း ပေါက်ကွဲထွက်လာကြ၏။ တိုက်ခိုက်မှုအလင်းများလည်း တောက်ပနေတော့သည်။
ခဏချင်းမှာပင်၊ ကျွမ်းကျင်သူ ဒါဇင်ချီကာ သေဆုံးသွားပြီး သွေးများက နေရာအနှံ့ ဖျန်းပက်သွားခဲ့သည်။
ထိုအထဲတွင် မော့ယန်က ကြောက်စရာအကောင်းဆုံးဖြစ်သည်။ သူ တိုက်ခိုက်သောအခါ ကောင်းကင်တွင် အနက်ရောင်နတ်ဆိုးမီးတောက်များ ပြည့်နှက်သွား၏။ နတ်ဆိုးမီးတောက်များနှင့် ထိတွေ့မိသော လူအားလုံး ချက်ခြင်း မီးလောင်ပြာကျသွားတော့သည်။
ကောင်းကင်အဆိပ်ဂိုဏ်းနှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းတို့မှ သူတော်စင်တစ်ပိုင်း အကျော်အမော် အနည်းငယ်လည်း ရှိသေးသည်။ သူတို့၏ အင်အားကလည်း အလွန်ကြောက်စရာကောင်းတယ်။ သူတို့လက်ဝှေ့ယမ်းပြီး ကျွမ်းကျင်သူများကို တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်ခဲ့ပေသည်။
သူတို့က အလျင်မြန်ဆုံးဖြစ်ပြီး ဖီးနစ်ဆီသို့ ပြေးသွားကြသည်။
သို့ရာတွင်၊ အသတ်ခံရသူများ၏ သွေးများက မြေပြင်ပေါ်သို့ ကျသွားပြီးနောက် လျင်မြန်စွာ စိမ့်ဝင်ပျောက်ကွယ်သွားသည်ကိုတော့ မည်သူမျှ သတိမထားမိခဲ့ကြပေ။
ထိုအချိန်တွင် လုမင်လည်း ပြေးထွက်သွားခဲ့သည်။
သို့ရာတွင်၊ လုမင်က နတ်ဖီးနစ်ဆီသို့ မဟုတ်ဘဲ ယဇ်ပလ္လင်ဘက်သို့ ဦးတည်သွား၏။
ထိုနေရာတွင် ကျောက်ပြားတစ်ခု ရှိနေသည်။ ယင်းက ပန်းကန်ပြား အရွယ်အစားဖြစ်ပြီး ၎င်းပေါ်တွင် ထိုက်ကျိပုံစံကို ထွင်းထုထားပေသည်။
ယခုလေးတင် ယဇ်ပလ္လင် ကွဲသွားသောအခါ၊ ထိုကျောက်ပြားက ယဇ်ပလ္လင်မှ လွင့်ထွက်လာခဲ့သည်။
လူတိုင်းက ယဇ်ပလ္လင်ပေါ်ရှိ ရှေးဟောင်း ဖီးနစ်ကြေးမုံကိုသာ အစီရင်၏ ဗဟိုချက်ဟု ထင်ခဲ့ကြသည်။ သို့ရာတွင်၊ ယဇ်ပလ္လင်ရှိ အစီရင် ဗဟိုချက်က အမှန်တကယ် နှစ်ခုရှိကြောင်း လုမင် မြင်နိုင်ပေသည်။
ရှေးဟောင်း ဖီးနစ်ကြေးမုံက ထိုအထဲမှ တစ်ခုသာ ဖြစ်သည်။ အခြားဗဟိုချက်ကတော့ ထိုကျောက်ပြားပင်။
ရှေးဟောင်းဖီးနစ်ကြေးမုံနှင့်အတူ ဤအစီရင်ကြီးကို ဗဟိုချက်အဖြစ် ထောက်ပံ့နိုင်ခြင်းက ဤကျောက်ပြားမှာ သေချာပေါက် မရိုးရှင်းကြောင်း မြင်နိုင်သည်။
လုမင်က ကျောက်ပြားကို ဆွဲယူလိုက်သည်။ သို့သော်၊ ကျောက်ပြားက မလှုပ်ပေ။
'ဒီလောက်တောင်မှ လေးတာလား'
လုမင် အံ့သြသွားသည်။ ထိုကျောက်ပြားလေးက တောင်တစ်လုံးထက်ပင် ပိုလေးလံပြီး လုံးဝ မဆွဲယူနိုင်ပေ။
'တောင်နဲ့မြစ် ပန်းချီကားထဲကို အရင် ထည့်ထားကြည့်ရအောင်'
လုမင်၏ မျက်ခုံးနှစ်ခုကြားမှ အလင်းတန်းတစ်ခု တောက်ပလာပြီး ကျောက်ပြားကို ဖုံးအုပ်သွားခဲ့သည်။ ထို့နောက်မှာတော့ ကျောက်ပြားကို တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့လေသည်။
ထိုအချိန်တွင်၊ လုမင်၏ နှလုံးသားထဲမှ ကြောက်စရာကောင်းသော အန္တရာယ်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ဤအန္တရာယ်ခံစားမှုက လုမင်အား ချောက်ကမ်းပါးကြီးထဲသို့ ထိုးကျသွားသလို ခံစားရစေခဲ့၏။
'မကောင်းတော့ဘူး၊ အန္တရာယ်များတယ်'
လုမင်လည်း တစ်စက္ကန့်မျှ မတွေးတော့ဘဲ ချက်ချင်း ဆုတ်ခွာသွားတော့သည်။
တစ်ချိန်တည်းမှာပင် နတ်ဖီးနစ်ဆီသို့ ဦးတည်နေသော မော့ယန်၏ အမူအရာမှာလည်း သိသိသာသာ ပြောင်းလဲသွားသည်။ သူက ရုတ်တရက် အနောက်ကို အသည်းအသန် ဆုတ်သွား၏။
ထိပ်သီး ပါရမီရှင်တိုင်းတွင် အလွန်ထက်မြက်သော မသိစိတ်မှ အာရုံခံစားနိုင်စွမ်း ရှိကြသည်။ သူတို့ကြုံတွေ့ရမည့် အန္တရာယ်ကို မကြာခဏ ခံစားသိရှိနိုင်၏။ ထို့ကြောင့်ပင် သူတို့က အခက်အခဲမျိုးစုံကို ကျော်လွှားပြီး အထွတ်အထိပ်သို့ ရောက်နိုင်ကြခြင်း ဖြစ်ချေသည်။
လုမင်က ထိုကဲ့သို့သောလူ ဖြစ်သည်။ မော့ယန်သည်လည်း အလားတူပင်ဖြစ်သည်ကို သံသယဖြစ်ဖွယ် မရှိပေ။
သူတို့နှစ်ဦး ဆုတ်ခွာသွားစဉ်တွင် ယဇ်ပလ္လင်မှ အနက်ရောင်မြူခိုးများ ထွက်လာပြီး ကျင့်ကြံသူအုပ်စုကို ရစ်ပတ်သွားသည်။
"အား၊ ဘာကြီးလဲ"
တစ်ယောက်က ထိတ်လန့်တကြား အော်လိုက်သည်။
ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အနက်ရောင်မြူခိုးငွေ့များဖြင့် ဖုံးလွှမ်းခံရသော လူအားလုံး၏ ခန္ဓာကိုယ်များက လျင်မြန်စွာပင် သွေ့ခြောက်နေသော အလောင်းများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ယင်းမှာ လုမင်၏ ဝါးမျိုခြင်းစွမ်းအားကြောင့် ဝါးမြိုခံလိုက်ရသကဲ့သို့ ဖြစ်သည်။
"အား၊ ထွက်သွား"
အခြားသူများလည်း ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။ သို့ရာတွင် ထိုအချိန်မှ နောက်ပြန်ဆုတ်ချင်သော်လည်း များစွာ နောက်ကျသွားပြီ။ အနက်ရောင်မြူခိုးများ လွှမ်းခြုံခံရသူတိုင်း သွေ့ခြောက်နေသော အလောင်းများ ဖြစ်သွားသည်။
"ချိုးဖြတ်လော့"
သူတော်စင်တစ်ပိုင်း အကျော်အမော် အနည်းငယ်မျှသာ ပြန်လည်တိုက်ခိုက်နိုင်ပေသည်။
သူတို့က သူတော်စင်ရတနာများကို ထုတ်ယူပြီး အနက်ရောင်မြူခိုးများကို ဖြတ်သန်းရန် အစွမ်းကုန် တိုက်ခိုက်ခဲ့ကြသည်။
သို့သော်... အနက်ရောင်မြူခိုးများက ပြန့်ကျဲသွားပြီးနောက် တစ်ဖန်ပြန်စုစည်းကာ လူတစ်ဦးဆီသို့ ပြေးသွားခဲ့သည်။ ထိုလူက လုမင်ကို ဝိုင်းရံကာ သတ်ဖြတ်ရာတွင် ပါဝင်ခဲ့သည့် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူတော်စင်တစ်ပိုင်း အကျော်အမော် ဖြစ်သည်။
အနက်ရောင် မြူခိုးလုံးများ စုရုံးလာပြီးနောက် ၎င်း၏ စွမ်းအားက အလွန်တိုးမြင့်လာခဲ့သည်။ သူတော်စင်ရတနာကို ကိုင်ဆောင်ထားသည့် သူတော်စင်တစ်ပိုင်း အကျော်အမော်သည်ပင် အနက်ရောင်မြူခိုးငွေ့များ၏ ဝိုင်းရံမှုအောက်တွင် မရုန်းထွက်နိုင်တော့ပေ။ အနက်ရောင် မြူခိုးများက မြွေငယ်များကဲ့သို့ ထိုသူတော်စင်တစ်ပိုင်း အကျော်အမော်၏ ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွားသည်။ ထိုသူမှာ ကြောက်ရွံ့တုန်လှုပ်စွာ အော်ဟစ်လိုက်သော်လည်း မကြာမီ အခြားသူများကဲ့သို့ပင် သွေ့ခြောက်နေသော အလောင်းအဖြစ် ပြောင်းလဲသွားတော့သည်။
"ပြေး"
လွတ်မြောက်ခဲ့သော သူတော်စင်တစ်ပိုင်း အကျော်အမော် အနည်းငယ်တို့လည်း ကြောက်ရွံ့ကုန်ကြသည်။ အားလုံးက အော်ဟစ်ကာ အမြန်ပြန်ဆုတ်သွားတော့သည်။
အခြားသူများလည်း ကြောက်လန့်တုန်လှုပ်စွာဖြင့် သူတို့နောက်မှ လမ်းကြောင်းဆီသို့ ပြန်ဆုတ်သွားကြသည်။
လုမင်၊ ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့လည်း လူအုပ်အတွင်း ရောနှောပြီး လမ်းကြောင်းဘက်သို့ ပြန်ဆုတ်သွားခဲ့သည်။
သို့သော်လည်း ဥမင်လိုဏ်ခေါင်းအနီးသို့ ရောက်သောအခါ ဥမင်၏ နှစ်ဖက်စလုံးရှိ နံရံများက ရုတ်တရက် ပေါက်ကွဲသွားသည်။ လူရိပ်များစွာတို့ ထွက်ပေါ်လာပြီး လိုဏ်ခေါင်းအဝင်ဝကို ပိတ်ထားလိုက်၏။
ဤလူများ အားလုံးက အနက်ရောင်၀တ်ရုံကြီးများ ဝတ်ဆင်ထားပြီး အေးစက်စက် မျက်လုံးတစ်စုံကိုသာ မြင်နိုင်သည်။
"သတ်..."
ဤလူများက ပေါ်လာသည်နှင့် တပြိုင်နက်၊ အပိုစကားမပြောဘဲ လုမင်နှင့် အခြားလူများကို တိုက်ခိုက်ကြတော့သည်။
လူအုပ်ကြီး တုန်လှုပ်သွားသည်။ နံရံနှစ်ဖက်စလုံးတွင် ပုန်းအောင်းနေသူများ ရှိဦးမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။
သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူများအတွက် တောင်နံရံတွင် အပေါက်ကြီးတစ်ခုပြုလုပ်ပြီး ၎င်းကို ချောမွေ့အောင်ပြုလုပ်ရန် သို့မဟုတ် ၎င်း၏မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရန်မှာ မခက်ခဲပေ။ မြေတာအိုနယ်မြေ သို့မဟုတ် တောင်တာအိုနယ်မြေကို ကျွမ်းကျင်နေသရွေ့ အလွန်ခက်ခဲမည် မဟုတ်ပါ။
ထို့ပြင်၊ လူအုပ်ကြီးက ဧကရာဇ်လက်နက်နှင့် နတ်ဖီးနစ်တို့ကြောင့် အာရုံပြောင်းသွားခဲ့သည်။ ထို့ကြောင့် အလစ်အငိုက် တိုက်ခိုက်ခံရကာ ကျွမ်းကျင်သူ အများအပြားလည်း တခဏချင်း သေဆုံးသွားရတော့သည်။
"ဝှစ်... ဝှစ်"
ဓားအလင်းများ တဖျပ်ဖျပ် လက်နေပြီး သွေးများက နေရာအနှံ့ ဖျန်းပက်သွားခဲ့သည်။ လူများ တစ်ယောက်ပြီးတစ်ယောက် လဲကျသွား၏။
"သူတော်စင်တစ်ပိုင်း၊ သူတော်စင်တစ်ပိုင်း အကျော်အမော်တွေ အများကြီးပဲ"
တစ်ယောက်က ထိတ်လန့်တကြား အော်လိုက်သည်။
ဝတ်ရုံနက်ဝတ် လူများထဲတွင် သူတော်စင်တစ်ပိုင်း အကျော်အမော်က အနည်းဆုံး ခုနစ်ယောက် ရှိသည်။
ဓားအလင်းတန်းများ တောက်ပလာပြီး မည်သူမျှ မတားဆီးနိုင်ပေ။
ထို့ထက်၊ ကြောက်စရာအကောင်းဆုံးက ဝတ်ရုံနက်ဝတ် အမျိုးသားအချို့မှာ ဘေးတွင်ရပ်နေခြင်း ဖြစ်သည်။ သူတို့က မတိုက်ခိုက်သေးသော်လည်း သူတို့၏ အရှိန်အဝါများက အလွန်တုန်လှုပ်ချောက်ချားစရာပင်။
ယင်းက သူတော်စင်တစ်ပါး၏ အရှိန်အဝါ ဖြစ်သည်။
ထိုဝတ်ရုံနက်ဝတ် လူများက သူတော်စင်နယ်ပယ် အကျော်အမော်များပင်။
"မင်းတို့ ဘယ်သူတွေလဲ။ ကောင်းကင်နတ်ဘုရားဂိုဏ်းက လူတွေကို သတ်ဝံ့တယ်လား"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူတော်စင်တစ်ပိုင်း အကျော်အမော်တစ်ဦးက ဒေါသတကြီး အော်လိုက်သည်။ သို့သော်၊ သူ့ကို နှုတ်ဆက်သည့်အရာမှာ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခုပင်။
"ဝှစ်... ဝှစ်... ဝှစ်"
သူတော်စင်နယ်ပယ်မှ ဝတ်ရုံနက်ဝတ် လူများက တိုက်ခိုက်ခြင်းမပြုပါ။ ထိုအစား သူတို့က ဖြတ်ကျော်သွားပြီး ယဇ်ပလ္လင်ရှေ့မှာ ပေါ်လာခဲ့သည်။ သူတို့က ဦးညွှတ်ပြီး ရိုရိုသေသေ ပြောလိုက်ကြလေသည်။
"ပြန်လည်ကြိုဆိုပါတယ် ဓမ္မဘုရင်"
"အသွေးအသား... အသွေးအသားတွေ လိုချင်တယ်"
ယဇ်ပလ္လင်အောက်မှာ မနှစ်မြို့ဖွယ်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအသံက အလွန်ကြောက်စရာကောင်းပြီး ကြားရသူတိုင်းကို ခေါင်းမွှေးထောင်ထစေပေသည်။
'ဓမ္မဘုရင်လား'
လုမင်၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။
ဤလူများက မိစ္ဆာဝိညာဉ်ဂိုဏ်းမှ လူများပင်။
လုမင်၏ စိတ်ထဲတွင် တုန်လှုပ်သွားသည်။ နောက်ဆုံးတော့ ဤနေရာတွင် ဘာဖြစ်နေမှန်း သူ နားလည်သွားပြီ။
ဤနေရာတွင် တံဆိပ်ခတ်ထားသော မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ကာကွယ်သူဘုရင်တစ်ပါး ရှိနေသည်။ ယခင်က၊ ထိုက်ကျိအစီရင်ချပ်ပြားနှင့် ရှေးဟောင်းဖီးနစ်ကြေးမုံက မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ကာကွယ်သူဘုရင်ကို တံဆိပ်ခတ်ထားခဲ့ခြင်းပင်။
သို့သော်လည်း၊ မိစ္ဆာဝိညာဉ်ဂိုဏ်းက သူတို့၏ ကာကွယ်သူဘုရင်ကို ကယ်တင်လိုခဲ့သည်။ ထို့ကြောင့်၊ သူတို့က ထျန်းဖုန်းလွင်ပြင်သို့ ဝင်ရောက်ခဲ့ပြီး နတ်ဖီးနစ်ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ခြင်းပင်။ ထို့နောက် သူတို့က ဖီးနစ်ကို နံရံတွင် ထိုးစိုက်ကာ အစီရင်ချိုးဖျက်ရန်အတွက် ဖီးနစ်သွေးကို အသုံးပြုခဲ့သည်။
ထို့ကြောင့်ပင် လွန်ခဲ့သည့် လဝက်ခန့်က နတ်ဖီးနစ်၏ အော်ဟစ်သံများကို ရံဖန်ရံခါ ကြားလာခဲ့ရခြင်း ဖြစ်သည်။ ဖီးနစ်၏ စိတ်ပျက်အားငယ်မှုနှင့် လက်မခံနိုင်မှုတို့ ရောပြွမ်းနေသော အော်သံက ကျွမ်းကျင်သူများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။
ဤသို့ဖြင့် သူတော်စင်ရှစ်ပါး ဝင်ရောက်လာသောအခါတွင် အစီရင်၏စွမ်းအားက အလွန်အားနည်းနေပြီဖြစ်သည်။ သူတော်စင်ရှစ်ယောက်လည်း ရောက်လာသည်နှင့် ရှေးဟောင်းဖီးနစ်ကြေးမုံအတွက် တိုက်ပွဲဝင်ရန်အတွက် အစီရင်ကို အပြင်းအထန်ချိုးဖျက်ခဲ့သည်။ ယဇ်ပလ္လင်ကို ဖျက်ဆီးပြီး ရှေးဟောင်းဖီးနစ်ကြေးမုံကို လွတ်မြောက်စေခဲ့၏။ ယင်းက မိစ္ဆာဝိညာဉ်ဂိုဏ်းကို ကူညီပေးခဲ့ခြင်းနှင့် မခြားပေ။
ယခုတော့ မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ကာကွယ်သူဘုရင်က တံဆိပ်ခတ်ရာမှ လွတ်မြောက်ပြီး ထွက်လာတော့မည်။
"ဓမ္မဘုရင်၊ နောက်ဆုံး အစီရင်ကို အရင်ဆုံးချိုးဖျက်ဖို့ ကျုပ်တို့ ကူညီပါ့မယ်"
ဝတ်ရုံနက်ဝတ် လူတစ်ဦးက အော်လိုက်သည်။ ထို့နောက် အခြား ဝတ်ရုံနက်ဝတ် သူတော်စင်များနှင့်အတူ ယဇ်ပလ္လင်အောက်ရှိ မြေပြင်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြတော့သည်။
ထိုနေရာမှာလည်း နောက်ထပ် အစီရင် ရှိခဲ့သည်။ သို့သော် အဆိုပါ အစီရင်က အလွန်အားကောင်းခြင်းမရှိပေ။ သူတော်စင်များစွာ၏ တိုက်ခိုက်မှုအောက်တွင် ပြိုကျလုနီး ဖြစ်ခဲ့သည်။
"အစ်ကိုနဲ့ အစ်မ၊ အထက်လမ်းကနေ ထွက်ကြစို့"
လုမင် အော်လိုက်သည်။
သူတို့ သုံးယောက်က ရှေးဟောင်းဖီးနစ်ကြေးမုံမှ ထိုးဖောက်သွားသော အထက်လမ်းဆီသို့ ပြေးသွားကြ၏။
မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ဓမ္မဘုရင် လွတ်မြောက်လာသည်အထိ သို့မဟုတ် သူတော်စင်များ ပြန်လှည့်လာသည်အထိ စောင့်ဆိုင်းနေပါက သူတို့အားလုံး သေကြလိမ့်မည်။