← Chapters

အခန်း ၁၅၈၅

Vol. 106 Ch. 1585

အခန်း ၁၅၈၅

Vol. 106 Ch. 1585

အပိုင်း ( 1585 ) ကောင်းကင်ကို အံတုနေသော တပည့်။

မကြာမီ၊ လုမိသားစုကို ရောက်လာခဲ့သည်။ သုံးယောက်သား လွန်းပျံယဉ်ပေါ်မှ ဆင်းသက်ခဲ့၏။ လုမင်လည်း ယဉ်ပျံကို သိမ်းဆည်းလိုက်လေသည်။ ထို့နောက်တွင် လုမင်၏ ဦးဆောင်မှုဖြင့် သုံးဦးသား လုမိသားစုသို့ ပျံသန်းသွားကြသည်။

"ဒါက လုသခင်လေးပဲ"

လုမိသားစုမှ လူများက လုမင်ကို မှတ်မိပြီး သူတို့ သုံးယောက်ကို နန်းတော်ထဲသို့ ချက်ချင်း ဖိတ်ခေါ်ကြလေသည်။

"ဆရာတူညီလေးလုမင်၊ ဒီနေရာမှာ တပည့်တစ်ယောက်ကို မင်း လက်ခံခဲ့မယ်လို့ ငါမမျှော်လင့်ထားဘူး။ ငါတောင်မှ သူ့ကို တွေ့ချင်လာပြီ"

ထျန်းချွေးက အလွန်သိချင်နေခဲ့သည်။ ရွယ်နင်ရှင်းမှာလည်း အလားတူပင်။

သူတို့က ငယ်ရွယ်သေးပြီး ကျင့်ကြံခြင်း၏ ရွှေခေတ်သို့ ရောက်ရှိနေချိန် ဖြစ်သည်။ အများအားဖြင့်၊ ဤအချိန်မျိုးတွင် တပည့်များကို လက်ခံပြီး စိတ်ရှုပ်ခံမည် မဟုတ်ပေ။

အသက်အရွယ်တစ်ခုရောက်ပြီး ကျင့်ကြံမှုရွှေခေတ်ကို ကျော်ဖြတ်ပြီးမှသာ တပည့်လက်ခံရန် စဉ်းစားကြမည် ဖြစ်သည်။

ယခုတော့ လုမင်က တပည့်တစ်ဦးကို လက်ခံထားခဲ့ပြီ။ ထိုတပည့်က အလွန်ထူးခြားသူတစ်ဦးဖြစ်မည်မှာ သေချာသည်။

လုမင်၏ မျက်လုံးများသည်လည်း မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလေသည်။

ရှန်းရှန်း၏ အရည်အချင်းက အံ့မခန်း ဖြစ်သည်။ယခုအခါ သူတို့ မတွေ့ရသည်မှာ တစ်နှစ်ကြာသွားပြီ ဖြစ်၏။ ရှန်းရှန်း၏ ကျင့်ကြံခြင်းက မည်မျှ မြင့်မားလာမည်နည်း။

"လုသခင်လေး"

လုကျန်းဟောက်က သူတို့ကို အဝေးမှ လှမ်းနှုတ်ဆက်လိုက်သည်။

"ခေါင်းဆောင်လု၊ ဒီနှစ်ယောက်က ကျွန်တော်ရဲ့ ဆရာတူအစ်ကိုနဲ့ ဆရာတူအစ်မပါ"

လုမင်က ထျန်းချွေးနှင့် ရွယ်နင်ရှင်းကို လုကျန်းဟောက်အား မိတ်ဆက်ပေးလိုက်သည်။

လုကျန်းဟောက်လည်း ထျန်းချွေးနှင့် ရွယ်နင်ရှင်းကို အလျင်အမြန် ဦးညွှတ်လိုက်လေသည်။

ထို့နောက်တွင် လုမိသားစု၏ ပင်မခန်းမဆောင်သို့ သွားခဲ့ကြသည်။ အစေခံများက လက်ဖက်ရည်ပွဲများ ပြင်ဆင်ပေး၏။

"ခေါင်းဆောင်လု၊ ရှန်းရှန်း ဘယ်မှာလဲ"

လုမင်က မေးလိုက်သည်။

"ရှန်းရှန်းက တံခါးပိတ်လေ့ကျင့်နေပါတယ်။ အခုတော့ ငါ ဝမ်ကျွင်းကို ခေါ်ခိုင်းထားပြီးပြီ"

လုကျန်းဟောက်က ပြောသည်။

"အင်း"

လုမင် ခေါင်းညိတ်ပြီး ဆက်ပြောလိုက်၏။

"ခေါင်းဆောင်လု၊ လုမင်က ပြောစရာနည်းနည်းရှိသေးတယ်"

"ကျေးဇူးပြုပြီး ပြောပါ သခင်လေး၊ လုမိသားစုက တတ်နိုင်တာဆိုရင် ဘာမဆို လုပ်ပါ့မယ်"

လုကျန်းဟောက်က လက်ယှက်ပြီး ပြောလိုက်သည်။

"ခေါင်းဆောင်လု၊ ဒီလောက်လည်း မကြီးကျယ်ပါဘူး။ ကျွန်တော်မှာ လုမိသားစုမှာအခြေချချင်တဲ့ မိတ်ဆွေတချို့ရှိတယ်။ အဲဒါ အဆင်ပြေရဲ့လား မေးချင်လို့"

လုမင် ပြောလိုက်သည်။

"အိုး၊ ရပါတယ်။ လူဘယ်နှစ်ယောက်လဲ"

လုကျန်းဟောက်က မေးသည်။

"လူရာဂဏန်းလောက်ပါပဲ၊ အပြင်ထွက်ကြည့်ရအောင်"

ထိုသို့ပြောပြီးနောက် လုမင်က ခန်းမထဲမှ ထွက်လာခဲ့သည်။ သူက ခန်းမအပြင်ဘက် ဝင်းထဲသို့ ရောက်ရှိလာပြီး လက်ကို ဝှေ့ယမ်းလိုက်၏။ ဖုန့်လင်နှင့် ဖုန့်မိသားစုကျေးရွာမှ ရွာသားများအားလုံး ခြံဝင်းထဲတွင် ပေါ်လာတော့သည်။

ဖုန့်လင်နှင့် အခြားလူများက ပေါ်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်ကို သတိထားကာ လှည့်ကြည့်လိုက်ကြသည်။

"ဖုန့်လင်... ရွာလူကြီး၊ ကျွန်တော်ပါ"

လုမင် ပြုံးပြီး ပြောလိုက်သည်။

"ရှင်က... အစ်ကိုလုလား"

ဖုန့်လင်က မျက်လုံးပြူးပြီး လုမင်ကို တအံ့တဩ ကြည့်လိုက်၏။

ထိုအချိန်က လုမင်ဟာ ရုပ်ဖျက်ထားခဲ့ခြင်း ဖြစ်သည်။ ယခုတော့ သူ၏ မူလအသွင်အပြင်ကို ပြန်လည်ရရှိလာသောကြောင့် ဖုန့်လင်၊ ရွာလူကြီးနှင့် အခြားလူများမှာ လုမင်ကို သဘာဝအတိုင်း မမှတ်မိနိုင်တော့ပေ။

"ငါပါ"

လုမင်က ပြုံးပြပြီး ရွာလူကြီးကို လှည့်ပြောလိုက်သည်။

"ရွာလူကြီး၊ ကျွန်တော်တို့က အခု စန်းပြည်နယ်ရဲ့ အရှေ့တောင်ဘက်ကို ရောက်နေပြီ။ အားလုံးပဲ ဒီနေရာမှာ အခြေချရမယ်ဆိုရင် ဘယ်လိုထင်လဲ"

"ညီလေးလု၊ မင်းပြောတဲ့အတိုင်းလုပ်ပါမယ်"

ရွာလူကြီးက ပြောသည်။

"လုသခင်လေး စိတ်မပူပါနဲ့။ သူတို့နေဖို့ နေရာကောင်းတစ်ခုကိုရှာဖို့အတွက် တစ်ယောက်ယောက်ကို စေလွှတ်လိုက်မယ်"

လုကျန်းဟောက်က ပြောလိုက်သည်။ ထို့နောက်တွင် လုမိသားစုမှ အကြီးအကဲတစ်ဦးက ဖုန့်လင်၊ ရွာလူကြီးနှင့် အခြားသူများ ‌အခြေချရန်အတွက် ခေါ်ဆောင်သွားလေသည်။

ဤနည်းဖြင့် လုမင်၏ အပူတစ်ခုလည်း နောက်ဆုံးတွင် ပျောက်ပျယ်သွားရချေတော့သည်။

"ဆရာ"

ကြည်လင်သော အသံကို ကြားလိုက်ရသည်။ ထို့နောက်တွင် အသက် ခုနစ်နှစ်၊ ရှစ်နှစ်ခန့် ကလေးမလေးတစ်ဦး လုမင်ရှေ့မှာ ပေါ်လာခဲ့၏။ ထိုကလေးမလေးက ရှန်းရှန်း ဖြစ်တော့သည်။

ရှန်းရှန်းက လျိုဝမ်ကျွင်း၏ နောက်တွင် ရပ်နေသည်။

"ရှန်းရှန်း၊ သမီးရဲ့ ဆရာကို ဘာဖြစ်လို့ နှုတ်မဆက်သေးတာလဲ။ ဒီကလေးတော့ ယဉ်ကျေးမှုကို မသိသေးဘူး"

လျိုဝမ်ကျွင်းက ခပ်တိုးတိုးဆူသည်။

"တပည့် ရှန်းရှန်းက ဆရာ့ကို နှုတ်ခွန်းဆက်ပါတယ်"

ရှန်းရှန်းလည်း လုမင်ကို ရိုသေစွာ ဦးညွှတ်လိုက်လေသည်။

"ဟားဟားဟား၊ ယဉ်ကျေးနေစရာ မလိုပါဘူး။ လာလာ၊ မိတ်ဆက်ပေးရဦးမယ်။ ဒါက ဆရာ့ရဲ့ ဆရာတူအစ်ကို... မင်း သူ့ကို သတ္တမ ဆရာဦးလေးလို့ ခေါ်ရမယ်။ ဒါကတော့ ဆရာ့ရဲ့ ဆရာတူအစ်မ... မင်းသူ့ကို အဋ္ဌမ ဆရာဒေါ်လေးလို့ ခေါ်ရမယ်"

လုမင်က ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့ကို မိတ်ဆက်ပေးလိုက်သည်။

"ရှန်းရှန်းက သတ္တမဆရာဦးလေးနဲ့ အဋ္ဌမ ဆရာတူဒေါ်လေးကို နှုတ်ခွန်းဆက်ပါတယ်"

ရှန်းရှန်းက ထျန်းချွေးနှင့် ရွယ်နင်ရှင်းကို ဦးညွတ်ပြလိုက်သည်။

"ဟင်းဟင်း၊ လိမ္မာလိုက်တဲ့ကလေး... ဒီမှာ ဆရာဒေါ်လေးရဲ့ လက်ဆောင်"

ရွယ်နင်ရှင်းက အစိမ်းရောင် ပုလဲတစ်လုံးကိုထုတ်ယူပြီး ရှန်းရှန်းကို ပေးလိုက်သည်။ ယင်းက အုပ်ချုပ်သူရတနာတစ်ခု ဖြစ်၏။

"ဒီမှာ၊ သတ္တမ ဆရာဦးလေးမှာလည်း မင်းအတွက် လက်ဆောင်တစ်ခုရှိတယ်"

ထျန်းချွေးကလည်း ပြုံးပြီး အုပ်ချုပ်သူအဆင့် ဝိညာဉ်ရတနာတစ်ခုကို ထုတ်ယူကာ ရှန်းရှန်းအား ပေးလေသည်။

"ရှန်းရှန်း၊ မင်းရဲ့ ကျင့်ကြံခြင်းက သိုင်းဘုရင်နယ်ပယ် အဆင့်ကိုးကို ရောက်နေပြီလား"

ထိုအချိန်တွင် လုမင်၏ မျက်လုံးများက အံ့အားသင့်မှုတို့ဖြင့် အရောင်လက်သွားသည်။

"ဟုတ်၊ လွန်ခဲ့တဲ့ ရက်နည်းနည်းကပဲ နဝမအဆင့် သိုင်းဘုရင်နယ်ပယ်ကို ရောက်သွားခဲ့တာ"

ရှန်းရှန်းက ခေါင်းညိတ်လိုက်၏။

လုမင်၏ မျက်ခုံးများက တလှုပ်လှုပ်ဖြစ်သွားသည်။

တစ်နှစ်၊ တစ်နှစ်အတွင်း ရှန်းရှန်း၏ ကျင့်ကြံခြင်းက နဝမအဆင့် သိုင်းဘုရင်နယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ထိုအရှိန်က အံ့သြစရာကောင်းလွန်းလှပေသည်။

ထို့အပြင် သူမက ထိပ်တန်းဂိုဏ်းများကဲ့သို့ အရင်းအမြစ်များကို မရရှိနိင်သည့် လုမိသားစုတွင် ရှိနေသေးသည်။ လုမင်သည်ပင် သူမ၏အရှိန်ကြောင့် အံသြသွားမိသည်။

"မင်းရဲ့ အသက်​အရွယ်​မှာ နဝမအဆင့် သိုင်းဘုရင်နယ်ပယ်ကိုရောက်တာက တကယ်ကို မဆိုးဘူးပဲ။ ရှန်းရှန်း... မင်း လေ့ကျင့်တာ ဘယ်လောက်ကြာပြီလဲ"

ထျန်းချွေးက မေးလိုက်သည်။

"ရှန်းရှန်း လေ့ကျင့်နေတာ တစ်နှစ်ရှိပါပြီ။ လွန်ခဲ့တဲ့ တစ်နှစ်ကပဲ ဆရာက ကျွန်မကို လေ့ကျင့်နည်းတွေ သင်ပေးခဲ့တာပါ"

ရှန်းရှန်းက ပြောလိုက်သည်။

"အိမ်း၊ တစ်နှစ်ဆိုတော့ မဆိုး...ဆိုး... ဟမ်... နေပါဦး၊ တစ်နှစ်လား"

ထျန်းချွေးက ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း ချက်ချင်း သတိပြန်ဝင်လာပြီး မျက်လုံးပြူးသွား၏။ ရှန်းရှန်းကိုကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။

ရွယ်နင်ရှင်းလည်း ပါးစပ်အဟောင်းသားဖြင့် ကြည့်လိုက်မိသည်။

တစ်နှစ်၊ စတင်ကျင့်ကြံသည်မှ အစပြု၍ တစ်နှစ်တည်းဖြင့် သူမက သိုင်းဘုရင်နယ်ပယ် အဆင့်ကိုးသို့ ရောက်ခဲ့သည်။ ထိုအရှိန်ကြောင့် ထျန်းချွေးနှင့် ရွယ်နင်ရှင်းလည်း အလွန် အံ့ဩသွားကြလေသည်။

အံ့အားသင့်ဖွယ်အရှိန်အဟုန်ဖြင့် လေ့ကျင့်နိုင်ခဲ့သည့် ပါရမီရှင်များစွာတို့ ယွမ်လုတွင်ရှိသော်လည်း၊ နဝမအဆင့် သိုင်းဘုရင်နယ်ပယ်သို့ တစ်နှစ်အတွင်း ရောက်ရှိနိုင်သူကို သူတို့ မကြားခဲ့ဖူးပါ။

သူတို့အနားမှာတော့ လျိုဝမ်ကျွင်းနှင့် လုကျန်းဟောက်က စိတ်လှုပ်ရှားမှုနှင့် စိတ်သက်သာရာရခြင်းတို့ဖြင့် ပြုံးနေခဲ့ကြသည်။

အမှန်အတိုင်းဆိုရလျှင်၊ သူတို့ဟာ ရှန်းရှန်း၏ ကျင့်ကြံမှုအရှိန်ကြောင့် တုန်လှုပ်ခြောက်ခြားခဲ့ရသည်။ သို့သော်လည်း ယခုအချိန်မှာတော့ စိတ်လှုပ်ရှားမှုအဖြစ် ပြောင်းလဲသွားခဲ့ပြီ။

ရှန်းရှန်းက မျက်လုံးအဝိုင်းသားဖြင့် တုန်လှုပ်ချောက်ချားနေသော ထျန်းချွေးနှင့် ရွယ်နင်ရှင်းကို ကြည့်လိုက်သည်။ သူမ၏ ဆရာဦးလေးနှင့် ဆရာဒေါ်လေးက အဘယ်ကြောင့် ဤကဲ့သို့ ပြုမူသည်ကို သူမ နားမလည်နိုင်ခဲ့ပါ။

ခဏအကြာမှ ထျန်းချွေးနှင့် ရွယ်နင်ရှင်းလည်း နောက်ဆုံးတွင် သူတို့၏ အတွေးများကို စုစည်းနိုင်ခဲ့ကြသည်။

"ဆရာတူညီလေး၊ ဒီလိုတပည့်တစ်ယောက်ကို လက်ခံနိုင်ခဲ့တဲ့ မင်းကိုတော့ ငါ အရမ်းမနာလိုတော့ဘူးကွာ။ ငါလည်း သူ့လို တပည့်တစ်ယောက်ရှိခဲ့ရင် ကောင်းကောင်းသင်ပေးမိမှာပါ"

လုမင်ကိုကြည့်သော ထျန်းချွေး၏ အကြည့်များက မနာလိုမှုများနှင့် ပြည့်နှက်သွားသည်။

"ဒါဆိုရင် သူ့ရဲ့ ဆရာဦးလေးအနေနဲ့၊ သူ့ကို အနာဂတ်မှာ ပိုသင်ပြပေးပေါ့"

လုမင်က ပြုံးလိုက်၏။

ညအချိန်တွင် ဝိုင်းဖွဲ့ကာ စကားပြောဆိုခဲ့ကြသည်။ လုကျန်းဟောက်ကလည်း သူတို့အတွက် ပွဲတစ်ခုကို ပြင်ဆင်ပေးခဲ့လေသည်။

ထိုညမှာတော့ လုမင်နှင့် အခြားသူများက လုမိသားစုတွင် အနားယူခဲ့ကြသည်။

နောက်တစ်နေ့မနက်တွင်၊ လုမင်က လုကျန်းဟောက်နှင့် လျိုဝမ်ကျွင်းကို နှုတ်ဆက်လိုက်သည်။

"အဘိုး၊ အမေ... ဂရုစိုက်ပါနော်"

ရှန်းရှန်းက လုကျန်းဟောက်နှင့် လျိုဝမ်ကျွင်းအား တွန့်ဆုတ်စွာဖြင့် နှုတ်ဆက်နေသည်။

"ရှန်းရှန်း၊ သမီးရဲ့ ဆရာရဲ့စကားကို နားထောင်ပြီး နဂါးနတ်ဘုရားတောင်ကြားမှာ ကောင်းကောင်း လေ့ကျင့်ရမယ်နော်။ နားလည်ရဲ့လား"

လျိုဝမ်ကျွင်း၏ မျက်လုံးများမှာလည်း တွန့်ဆုတ်မှုများဖြင့် ပြည့်နှက်နေ၏။ သူမ၏ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာတော့သည်။

"အမေ၊ မငိုပါနဲ့နော်။ နောင်ကျရင် သမီး အမေ့ကို လာရှာပါ့မယ်"

ရှန်းရှန်းက ပြောလိုက်သည်။

ထို့နောက်တွင် ရှန်းရှန်းက လုကျန်းဟောက်ကိုလည်း နှုတ်ဆက်လိုက်သည်။

"ခေါင်းဆောင်လု၊ သခင်မလေး... နောက်မှပြန်တွေ့ကြရအောင်"

လုမင်က လက်ယှက်ပြီး ပြောလိုက်သည်။ ထို့နောက်မှာတော့ ရှန်းရှန်းကိုခေါ်ဆောင်ပြီး လုကျန်းဟောက်နှင့် အခြားလူများရှေ့မှ ပျောက်ကွယ်သွားတော့သည်။

အချိန်အတော်ကြာ ပျံသန်းပြီးနောက် လုမင်က ကောင်းကင်ခွင်းလွန်းပျံကို ထုတ်ယူလိုက်သည်။ သူတို့လေးယောက်လည်း လွန်းပျံယာဉ်ပေါ်တက်ပြီး နဂါးနတ်ဘုရားတောင်ကြားသို့ ဦးတည်သွားခဲ့ကြလေသည်။

ရှန်းရှန်းမှာ အိမ်နှင့် ပထမဆုံး ခွဲခွာရခြင်းကြောင့် ဝမ်းနည်းနေသော်လည်း၊ ကောင်းကင်ခွင်းလွန်းပျံကို မြင်ရတော့ ကလေးသဘာဝ စိတ်ဝင်စားသွားသည်။ သူမက ပတ်ဝန်းကျင်ကို စိတ်ဝင်တစား လျှောက်ကြည့်လိုက်၏။ သိလိုစိတ်အပြည့်ဖြင့်၊ လုမင်ကို ဆွဲခေါ်ပြီး မေးခွန်းများ အဆက်မပြတ် မေးနေတော့သည်။

All Chapters