အခန်း ၁၅၈၆
Vol. 106 Ch. 1586
အပိုင်း ( 1586 ) ထိုက်ကျိအစီရင်ချပ်ပြား။
လုမိသားစုက နဂါးနတ်ဘုရားတောင်ကြားနှင့် အလွန်နီးကပ်သည်။ လွန်းပျံယာဉ်ဖြင့် ပျံသန်းခဲ့ပြီးနောက် မကြာမီ သူတို့ရောက်လာကြလေသည်။
နဂါးနတ်ဘုရားတောင်ကြား အနီးသို့ ရောက်သောအခါ၊ လွန်းပျံယဉ်ကို သိမ်းဆည်းလိုက်၏။ ထို့နောက် နဂါးနတ်ဘုရားတောင်ကြားအတွင်းသို့ ဝင်ရောက်ပြီး တိမ်တိုက်နဂါးတောင်ကြားဆီသို့ ဦးတည်သွားတော့သည်။
"ရှန်းရှန်း၊ မင်း သိပ်အေးနေပြီလား"
လုမင်က ရှန်းရှန်းကို လှည့်ကြည့်လိုက်သည်။ ဤအခိုက်တွင် ရှန်းရှန်းလေး၏ မျက်နှာက အအေးဒဏ်ကြောင့် နီမြန်းနေပြီ။
"မအေးပါဘူး"
ရှန်းရှန်းက ခေါင်းခါယမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်မှ အစိမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အပြင်ဘက်မှ လေအေးများကို ပိတ်ဆို့လိုက်၏။
သူတို့က နှင်းတောင်ကြီးကိုဖြတ်ကာ ပျံသန်းသွားလေသည်။ မကြာမီ၊ တိမ်နဂါးတောင်ကြားကို ရောက်သွားသည်။
"မင်အာ၊ ငါ့ဂူထဲကို လာခဲ့ပါ"
လုမင်နှင့် အခြားသူများက တိမ်နဂါးတောင်ကြားထဲသို့ တိုးဝင်လိုက်သည်နှင့်၊ လုမင်၏ နားထဲတွင် တိမ်နဂါးတောင်ကြားသခင်၏ အသံကို ကြားလိုက်ရသည်။
တိမ်နဂါးတောင်ကြားသခင်၏ ကျင့်ကြံခြင်းဖြင့်၊ သူ၏ ဝိညာဉ်အသိက တိမ်နဂါးတောင်ကြားတစ်ခုလုံးကို ဖုံးလွှမ်းနိုင်သည်။ သို့ဖြစ်ပေရာ၊ သူတို့ပြန်လာတာကို သိရှိရန်က သူ့အတွက် မခက်ပေ။
"ဆရာတူအစ်ကိုနဲ့ အစ်မ၊ ဆရာ ကျွန်တော်ကိုခေါ်နေတယ်။ အဲဒါကြောင့် ဆရာဆီကို အရင်သွားလိုက်ဦးမယ်"
လုမင် ပြောလိုက်သည်။
"ကောင်းပါပြီ၊ သွား သွား။ ငါတို့လည်း သွားနားတော့မယ်"
ရွယ်နင်ရှင်းက ပြော၏။
လုမင်လည်း ခေါင်းညိတ်ပြပြီး ရှန်းရှန်းကို ခေါ်ဆောင်ကာ တိမ်နဂါးတောင်ကြား နက်နဲရာသို့ ဝင်သွားတော့သည်။
မကြာမီ၊ လုမင်က တိမ်နဂါးတောင်ကြားသခင်၏ ဂူထဲသို့ ရောက်သွားသည်။ ဂူအတွင်းမှာတော့
တိမ်နဂါးတောင်ကြားသခင်က ထိုင်ဖုံပေါ်တွင် ထိုင်နေလေသည်။
"တပည့် လုမင်က ဆရာ့ကို နှုတ်ခွန်းဆက်ပါတယ်"
လုမင်က တိမ်နဂါးတောင်ကြားသခင်ထံ ဦးညွှတ်လိုက်သည်။
"တပည့် ရှန်းရှန်းက ဆရာကြီးကို နှုတ်ခွန်းဆက်ပါတယ်"
ရှန်းရှန်းက လူကင်းပါးသူ ဖြစ်သည်။ လုမင်က ဦးညွတ်နေတာကိုမြင်တော့ သူလည်း အမြန်ဦးညွတ်လိုက်လေသည်။
"အလို"
တိမ်နဂါးတောင်ကြားသခင် အနည်းငယ် အံ့သြသွားမိသည်။ သူက ရှန်းရှန်းကိုကြည့်ပြီး လုမင်အား မေးလိုက်၏။
"မင်အာ၊ ဒါက မင်းရဲ့တပည့်လား"
"ဟုတ်ပါတယ်ဆရာ၊ ဒါက လွန်ခဲ့တဲ့ တစ်နှစ်က လက်ခံခဲ့တဲ့ တပည့်ပါ။ အနာဂတ်မှာ သူက ဆရာ့ရဲ့ လမ်းညွှန်မှုကို လိုပါလိမ့်မယ်"
လုမင် ပြောလိုက်သည်။
တိမ်နဂါးတောင်ကြားသခင်က ရှန်းရှန်းကို အကဲခတ်လိုက်၏။ ထို့နောက်တွင်၊ သူ့မျက်လုံးများက အံ့အားသင့်နေသည့် အရိပ်အယောင်တို့ ပေါ်လာတော့သည်။
ထို့နောက်တွင် တိမ်နဂါးတောင်ကြားသခင်က ရှန်းရှန်းကို ဂရုတစိုက် ကြည့်လိုက်သည်။ ကြည့်ရင်းမှပင် သူ့မျက်လုံးများမှာ အရောင် တလက်လက်တောက်ပလာ၏။ ရှန်းရှန်းကို ပိုကြည့်မိလေ၊ သူ့မျက်လုံးများက ပို၍ တောက်ပလာလေပင်။ နောက်ဆုံးတွင်၊ သူ့မျက်နှာက တုန်လှုပ်မှုတို့ ပြည့်နှက်သွားခဲ့သည်။
"မင်အာ၊ မင်းရဲ့တပည့်က မယုံနိုင်စရာပဲ"
တိမ်နဂါးတောင်ကြားသခင်က ပြောလိုက်သည်။
လုမင် မျက်တောင်ခတ်လိုက်၏။ ရှန်းရှန်း၏ ထူးခြားမှုကို တိမ်နဂါးတောင်ကြားသခင်က သတိပြုမိသွားမှန်း သူသိလိုက်သည်။
"သမီးလေး၊ ဒီကိုလာပါဦး။ ဒီအဘိုးကြီး ကြည့်ရအောင်"
တိမ်နဂါးတောင်ကြားသခင်က ညင်သာစွာ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာ"
ရှန်းရှန်းက လိမ္မာစွာဖြင့် တိမ်နဂါးတောင်ကြားသခင်ဘက်သို့ လျှောက်သွားသည်။
"ဟားဟားဟား၊ လိမ္မာလိုက်တဲ့ကလေး။ ကလေး... မင်းရဲ့ဆရာမှာ မင်းကို လမ်းပြဖို့ အချိန်အများကြီး မရှိဘူးကွဲ့။ နောင်မှာ မင်းရဲ့ကျင့်ကြံမှုကို ဒီအဘိုးကြီးကပဲ လမ်းညွှန်ပေးရမယ်"
တိမ်နဂါးတောင်ကြားသခင်က ရှန်းရှန်း၏ခေါင်းကို ပွတ်သပ်ပြီး ရယ်မောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာ"
လုမင်လည်း အလွန် ဝမ်းသာသွားသည်။ တိမ်နဂါးတောင်ကြားသခင်၏ ကျင့်ကြံခြင်းအဆင့်က သူ့ထက် များစွာမြင့်မားပြီး နားမလည်နိုင်အောင်ဖြစ်ခဲ့သည်။ ရှန်းရှန်းကို သူကိုယ်တိုင် လမ်းပြမည်ဆိုလျှင်၊ လုမင် သင်ကြားပေးခြင်းထက် များစွာ ကောင်းမွန်ပေလိမ့်မည်။
"အင်း၊ မင်အာ... တစ်နှစ်လောက် အပြင်ထွက်ပြီး မင်းရဲ့ စိတ်ဝိညာဉ် နက်နဲရာက သတ်ဖြတ်လိုစိတ်တွေကို ဖယ်ရှားခဲ့တာ ဘယ်လိုနေလဲ"
တိမ်နဂါးတောင်ကြားသခင်က လေသံပြောင်းကာ မေးလိုက်သည်။
"အပြည့်အဝ ဖယ်ရှားနိုင်ပါပြီ ဆရာ"
လုမင် ခေါင်းညိတ်လိုက်၏။
"ကောင်းတယ်၊ မင်အာ... မင်းကို သတင်းဆိုးတစ်ခု ပြောပြရဦးမယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ရှန်းကျစ်က သူတော်စင်နယ်ပယ်ကို ချိုးဖြတ်သွားပြီဆိုတဲ့ သတင်းကို ငါရခဲ့တယ်"
တိမ်နဂါးတောင်ကြားသခင်က လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။
"ရှန်းကျစ်က သူတော်စင်နယ်ပယ်ကို ချိုးဖြတ်သွားပြီလား"
လုမင် မျက်ခုံးပင့်လိုက်၏။
"မင်အာ၊ နောက်တကြိမ် တင်းပေါင်ညီလာခံမတိုင်ခင် တနှစ်ခွဲပဲ လိုတော့တယ်။ မင်းအစွမ်းရှိသမျှ လေ့ကျင့်ခဲ့မယ်ဆိုရင်တောင် ဒီတစ်နှစ်ခွဲအတွင်းမှာ ရှန်းကျစ်ကို အမီလိုက်ဖို့ ခက်လိမ့်မယ်။ ဒါကြောင့် မင်းအတွက် အဆင်ပြေမဲ့နေရာကို ငါ လိုက်ပို့ပေးမယ်"
တိမ်နဂါးတောင်ကြားသခင်က ပြောလိုက်သည်။
"ဆရာ၊ အဲဒါက ဘယ်နေရာလဲ"
လုမင် စိတ်ဝင်တစား မေးလိုက်၏။
တိမ်နဂါးတောင်ကြားသခင် သူ့ကို တစ်နေရာဆီ ပို့ပေးမည်ဟု လွန်ခဲ့သည့် တစ်နှစ်ကတည်းက ပြောခဲ့သည်။ လုမင်လည်း ထိုနေရာကို အမြဲလိုလို သိချင်နေခဲ့ပေသည်။
"အဲဒီနေရာကို မျိုးနွယ်စုတစ်ရာစစ်မြေပြင်လို့ ခေါ်တယ်။ အရမ်းအန္တရာယ်များတဲ့ နေရာတစ်ခု ဖြစ်ပေမဲ့ အဆုံးမဲ့ အခွင့်အလမ်းတွေနဲ့ ပြည့်နေတဲ့ နေရာတစ်ခုဆိုရင်လည်း မမှားဘူး။ အဲဒီနေရာကို သွားလိုက်မှပဲ နောက်တစ်ကြိမ် တင်းပေါင်ညီလာခံမှာ ရှန်းကျစ်နဲ့ တိုက်ခိုက်နိုင်လိမ့်မယ်။ ထွက်ခွာမယ့်နေရာကိုတော့ အချိန်ကျမှ အတိအကျ ငါပြောပါ့မယ်"
"ကိုင်း၊ အခုတော့ ရှန်းရှန်းကို ခေါ်သွားပြီး နေထိုင်ဖို့ စီစဉ်ပေးလိုက်ဦး။ ပြီးတော့ သူ့ကို တိမ်နဂါးတောင်ကြားနဲ့ ရင်းနှီးအောင် ခေါ်သွားလိုက်ပါ။ ငါတို့ သုံးရက်အတွင်း ထွက်ခွာမယ်"
တိမ်နဂါးတောင်ကြားသခင်က ပြောလိုက်သည်။
လုမင်လည်း ခေါင်းညိတ်ပြီး တိမ်နဂါး တောင်ကြားသခင်အား နှုတ်ဆက်လိုက်လေသည်။ ထို့နောက် သူက ရှန်းရှန်းနှင့်အတူ တိမ်နဂါးတောင်ကြားသခင်၏ ဂူထဲမှ ထွက်ခဲ့သည်။
ထို့နောက်တွင်၊ လုမင်က ရှန်းရှန်း နေထိုင်ရန်အတွက် သူ၏ဂူအနီးရှိ ဂူတစ်ခုအား ရွေးချယ်ခဲ့သည်။
တိမ်နဂါးတောင်ကြားက အလွန်ကြီးမားပြီး ဂူများ အများအပြားရှိသည်။ သို့သော်လည်း လူတစ်ရာကျော်သာ ရှိသောကြောင့် ဂူအများစုမှာ လွတ်နေသေးသည်။
"ရှန်းရှန်း၊ ဒီအချိန်အတွင်းမှာ မင်းရဲ့ ကျင့်ကြံမှုနဲ့ ပတ်သက်ပြီး မေးစရာတွေရှိရင် မေးလို့ရတယ်"
လုမင်က ရှန်းရှန်းကို ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာ၊ တပည့်မှာ မေးစရာလေးတွေ ရှိနေတယ်"
ရှန်းရှန်းလည်း ခေါင်းညိတ်ပြပြီး မေးခွန်းများကို မေးတော့သည်။ လုမင်ကလည်း ရှန်းရှန်း၏ မေးခွန်းများကို စိတ်ရှည်ရှည်ဖြင့် ဖြေပေးခဲ့သည်။
တစ်ရက်ခွဲကြာပြီးနောက် ရှန်းရှန်းက ကျေနပ်စွာဖြင့် လေ့ကျင့်ရန် သူ၏ဂူထဲသို့ ပြန်သွားလေသည်။
လုမင်ကတော့ တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ဝင်ခဲ့သည်။
ကမ္ပည်းတာအို ဒုတိယခန္ဓာက တောင်နှင့်မြစ် ပန်းချီကားအတွင်းမှ တောင်ထိပ်တစ်ခုပေါ်တွင် ထိုင်နေသည်။ ကျောက်ပြားတစ်ခုက သူ့ဦးခေါင်းထက်မှာ လွင့်မျောနေပြီး ကြောက်စရာကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေ၏။
ဤကျောက်ပြားက ထျန်းဖုန်းလွင်ပြင်မှ ရရှိခဲ့သော ထိုက်ကျိကျောက်ပြားပင်။
ဤအချိန်အတွင်း၌ ဒုတိယခန္ဓာက ၎င်းကို လေ့လာနေခဲ့သည်။
အဆုံးတွင်၊ ၎င်းက အလွန်ကြောက်စရာကောင်းသော အစီရင်ချပ်ပြားတစ်ခု ဖြစ်သင့်သည်ဟု ကောက်ချက်ချခဲ့လေသည်။ ဤအစီရင်ချပ်ပြား၏ အကူအညီဖြင့် ဒုတိယခန္ဓာက အချိန်တိုအတွင်း ဝိညာဉ်မီးခွက်နှစ်လုံးကို ဆက်တိုက်ထွန်းညှိနိုင်ခဲ့သည်။
ယခုအခါ ဒုတိယခန္ဓာက ဝိညာဉ်မီးခွက် ရှစ်ခုကို ထွန်းညှိထားပြီးပြီ။
ပြီးခဲ့သောနှစ်အတွင်း၊ သူ၏ ဒုတိယခန္ဓာကလည်း လေ့ကျင့်နေပြီး ကြီးမားသောတိုးတက်မှုကို ရရှိခဲ့သည်။
ဒုတိယခန္ဓာလုမင်၏ လက်ရှိ ကျင့်ကြံခြင်းဖြင့် ကမ္ပည်းတာအိုကို နိယာမအဖြစ်ပြောင်းလဲကာ သူတော်စင်တစ်ပိုင်းအဆင့်သို့ ချိုးဖြတ်လိုပါက ရနေပြီ။
သို့သော်လည်း လုမင်က မလုပ်ခဲ့ပါ။ ဝိညာဉ်မီးခွက် ရှစ်ခုက အလွန်နည်းပါးသည်။ သူက သူတော်စင်တစ်ပိုင်းအဆင့်သို့ မချိုးဖြတ်မီ၊ ဝိညာဉ်မီးခွက်ဆယ်ခုကို ထွန်းညှိရန် စဉ်းစားထားပေသည်။
လုမင်က ဤအစီရင်ချပ်ပြားကို ထိုက်ကျအစီရင်ချပ်ပြားဟု အမည်ပေးခဲ့သည်။
"ဝမ်"
အတွေးတစ်ခုဖြင့် ရွှေရောင်ဝိညာဉ်မီးက ဒုတိယခန္ဓာ၏ မျက်ခုံးနှစ်ခုကြားမှ ပျံ့နှံ့သွားပြီး ထိုက်ကျိအစီရင်ချပ်ပြားထဲသို့ စိမ့်ဝင်သွားသည်။ ရုတ်တရက်၊ ထိုကျိအစီရင်ချပ်ပြားက တောက်ပလာ၏။ ထိုက်ကျိယင်ယန်ကားချပ်တစ်ခု ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခုလည်း ထွက်ပေါ်လာတော့သည်။
ဤထိုက်ကျိ ယင်ယန်ကားချပ်တွင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းနှင့် တံဆိပ်ခတ်ခြင်း စွမ်းအားများ ပါဝင်နေပုံရသည်။
ယင်းက ရှေးဟောင်းဖီးနစ်ကြေးမုံကဲ့သို့ ဧကရာဇ်အဆင့် ရတနာတစ်ခု ဖြစ်ပုံရပေသည်။ ဒုတိယခန္ဓာလုမင်၏ ကျင့်ကြံခြင်းဖြင့် ထိုက်ကျိအစီရင်ချပ်ပြား၏ စွမ်းအား တစ်သောင်းပုံ တစ်ပုံကို ထုတ်လွှတ်ရန်ပင် ခက်ခဲသည်။
သို့ဖြစ်လျှင်ပင်၊ လုမင်ဟာ ဒုတိယခန္ဓာလုမင်က ထိုက်ကျိအစီရင်ချပ်ပြားကို ထိန်းချုပ်ပြီး နဝမအဆင့် သိုင်းအုပ်ချုပ်သူ သို့မဟုတ် သာမန် သူတော်စင်တစ်ပိုင်း အကျော်အမော်ကို အလွယ်တကူ သတ်ပစ်နိုင်သည်ဟု ခံစားခဲ့ရသည်။
လုမင်၏ မျက်နှာက ကျေနပ်မှုအပေါင်းတို့ဖြင့် ပြုံးရွှင်နေခဲ့သည်။
ဤတစ်ကြိမ်တွင်၊ ထျန်းဖုန်းလွင်ပြင်၌ အကျိုးအမြတ်များစွာ ရရှိခဲ့ပေသည်။
ဤထိုက်ကျိအစီရင်ချပ်ပြားတစ်ခုတည်းက အဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်သည်။
၎င်းက လုမင်၏ တိုက်ခိုက်ရေးစွမ်းရည်ကို အလွန် တိုးတက်စေခဲ့၏။ ယခုအခါ ကမ္ပည်းတာအို ဒုတိယခန္ဓာက လုမင်၏ အသန်မာဆုံး ဝှက်ဖဲ ဖြစ်လာနိုင်ပြီ ဖြစ်သည်။
ခဏကြည့်ပြီးနောက်၊ မူလခန္ဓာလုမင်လည်း တောင်နှင့်မြစ် ပန်းချီကားအတွင်းမှထွက်ကာ မျက်စိကိုမှိတ်ပြီး လေ့ကျင့်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်း သုံးရက်ကြာသွားပြီ။ လုမင်က ရှန်းရှန်းကို တိမ်နဂါးတောင်ကြားတွင် နေထိုင်ရန်မှာကြားကာ တိမ်နဂါးတောင်ကြားသခင်၏ ဂူဆီသို့ ပြန်သွားခဲ့သည်။
"မင်အာ၊ မင်းကို တိမ်ဧကရာဇ်တောင်ကို အရင်ခေါ်သွားမယ်။ မင်း မျိုးနွယ်စုတစ်ရာ စစ်မြေပြင်ကို ဝင်ရောက်ချင်ရင် တိမ်ဧကရာဇ်တောင်ကနေ ဖြတ်သန်းရမှာ"
တိမ်နဂါးတောင်ကြားသခင်က ရှင်းပြလိုက်သည်။
"တိမ်ဧကရာဇ်တောင်လား"
လုမင် စိတ်ရှုပ်ထွေးသွားသည်။ စန်းပြည်နယ်တွင် ထိုနေရာကို သူ တစ်ခါမျှ မကြားခဲ့ဖူးပေ။
"တိမ်ဧကရာဇ်တောင်က စန်းပြည်နယ်မှာ မရှိပါဘူး။ အဲဒီအစား စန်းပြည်နယ်နဲ့ နီးစပ်တဲ့ ယွင်ပြည်နယ်မှာ တည်ရှိတယ်။ တိမ်ဧကရာဇ်တောင်က အဲဒီပြည်နယ်ရဲ့ အသန်မာဆုံးအင်အားစုပဲလေ၊ သူတို့မှာ ဧကရာဇ်အဆင့် တန်ခိုးရှင်ကြီးတစ်ဦးတောင် ရှိနေတယ်"
တိမ်နဂါးတောင်ကြားသခင်က ဆက်လက်ရှင်းပြခဲ့သည်။